သားရဲတွင်း
Vol. 19 Ch. 280
ကောင်းကင်က မှောင်နေပြီဖြစ်သောကြောင့် လမ်းများပေါ်တွင် လူသူကင်းမဲ့နေကာ ရှင်းလင်းတိတ်ဆိတ်နေသည်။ ကျန်းမျိုးရိုး အမျိုးသားက မသိစိတ်မှတဆင့် သူ့၏အန္တရာယ်ကို ခံစားမိပုံရပြီး နောက်သို့ ခဏခဏ ပြန်လှည့်ကြည့်နေခဲ့သည်။ သူကို ကြည့်ရသည်မှာ ကြောက်လန့်နေသော ခွေးလေခွေးလွင့်တစ်ကောင်နှင့် ဆင်တူနေခဲ့သည်။
လူနှစ်ယောက်ကလည်း သူ့နောက်မှ ဖြည်းဖြည်းချင်း လိုက်ပါသွားခဲ့သည်။ ကျန်းမျိုးရိုးက လှည့်ကြည့်လျှင်ပင် သူတို့က သူတို့ကိုယ်သူတို့ ဖုန်းကွယ်မနေဘဲ သူ့နောက်မှ ပေါ်ပေါ်တင်တင် လိုက်သွားကြသည်။ ထိုကျန်းမျိုးရိုးက အမြန်လမ်းလျောက်လျှင် သူတို့ကလည်း သူတို့၏အရှိန်ကို တင်လိုက်ကြပြီး ကြောင်က ကြွက်ကို ကစားနေသလိုမျိုး ကျန်းမျိုးရိုးနှင့် အမြဲတမ်းတူညီသောအကွားအဝေးတစ်ခုထားပြီး လိုက်ပါသွားကြသည်။
ထိုကျန်းမျိုးရိုးအမျိုးသားက အလွန်ကြောက်လန့်သွားပြီး ခြေဦးတည့်ရာ ထွက်ပြေးတော့သည်။ သို့သော် သူက သူ့အဝတ်အစား၏ထောင့်စွန်းကို ပြန်နင်းမိပြီး မြေပေါ်သို့ လဲကျသွားခဲ့သည်။ နောက်မှ လူနှစ်ယောက်က သူ့ကို ဖမ်းရန် သူ့ဆီသို့ တစ်လှမ်းချင်း လျှောက်လာနေကြသည်။ သေမင်းနတ်ဘုရား ဆင်းသက်လာသကဲ့သို့ ကြီးမားသော အနက်ရောင်အရိပ်နှစ်ခုက သူ့အပေါ်သို့ ဖုံးအုပ်နေပြီ ဖြစ်သည်။
"ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို သွားခွင့်ပြုပါ။ ကျွန်တော်မျိုး လူကြီးမင်းတို့ကို ဦးညွှတ်တောင်းပန်ပါတယ်"
သူက အလွန်ကြောက်လန့်နေပြီး လူးလဲပြန်ထကာ မြေပြင်ပေါ်တွင် ဒူးထောက်နေရင်း ထိုလူနှစ်ယောက်ကို ဦးညွှတ်နေသည်။
ထိုနှစ်ယောက်က စကားမပြောကြပေ။ သူတို့က ကျန်းမျိုးရိုး၏ကြောက်ရွံ့မှုနှင့် အကူအညီမဲ့မှုကို သဘောကျနေပုံဖြင့် တိတ်တဆိတ် စောင့်ကြည့်နေကြသည်။ သူ တောင်းပန်နေစဥ်အတွင်းမှာပင် ထိုလူများက သူတို့၏ဓားများကို မြန်မြန်ဆန်ဆန် မြှောက်လိုက်ကြပြီး ကျန်းမျိုးရိုး၏လည်ပင်းကို ရက်စက်စွာ ခုတ်ထစ်ချလိုက်သည်။
