ဒါက သူရဲ့တစ်ခုတည်းသောဝှက်ဖဲပဲ
Vol. 19 Ch. 284
တတိယမင်းသား၏မျက်နှာပေါ်မှ အပြုံးက အေးခဲသွားပြီး သူ၏အမူအရာကလည်း လေးနက်လာခဲ့သည်။
ဒီအချိန်မှာ ဧကရီက ဘာကြောင့် သူ့ဆီကို လူတစ်ယောက်ကို စေလွှတ်လိုက်ရတာလဲ?
“ကျွန်မ ရှင့်အမေကို အပ်သွားစိုက် ပေးတော့မယ်"
စူးချင်းက တော်ဝင်မိသားစုဝင်များကြားမှ ကိစ္စများကို ဂရုမစိုက်ချင်ပေ။ သူမက တတိယမင်းသား၏မိခင်ကို အပ်စိုက်ကုထုံးဖြင့် အမြန် ကုသပေးပြီး စောစောပြန်ရန်သာ တွေးထားခဲ့သည်။ ယခုတစ်ကြိမ်တွင် သူမက ရန်သူကို လျှော့တွက်မိသောကြောင့် လူသားနတ်ဆိုးများ၏ပဲ့ကိုင်ရှင်ကို မဖမ်းမိခဲ့ပေ။ မော့ချန်တွင် ချထားသည့်ပိုက်ကွန်ကိုလည်း အသုံးမပြုနိုင်တော့ပေ။ သို့သော် မြို့ထဲမှ လူများက သူမအတွက် စိုးရိမ်နေမည် ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် မိန်းခလေးစူး"
တတိယမင်းသားက စူးချင်းကို ကျေးဇူးတင်လိုက်ပြီး စူးချင်းကို သူ့မယ်တော်၏အိပ်ခန်းဆီသို့ ခေါ်ဆောင်သွားရန် အမိန့်ပေးလိုက်သည်။ ထိုနောက် သူက ဧကရီ၏လူကို ကြိုဆိုရန် ထွက်လာခဲ့သည်။ ရောက်လာသူမှာ ဧကရီ၏ဘေးတွင် အမြဲလိုက်ပါရသည့် မိန်းမစိုးဖြစ်ပြီး ဤမိန်မစိုးက ဧကရီ၏နောက်သို့ ဆယ်နှစ်ကျော်ကြာအောင် လိုက်ပါလာခဲ့သူ ဖြစ်ကာ အလွန်မျက်နှာသာ အပေးခံရသူ ဖြစ်သည်။ ထို့ကြောင့် တတိယမင်းသားကို မြင်နေရသည့်တိုင် သူက မောက်မာဟန်ဖြင့် မော်ချီနေလေသည်။
"စုကုန်းကုန်း"
တတိယမင်းသားက သူ့နှလုံးသားထဲမှ ဒေါသများကို ထိန်းချုပ်ထားရင်း မိန်းမစိုးစုကို နှုတ်ဆက်လိုက်သည်။ ထိုအရာကပင် သူ ထိုမိန်းမစိုးကို မျက်နှာသာအပြည့်ပေးလိုက်ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူက မင်းသားတစ်ဉီးဖြစ်ပြီး တစ်ဘက်လူက မိန်းမစိုးသာဖြစ်သည်။
သို့သော်လည်း မိန်းမစိုးစုက နှာမှုတ်လိုက်ပြီး စူးရှသော အသံဖြင့် တတိယမင်းသားကို အမိန့်ပေးလိုက်သည်။
“တတိယမင်းသား၊ မင်းသားရဲ့စခန်းထဲမှာ သူလျှိုတစ်ယောက်ရှိနေတယ်လို့ တစ်ယောက်ယောက်က သတင်းပို့ခဲ့တယ်။ မင်းသားအနေနဲ့ အဲ့လူကို လွှဲပေးဖို့ ဧကရီက အမိန့်ပေးလိုက်တယ်”
"ဘယ်သူက ဒီလို မိုက်မဲတဲ့စကားကို ပြောခဲ့တာလဲ? ဘယ်လိုလုပ်ပြီး ငါ့ရဲ့တဲစခန်းမှာ သူလျှိုတစ်ယောက် ရှိနိုင်မှာလဲ?"
