← Chapters

မြို့ထဲသို့ ဝင်ခြင်း

Vol. 19 Ch. 278

မြို့ထဲသို့ ဝင်ခြင်း

Vol. 19 Ch. 278

ကျိရွှေရှန့်ကလည်း ထိုတောင်စဥ်တန်းကြီးကို လှမ်းကြည့်နေခဲ့သည်။

ဒီတောင်ပေါ်မှာရှိတဲ့ သံရိုင်းတွင်းမှာ သံရိုင်းတွေအများကြီး ရှိနေပြီး သူ့အတွက် စစ်တပ်သုံးခု တပ်ဆင်နိုင်လောက်အောင် ပေါများတဲ့ပမာဏအထိ ရှိနေခဲ့တယ်။

“ဦးလေးချွီ၊ အားလုံး ဘေးကင်းလုံခြုံစေဖို့ ဦးလေးချွီက ဒီမှာ နေပြီး လက်နက်တွေ သွန်းလောင်းရလိမ့်မယ်”

ကျိရွှေရှန့်က ချွီတာ့အား သူ့အတွေးများကို ပြောပြလိုက်သည်။

ဦးလေးချွီက တောင်ပေါ်ဘုရင်အဖြစ် နှစ်အတော်ကြာအောင် တောင်ပေါ်မှာ နေထိုင်ခဲ့ဖူးတယ်။ အဲ့တာကြောင့် သူက တောတောင်တွေထဲမှာ လိုက်လျောညီထွေဖြစ်အောင် နေထိုင်တက်တယ်။

"ကောင်းပါပြီ၊ ဒါပေမယ့် ဒီမှာ ပစ္စည်းကိရိယာတွေ မရှိသေးဘူး!"

ချွီတာ့က သူ့၏သခင်လေးကို အလွန်လေးစားနေပြီး သူ့သခင်းလေး၏စကားများကို စစ်အမိန့်အဖြစ် သဘောထားခဲ့သည်။ သူက ကျိရွှေရှန့်၏စကားတိုင်းကို အတိအကျလိုက်နာ ဆောင်ရွက်ပေးခဲ့သော်လည်း အကူကိရိယာများ မရှိလျှင် သူ မည်သို့မျှ လက်နက်များ ဖန်တီးနိုင်မည် မဟုတ်ပေ။

ကျွမ်းကျင်ထက်မြက်တဲ့ အိမ်ရှင်မတောင်မှ ဆန်မရှိဘဲ ထမင်းမချက်နိုင်ဘူးလေ။

“ကျွန်တော်က လက်နက်သွန်းလုပ်တဲ့ ကိရိယာတွေ၊ စားနပ်ရိက္ခာတွေနဲ့ တခြား လိုအပ်တဲ့ နေ့စဉ်သုံး ပစ္စည်းတွေ ဝယ်ဖို့ ကျင့်ချန်ကို သွားမယ်။ ဦးလေးက ဒီမှာနေခဲ့ပြီး လူတိုင်းကို မီးပြင်းဖို အရင်ဆောက်ခိုင်းရမယ်”

သံရိုင်းများကို သန့်စင်ပြီးမှသာ သံအဖြစ်သို့ ပြောင်းလဲနိုင်မည် ဖြစ်သည်။ ထို့အတွက် မီးပြင်းဖိုတစ်ခု လိုအပ်သည်။ သံရိုင်းကို သွန်းသံဖြစ်အောင် သန့်စင်ပြီး ပြန်အအေးခံလိုက်မှသာလျှင် သံအဖြစ်သို့ ပြောင်းလဲနိုင်မည် ဖြစ်သည်။ သွန်းသံကို အအေးခံရန်နိုင်အတွက် ကျောက်ကျင်းတစ်ခုလည်း လိုအပ်နေသေးသည်။ ထိုအရာများအားလုံးကို အမြန်ဆုံး လုပ်ဆောင်ရမည် ဖြစ်သည်။

