နှုတ်ဆက်ပွဲ (အပိုင်း ၁)
Vol. 19 Ch. 275
ချိုးယုံခန်းက လူတိုင်းကို တန်းစီခိုင်းလိုက်သည်။ ချိုးယုံခန်း၏လမ်းညွှန်ချက်အရ ချွီတာ့နှင့် ကျန်းချမ်တို့က သူတို့၏လူများကို ဦးဆောင်ကာ သိုးများကို ဆွဲခေါ်လာပေးနေကြသည်။ ထို့နောက် စားနပ်ရိက္ခာများ ချိန်တွယ်ပြီး လူတိုင်းကို ဝေငှပေးလိုက်ကြသည်။ မရွှေ့ပြောင်းနိုင်သည့် မိသားစုများ ရှိပါက ရိက္ခာများကို အိမ်အရောက် ပို့ပေးကြသည်။
ပိုက်ဆံများ ခွဲဝေပေးချိန်တွင် လူတိုင်း ပို၍ပင် စိတ်လှုပ်ရှားနေကြသည်။
သူတို့ ထောင်ဟွားဝူမှာ နှစ်အတော်ကြာနေထိုင်ခဲ့ပေမယ့် ဘယ်မိသားစုမှာများ ငွေဆယ်လျန်ဆိုတဲ့ မြောက်မြားတဲ့ ပမာဏ ရှိခဲ့ဖူးလို့လဲ?
နောက်ဆုံးတွင် ချိုးယုံခန်းတစ်ယောက်တည်း မကိုင်တွယ်နိုင်လောက်အောင် အလုပ်များလွန်းသည့်အတွက် ရှင်းရူဟိုင်က လာကူညီပေးခဲ့သည်။ သူတို့နှစ်ယောက် အတူတူ အလုပ်လုပ်နေသောကြောင့် ပို၍ မြန်မြန်ဆန်ဆန် စီမံနိုင်ခဲ့ကြသည်။
ကျိရွှေရှန့်က ရွာသူရွာသားများ၏ ပျော်ရွှင်နေသည့်အမူအရာကို လိုက်ကြည့်နေခဲ့ပြီး သူ့၏မွေးစားဖခင်ကို သူ့စိတ်ထဲမှ တိတ်တဆိတ် လှမ်းပြောနေမိသည်။
‘မွေးစားအဖေ၊ နောက်ဆုံးတော့ အဖေ့ရဲ့သားက အဖေရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီ၊ လူတိုင်းအတွက် လုံခြုံတဲ့နေရာ ရောက်အောင် အောင်အောင်မြင်မြင် ခေါ်ဆောင်လာခဲ့ပြီး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လုပ်ကိုင်နိုင်အောင် လုပ်ပေးပြီးပြီ'
"ရွှေရှန့်... ကျေးဇူးတင်ပါတယ်"
လီရွှမ်းအာ၏မိဘများက ကျိရွှေရှန့်ကို ကျေးဇူးတင်ရန် ရောက်လာခဲ့ကြသည်။ ၎င်းတို့၏မိသားစုတွင် အရွယ်ရောက်ပြီးသူ အများကြီး ရှိနေသောကြောင့် သူတို့က ဆူဖြိုးသောသိုးခြောက်ကောင်နှင့် စားနပ်ရိက္ခာ အမြောက်အမြား ရရှိခဲ့ကြသည်။ ထို့ကြောင့် သူတို့က ကျိရွှေရှန့်ကို အလွန်ကျေးဇူးတင်နေကြသည်။
"ရပါတယ်"