ကျန်းမျိုးရိုးအမျိုးသားက အလွန်ကြောက်လန့်နေပြီး မြေပြင်ပေါ်သို့ လဲချကာ ရှောင်တိမ်းလိုကသည်။ သူ့၏ခန္ဓာကိုယ်က လေထဲမှ သစ်ရွက်ကဲ့သို့ တုန်ယင်နေလေသည်။ သူ ထွက်ပြေးချင်နေသော်လည်း သူ့၏ခန္ဓာကိုယ်က တောင့်တင်းနေပြီး မလှုပ်နိုင် မရှားနိုင် ဖြစ်နေခဲ့သည်။ သူက တုန်တုန်ယင်ယင်ဖြင့် အကူအညီ တောင်းနေပြီး ဆိုင်ထဲတွင် ကျယ်လောင်နေခဲ့သော သူ့အသံက အမြီးအနင်းခံထားရသည့် ကြောင်တစ်ကောင်၏အသံနှင့် တူနေလေသည်။
ကျိရွှေရှန့်က အခြားသူများ၏ကိစ္စတွင် ဝင်ရောက်စွက်ဖက်လိုခြင်း မရှိသော်လည်း ထိုလူများက အဘယ်ကြောင့် ရုပ်ဖျက်ကာ ကျင်းချန်ထဲသို့ ဝင်လာကြသည်ကို သူ သိချင်နေခဲ့သည်။
ထို့အပြင် ဤပညာရှင်က ရှောင်းမိသားစုစစ်တပ်ကို ချီးကျူးခဲ့သောကြောင့် ကျိရွှေရှန့်က ထိုစကားအတွက် သူ့ကို ကယ်တင်ရန် ဆုံးဖြတ်ခဲ့သည်။ သူက ဤလူများနောက်သို့ စလိုက်လာစဥ်ကတည်းက သူ့မျက်နှာကို ဖုံးအုပ်ထားပြီး ဖြစ်ကာ တစ်ဖက်မှ သူ့ကို မှတ်မိသွားမည်အား ကြောက်နေစရာ မလိုပေ။ ထို့ကြောင့် လူသတ်သမားများက ကျန်းမျိုးရိုး၏လည်ပင်းကို မဖြတ်နိုင်မီ သူက လူသတ်သမားကို တားဆီးရန် အမြန် ပြေးသွားခဲ့သည်။
တစ်စုံတစ်ဦး ဝင်ရောက်စွက်ဖက်လာမည်ဟု လုံးဝ မမျှော်လင့်ထားသော လူသတ်သမားက ကျိရွှေရှန့်ကို ချက်ချင်းပြန်မတိုက်ခိုက်နိုင်သေးဘဲ ခဏတာမျှ မှင်သက်နေကြသေးသည်။ သို့သော်လည်း သူတို့ထဲမှ တစ်ယောက်ကတော့ သူ့၏တာဝန်ကို မမေ့ဘဲ ကျန်းမျိုးရိုးကို သတ်ရန် ချက်ခြင်း ရှေ့တိုးလိုက်သည်။
"ကူညီပါ... ကူညီပါ...ငါ့ကို ကယ်ပေးပါ!"
သူ့ကို ကယ်တင်မည့် တစ်ယောက်ယောက် ရောက်လာသည်ကို မြင်လိုက်ချိန်တွင် ကျန်းမျိုးရိုးအမျိုးသားက အဆုတ်ထိပ်မှ အော်ဟစ်လိုက်သည်။ သူ့အသံက တုန်ယင်နေဆဲဖြစ်သော်လည်း အရင်ကထက် ပို၍ ကျယ်လောင်နေခဲ့သည်။
ကျိရွှေရှန့်က တိုက်ပွဲကို တတ်နိုင်သမျှ မြန်မြန် အဆုံးသတ်ချင်သောကြောင့် သူ၏လွမ်တောင်ကို ဆွဲထုတ်ကာ တစ်ဖက်လူ၏လက်ထဲရှိ လက်နက်ကို ခုတ်ဖြတ်လိုက်သည်။ ထို့နောက် သူက ထိုလူ၏လက်မောင်းကို နောက်ပြန်ဓားချက်ဖြင့် ခုတ်ပိုင်းလိုက်သည်။ ထို့နောက်တွင်မူ သူက နောက်သို့ ထပ်လှည့်ကာ လေထဲတွင် တစ်ပတ်လှည့်လိုက်ပြီး သူ့ဓားကို အခြားလူသတ်သမား၏ပခုံးဆီသို့ ထိုးစိုက်လိုက်သည်။ သူ၏ လှုပ်ရှားမှုများက မြန်ဆန်ပြီး ကြမ်းတမ်းလှသည်။ ထို့အပြင် သူ့၏လွမ်တောင်က သံကိုပင် ရွှံ့ကဲ့သို့ ဖြတ်နိုင်သောကြောင့် လူ၏အရိုးကို အလွယ်တကူ ဖြတ်တောက်နိုင်သည်။
