သူတို့က ဘယ်သူတွေလဲ?
Vol. 19 Ch. 279
ကျိရွှေရှန့် အောက်ထပ်သို့ ဆင်းလာချိန်တွင် သူတို့က ကျိရွှေရှန့်ကို မော့ကြည့်လိုက်ကြသည်။ ကျိရွှေရှန့်က သူ့၏ပင်ကိုအသွင်အပြင်ကို ဖုန်းကွယ်လိုက်ပြီး သာမန်လူတစ်ယောက်ကဲ့သို့ ပြုမူလိုက်သည်။ စားပွဲထိုးကလည်း ကျိရွှေရှန့် အောက်ဆင်းလာသည်ကို တွေ့သွားပြီး သူကို အမြန်ကြိုဆိုလိုက်သည်။
“လူကြီးမင်း၊ အစားအသောက်တွေ ပြင်ဆင်ပြီးပါပြီ။ အခု တည်ခင်းပေးရမလား?"
“ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ်”
ကျိရွှေရှန့်က ခေါင်းညိတ်ပြလိုက်ပြီး ဘေးဘယ်ညာကို လုံးဝ မကြည့်ဘဲ အနောက်ဘက်ဆုံးမှ စားပွဲဆီသို့ လျှောက်သွားကာ ထိုလူများကို ကျောခိုင်းအနေအထားဖြင့် နေရာယူလိုက်သည်။
စားပွဲထိုးက ဟင်းပွဲများကို အလျင်အမြန် တည်ခင်းပေးခဲ့ပြီး ကျိရွှေရှန့်၏ ညွှန်ကြားချက်အရ ဟင်းပွဲနှစ်ပွဲ စီစဥ်ပေးထားသည်။ အသားဟင်းတစ်ပွဲနှင့် အရွက်ဟင်းလျာတစ်ပွဲ ဖြစ်ပြီး အသားဟင်းက ပဲငံပြာရည်ဖြင့် ပေါင်းပြုတ်ထားသည့် ကြက်ပေါင်းဖြစ်သည်။ ဟင်းရွက်ပန်းကန်ကတော့ အရွက်စိမ်းများကို ကြက်ဥဖြင့် မွှေကြော်ထားခြင်း ဖြစ်သည်။ ထို့အပြင် မုန့်ပေါင်းတစ်ပန်းကန်လည်း ရှိနေသေးသည်။
“လူကြီးမင်း၊ ကျွန်တော်တို့ ဆိုင်ရဲ့အရက်က မဆိုးဘူး။ ချိုမြိန်တဲ့ အရသာရှိပြီး အရသာက ဆွဲကျန်နေခဲ့တယ်၊ တစ်အိုးလောက် လိုချင်လား?"
စားပွဲထိုးက သူတို့ဆိုင်မှ အရက်ကို မိတ်ဆက်ပေးရန် ကြိုးစားနေခဲ့သည်။ အရက်ရောင်းရငွေက ဤဟင်းပွဲထက် ပိုများနိုင်ပေသည်။
"မလိုတော့ဘူး၊ ကျေးဇူးပဲ"
ကျိရွှေရှန့်က သူ့လက်ကို ဝှေ့ယမ်းပြလိုက်ပြီး မုန့်ပေါင်းကို ကောက်ယူလိုက်သည်။
“ငါ ဝမ်မိသားစစ်တပ်ကို လွမ်းတယ်။ သူတို့ ဒီမှာ ရှိနေတုန်းက ဟူလူမျိုးတွေ ဘယ်မှာ လာရဲလို့လဲ? အဲ့ဒီပုန်ကန်ထကြွတဲ့ ဘေးဒုက္ခသည်တွေကရော မြို့စောင့်တပ်ကသာ ဝမ်မိသားစုစစ်တပ်က ဖြစ်နေရင် သူတို့ ပုန်ကန်ရဲကြမှာလား?”