ကျိရွှေရှန့်က အပြုံးဖြင့် ခေါင်းခါပြလိုက်သည်။
သူ လုပ်ခဲ့တဲ့အရာအတွက် လူတွေဆီကနေ သူ့အတွက် ကျေးဇူးတင်စကားပြန်ရဖို့ သူ မမျှော်လင့်ထားခဲ့ပေမယ့် အခုလို ကျေးဇူးတင်စကားတွေကို ကြားရတဲ့အခါ သူ့ရဲ့ကြိုးစားမှုတွေက အချည်းနှီးမဖြစ်ခဲ့ဘူးလို့ သူ ခံစားခဲ့ရတယ်။ ဒီရွာသူရွာသားတွေကလည်း သူကို ကူညီပေးနေကြဆဲပါပဲ။
လူအိုကြီးလီ၏မိသားစုက ကျိရွှေရှန့်ကို ကျေးဇူးတင်ရန် ရောက်လာသောကြောင့် တခြားမိသားစုများကလည်း သူ့ကို ကျေးဇူးတင်ရန် ရောက်လာကြသည်။
သို့သော်လည်း စိတ်မချမ်းမသာဖြစ်နေသည့်သူများလည်း ရှိနေသေးသည်။ ဝမ်မိသားစုမှ သားအဖက ထွက်ပြေးလာသည့်လမ်းပေါ်တွင် သေဆုံးသွားခဲ့ပြီး မိခင်၊ ချွေးမနှစ်ယောက်နှင့် ကလေးလေးယောက်သာ ကျန်ရစ်နေခဲ့သည်။ သူတို့မိသာစုအတွက် သိုးသုံးကောင်သာ ရရှိခဲ့သည်။
(T/N: ကြည့်ရတာ အဖေနဲ့ သားနှစ်ယောက် စုစုပေါင်း သုံးယောက် သေခဲ့ပုံပဲ)
သူတို့ မိသားစုထဲက ယောက်ျားတွေသာ လူတိုင်းကို ကာကွယ်ပေးဖို့ မသေခဲ့ရဘူးဆိုရင် နောက်ထပ် သိုးသုံးကောင် ထပ်ရဦးမှာ မဟုတ်လား?
ဝမ်မိသားစု၏အကြီးဆုံးချွေးမက ကျိရွှေရှန့်ကို ရှာရန် သူမ၏သတ္တိကို အားကိုးကာ ရောက်လာခဲ့ပြီး နှပ်ချေးများ မျက်ရည်များဖြင့် ညည်းညူပြနေခဲ့သည်။
"ရွှေရှန့်၊ ငါတို့မိသားစုထဲက သန်မာတဲ့ ယောကျာ်းတွေအကုန်လုံး လမ်းမှာ သေဆုံးခဲ့ရတယ်၊ အခု အဖမဲ့ကလေးတွေ၊ မုဆိုးမတွေနဲ့ အားနည်းတဲ့ သက်ကြီးရွယ်တစ်ယောက်ပဲ ကျန်ခဲ့တယ်။ အခု ငါတို့မှာ သိုးသုံးကောင်ပဲ ရှိပေမယ့် ကျွေးမွေးဖို့က ယောက္ခမနဲ့ ကလေးလေးယောက် ရှိတယ်”
သူမ စပြောလိုက်သည်နှင့်တပြိုင်နက် လမ်းပေါ်တွင် သန်မာသော ယောကျာ်းများ ဆုံးရှုံးခဲ့ရသည့် မိသားစုများကလည်း ကျိရွှေရှန့်ကို ရှာဖွေရန် ရောက်ရှိလာကြသည်။ သူတို့အားလုံးက မျက်ရည်များ သုတ်နေကြပြီး အလွန်သနားစရာ ကောင်းလှသည်။
"ယုံခန်း၊ လမ်းမှာ လူဘယ်နှစ်ယောက် သေခဲ့တာလဲ?"