ကျိရွှေရှန့်က လုပ်ကြံသတ်ဖြတ်သူ၏ပခုံးထဲမှ လွမ်တောင်ကို လိမ်လိုက်ပြီး ထိုလူ့၏ပခုံးတစ်ဝက်မှ သူ့လက်မောင်းကို ဖြတ်ချလိုက်သည်။ ထိုလူသတ်သမားက နာကျင်စွာဖြင့် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်။
ကျိရွှေရှန့်က သူတို့ မည်သူမည်ဝါဖြစ်ကြောင်း သိချင်သောကြောင့် သက်ညှာပေးခဲ့ခြင်း ဖြစ်သည်။ ထို့သို့မဟုတ်လျှင် သူက သူတို့၏လက်များကို ဖြတ်မည့်အစား သူတို့အသက်ကို တိုက်ရိုက် နုတ်ယူလိုက်မည် ဖြစ်သည်။
ကျိရွှေရှန့်က အစွမ်းထက်လွန်းနေသည်ကို မြင်လိုက်ရသဖြင့် ထိုနှစ်ယောက်က ဆက်လက်တိုက်ခိုက်ရဲခြင်း မရှိကြတော့ပေ။ သူတို့က မြေပြင်ပေါ်သို့ ကျသွားသည့် သူတို့၏လက်မောင်းများကိုပင် မကောက်ရဲတော့ဘဲ သူတို့၏ဒဏ်ရာများကို ကျန်လက်တစ်ဖက်ဖြင့် အုပ်ကာ ထွက်ပြေးသွားတော့သည်။
"ကျေးဇူးတင်ပါတယ် ကျေးဇူးရှင်ကြီး၊ ငါ့အသက်ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်"
ကျန်းမျိုးရိုးလူက မြေပြင်ပေါ်မှာ ဒူးထောက်ပြီး ကျိရွှေရှန့်ကို လှမ်းဆွဲလိုက်သည်။ ကျိရွှေရှန့်က သူ့ကို လျစ်လျူရှုလိုက်ပြီး လူသတ်သမားနှစ်ယောက် ထွက်ပြေးသွားသည့် လမ်းကြောင်းအတိုင်း ပြေးလိုက်သွားခဲ့သည်။
လူသတ်သမားနှစ်ဦးက ဒဏ်ရာရထားပြီး အမြန်မပြေးနိုင်တော့ပေ။ ကျိရွှေရှန့်က အိမ်ခေါင်မိုးတစ်ခုပေါ်သို့ ခုန်တက်ကာ သူတို့နောက်မှ တိတ်တဆိတ် လိုက်ပါသွားခဲ့သည်။ ဒဏ်ရာအပြင်းအထန်ရထားကြသော်လည်း ထိုလူသတ်သမားနှစ်ဦးက အလွန်သတိရှိနေကြဆဲဖြစ်သည်။ သူတို့က အကြိမ်ပေါင်းများစွာ လှည့်ပတ်ပြီးသည့်တိုင် သူတို့၏နေရာသို့ မပြန်ရဲကြသေးပေ။
ကျိရွှေရှန့်ကလည်း သူတို့နောက်သို့ လိုက်ရန် အလျင်စလို ဖြစ်မနေခဲ့ပေ။ သူတို့က ဒဏ်ရာအပြင်းအထန် ရပြီး ထိုဒဏ်ရာမှ သွေးများစီးကျနေသောကြောင့် သူ့အတွက် နောက်ယောင်ခံရန် လွယ်ကူလှသည်။ လူသတ်သမားနှစ်ဦးက လူနေအိမ်တစ်လုံးထဲသို့ မဝင်မီ သူတို့နောက်သို့ မည်သူမျှ မလိုက်လာကြောင်း သေချာစေရန် ကြိမ်ဖန်များစွာ လှည့်ပတ်သွားလာနေခဲ့ကြသေးသည်။ တံခါးကို ခေါက်နေသည်အထိ သူတို့နောက်သို့ မည်သူမှ လိုက်မလာကြောင်း သေချာစေရန် သတိဖြင့် စောင့်ကြည့်နေပြီးမှ တံခါးကို ခေါက်လိုက်ကြသည်။
"ဘယ်လိုဖြစ်လို့ ဒဏ်ရာ ရလာတာလဲ?"