"မှန်တယ်။ သူတို့ ဒီမှာ ရှိတုန်းကတော့ သူတို့က မကောင်းဘူးလို့ ထင်ခဲ့မိတယ်။ အခု စဉ်းစားကြည့်တော့ သူတို့က အကောင်းဆုံးဖြစ်နေတုန်းပဲ”
အခြားစားပွဲနှစ်လုံးရှိ ဧည့်သည်တစ်ဦးက ဝမ်မိသားစုစစ်တပ်အား စတင်ချီးမွမ်းလိုက်ပြီး နောက်လူများကလည်း ထောက်ခံနေခဲ့သည်။
သို့သော်လည်း တစ်စုံတစ်ဦးကတော့ မပျော်မရွှင် ဖြစ်လာပုံရကာ ၎င်းကို နားမထောင်နိုင်တော့ဘဲ "တော်ကြစမ်းပါ။ ဝမ်မိသားစုစစ်တပ် ရှိနေတုန်းက မြို့ထဲမှာတောင် မြင်းစီးတဲ့အထိ သောင်းကျန်းနေကြတာ။ မနှစ်က ကလေးနှစ်ယောက်ကို နင်းမိပြီး ကလေးတွေ သေသွားခဲ့တယ်။ ဒီနှစ်အစမှာလည်း အဖိုးကြီးတစ်ယောက်ကို နင်းမိသေးတယ်။ သူတို့မှာ တရားမျှတမှုဆိုတာ မရှိဘူး။ မင်း ငါ့ကို မေးရင်တော့ ငါ ပြောချင်တာက ရှောင်းမိသားစုစစ်တပ်က အကောင်းဆုံးပဲ။ သူတို့က စစ်စည်းကမ်းကို လုံးဝ မဖောက်ဖျက်ကြဘူး။ စစ်သူကြီးရှောင်းရဲ့အုပ်ချုပ်မှုက အရမ်းတင်းကြပ်တယ်”
ရှောင်းမိသားစုစစ်တပ်ကို ချီးကျူးနေသည့် ထိုဧည့်သည်က အလွန်အမင်း မူးဝေနေပြီ ဖြစ်သည်။ သူက အရက်ကို အလွန်အကျွံသောက်ထားပြီးပြီ ဖြစ်သောကြောင့် တခြားသူများ မပြောဝံ့သည့်စကားကို ပြောရဲနေခြင်း ဖြစ်သည်။
သူ့စကားဆုံးသည်နှင့် ဆိုင်တစ်ဆိုင်လုံး တိတ်ဆိတ်သွားပြီး ကျိရွှေရှန့်က သူ့ခေါင်းကို လှည့်မကြည့်သော်လည်း သူ့နောက်မှ စားပွဲသုံးလုံးရှိ လူသတ်ရောင်ဝါကို ခံစားနိုင်ခဲ့သည်။
"လူကြီးမင်း၊ ခင်ဗျားရဲ့ အပြောအဆိုနဲ့ အပြုအမူတွေကို သတိထားပါ"
ဆိုင်ရှင်က သူတို့ဘက်သို့ ပတ်သတ်လာမည်ကို စိုးရိမ်နေပုံရသည်။
ရှောင်းမိသားစုစစ်တပ်ဆိုတာက နန်းတွင်းရဲ့သတ်မှတ်ချက်အရ ရာဇ၀တ်သားတွေလေ... သူတို့က ဝမ်မိသားစုစစ်တပ်ထက် ပိုသာလွန်တယ်လို့ ဘယ်သူက ပြောရဲမှာလဲ?
ဒီဧည့်သည်က သူ့ခေါင်းကို မလိုချင်တော့ဘူးလား? ဝမ်မိသားစုစစ်တပ်က လူတွေ ကြားသွားရင် သူ့ကို သတ်ပစ်မှာ သေချာတယ်။ သူ့ဆိုင်လေးကိုတော့ မထိခိုက်စေချင်ဘူးလေ။
"တောက်၊ တာ့ရှားပြည်ထောင်မှာ ဘာတွေ ဖြစ်နေတာလဲ? မြို့ပြင်ကို ထွက်ပြီး ကြည့်လိုက်ကြစမ်းပါ။ သာမန်ပြည်သူတွေအားလုံး ဒုက္ခရောက်နေကြပြီ။ အစာရေစာ ငတ်လို့ လမ်းဘေးမှာ လဲကျနေတဲ့ သူတွေက ဘယ်လောက် သနားစရာကောင်းလဲဆိုတာ သွားကြည့်ကြစမ်းပါ”
ဆိုင်ရှင်က သူ့ကို မပြောရန် မစည်းရုံးလျှင် ပိုကောင်းလိမ့်မည် ဖြစ်သည်။ သို့သော် သူ တားလိုက်သည်နှင့် ထိုဧည့်သည်က ပို၍ပင် စိတ်ဓာတ်တက်ကြွလာပုံရပြီး မတ်တပ်ထရပ်ကာ နန်းတွင်းနှင့် တော်ဝင်ရုံးတော်ကို ပြင်းပြင်းထန်ထန် ဝေဖန်နေတော့သည်။