ကျိရွှေရှန့်က တစ်ယောက်ယောက်က ထိုကဲ့သို့ တောင်းဆိုလာမည်ဟု မတွေးထားခဲ့သောကြောင့် ကြိုတင်ပြင်ဆင်နိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် သူ ချိုးယုံခန်းကိုသာ မေးလိုက်ရသည်။
"စုစုပေါင်း ၁၃ ယောက် သေဆုံးခဲ့တယ်"
ဝမ်မိသားစုကတော့ အဆိုးဆုံးပဲ။ လုပ်နိုင်ကိုင်နိုင်တဲ့ ယောကျာ်းသုံးဦးစလုံး သေဆုံးခဲ့ပြီး အဘွားအို တစ်ယောက်၊ မုဆိုးမ နှစ်ယောက်နဲ့ မိဘမဲ့ကလေး လေးယောက် ကျန်နေခဲ့တယ်။ ကလေးလေးယောက်မှာ အကြီးဆုံးက ဆယ်နှစ်ပဲ ရှိသေးပြီး အငယ်ဆုံးက သုံးနှစ်ပဲ ရှိသေးတယ်။ တကယ်ကို သနားစရာပဲ။
ပြီးတော့ သေဆုံးသွားတဲ့သူတွေက ထောင်ဟွားဝူက ရွာသူရွာသားတွေကို အကာအကွယ်ပေးဖို့ သူတို့ရဲ့အသက်ကို စတေးသွားတဲ့သူတွေပါ။ တရားနည်းလမ်းကျကျပြောရရင် သူတို့ရဲ့မိသားစုဝင်တွေကို ဂရုစိုက်ပေးသင့်တယ်။
“သေသွားတဲ့လူတစ်ယောက်စီအတွက် သိုးတစ်ကောင်စီ ပေးလို့ရပေမယ့် စားနပ်ရိက္ခာကတော့ ခွဲဝေပေးလို့ မရတော့ဘူး”
ကျိရွှေရှန့်က ခဏလောက် စဉ်းစားလိုက်ပြီး လူတိုင်း ကျေနပ်စေရန် ထို့သို့ ဆုံးဖြတ်လိုက်သည်။
ကျိရွှေရှန့်၏စကားကို ကြားလိုက်ချိန်တွင် သူတို့၏ချစ်ရသူများကို ဆုံးရှုံးခဲ့ရသည့် မိသားစုဝင်များအားလုံးက သူ့ကို ကျေးဇူးတင်နေကြသည်။ ဝမ်မိသားစုတွင် သိုးသုံးကောင် ထပ်ရခဲ့ပြီး သူမတို့က ဝမ်းနည်းဝမ်းသာ ငိုကြွေးနေကြသည်။ မိသားစုတစ်စုလုံး ကျိရွှေရှန့်ကို ကျေးဇူးတင်ရန် ရောက်လာကြပြန်သည်။
"ကောင်းကောင်း ရှင်သန်ကြပါ!"
ကျိရွှေရှန့်က သူ့တို့၏ကျေးဇူးတင်မှုကို တားဆီးလိုက်ပြီး သူ့စိတ်ထဲတွင် လေးလံနေမိသည်။
ရွာသားများအား အစားအစာများ ဝေငှပေးပြီးနောက်တွင် ကျိရွှေရှန့်က ရှင်းရူဟိုင်၏မိသားစုကိုလည်း သိုးနှစ်ကောင်၊ စပါးလေးရှီနှင့် ငွေဆယ်ချောင်း ခွဲဝေပေးခဲ့သေးသည်။
"ရွှေရှန့်၊ ကျေးဇူးတင်ပါတယ်"
ရှင်းရူဟိုင်က သူ့မိသားစုလည်း ထောင်ဟွားဝူမှ ရွာသားများနည်းတူ ရနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ကျိရွှေရှန့်က သူတို့ကို အများကြီးပေးခဲ့ပြီး သူ့ရင်ထဲတွင် ထိမိလွန်းသဖြင့် မျက်လုံးများ နီရဲလာခဲ့သည်။ သူက သူ ကျိရွှေရှန့်ကို အကောင်းဆုံး ကူညီပေးမည်ဟု တိတ်တဆိတ် ကျိန်ဆိုလိုက်သည်။