တတိယမင်းသား၏အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူက သူ့၏ အင်္ကျီလက်များကို ဆွဲလှန်လိုက်ပြီး မိန်းမစိုးစုကိုလည်း ယဉ်ကျေးမနေတော့ပေ။
သူ့စခန်းမှာ သူလျှိုတစ်ယောက် ရှိနေတယ်လို့ ပြောလိုက်တာက သူ့ကို တိုင်းတစ်ပါးနဲ့ ပူးပေါင်းနေတယ်လို့ စွပ်စွဲလိုက်တာ မဟုတ်ဘူးလား? ဧကရီက သူ့အပေါ် အကွက်ရွှေ့ဖို့ မစောင့်နိုင်တော့တဲ့ပုံပဲ။
“တတိယမင်းသားက မင်းသားရဲ့တဲနန်းတပ်ထဲမှာ သူလျှို မရှိဘူးလို့ ပြောနေမှတော့ ကျွန်တော်မျိုးတို့ ဝင်ရှာကြည့်ပါရစေ။ ဧကရီမယ်မယ်က တတိယမင်းသားရဲ့ နာမည်ဂုဏ်သတင်းကို စဉ်းစားပေးပြီး တတိယမင်းသားမှာ မကောင်းကြံတဲ့ ရည်ရွယ်ချက်တွေ ရှိတယ်လို့ ယုတ်မာတဲ့ ရည်ရွယ်ချက်နဲ့ လျောက်ပြောနေတဲ့ လူတွေကို ဟန့်တားချင်နေတာပါ”
မိန်းမစိုးစုက သူ့လက်ထဲမှ မြင်းမြီးယပ်တောင်ကို ဝှေ့ယမ်းလိုက်ပြီး အပြုံးတုတစ်ခုဖြင့် တတိယမင်းသားကို ပြန်ပြောလိုက်သည်။
သူ့၏အသွင်အပြင်နှင့် သူ၏အသံအနေအထားက သူ ဒီနေ့ မဖြစ်မနေ ဝင်ရှာမည်ဟု ပြောနေခြင်းဖြစ်သည်။
"ဧကရီမယ်မယ်နဲ့ စုကုန်းကုန်းရဲ့စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ဒီယဲ့လွီချွမ်းက ရိုးဖြောင့်တဲ့သူပါ၊ ဝေဖန်ခံရမှာကို မကြောက်ပါဘူး။ ကျေးဇူးပြုပြီး ပြန်သွားလိုက်ပါ၊ ဒီယဲ့လွီချွမ်းက ပျင်းရိသူ ဖြစ်ပြီး ဧကရီမယ်မယ်က ဒီမင်းသားအတွက် စိတ်ပူစရာမလိုကြောင်း သတင်းပို့ပေးပါ”
ယဲ့လွီချွမ်း၏ မျက်လုံးများတွင် လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေခဲ့ပြီး သူက လက်ကို နောက်ကျောပစ်ကာ နှိမ့်ချမှုလည်း မရှိသလို မောက်မာမှုလည်း မရှိသည့် အပြုအမူဖြင့် တုံ့ပြန်ခဲ့သည်။
သူ ပြောချင်တာက ငါက တိုင်းပြည်ကို စိတ်မဝင်စားဘူး၊ အဲ့တော့ မင်း ဒီမှာ အချိန်ဖြုန်းနေစရာ မလိုဘူး။