ကျိရွှေရှန့် သတိပြုမိနေသည်မှာ ထိုဧည့်သည်က စာပေပညာရှင်တစ်ဦးနှင့် တူလွန်းလှသည်။ ပညာရှင်အချို့က အကျင့်စာရိတ္တ ကောင်းမွန်နေဆဲ ဖြစ်ပြီး တော်ဝင်ရုံးတော်အတွင်းမှ အကျင့်ပျက်ခြစားမှုကို သိမြင်နိုင်ကြသည်။ သို့တိုင်အောင် သူတို့က ဤပျက်စီးယိုယွင်းနေသောအခြေအနေကို မကယ်တင်နိုင်သည့်အတွက် စိတ်ပူပန်နေကြပြီး သာမန်ပြည်သူများ၏ ကြေကွဲဖွယ်အခြေအနေအား ငိုကြွေးမြည်တမ်းရုံသာ တက်နိုင်ကြသည်။
ကျိရွှေရှန့်က ထိုလူ့အား ဘာအပျက်အစီးနှင့်မှ မကြုံစေချင်သည့်အတွက် အပြုံးဖြင့် လှမ်းပြောလိုက်သည်။
“ဒီအစ်ကိုကြီး၊ ခင်ဗျား စားသောက်နေတဲ့အချိန်မှာ တိုင်းရေးပြည်ရေးတွေ မပြောပါနဲ့လား? ပျော်ပျော်ပါးပါး သောက်စားကြရအောင်"
ကျိရွှေရှန့်ထံတွင် ရည်ရွယ်ချက်ကောင်း ရှိပြီး သူက ထိုအစ်ကိုကြီးအတွက် ကြောက်စရာကောင်းသည့်အရာတစ်ခု ဖြစ်လာမည်ကို စိုးရိမ်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုအဆိုးမြင်သမားကြီးက သူ့၏ရဉ်ရွယ်ချက်ကောင်းကို မည်သို့ တန်ဖိုးထားရမည်ကို မသိခဲ့ပေ။ သူက ကျိရွှေရှန့်ကို လက်ညှိုးထိုးပြီး ကြိမ်းမောင်းလိုက်သည်။
“တိုင်းပြည်က အကျပ်အတည်းနဲ့ ကြုံနေတာတောင် မင်းတို့လို လူတွေကတော့ မင်းတို့ရဲ့ အိမ်တံခါးရှေ့က နှင်းတွေကို ဘယ်လို သုတ်ရမယ်ဆိုတာလောက်ပဲ သိကြတယ်။ သာမန်ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကိုတော့ လျစ်လျူရှုထားကြတယ်။ ဟူတွေ ရောက်လာတဲ့အခါ မင်းက ပထမဆုံး လက်နက်ချတဲ့သူ ဖြစ်မှာ သေချာတယ်။ မင်းရဲ့ကျောရိုးက ဘယ်မှာလဲ? မင်းရဲ့ ကိုယ်ကျင့်တရားကရော... မင်းက စားနေရင်းနဲ့ သေဖို့ ထိုင်စောင့်နေတဲ့ အလကားကောင်ပဲ"
ကျိရွှေရှန့်၏မျက်နှာတွင် အနက်ရောင်မျဉ်းများ ပြည့်နှက်လာခဲ့သည်။
ကောင်းပြီ၊ အစ်ကိုကြီးရေ ခင်ဗျားမှာပဲ ကျောရိုးရှိတာပါ။ ကျုပ် ခင်ဗျားကို မတားတော့ဘူး။ ခင်းဗျားရဲ့ကျောရိုးက အမြဲရှိနေပါစေလို့ ကျူပ် ဆုတောင်းပေးပါတယ်။
ကျိရွှေရှန့်က သူ့ဘာသာသူ ဆက်စားနေလိုက်ပြီး ထိုလူ၏ပြစ်တင်ကြိမ်းမောင်းမှုများကို ဂရုမစိုက်တော့ပေ။
ဘာပဲဖြစ်ဖြစ် သူ့အတွက်ကတော့ စားရင်းသောက်ရင်း နန်းတွင်းနဲ့ ဝမ်မိသားစုစစ်တပ်ကို ကြိမ်းမောင်းနေတဲ့အသံကို နားထောင်နေရတာက ကျေနပ်စရာပဲလေ။
“တောက်”
"မင်း ငါတို့ကို အေးအေးဆေးဆေး စားခွင့်မပေးနိုင်ဘူးလား? မင်းရဲ့ခွေးပါးစပ်ကို ပိတ်ထားလိုက်တော့"
စားပွဲသုံးလုံးရှိ ဧည့်သည်တစ်ယောက်က စိတ်မထိန်းနိုင်တော့ဘဲ စားပွဲကို လက်ဖြင့် ဆောင့်ရိုက်ချလိုက်သောကြောင့် စားပွဲပေါ်ရှိ ပန်းကန်များနှင့် တူများ လှုပ်ယမ်းသွားကာ တိုက်မိသည့် အသံများ ထွက်ပေါ်လာသည်။
ထိုလူ ထုတ်လွှတ်နေသည့် သူအငွေ့အသက်က ကြောက်စရာကောင်းလွန်းနေပြီး မူလက ပြောလေလေ စိတ်ဓာတ်တက်ကြွလေလေ ဖြစ်နေသည့် ပညာရှင်က ကြောက်လန့်သွားပုံရသည်။ သူက နာခံမှုအပြည့်ဖြင့် သူ့ထိုင်ခုံတွင် ပြန်ထိုင်လိုက်ပြီး ထိုလူကို မော့ကြည့်ရန်ပင် မဝံ့မရဲ ဖြစ်နေလေသည်။
ခင်ဗျား လုပ်နိုင်တာ ဒါ အကုန်ပဲလား?