ထို့နောက် သံကို လက်နက်များ ထုလုပ်ရန် ဖားဖိုများ၊ သံညှပ်များနှင့် သံတူကြီးများလည်း လိုအပ်နေသေးသည်။ ထိုအရာများ အားလုံးကို ကျင့်ချန်တွင် သွားဝယ်ရမည် ဖြစ်သည်။

ချွီတာ့က ကျိရွှေရှန့်ကို ဂရုစိုက်ရန် သတိပေးလိုက်ပြီး ကျိရွှေရှန့်က သူ နားလည်ကြောင်း ပြသရန် ခေါင်းပြန်ညိတ်ပြလိုက်သည်။ သူနှင့် အတူယူလာသည့် လှည်းများကို ဖြုတ်ထားသောကြောင့် ပြန်တပ်ဆင်ရန် အချိန်အများကြီး ယူရမည် ဖြစ်သည်။ ထိုလှည်းများကို ပြန်ပြင်နေလျှင် မှောင်သွားသည်အထိ သူ မြို့ထဲသို့ ဝင်နိုင်မည် မဟုတ်တော့ပေ။ ထို့အပြင် သူက အနာဂာတ်တွင် အသုံးပြုရန် နောက်ထပ်ရထားလုံးနှစ်စီးလည်း ဝယ်ချင်နေသောကြောင့် ကျင့်ချန်သို့ ထွက်လာခဲ့သည်။

ကျူးရှန်တောင်မှ ကျင့်ချန်သို့ လမ်းလျှောက်ရန် နေ့တစ်ဝက်ခန့် အချိန်ယူခဲ့ရပြီး ကျိရွှေရှန့်က မိုးချုပ်ခါနီးမှ ကျင့်ချန်သို့ ရောက်ရှိလာခဲ့သည်။ ကျင့်ချန်က ယခင်အချိန်ထက် ပိုမိုကြပ်မတ်နေသည်ကို သူ တွေ့ရှိခဲ့ရသည်။ ကျိရွှေရှန့်က သူ မော့ချန်မှ ယူလာခဲ့သည့် အစိုးရအသိအမှတ်ပြု ဝယ်ယူခွင့်လတ်မှတ်ကို တည်တည်ငြိမ်ငြိမ် ပြသလိုက်သည်။ မြို့စောင့်တပ်သားများက ထိုလက်မှတ်ကို ကြိမ်ဖန်များစွာ အတည်ပြုနေခဲ့ကြသည်။ ထို့အပြင် ကျိရွှေရှန့်၏ရင့်ကျက်သည့် စိတ်နေစိတ်ထားကို သူတို့ မြင်နေရပြီး သူက စစ်မြေပြင်တွင် အချိန်အတော်ကြာ တိုက်ပွဲဝင်ခဲ့ဖူးသည့် စစ်သည်တစ်ဦးနှင့် တူနေသောကြောင့် သူတို့က သံသယကင်းကင်းဖြင့် ကျိ‌ရွှေရှန့်ကို မြို့ထဲသို့ ဝင်ခွင့်ပြုလိုက်သည်။

ကျိရွှေရှန့်က မြို့ထဲသို့ လှမ်းမျှော်ကြည့်နေရင်း မြို့ရိုးကို မသိမသာ တစ်ချက်မော့ကြည့်လိုက်သည်။ ထိုနေရာတွင် စူးချင်းနှင့် သူ့အဖိုး၏ပုံတူများ ကပ်ထားဆဲဖြစ်သည်ကို သူ တွေ့လိုက်ရသည်။

ဒါတွေက တော်တော်ကြာနေပြီကို အခုထိ အသစ်ပဲ ရှိသေးတာလား?