ထက်မြက်သည့်သူတိုင်းက ထိုအမူအရာကို နားလည်နိုင်မည် ဖြစ်ပြီး မိန်းမစိုးစုကလည်း ယဲ့လွီချွမ်း၏ စကားနောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်နိုင်သည်။ သို့သော်လည်း ဧကရီ၏အမိန့်တော်တွင် ယဲ့လွီချွမ်းက တတိယမင်းသားအဖြစ် ဆက်လက်တည်ရှိနေသရွေ့က သူက ဒုတိယမင်းသားအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မည်ဟု ပါဝင်နေခဲ့သည်။ အကယ်၍ တတိယမင်းသားက မှန်ကန်နေလျှင်ပင် သူက ဤအခြေအနေကို အခွင့်ကောင်းယူကာ အပြစ်တစ်ခုခု ရှာရပေလိမ့်မည်။
“တတိယမင်းသား၊ ဧကရီမယ်မယ်က မင်းသားရဲ့လုံခြုံရေးကို တွေးပေးနေတာပါ။ အခု မင်းသားက ဆင်ခြေတွေ အများကြီးပေးနေတော့ တတိယမင်းသားမှာ သစ္စာမဲ့တဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်လို့ လူတွေကို ခံစားရစေလိမ့်မယ်”
မိန်းမစိုးစု၏ သဘောထားက တင်းမာနေပြီး "တတိယမင်းသားက ကျွန်တော်မျိုးတို့ကို ရှာဖွေခွင့်မပေးဘူးဆိုရင် တတိယမင်းသားက သူလျှိုကို ရည်ရွယ်ချက်ရှိရှိနဲ့ ကာကွယ်နေတာဖြစ်ကြောင်း ဧကရီမယ်မယ်ကို သတင်းပြန်ပို့ဖို့ပဲ တက်နိုင်ပါတော့တယ်"
မိန်းမစိုးစုက ယဲ့လွီချွမ်းကို ပွင့်ပွင်းလင်းလင်း စော်ကားနေပြီ ဖြစ်သည်။ သူ့ကို ရှာဖွေခွင့်မပြုခြင်းက တိုင်းတပါးနှင့် လက်တွဲလိုပြီး သစ္စာမဲ့သော ရည်ရွယ်ချက်များ ရှိနေခြင်းဖြစ်သည်ဟုပင် ပြောလာခဲ့သည်။
ယဲ့လွီချွမ်း သူတို့ကို ရှာဖွေခွင့်ပြုလိုက်ပြီး အပြင်လူ တစ်ယောက်ယောက်ကို တွေ့ရှိသွားပါက ထိုလူက မည်သူမည်ဝါဖြစ်စေ သူလျှိုအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။
လွယ်လွယ်ပြောရင်တော့ လွတ်မြောက်ဖို့ဆိုတာ တွေးတောင်မတွေးနဲ့တော့။
"တကယ်လို့ သူလျှိုဆိုတဲ့လူကို ရှာမတွေ့ရင် ဘယ်လိုလုပ်မလဲ?"
ယဲ့လွီချွမ်းက ဒေါသထွက်လွန်းလို့ ရယ်တောင်ရယ်လိုက်မိသည်။ သူက မိန်းမစိုးစုကို ပူလောင်သောအကြည့်ဖြင့် ကြည့်နေခဲ့သည်။
သူ သည်းခံဖို့ အစွမ်းကုန် ကြိုးစားပြီးပြီ၊ ဒါပေမယ့် ဧကရီက သူ့ကို ရန်လိုနေတုန်းပဲ။
"ဘာမှ ရှာမတွေ့ရင် တတိယမင်းသားရဲ့ အပြစ်ကင်းမှုကို သက်သေပြနိုင်သွားမယ်၊ တတိယမင်းသားကို ဝေဖန်တဲ့သူတွေကို ပါးစပ်ပိတ်သွားမှာပေါ့"