ကျိရွှေရှန့်က စိတ်ထဲမှ ရယ်မောလိုက်သည်။
အဲ့လူက သေခြင်းတရားကို မကြောက်တဲ့သူတစ်ယောက်လို့ သူ ထင်ခဲ့မိတာလေ!
ကျိရွှေရှန့်က သူ့၏အစားအသောက်တွင်သာ သူ့ခေါင်းကို မြုပ်ထားပြီး တခြားသူများက သူ့ကို ငတ်နေသူဟုပင် ထင်သွားစေခဲ့သည်။ သို့သော် အမှန်တကယ်တွင် သူက အပြည့်အဝ သတိရှိနေပြီး သူ့နားက သူ့နောက်ကွယ်မှ လှုပ်ရှားမှုများကို အမြဲနားစွင့်နေခဲ့သည်။
သို့သော်လည်း သူ့နောက်ရှိ စားပွဲသုံးလုံးမှ လူများက ငြိမ်ငြိမ်လေး စားသောက်နေကြပြီး စကားတစ်ခွန်းမှ ထပ်မပြောကြတော့ပေ။
ကျိရွှေရှန့်က မျက်ခုံးပင့်လိုက်သည်။
သူတို့က ဘာလို့ စစ်သည်တွေလို ပြုမူနေရတာလဲ?
ခဏအကြာတွင် ထိုင်ခုံများ ရွေ့လျားသံကို ကြားရလိုက်ရသောကြောင့် ကျိရွှေရှန့် လှည့်ကြည့်လိုက်ရာ ထိုစားပွဲသုံးလုံးရှိ လူများက ထမင်းစားပြီး မတ်တပ်ထရပ်လိုက်သည်ကို သူ တွေ့လိုက်ရသည်။ သူတို့ထဲမှတစ်ယောက်က စားပွဲထိုးကို လှမ်းခေါ်နေသည်။
"စားပွဲထိုး၊ ငွေရှင်းမယ်"
"စုစုပေါင်း ငွေခြောက်လျန်နဲ့ ဝမ်ရှစ်ရာ ကျသင့်ပါတယ်"
စားပွဲထိုးက ပြုံးပြုံးရွှင်ရွှင်ဖြင့် ကျသင့်ငွေကို တောင်းခံရန် အမြန် ရောက်လာခဲ့သည်။ အော်ခေါ်လိုက်သည့်လူက စကားအများကြီး မပြောချင်ပုံရကာ သူ့အိတ်ကပ်ထဲမှ ငွေအချို့ကို ထုတ်ယူပြီး စားပွဲထိုးထံသို့ ပစ်ပေးလိုက်သည်။
“ကျန်ငွေကို မုန့်ပေါင်း ယူမယ်။ လမ်းခရီးအတွက် ထုတ်ပိုးပေးလိုက်”
“ကောင်းပါပြီ”
စားပွဲထိုးက ပြုံးနေရင်းဖြင့် ငွေလက်ခံကာ အမှာစာကို သဘောတူလိုက်သည်။ ထို့နောက် သူက မီးဖိုချောင်သို့ ပြေးသွားပြီး ငွေဆယ်လျန်ကို ပြန်အပ်လိုက်သည်။ သူတို့ စားသောက်ထားသည့် အရက်နှင့် ဟင်းပွဲများအတွက် ကုန်ကျငွေကို နုတ်ယူပြီးနောက် ငွေသုဲးလျန်ကျော် ကျန်နေသေးသည်။ ထို့ကြောင့် မုန့်ပေါင်းများစွာ ထုတ်ပိုးပေးရမည် ဖြစ်သည်။
ကျိရွှေရှန့်က နောက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး ထိုငွေပေးချေသူက အသက်လေးဆယ်ခန့် ရှိပုံရသည်ကို သူ တွေ့လိုက်ရသည်။ ထိုလူ၏မျက်လုံးများက စူးရှနေပြီး သူ့၏စိတ်နေစိတ်ထားကလည်း တည်ငြိမ်ပုံရကာ သူက ထိုအဖွဲ့၏ခေါင်းဆောင်ဖြစ်ပုံရသည်။