သူ ဂရုတစိုက် ထပ်ကြည့်လိုက်ရာ ပုံတူအသစ်များအောက်တွင် စာရွက်ဟောင်းများ ရှိနေသည်ကို မြင်လိုက်ရသည်။ မိုးဒဏ်လေဒဏ်ကြောင့် စာရွက်အဟောင်းများ ပျက်ဆီးသွားလျှင် ထိုနေရာကို ပုံတူအသစ်ဖြင့် ချက်ချင်း အစားထိုးခဲ့ကြောင်း ထင်ရှားနေသည်။ ယင်းက ထိုလူများကို မဖမ်းမိပါက တော်ဝင်ရုံးတော်က ကျေနပ်မည်မဟုတ်ကြောင်း သက်သေပြနေခဲ့သည်။

မြို့ထဲသို့ ဝင်လာပြီးနောက် မြို့တော်က ယခင်ကကဲ့သို့ သာယာဝပြောနေသော်လည်း အေးချမ်းမှု မရှိတော့ကြောင့် ကျိရွှေရှန့် သိလိုက်ရသည်။ စျေးသည်များက ၎င်းတို့၏ ကုန်ပစ္စည်းများကို ရောင်းချနေရင်း တုန်လှုပ်ချောက်ချားစွာဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေက ကျီးလန့်စာစား ဖြစ်နေကြသည်။ သူတို့၏ ထိတ်လန့်နေသော အမူအရာများက ယခင် မော့ချန်မှ မြို့သူမြို့သားများ၏ အပြုအမူများနှင့် အတူတူပင် ဖြစ်သည်။

အစ်ကိုယန်ပြောတာ အမှန်ပဲ။ ကျင့်ချန်က မငြိမ်းချမ်းတော့ဘူး။

ကောင်းကင်ကြီးက မှောင်မည်းနေပြီသောကြောင့် သူ ပစ္စည်းများ ဝယ်ပြီးလျှင်ပင် မြို့ထဲမှ မထွက်နိုင်တော့သည်ကို သိနေသောကြောင့် ကျိရွှေရှန့်က သူ လိုအပ်သည့်ပစ္စည်းများကို ကြိုတင်မှာယူထားရန် တစ်နေရာပြီး တစ်နေရာ ဝင်ထွက်သွားလာနေခဲ့သည်။ မနက်ဖြန်တွင် သူက ကုန်ပစ္စည်းများကို ရထားလုံးပေါ်တင်ပြီး အဆင်သင့် မောင်းသွားနိုင်မည် ဖြစ်ကာ နှောင့်နှေးနေစရာ တင်သည်။

သူက ရိက္ခာမှာယူရန် ကောက်နှံဆိုင်သို့ အရင် သွားခဲ့ပြီး သူ့ထဲတွင် တရားဝင်စာရွက်စာတမ်းများ ရှိနေသည်ကို မြင်လိုက်ရသောကြောင့် ထိုဆိုင်ရှင်က သူ လိုအပ်သည့် အစေ့အဆန်များကို ချက်ချင်း ပြင်ဆင်ပေးပြီး စိတ်အားထက်သန်စွာ ကူညီ‌ပေးနေသေးသည်။

ကျိရွှေရှန့်က ဆန်လုံးညိုလှည်းနှစ်စီးစာနှင့် ဆားအိတ်ကြီးတစ်အိတ် မှာကြားခဲ့သည်။ ဝယ်စရာများက အလွန် များနေပြီး အချိန်က အကန့်အသတ် ရှိသောကြောင့် ငွေပေးချေပြီးသည်နှင့်တပြိုင်နက် သူက အခြားပစ္စည်းများ မှာကြားရန် ထွက်လာခဲ့သည်။

ထိုကောက်နှံဆိုင်နှင့် မနီးမဝေးတွင် ပန်းပဲဆိုင်တစ်ဆိုင် ရှိပြီး ကျိ‌ရွှေရှန့်က ပန်းပဲထုရန် လိုအပ်သည့်ကိရိယာအစုံအလင်ကို စိတ်ကြိုက် မှာယူရန် ထိုပန်းပဲဆိုင်သို့ သွားခဲ့ပြန်သည်။