"လူကြီးမင်း၊ ဒီမှာပဲ အေးအေးချမ်းချမ်းနဲ့ ခဏလောက် နေလိုက်ပါဦး။ အနာဂတ်မှာ ကျွန်တော်က လူကြီးမင်းရဲ့ဂရုစိုက်ပေးမှုကို လိုအပ်လာမှာ သေချာပါတယ်"
ကျိရွှေရှန့်က ရှင်းရူဟိုင်ကို သူ့၏အနာဂတ် အထောက်အကူ ဖြစ်စေမည်ဟု ရှင်းရှင်းလင်းလင်း မပြောခဲ့ပေ။ သို့သော်လည်း ထိုလူက ရှားရှားပါးပါး အရည်အချင်း ရှိသူ ဖြစ်ပြီး အနာဂတ်တွင် အလွန်အသုံးဝင်လာပေလိမ့်မည်။
“သခင်လေး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို လမ်းညွှန်ပေးပါ။ ကျွန်တော် သခင်လေးနောက်ကို စိတ်နှလုံးအကြွင်းမဲ့ လိုက်ပါဖို့ ဆန္ဒရှိပါတယ်၊ ကျွန်တော် တတ်နိုင်သမျှ သခင်လေးအတွက် အကောင်းဆုံးဖြစ်အောင် အစွန်းကုန် ကြိုးစားလုပ်ဆောင်မှာပါ"
ရှင်းရူဟိုင်က လက်သီးအုပ်လိုက်ပြီး ကျိရွှေရှန့်အား လေးနက်သော အမူအရာဖြင့် ကတိပေးလိုက်သည်။
ဒါက သူ့ကတိပါပဲ။ ကျိရွှေရှန့်က ကြင်နာတတ်တဲ့အပြင် ရဲရင့်ပြီး အရာရာကို ကြံ့ကြံ့ခံဖြေရှင်းနိုင်တဲ့သူတစ်ယောက်ပါ။ အနာဂတ်မှာ သူ လုပ်ချင်သမျှက အောင်မြင်လာလိမ့်မယ်။
လက်အောက်ခံခြင်းက စာနာ နားလည် သိတက်ပေးမှုကနေ စတင်လာခဲ့တယ်။
ရှင်းရူဟိုင်က ကျိရွှေရှန့်အား အလွန်ချီးကျူးနေမိသည်။
သူက ဒီဖရိုဖရဲ ဖြစ်နေတဲ့ကာလကြီးမှာ ရွာသားတွေ အားလုံးကို နယ်စပ်ရောက်အောင် ဘေးကင်းကင်းနဲ့ ခေါ်ဆောင်လာနိုင်ခဲ့တယ်။ တာ့ထန်စစ်သည်တွေရဲ့ ထပ်ခါတလဲလဲတိုက်ခိုက်မှုတွေကို တွန်းလှန်ဖို့ သူရဲ့လက်အောက်ငယ်သားတွေကို ဦးဆောင်ပြီး အသက်စွန့်တိုက်ပွဲဝင်ပေးခဲ့တယ်။ အခု လူတွေ နေထိုင်လုပ်ကိုင်စားသောက်နိုင်ဖို့ အိမ်၊စားစရာနဲ့ အလုပ်ကိုပါ ပေးခဲ့သေးတယ်။
ကျိရွှေရှန့်က အပြုံးဖြင့် ရှင်းရူဟိုင်ကို ထပ်ပြောလိုက်သည်။
“အနာဂတ်မှာ မလွှဲသာ မရှောင်သာ လူကြီးမင်းကို ဒုက္ခပေးရမှာ သေချာပါတယ်၊ လောလောဆယ်တော့ ဦးလေးချန်ရဲ့စစ်တပ်အတွက် နေ့စဉ်ကိစ္စတွေကို ကူညီပေးနိုင်မလား?”