ကျိရွှေရှန့်က သူတို့ကို ကြည့်လိုက်သောကြောင့် တစ်ဖက်လူက တစ်စုံတစ်ခုကို ခံစားလိုက်ရပုံဖြင့် သူ့ကို ပြန်ကြည့်လာခဲ့သည်။ ကျိရွှေရှန့်က ထိုလူကို ခေါင်းညိတ်ပြလိုက်ပြီး သူ့ဘာသာသူ ဆက်စားရန် ပြန်လှည့်လိုက်သည်။
ထိုလူက အဝေးသို့ မကြည့်ပြန်မလွှဲမီ ကျိရွှေရှန့်ကို အချိန်အတော်ကြာ ကြည့်နေခဲ့သေးသည်။ စားပွဲထိုးက မုန့်ပေါင်းအိတ်ကြီးနှစ်လုံးနှင့်အတူ မီးဖိုချောင်ထဲမှ ပြန်ထွက်လာပြီး ထိုလူ့ကို အပြုံးဖြင့် လှမ်းပြောလိုက်သည်။
“လူကြီးမင်း၊ ဒါက လူကြီးမင်းတို့ မှာထားတဲ့ မုန့်ပေါင်းတွေပါ။ လမ်းမှာ စားဖို့ ဟင်းနှစ်မျိုးလောက် ဝယ်သွားချင်သေးလား?”
"အေး၊ သယ်သွားလို့ အဆင်ပြေမယ့် အရွက်ဟင်းတွေ လိုချင်တယ်"
ဧည့်သည်က ခေါင်းညိတ်လိုက်သည်။ သူက စကားပြောရ အလွန်လွယ်ကူနေခဲ့ပြီး သိပ်မကြာခင်မှာ ထိုဟင်းပွဲများလည်း အဆင်သင့်ဖြစ်သွားပြီး သူတို့အားလုံး တည်းခိုဆောင်ထဲမှ ပြန်ထွက်သွားကြသည်။ အရိုးများထဲတွင် ထွင်းထုထားသော စည်းမျဉ်းများကို မည်သူမျှ ပြောင်းလဲနိုင်မည် မဟုတ်ပေ။ ပိုက်ဆံပေးထုတ်သည့်သူ မထွက်သွားလျှင် ကျန်သည့်သူများက သူ့ဘေးတွင် ရပ်နေလိမ့်မည်ဖြစ်ပြီး သူ ထွက်သွားသည်နှင့်တပြိုင်နက် တခြားသူများက တညီတညာတည်း သူ့နောက်မှ လိုက်ပါသွားကြသည်။ သူတို့၏ဖွဲ့စည်းမှုနှင့် ခြေလှမ်းများက စနစ်တကျ လေ့ကျင့်ထားသကဲ့သို့ ပြေပြစ်သေသပ်နေလေသည်။
ကျိရွှေရှန့်က ဤလူအုပ်စုကို ကြည့်နေရင်း သူတို့က စစ်သည်များဖြစ်သည်ကို ပို၍ပင် ယုံကြည်လာသည်။ သူတို့၏ခြေလှမ်းများက တညီတညာတည်း ထပ်တူကြနေကာ ကြီးမားသော ခြေလှမ်းကျယ်ကြီးများဖြင့် လေတိုက်သလို ပြန်ထွက်ခွာသွားကြသည်။
"ဒီလူတွေက ဘယ်သူတွေလဲ? သူတို့ရဲ့အကြည့်တွေက အရမ်း ကြောက်စရာကောင်းတယ်”
ထိုလူများ ထွက်သွားပြီးနောက် စိတ်ကြီးဝင်နေသည့် ပညာရှင်က ဆိုင်ရှင်ကို မဝံ့မရဲလှမ်းမေးလိုက်သည်။
"ခင်ဗျားရဲ့ အပြောအဆိုနဲ့ အပြုအမူတွေကို သတိထားဖို့ ကျွန်တော် အကြံပေးခဲ့တယ် မဟုတ်ဘူးလား?"