ပန်းပဲဆိုင်မှ ပန်းပဲဆရာက ကျိရွှေရှန့် ကောက်နှံဆိုင်မှ ထွက်လာခဲ့သည်ကို မြင်ထားပြီး ဖြစ်ကာ သူက အပြင်လူတစ်ဦး ဖြစ်နေသောကြောင့် ဤနေရာမှ အမြန်ပြန်ထွက်သွားမည်ဟု သူ ခန့်မှန်းထားခဲ့သည်။ သူကလည်း သူ့ထံတွင် ရှိ‌နေသော ပစ္စည်းများကို စျေးနှုန်းမြှင့်မြှင့်ဖြင့် လွှဲပြောင်းပေးချင်နေခဲ့သည်။ ကျင့်ချန်က မတည်မငြိမ် ဖြစ်နေသောကြောင့် သူ့၏ဆိုင်မှ ပစ္စည်းများကို ထို့သို့ ကိုင်တွယ်ဖြေရှင်းပြီး ဤဒုက္ခများသော နေရာကို စွန့်ခွာသွားခြင်းက အကောင်းဆုံး ဖြစ်သည်။

သူ့၏တောင်းဆိုမှုက အလွန် များပြားနေသည်ကို ကြားလိုက်ရချိန်တွင် ထိုလူက သူ့ကို သွေးစုတ်ချင်နေကြောင်း နားလည်လိုက်ပြီး ကျိရွှေရှန့်က မပျော်မရွှင် ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူက တင်းမာသောမျက်နှာဖြင့် ပြန်ခြိမ်းခြောက်လိုက်သည်။

"မင်း ဒီမှာ စီးပွားရေး မလုပ်ချင်တော့ဘူးလား?"

ပန်းပဲဆရာက ကျိရွှေရှန့်၏ ဟန်ပန်အမူအရာကြောင့် ထိတ်လန့်သွားပြီး တောင်းပန်ရန် သူ့သဘောထားကို အမြန်လျှော့ချလိုက်သည်။

"တောင်းပန်ပါတယ်၊ ငါ တောင်းပန်ပါတယ်။ ငါ ပြောတဲ့စျေးနှုန်းမှာက ငါရဲ့အိမ်ထဲက ပစ္စည်းတွေ အားလုံး ပါပါတယ်၊ မင်း လိုချင်တာ မှန်သမျှ ဖားဖိတွေ၊ သံမီးဖိုတွေ၊ မီးညှပ်၊ ဂေါ်ပြား၊ ရေစည်၊ ပုံး၊ အိုးခွက်ပန်းကန်တွေအားလုံး ယူသွားလို့ ရပါတယ်”

ဒီလိုဝယ်သူမျိုးနဲ့ တွေ့ရဖို့ ခက်ခဲလွန်းတယ်လေ၊ ဒီလူ ထွက်မသွားအောင် အပိုပစ္စည်းတွေ ပေးလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သူ အလိုအပ်ဆုံးအရာက ပိုက်ဆံပဲ။

ကျိရွှေရှန့်က ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး သူ့လိုအပ်နေသည့် ပစ္စည်းကောင်း တော်တော်များများ ရှိနေသေးသည်ကို တွေ့သွားခဲ့သည်။ ထို့ကြောင့် သူက ခေါင်းညိတ်ပြလိုက်ပြီး စပေါ်ငွေ ပေးလိုက်သည်။ မနက်​ဖြန်​မနက်တွင်​ ငွေအပြည့်ပေးချေကာ ပစ္စည်းများကို လှည်း​ပေါ်တင်ရန် သဘောတူပြီး​နောက် သူက နောက်​တစ်​ဆိုင်သို့ ထွက်​သွားခဲ့သည်​။

ကျိရွှေရှန့်က အိပ်ယာလိပ်အစုံကို မှာယူရန် အိပ်ယာခင်းဆိုင်သို့ သွားခဲ့သည်။

သားရေတွေကို အကုန်လုံး ရောင်းလိုက်မိတာကို သူ နောင်တရနေပြီ။ နည်းနည်းချန်ထားရင် အိပ်ယာခင်းနဲ့ စောင်အဖြစ် သုံးလို့ရသေးတယ်။