မိန်းမစိုးစု လိမ္မာပါးနပ်ပြီး စဉ်းလဲသော မြေခွေးအိုကြီး ဖြစ်သောကြောင့် သူက ယဲ့လွီချွမ်း၏ လှည့်ကွက်များထဲသို့ မလိုက်ပါလာခဲ့ပေ။
‘လူကို ရှာမတွေ့ရင် မင်းရဲ့အပြစ်ကင်းမှုကို သက်သေပြနိုင်လိမ့်မယ်။ ဧကရီက မင်းရဲ့ကောင်းကျိုးအတွက် လုပ်နေတာ’
ယဲ့လွီချွမ်းတစ်ယောက် အဆုတ်များ ပေါက်ကွဲလုမတက် ဒေါသထွက်နေခဲ့သည်။
သူ့ကို စွပ်စွဲပြီး အပြစ်ဖို့ချင်နေပေမယ့် သူ့အကျိုးအတွက် လုပ်နေတာလို့ ပြောနေသေးတယ်ပေါ့။ ဒါက အရမ်းများသွားပြီ။
ယဲ့လွီချွမ်းက လက်နှစ်ဖက်ကျောပစ်ထားရင်း မိန်းမစိုးစုကို ငုံ့မိုးကြည့်နေကာ သည်းမခံနိုင်တော့သည့် အသွင်ကို ပြသလာခဲ့သည်။ သူ၏ကြီးစိုးသော လေသံတွင် တော်ဝင်မိသားစု၏မောက်မာမှုကို အပြည့်အဝ သယ်ဆောင်ထားပြီး “ကျုပ်က မင်းသားတစ်ပါးပဲ။ ဧကရီတောင်မှ ကျုပ်ကို အပြစ်မရှိဘဲ အပြစ်တင်လို့ မရဘူး။ ကျုပ်စခန်းကို ဝင်ရှာလို့ရပေမယ့် ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်ကို ပြသဖို့ လိုအပ်တယ်”
မိန်းမစိုးစုက ယဲ့လွီချွမ်းကို ကြည့်နေရင်း သူ့မျက်လုံးများကို မှေးကျဥ်းလိုက်သည်။
အရင်တုန်းက အကြီးဆုံးမင်းသားက ရက်စက်ကြမ်းကြုတ်ပြီး ရန်လိုတက်ပေမယ့် တတိယမင်းသားကတော့ သနားညှာတာတတ်တဲ့သူပဲ။ တတိယမင်းသားက သူတို့နဲ့ ဘာမှ မယှဥ်ပြိုင်ခဲ့တာကြောင့် ဧကရီက သူ့ကို အလေးအနက်မထားခဲ့ဘူး။
အခု ယဲ့လွီချွမ်းရဲ့ တင်းမာတဲ့ အပြုအမူနဲ့ ဟန်ပန်အသွင်အပြင်ကို မြင်လိုက်ရတော့ သူက ပထမမင်းသားထက် ပိုပြီး စိန်ခေါ်မှုတွေများနေပြီလို့ ခံစားရစေတယ်။ အရင်က ဧကရီက သူ့ကို လျှော့တွက်ခဲ့မိပြီ။
“ကောင်းပြီ၊ တတိယမင်းသားက အဲဒီသူလျှိုကို ကာကွယ်ပေးဖို့ တောင်းဆိုနေမှတော့ ကျွန်တော်မျိုးက ဧကရီမယ်မယ်ဆီ ပြန်သွားပြီး ဆုံးဖြတ်ခိုင်းဖို့ပဲ တက်နိုင်တော့တယ်။ ဒါပေမယ့် ဒီအစေခံက တတိယမင်းသားကို အကြံပေးချင်ပါတယ်၊ ဧကရာဇ်မင်းမြတ်က အပြင်းအထန် နေမကောင်း ဖြစ်နေတယ်၊ ဒီလိုအသေးအမွှားကိစ္စလေးနဲ့ အရှင်မင်းမြတ်ကို နှောင့်ယှက်နေမယ်ဆိုရင် သားတော်တစ်ပါးရဲ့ကြည်ညိုလေးမြတ်မှုက ဘယ်မှာလဲ?”