“အဲဒါကို မပြောနဲ့တော့။ ငါတို့ အစွမ်းထက်တဲ့လူတစ်ယောက်နဲ့ တွေ့လာခဲ့တယ်၊ သူ့လက်ထဲမှာ အဖိုးတန်ဓားတစ်ချောင်း ရှိတယ်။ ငါတို့ သတိလက်လွတ် ဖြစ်ပြီး သူ့ထောင်ချောက်ထဲကို ကျသွားခဲ့တယ်”
"အိမ်ထဲဝင်"
ခြံဝင်းထဲမှ တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ ကျိရွှေရှန့် ရှေ့တိုးတော့မည် အချိန်တွင် ခြံတံခါး ပွင့်လာသောကြောင့် သူက အမှောင်ထဲတွင် ကမန်းကတန်း ပုန်းနေလိုက်သည်။
ခြံဝင်းထဲက လူတချို့ ထွက်လာပြီး ထိုလူနှစ်ယောက် တံခါးပေါက်တွင် စီးကျခဲ့သည့် သွေးများကို သန့်စင်လိုက်ကြပြီး လမ်းတလျှောက်မှ သွေးများကိုလည်း ရှင်းလင်းရန် ထွက်သွားကြသည်။ သူတို့ထဲမှနှစ်ယောက်က သူတို့၏လုပ်ဖော်ကိုင်ဖက်အား တိုက်ခိုက်သည့်လူကို လှည့်ပတ်ရှာဖွေနေကြသည်။
ကျိရွှေရှန့်က အမှောင်ထဲတွင် ပုန်းနေပြီး ထွက်မလာခဲ့ပေ။ သူက သူတို့ ပြန်ရောက်လာပြီး ခြံတံခါးကို ပိတ်ပြီးသည့်အချိန်အထိ စောင့်နေခဲ့သည်။ သူတို့အားလုံး အထဲသို့ ပြန်ဝင်သွားပြီးမှသာ သူက မျက်ကွယ်ဖြစ်နိုင်သည့် နံရံတစ်ခုကို ရှာတွေ့သွားပြီး ထိုနံရဲပေါ်သို့ ခုန်တက်လိုက်သည်။
ခြံဝင်းက မှောင်နေပြီး ပင်မအခန်းတွင်သာ မီးထွန်းထားသည်။ ဒဏ်ရာရသွားခဲ့သည် လူသတ်သမားနှစ်ဦးက ထိုအခန်းတွင် ဖြစ်နိုင်ပြီး ကျိရွှေရှန့်က ၎င်းတို့နှင့် ဝေးကွာနေသောကြောင့် သူတို့ ဘာဖြစ်နေသည်ကို မသိနိုင်ခဲ့ပေ။
ကျိရွှေရှန့်က အောက်သို့ ကမူးရှူးထိုး ခုန်ဆင်းမသွားဘဲ ထိုနံရံပေါ်တွင် လဲလျောင်းကာ စောင့်ကြည့်နေခဲ့သည်။ သူ မျှော်လင့်ထားသည့်အတိုင်း ခြံဝင်းထဲတွင် လှည့်ပတ်သွားလာနေသူများ ရှိနေပြီး လူတစ်ဦးထက် ပိုနေခဲ့သည်။ အုပ်စုနှစ်စု အပြန်ပြန် အလှန်လှန် သွားလာနေကြပြီး စုစုပေါင်း လူရှစ်ဦး ရှိသည်။ သူတို့၏ရဲဘော်ရဲဘက်များ ဒဏ်ရာရလာသောကြောင့် ထိုလူများက ပို၍ပင် သတိရှိနေကြပုံ ရသည်။
ကျိရွှေရှန့်က သူတို့၏ အဓိက ကင်းလှည့်နေရာကို စူးစမ်းလိုက်ပြီး ထိုနေရာက အနောက်ဘက်တောင်ပံ ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။
တံခါးကို တင်းတင်းကျပ်ကျပ် စောင့်ကြပ်နေပုံကို ကြည့်ရတာ အခန်းထဲမှာ အရေးကြီးတဲ့ လူကြီးမင်း တစ်ယောက်ယောက် ရှိနေတာလား? ဒါမှမဟုတ် တစ်ခုခု ရှိနေတာလား?