“အဆင်ပြေပါတယ်”
ကျိရွှေရှန့်က သူ့အတွက် အလုပ် စီစဉ်ပေးသည့်အတွက် ရှင်းရူဟိုင်က ဝမ်းသာနေမိသည်။ အမြဲတမ်း အလုပ်ထဲတွင်သာ နှစ်မြုပ်နေခဲ့သည့်လူများအတွက် ဘာအလုပ်မှ မလုပ်ရခြင်းက အဆင်မပြေ ဖြစ်စေသည်။
အဲ့တာက သူတို့ကိုယ်သူတို့ ဝန်ထုပ်ဝန်ပိုး တစ်ခုလို့ ခံစားရစေတယ်။
ယခု ကျိရွှေရှန့်က သူ့ကို အလုပ်တစ်ခု စီစဥ်ပေးခဲ့ပြီး သူ ကျိရှန့်ကို ကူညီနိုင်ပြီ ဖြစ်သောကြောင့် ရှင်းရူဟိုင်က သူ့ကိုယ်သူ အသုံးဝင်နေဆဲဖြစ်သည်ဟု ခံစားနေရသည်။
ခွဲဝေပေးရေးကိစ္စ ပြီးသွားပြီးနောက် ကျိရွှေရှန့်က ရုံးတော်ဝင်းအတွင်းသို့ ပြန်ရောက်လာခဲ့သည်။ သူ တံခါးဝသို့ ဝင်လိုက်သည်နှင့် ပြုတ်ထားသော အသား၏ရနံ့ကို အနံ့ခံမိလိုက်ပြီး စူးချင်းက ပြုတ်ထားသော အသားများကို အိုးထဲမှ ထုတ်ယူကာ ပြန်ချက်ရန် ပြင်ဆင်နေသည်ကို တွေ့လိုက်ရသည်။
"အနံ့က အရမ်းကောင်းတယ်"
ကျိရွှေရှန့်က စူးချင်းကို အပြုံးဖြင့် စိုက်ကြည့်နေခဲ့ပြီး သူ့အသံတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေခဲ့သည်။
"ဧကရီက ရှင့်ကို ထမင်းစားဖို့ မဖိတ်ဘူးလား?"
ကျိရွှေရှန့် ပြန်ရောက်လာပြီး ခြံရှေ့တွင် ရွာသားများအတွက် ပစ္စည်းများ ဝေပေးနေသည့်အကြောင်းကို စူးချင်းက ကျိရှောင်ယင်ထံမှ ကြားထားပြီး ဖြစ်သည်။ သူ ပြန်ရောက်လာသည်ကို မြင်လိုက်ရသောကြောင့် သူမက သူ့ကို ပြုံးပြလိုက်ပြီး ဧကရီက သူမ၏ ရွှေများနှင့် လင်ဇီး ပျောက်သွားကြောင်း သိ မသိကို သိချင်စိတ်ပြင်းပြနေသောကြောင့် သူ့ကို ထိုသို့မေးလိုက်ခြင်းပင်။
“ဧကရီရဲ့တဲနန်းထဲက တစ်ခုခု ပျောက်သွားပုံရတယ်။ သူ(မ)မှာ ကိုယ့်ကို ဧည့်ခံကို အချိန်မရှိဘူး"
ကျိရွှေရှန့်က သူ့မျက်နှာကို ဆေးကြောရန် သူ့အင်္ကျီလက်များကို လှိမ့်တင်နေရင်း စူးချင်း၏မေးခွန်းကို ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
အင်း... ဒါဆို ရွှေတွေ ပျောက်ဆုံးသွားတာကို ဧကရီက ရှာတွေ့သွားပုံပဲ။
စူးချင်းက မျက်ခုံးတစ်ချက် ပင့်လိုက်သည်။
ဘယ်သူမှ မသိဘဲ ဘာခြေရာလက်ရာမှ မရှိဘဲ ရွှေတွေ ပျောက်ဆုံးသွားတယ်။ ဧကရီ ဘယ်လောက်များ တုန်လှုပ်နေမလဲ? နန်းတော်ထဲမှာ အတွင်းရော အပြင်ပါ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရင်တော့ နောက်ထပ် သွေးမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာမှာ သေချာတယ်။ ဒါက အရမ်းကောင်းတယ်။ သူမရဲ့အိမ်တွင်းမီးကို ငြိမ်းဖို့ ကြိုးစားရင်း အလုပ်ရှုပ်နေရင် မော့ချန်ကို တိုက်ခိုက်ဖို့ အချိန်ရှိမှာ မဟုတ်တော့ဘူး။