အိပ်ယာခင်းများ မှာယူပြီးနောက် ကောင်းကင်ကြီးက လုံးဝမှောင်မိုက်သွားခဲ့ပြီ ဖြစ်သည်။ လမ်းဘေးမှ ဈေးသည်လေးများ အားလုံးလည်း အကုန်ပျောက်ကွယ်သွားပြီးဖြစ်ကာ ဆိုင်ကြီးတော်တော်များလည်း ပိတ်သွားကြပြီ ဖြစ်သည်။

ဖွင့်ထားဆဲဖြစ်သည့် နေရာများမှာ စားသောက်ဆိုင်များနှင့် ပြည့်တန်ဆာအိမ်များသာ ဖြစ်သည်။ ထိုပြည့်တန်ဆာများက လှပစွာ ၀တ်ဆင်ထားပြီး အပေါ်ထပ်တွင် မတ်တပ်ရပ်နေကာ သူမတို့၏လက်ကိုင်ပုဝါများကို ဝှေ့ယမ်းပြီး လမ်းပေါ်ရှိ အရက်မူးနေပြီး ငွေကြေးတက်နိုင်ပုံရသည့် အမျိုးသားများကို မျက်စပစ်ပြနေကြသည်။

ကျိရွှေရှန့် ထိုအရှက်ကင်းမဲ့သော အမျိုးသမီးများကို လျစ်လျူရှုလိုက်ပြီး အလယ်အလတ်တန်းစား တည်းခိုဆောင်တစ်ခုကို ရှာဖွေကာ ဝင်သွားခဲ့သည်။

တည်းခိုဆောင်မှ ဧည့်ကြိုက သူ့တံခါးဝသို့ ဧည်သည့်ရောက်လာသည်ကို မြင်သွားပြီး ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လာခဲ့သည်။

"လူကြီးမင်း၊ ကျေးဇူးပြုပြီး ဝင်လာပါ။ တည်းခိုဖို့ အခန်းလိုချင်တာလား? တစ်နပ်စာစားဖို့ ဆန္ဒရှိတာလား?”

ဤတည်းခိုဆောင်က ပထမထပ်တွင် စားသောက်ဆိုင်ရှိပြီး ဒုတိယထပ်တွင် တည်းခိုနိုင်သောကြောင့် နှစ်ဘက်စလုံးမှ ငွေရှာနိုင်သည်။

"ငါ ထမင်း တစ်နပ်စားပြီး ဒီမှာပဲ တစ်ည တည်းခိုချင်တယ်"

ကျိရွှေရှန့်၏စူးရှသော မျက်လုံးများက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေခဲ့ပြီး ညစာ စားချိန်ဖြစ်သောကြောင့် ပထမထပ်တွင် လူအနည်းငယ်သာရှိသည်။ စီးပွားရေးက အလွန် နည်းပါးနေပုံရသည်။

"မင်းတို့ရဲ့လုပ်ငန်းက သိပ်မကောင်းဘူးပဲ!"

ကျိရွှေရှန့်က သူ့ဘေးမှ ဧည့်ကြိုကို မေးလိုက်သည်။

သူက တရားမဝင်ဖွင့်လှစ်ထားသည့် ဆိုင်ထဲသို့ ဝင်မိမည်ကို စိုးရိန်နေသောကြောင့် အချက်အလက်များကို အရင် စစ်ဆေးနေခြင်း ဖြစ်သည်။

“ဟုတ်တယ်၊ ကျွန်တော်တို့လည်း ဘာမှ မတက်နိုင်ဘူး။ အရင်ကတုန်းက ကျင့်ချန်က ရာသီဥတုကောင်းမွန်ပြီး သာယာဝပြော‌တော့ တိုင်းပြည်တစ်ဝှမ်းက ကုန်သည်တွေက စီးပွားရေးလုပ်ဖို့ ဒီနေရာကို ရောက်လာကြတယ်။ ဘေးဒုက္ခသည်တွေက မြို့ကို ဝင်သိမ်းပြီးတဲ့နောက်မှာ ဟူလူမျိုးတွေက မြို့ကို လာတိုက်ခိုက်ကြတယ်၊ အဲ့တာကြောင့် ကုန်သည်တွေက ကြောက်လန့်နေပြီး ကျင့်ချန်ကို မရောက်ရဲကြတော့ဘူး၊ ကျွန်တော်တို့လို လုပ်ငန်းသေးသေးလေးတွေက ဘယ်လိုလုပ် ကောင်းနိုင်ပါတော့မလဲ?"