ကျိရွှေရှန့်က ပင်မခန်းထဲမှ အလင်းရောင် ပျောက်ကွယ်သွားသည့် ညသန်းခေါင်ယံအထိ စိတ်ရှည်ရှည် စောင့်ဆိုင်းနေခဲ့သည်။ ဒဏ်ရာရခဲ့သည့်လူသတ်သမားနှစ်ဦးကို ပင်မအခန်းထဲမှ သယ်ထုတ်လာကြပြီး အနားယူရန် အရှေ့အဆောင်ဆီသို့ ခေါ်ဆောင်သွားကြသည်ကို သူ မြင်နေရသည်။
တံခါးကို စောင့်ရန် ကင်းသမားနှစ်ဦးသာ ကျန်နေခဲ့ပြီး တခြားသူတွေများကတော့ သတိကို လုံးဝ မလျှော့ဘဲ ခြံဝင်းထဲတွင် တလှည့်စီ လှည့်ပတ်ကင်းစောင့်နေကြသည်။
ကျိရွှေရှန့်က အနောက်ဘက်အဆောင်တွင် ဘာရှိသည်ကို သိချင်နေမိသည်။
သူ စဉ်းစားနေတုန်းမှာပင် ထိုအနောက်ဘက်အဆောင်မှ ကလေးအသံတစ်သံကို သူ ကြားလိုက်ရသည်။
"ကျွန်တော် သေးပေါက်ချင်တယ်"
ကလေးဆန်သောအသံလေးတစ်သံကို ကြားလိုက်ရချိန်တွင် ကျိရွှေရှန့်၏နှလုံးခုန်နှုန်းက မြန်ဆန်လာခဲ့သည်။
ဒီကလေးက ဘယ်သူလဲ? သူ့ကို စောင့်ရှောက်ဖို့ ဘာကြောင့် လူတွေအများကြီး လိုအပ်နေရတာလဲ?
"ကျွန်တော်လည်း သေးပေါက်ချင်တယ်"
နောက်ထပ် ကလေးအသံတချို့ ဆက်တိုက် ထွက်ပေါ်လာပြီး ကလေးများက ကြောက်လန့်နေပုံရသည်။
အစောင့်နှစ်ယောက်က အခန်းထဲကို ဆီးအိုး သယ်သွားပြီး အပြင် ပြန်မထွက်လာခင် ခဏစောင့်ကြည့်နေပုံရသည်။ ထို့နောက် ဆီးအိုးကို အခန်းထဲတွင် ထားခဲ့ပြီး ပြန်ထွက်လာကြသည်။
အခန်းထဲမှ ရေကျသံ ထွက်ပေါ်လာပြီး ကလေးများ ဆီးသွားနေခြင်း ဖြစ်နိုင်သည်။ မကြာခင်မှာ သေးပေါက်ချင်သည့်အကြောင်း စတင်အော်ပြောခဲ့သည့်ကလေးက ထပ်အော်ပြန်သည်။
"ကျွန်တော် ဗိုက်ဆာတယ်"
လူနှစ်ယောက်ထဲမှ တစ်ယောက်က ထိုနေရာကို စောင့်ကြည့်ရန် နေရစ်ခဲ့ပြီး ကျန်တစ်ယောက်က အစားအသောက်များ သွားယူမည့်ပုံဖြင့် ထွက်သွားခဲ့သည်။
ခဏအကြာတွင် သူက မုန့်ပေါင်းတစ်ထုပ်ဖြင့် ပြန်ရောက်လာပြီး ကလေးများဆီ ပစ်ပေးလိုက်သည်။
"အသားစားချင်တယ်"
ကလေးလေး၏အသံတွင် မကျေနပ်မှုများ ပြည့်နှက်နေပြီး သူက ထပ်အော်နေပြန်သည်။
"နောက်တစ်ခွန်း ထပ်ပြောရင် မင်းရဲ့လျှာကို ဖြတ်ပစ်မယ်"
မုန့်ပေါင်း ယူလာပေးသည့်လူက စိတ်မရှည်တော့ဘဲ အခန်းထဲမှ ကလေးများကို ခြိမ်းခြောက်လိုက်သည်။
"အသားစားချင်တယ်၊ ဝူး ဝူး ကျွန်တော် အသားစားချင်တယ်"
ကလေးက မကြောက်ရုံတင်မကဘဲ ငိုတောင်ပြနေကာ အသံပို ကျယ်လာခဲ့သည်။
ပင်မအခန်းမှ မီးများ ပြန်လင်းလာပြီး တံခါးလည်း ပွင့်လာခဲ့သည်။ ထို့နောက် တစ်စုံတစ်ယောက်က အသံနက်ကြီးဖြင့် ထိုလူနှစ်ယောက်ကို အမိန့်ပေးလိုက်သည်။
"သူတို့ကို ဆွံ့အသွားစေမယ့် အပ်စိုက်မှတ်တွေကို နှိပ်ထားလိုက်"
“ဟုတ်ကဲ့”
နှစ်ယောက်သား နာခံမှုဖြင့် အိမ်ထဲသို့ ဝင်သွားကြသည်။ ခဏအကြာတွင် တစ်အိမ်လုံး တိတ်ဆိတ်သွားပြီး ကလေးငိုသံပင် မကြားရတော့ပေ။
ကျိရွှေရှန့်က မျက်မှောင်ကြုတ်နေခဲ့သည်။
ဒီလူတွေက ဘာလို့ ကလေးတွေ အများကြီး ခေါ်လာတာလဲ?