ဒါကလည်း သူမ ဧကရီရဲ့ရွှေတွေကို သိမ်းယူချင်ရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပဲ။ သူမက ဧကရီကို ထိခိုက်စေချင်တဲ့အပြင် သူမဘာသာ သူမရဲ့သံသယလွန်ကဲတဲ့ စိတ်နဲ့ ပြသနာတွေ ဖန်တီးမှာဖို့ သူမ မျှော်လင့်တယ်။
“ကျွန်မ ဒီည အစ်ကိုယန်တို့ကို ညစာစားပွဲ ဖိတ်ထားတယ်၊ ရှင် သူတို့ကို သွားခေါ်ပေးပြီး ဧည့်ခံပေးဦး”
စူးချင်းက ကျိရွှေရှန့်ကို ထပ်ပြောလိုက်သည်။ ကျိရွှေရှန့်က သူ့ညီမလေး ပေးလာသည့် မျက်နှာသုတ်ပုဝါကို ယူလိုက်ပြီး သူ့မျက်နှာမှ ရေများကို သုတ်လိုက်သည်။ ထို့နောက် သူက စူးချင်း၏စကားကို နာခံစွာဖြင့် ယန်ကျစ်ကို သွားခေါ်ရန် ထွက်သွားခဲ့သည်။
ကျိရွှေရှန့်က ယန်ကျစ်ကို ကြိုဆိုရန် ထွက်ခွာသွားခဲ့ပြီး စူးချင်းက ဝက်သားကို ဆက်မွှေနေခဲ့သည်။ အသား၏မွှေးရနံ့က ဆွဲဆောင်နိုင်လွန်းပြီး ညစာဟင်းပွဲများ အားလုံး အဆင်သင့်မဖြစ်မီ နောက်ဆုံး ဟင်းတစ်ပွဲသာ ချက်ရန် ကျန်တော့သည်။
ချိုးမိသားစုနှင့် လီမိသားစုတွင် သူမ ချက်ပြုတ်ခိုင်းထားသည့် ဝက်ခြေထောက်ထမင်းပေါင်းကိုလည်း ပြန်သယ်ထားပြီးပြီ ဖြစ်သည်။ ဝက်ခေါင်းကြီးနှစ်ခေါင်းကိုလည်း နူးအိကာ မွှေးပျံ့သည်အထိ ပြုတ်ထားခဲပြီး ဝက်ခေါင်းကြီးနှစ်ခေါင်း အရိုးမဲ့သည်ဟု ထင်ရသည်အထိ နူးညံနေပြီး အရသာကလမ်း ကောင်းမွန်လှသည်။
စူးချင်းက ပထမဆုံး ဝက်ခေါင်းအသားကို ပန်းကန်ပြားအကြီးကြီး နှစ်ချပ်စာ လှီးလိုက်ပြီး ဝက်ခြေထောက်ထမင်းပေါင်းကိုလည်း နှစ်ပန်ကန်စာ ပြင်ဆင်လိုက်သည်။ ထို့နောက် သူမက ဝက်နံရိုးများအားလုံးကိုလည်း အညီအမျှ ခွဲလိုက်ပြီး ပန်းကန်ပြားကြီးနှစ်ခုထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူမက တွဲဖက်စားသုံရန် ဟင်းအနှစ်ကို ပြင်ဆင်နေခဲ့သည်။
ဝက်သနီချက်ကတော့ တစ်ရွာလုံးနှင့် စစ်သည်များအားလုံးကို ဝေငှပေးရမည် ဖြစ်သောကြောင့် သူမက ပန်းကန်လုံးကြီး နှစ်လုံးစာသာ ယူထားလိုက်ပြီး ယန်ကျစ်တို့ကို ဧည့်ခံရန် အိမ်ထဲသို့ ယူလာခဲ့သည်။ ထို့အပြင် ဝက်အူမကြီးများ၊ ဝက်အူချောင်းများနှင့် မွှေကြော်ထားသော ဝက်ကလီစာများလည်း ရှိနေသေးသည်။ လတ်ဆတ်သော ဝက်အသည်းက အရက်နှင့်တွဲဖက် စားသုံးရန် အလွန်ကောင်းသော ဟင်းလျာလည်း ဖြစ်သည်။