ဧည့်ကြိုလေးက ညည်းညူနေလေသည်။

ကျင့်ချန်မှာ မငြိမ်မသက်မှုတွေရှိနေတာက သာမန်ပြည်သူတွေကိုပဲ ကံဆိုးစေခဲ့တာပါ။

"ဟူလူမျိုးတွေက လာတိုက်ခိုက်ကြတာလား?"

ကျိရွှေရှန့်၏ထူထဲသော မျက်ခုံးမွှေးများက တင်းတင်းကြပ်ကြပ် စုကျုံလာခဲ့သည်။ ထိုအရာများက ထင်သလောက် မရိုးရှင်းကြောင်း ဝိုးတဝါး ခံစားနေရသည်။

တာ့ထန်တွေက မော့ချန်ကို တိုက်ခိုက်ခဲ့ပြီး ဟူတွေက ကျင်းချန်ကို တိုက်ခိုက်နေတာလား? သူတို့အားလုံးက ဘာကြောင့် တပြိုင်တည်း လှုပ်ရှားနေကြတာလဲ?

"ဟုတ်တယ်။ မြို့ကို စောင့်ကြပ်နေတဲ့ မြို့စောင့်တပ်က အသုံးမကျဘူး။ သူတို့က ကြမ်းတမ်းတဲ့ ဟူလူမျိုးတွေကို မတွန်းလှန်နိုင်ဘဲ သူတို့ရဲ့ သံခမောက်တွေနဲ့ သံချပ်ကာတွေကို စွန့်ပစ်ပြီး ထွက်ပြေးရတဲ့အထိ ရိုက်နှက်ခံခဲ့ရတယ်။ တကယ်လို့ နန်းတွင်းကသာ ကျင်းချန်ကို ကူညီဖို့ တပ်တွေ မလွှတ်ပေးခဲ့ရင် ကျင့်ချန်က ပြားပြားဝပ်သွားတာ ကြာနေလောက်ပြီ၊ ချမ်းသာတဲ့သူတွေနဲ့ အဆက်အသွယ်ရှိတဲ့သူတွေက ဟိုးအရင်ကတည်းက ထွက်ပြေးသွားကြပြီ၊ သာမန်လူတွေကတော့ ဘယ်လောက်ကြောက်ကြောက် သွားစရာနေရာ မရှိဘူး။ ကျွန်တော်တို့လည်း ဒီမှာပဲ ဆက်နေနေရတယ်။ ဝမ်မိသားစုရဲ့တပ်တွေ ဒီမှာ ရှိနေတာကမှ ပိုကောင်းသေးတယ်။ ဟူလူမျိုးတွေ ​မ​လာရဲ​ကြတော့ဘူး"

ဧည့်ကြိုလေးက စိတ်ဆိုးမာန်ဆိုးဖြင့် ပြောနေပြီး အသုံးမဝင်သည့် မြို့စောင့်တပ်ကို မထီမဲ့မြင် ပြုနေခဲ့သည်။

ကျင့်ချန်မှာ ဝမ်မိသားစုစစ်တပ် တပ်စွဲထားတဲ့အချိန်မှာ ဟူလူမျိုးတွေက ဘာကြောင့် မကျူးကျော်ရဲကြတာလဲ?

ကျိရွှေရှန့်က မျက်ခုံးပင့်လိုက်သည်။ ဝမ်မိသားစုစစ်တပ်ကို ချီးမွမ်းနေတဲ့ တစ်ယောက်ယောက် ရှိနေတာလား?