ကလေးများ အမြောက်အမြား ရှိနေပြီး သူက ဤကလေးများ ရှိနေသည်ကို မြင်ပြီးပြီ ဖြစ်သောကြောင့် ငြိမ်ငြိမ်လေး ထိုင်မနေနိုင်တော့ပေ။
သို့သော် ကျိရွှေရှန့်က သူတို့ကို ကယ်တင်ရန် အလောတကြီး မဆင်းသွားခဲ့ပေ။
အခုန အပြင်ကို ထမင်းထွက်စားတဲ့လူတွေက အယောက် ၂၀ ကျော်လောက် ရှိတယ်။ သူတို့ အားလုံး အပြင်ထွက်စားတာက မဖြစ်နိုင်ဘူး။ ဒီနေရာကို စောင့်ဖို့ ကျန်နေတဲ့သူတွေလည်း ရှိနိုင်သေးတယ်၊ အဲ့လိုဆိုရင် စုစုပေါင်း လူ ၃၀လောက်ရှိလိမ့်မယ်။
ကျိရွှေရှန့်က သူ့စိတ်ထဲတွင် တွက်ချက်နေပြီး သူက ကိုယ်ခံပညာကို ကျွမ်းကျင်သော်လည်း ကလေးများအားလုံး၏လုံခြုံရေးကို အာမခံနိုင်မည် မဟုတ်ပေ။ သူက ကလေးများကို ကယ်တင်သွားရန် ထိုလူများကို ဖယ်ထုတ်ဖို့ တွေးလိုက်မိသော်လည်း သူ့ထံတွင် အရိုးပျော့ဆေးမှုန့် မရှိတော့ပေ။ စူးချင်းဆီမှ အရိုးပျော့ဆေးမှုန့် ထပ်မတောင်းခဲ့မိသည်ကို သူ နောင်တရနေမိသည်။
အကယ်၍ ဦးလေးချွီနှင့် အခြားသူများ ဤနေရာတွင် ရှိနေခဲ့ပါက အနည်းဆုံးအနေဖြင့် လူအင်အား တောင့်သွားမည်ဖြစ်ကာ သူတို့က ကလေးများကို ကယ်တင်ပေးနိုင်မည်ဟု သူ ယုံကြည်မှုရှိနိုင်ပေလိမ့်မည်။
ကျိရွှေရှန့်က ဤကလေးများအတွက် ဘာလုပ်ပေးရမည်ကို မသိသောကြောင့် စိတ်တိုနေမိသည်။ ထို့အပြင် သူတို့က ကလေးများအား ဘာလုပ်မည်ကို မသိသောကြောင့် သူ စိတ်ပူနေမိသည်။
ကောင်းတဲ့ကိစ္စတော့ မဟုတ်နိုင်ဘူး။ ပြီးတော့ ဒီလူတွေက ဝမ်မိသားစုစစ်တပ်ကဆိုတာ သူ သေသေချာချာ ခန့်မှန်းနိုင်သွားပြီ။
မဟုတ်ရင် ဝမ်မိသားစုစစ်တပ်ကို ကြိမ်းမောင်းခဲ့တဲ့ အဲဒီပညာရှင်ကို သူတို့ လိုက်သတ်မှာ မဟုတ်ဘူး။ ဝမ်မိသားစုစစ်တပ်ကပဲ ဘာကိုမှ ခွင့်မလွှတ်ဘဲ ရက်ရက်စက်စက် ပြုမူတက်တာ....
ဒီကလေးတွေမှာ အန္တရယ် ရှိနေပြီ...