ဆိုင်ရှင်က သူ့ကို ဒေါသတကြီး အပြစ်တင်လိုက်သည်။ ထို့နောက် သူက မပျော်မရွှင် ဖြစ်နေကာ “မိုးနတ်မင်းကြီးရေ၊ ကျွန်တော်မျိုးကို စောင့်ရှောက်ပေးပါဦး၊ ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို လာမပတ်သတ်ပါစေနဲ့”
စာပေပညာရှင်ကလည်း အလွန် စိတ်မသက်မသာ ဖြစ်သွားပြီး စားသောက်ချင်စိတ် မရှိတော့ပေ။ ကျိရွှေရှန့်က ဝဝလင်လင် စားသောက်ခဲ့ပြီး အပေါ်ထပ်သို့ မတက်ခင် လက်ဖက်ရည်ကို ဖြည်းညှင်းစွာ သောက်နေခဲ့သည်။ သူက သူ၏သံသယများကို အတည်ပြုရန် ထိုပညာရှင်၏နောက်သို့ လိုက်သွားမည်ဟု ဆုံးဖြတ်လိုက်သည်။
"အစ်ကိုကျန်း၊ ငါ နည်းနည်း အဆင်မပြေဘူး၊ ငါ အရင်ပြန်နှင့်တော့မယ်”
စာပေပညာရှင်က ဒယ်အိုးပူပူပေါ်မှ ပုရွက်ဆိတ်ကဲ့သို့ သူ့ထိုင်ခုံတွင် ထိုင်နေရင်း သူ ဆက်မထိုင်နိုင်တော့သည့်အတွက် သူ့၏လုပ်ဖော်ကိုင်ဖက်ကို နှုတ်ဆက်လိုက်သည်။
"ညီလေးကျန်း ဂရုစိုက်သွားပါ"
(T/n: လူနှစ်ယောက်ရဲ့ ‘ကျန်း’ တွေက တရုတ်မှာတော့ စာလုံးရော အသံမနိမ့်အမြင့်ရော ကွာပါတယ်၊ မြန်မာလိုကျတော့ တူနေတာပါ)
သူနှင့် စားပွဲတစ်ဝိုင်းတည်း ထိုင်နေသည့် လူတိုင်းက မတ်တပ်ထရပ်ကာ သူ့ကို နှုဆ်ဆက်လိုက်ကြသည်။ စကားအနည်းငယ် ပြောပြီးနောက် ထိုကျန်းမျိုးရိုးက တည်းခိုဆောင်ထဲမှ ထွက်ခွာသွားခဲ့သည်။
ကျိရွှေရှန့်က ချက်ချင်း ထရပ်ပြီး သူ့နောက်မှ လိုက်သွားခဲ့သည်။ တံခါးဝသို့ ရောက်သွားချိန်တွင် သူက အပြင်သို့ ချက်ချင်း မထွက်ဘဲ တံခါးဝတွင် ရပ်နေကာ ထိုလူ့ကို စောင့်ကြည့်နေခဲ့သည်။ ထိုကျန်းမျိုးရိုး အမျိုးသားက အရှေ့ဘက်မှ လမ်းဆီသို့ စိတ်ပျက်လက်ပျက် လျှောက်သွားနေခဲ့သည်။ လူနှစ်ယောက်က သူ့နောက်မှ တိတ်တဆိတ် လိုက်ပါသွားပြီး ထိုထဲမှ တစ်ယောက်က ခုနက စားပွဲကို ဆောင့်ချလိုက်သူ ဖြစ်သည်။
ကျိရွှေရှန့်က သူတို့နှစ်ယောက်၏နောက်မှ အကဲခတ်နေခဲ့ပြီး စားပွဲသုံးလုံးမှ တခြားလူများ မရှိကြောင်း သေချာစေရန် စောင့်ကြည့်နေခဲ့သေးသည်။ သူတို့ ခဏလောက် လမ်းလျှောက်ပြီးသွားချိန်မှ ကျိရွှေရှန့်က သူတို့နောက်သို့ တိတ်တဆိတ် လိုက်ပါသွားခဲ့သည်။