"လူကြီးမင်း ထမင်း အရင်စားချင်လား? ဒါမှမဟုတ် ရေချိုးဖို့ အခန်းကို အရင် လိုက်ပြပေးရမလား?"

ဆိုင်လက်ထောက်က မေးခွန်းအနည်းငယ် မေးနေသော်လည်း ကျိရွှေရှန့်က မကြားလိုက်ပေ။

သူ့စိတ်ထဲမှာ ဘာတွေ တွေးနေတာလဲ? ဒါမှမဟုတ် ငါ့အသံက တိုးနေလို့လား?

"အခန်းကို အရင်သွားပြီးမှ ဆေးကြောချင်တယ်။ ပြီးရင် ငါ့အတွက် စားစရာ ပြင်ဆင်ပေးပါဦး"

ကျိရွှေရှန့်က လမ်းတစ်လျှောက် ပြေးလွှားနေရသောကြောင့် ဖုန်မှုန့်များ ဖုံးလွှမ်းနေပြီ ဖြစ်သည်။ သူက ထမင်းမစားခင် ရေချိုးချင်သောကြောင့် ရေချိုးပြီးလျင် ချက်ချင်း စားနိုင်ရန် ဆိုင်ဝန်ထမ်းလေးကို သူ့အတွက် စားစရာ ပြင်ဆင်ခိုင်းလိုက်သည်။

သူ တကယ်လည်း ဗိုက်ဆာနေပြီ။ တစ်ရက်လုံး ဘာမှ မစား‌ရသေးတော့ သူ့ဗိုက်က ဗလာဖြစ်နေပြီ။

သူက အခန်းတစ်ခန်း လိုချင်ကြောင်း သေချာသွားပြီးနောက် ဧည့်ကြိုလေးက ကျိရွှေရှန့်ကို ဒုတိယထပ်သို့ ခေါ်သွားခဲ့သည်။ ခဏအကြာတွင် အလုပ်သမားတစ်ယောက်က ရေနွေးနှင့် သစ်သားစည်တစ်လုံး ယူလာပေးခဲ့သည်။ ကျိရွှေရှန့်က သေချာ ဆေးကြောသန့်စင်ပြီး သန့်ရှင်းသောအ၀တ်အစားများကို ပြောင်းလဲဝတ်ဆင်ကာ ထမင်းစားရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။

ကျိရွှေရှန့် အောက်ထပ်သို့ ဆင်းလာချိန်တွင် အခြားလူတစ်စုက ထိုတည်းခိုဆောင်သို့ ရောက်ရှိနေသည်ကို သူ တွေ့လိုက်ရသည်။ ထိုလူစုက တိတ်တိတ်ဆိတ်ဆိတ် စားသောက်နေကြသည်။

သူတို့က သာမန်အရပ်သားများနှင့်တူနေသော်လည်း သူတို့၏အဝတ်အစားအောက်တွင် လက်နက်များကို ဖွတ်ကာ ကိုင်ဆောင်ထားကြသည်။ သူတို့၏မျက်လုံးများက လင်းယုန်ငှက်များ၏မျက်လုံးများကဲ့သို့ ထက်မြက်နေပြီး သူတို့ဆီမှ ထွက်နေသည့် သတ်ဖြတ်ခြင်းရောင်ဝါက စစ်သည်များတွင်သာ ရှိနိုင်သည့် ထူးခြားသော စိတ်နေစိတ်ထား ဖြစ်သည်။

ထိုလူများက စားပွဲသုံးလုံးတွင် ထိုင်နေကြသည်။ သူတို့က ခေါင်းငုံ့ကာ အေးအေးဆေးဆေး စားသောက်နေပုံရသော်လည်း တခြားစားပွဲမှ ဧည့်သည်များ ဝမ်မိသားစုစစ်တပ်အကြောင်း ဆွေးနွေးနေသည်ကို အာရုံစိုက် နားထောင်နေကြသည်။

All Chapters