ပဲပိစပ်များ စားကုန်သွားသည်က စိတ်မကောင်းစရာ ဖြစ်သည်။ မဟုတ်လျှင် စူးချင်းက ပဲငံပြာရည်ကို ချက်ချင်း ချက်လုပ်နိုင်မည် ဖြစ်သည်။
ဒါက ကြီးမားတဲ့ စီးပွားရေးအခွင့်အလမ်းတစ်ခုလေ။ တာ့ရှားပြည်ထောင်နဲ့ တာ့ထန်ပြည်ထောင်မှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ်သုံးတဲ့ ပဲငံပြာရည် မရှိသေးဘူး။ သူမ လုပ်နိုင်ခဲ့ရင် ပိုက်ဆံတွေ အများကြီး ရလာလိမ့်မယ်။
ဝက်သနီချက် ကျက်သွားချိန်တွင် စူးချင်းက ရွာသားများအတွက် အသား ဝေမျှပေးရန် ရွာသားများကို သွားခေါ်ဖို့ ကျိရှောင်ယင်ကို တာဝန်ပေးလိုက်သည်။ ရွာသားများက မိသားစုတစ်စုစီမှ တစ်ဦးစီ လွှတ်လိုက်ကြပြီး မိသားစုတစ်ခုစီတွင် ဝက်သနီချက် ဇွန်းကြီးတစ်ဇွန်းစာ ရရှိမည် ဖြစ်သည်။ အသားအိုးကြီးနှစ်လုံးက တော်တော် များပုံရသော်လည်း လူ အရမ်းများလွန်းသောကြောင့် လူတိုင်းဝဝလင်လင် စားနိုင်ရန် လုံလောက်ပေ။ လူတိုင်းက မြည်းစမ်းကြည့်ရုံသာ စားနိုင်မည ဖြစ်သည်။
ကျန်နေသည့် ဝက်သနီချက်နှင့် ဝက်ခေါင်းသားဟင်းကို မြို့စောင့်တပ်သားများထံ ဝေငှပေးခဲ့သည်။ စစ်သည်တိုင်း အသားအနည်းငယ်စီသာ ရကြပြီး ဝဝလင်လင် မစားနိုင်သည့်တိုင် လူတိုင်း ဝမ်းသာကျေနပ်နေကြသည်။
နောက်ဆုံးတော့ အဆီနဲ့အသားရဲ့အရသာကို နည်းနည်းလောက် ခံစားခွင့်ရခဲ့တယ်လေ။
အရင်တုန်းကတော့ နန်းတွင်းက သူတို့ရဲ့လစာနဲ့ စစ်တပ်ရိက္ခာကို မပေးတာကြောင့် သူတို့ကိုယ်တိုင် အမဲလိုက်ဖူးကြတယ်။ အဲ့တုန်းက ပြန်ရောက်တာနဲ့ သားကောင်ကို ကင်ပြီး စားလိုက်ကြတယ်။ အဲ့တော့ စူးချင်းချက်ထားတဲ့အသားလို ဘယ်လို အရသာရှိနိုင်မှာလဲ? အခုကတော့ စားပြီးတာတောင် ခံတွင်းထဲမှာ အနံ့လေး မွှေးနေသေးတယ်။
ဧည့်သည်များကို ဧည့်ခံရန်အတွက် အရက်ကောင်းကောင်း ရှိရမည် ဖြစ်သည်။ မော့ချန်တွင် အရက် မရောင်းတော့သော်လည်း ကျိရွှေရှန့် တာ့ထန်မှ ပြန်ယူလာသည့် အရက်နှစ်အိုး ရှိနေသောကြောင့် အဆင်သင့်ဖြစ်သွားခဲ့သည်။
စူးချင်းက ဧကရီကို မယုံကြည်ဘဲ သူမက မကောင်းသောရည်ရွယ်ချက်များဖြင့် အရက်အား အဆိပ်ခတ်ထားမည်ကို စိုးရိမ်သောကြောင့် သူမက ၎င်းကို ငွေအပ်ဖြင့် အရင်စစ်ဆေးလိုက်သည်။