မိန်းမစိုးစုက ဧကရီ၏နောက်သို့ ဆယ်နှစ်ကျော်ကြာအောင် လိုက်ခဲ့ရသောကြောင့် မိုက်မဲသည့် မြေခွေးနက်တစ်ကောင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူက တတိယမင်းသားကို ဖိအားပေးရန် သားသမီးဝတ္တရားဟူသော ဦးထုပ်ကြီးကို အသုံးပြုလိုက်သည်။
"စုကုန်းကုန်း ခင်ဗျားက ကျုပ် သူလျှိုတစ်ယောက်တစ်ယောက်ကို ဖွက်ထားတယ်လို့ ပြောပြီး မှားယွင်းစွပ်စွဲနေပေမယ့် ပြစရာ သက်သေတော့ မရှိဘူး။ ဒီမင်းသားက ဒီမင်းသားရဲ့အပြစ်ကင်းစင်မှုကို သက်သေမပြနိုင်တဲ့အပြင် သစ္စာဖောက်တွေရဲ့ ထောင်ချောက်ထဲကို တိုးဝင်မိသွားမှာ စိုးရိမ်မိပါရဲ့၊ အဲ့တာကြောင့် တရားမျှတမှုရှာဖို့ ခမည်းတော်ကို ဆုံးဖြတ်ခိုင်းမိရုံပါပဲ”
ယဲ့လွီချွမ်းက သူ့ဖခင်၏တဲနန်းတော်ကြီးသို့ တလေးတစား လှမ်းကြည့်ကာ သူတို့၏ လက်ဟန်အတိုင်း လက်သီးကို ရင်အုံနားကပ်ကာ ဦးညွှတ်လိုက်သည်။ သူ၏ ရိုသေလေးစားမှုအပြည့်နှင့် စိတ်အားထက်သန်နေသည့် စကားကြောင့် မိန်မစိုးစုပင် ပြောစရာစကားမဲ့သွားခဲ့ရသည်။
သူ ထပ်ပြေရင် သူက မင်းသားကို အနိုင်ကျင့်နေတဲ့ မိန်းမစိုးတစ်ယောက်လို့ သတ်မှတ်ခံရလိမ့်မယ်၊ အဲ့လိုတံဆိပ်မျိုး အကပ်ခံဖို့တော့ သူ လည်း မတတ်နိုင်ဘူးလေ။
"ဟမ့်၊ တတိယမင်းသားက စကားပြော ကောင်းတာပါ၊ ကျွန်တော်မျိုး ချီးကျူးမိပါရဲ့"
မိန်းမစိုးစုက ယဲ့လွီချွမ်းကို ဦးညွှတ်လိုက်ရင်း သူ့၏ဖြူဖျော့နေသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖော်ပြထားသေးသည်။ သူက ပြုံးနေခဲ့သော်လည်း သူ့၏မျက်လုံးများတွင် အဆိပ်ပြင်းသည့် မြွေတစ်ကောင်ကဲ့သို့ ဆိုးဆိုးရွားရွား စူးရှနေခဲ့ပြီး သူက တဖြည်းဖြည်း နောက်ပြန်ဆုတ်သွားခဲ့သည်။
ယဲ့လွီချွမ်းကတော့ လက်နှစ်ဖက်နောက်ပစ်ထားရင်း မတ်မတ်ရပ်နေခဲ့သည်။ သူ၏ အရပ်မြင့်မြင့်ကြီးကြောင့် သူက မြင့်မြတ်သော တောင်ကြီးတစ်ခုကဲ့သို့ ခန့်ညားနေခဲ့သည်။ သူ့မျက်လုံးထဲမှ အလင်းရောင်က ဓားကဲ့သို့ ထက်ရှနေပြီး သူ့၏ရောင်ဝါကို လျှော့တွက်၍ မရနိုင်တော့ပေ။
အနောက်သို့ ပြန်လှည့်သွားချိန်တွင် မိန်းမစိုးစု၏မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွားခဲ့ပြီး သူက သူ့လက်အောက်ငယ်သားများကို တင်းတင်းကြပ်ကြပ် အမိန့်ပေးလိုက်သည်။
"တတိယမင်းသားရဲ့စခန်းကို ဝိုင်းထားလိုက်၊ ယင်ကောင်တစ်ကောင်တောင် မလွတ်သွားစေနဲ့"
တတိယမင်းသားက မိန်းမစိုးစု ထွက်သွားသည်ကို ကြည့်နေပြီးမှ သူ့၏တဲနန်းထဲသို့ ပြန်လှည့်ဝင်သွားရင်း စခန်းစောင့်စစ်သည်များကို အမိန့်ပေးလိုက်သည်။
“တော်ဝင်အမိန့်တော်ကို ချိုးဖောက်ပြီး တဲနန်းထဲကို ဝင်လာသူမှန်သမျှ သက်ညှာမှုမထားဘဲ သတ်ပစ်လိုက်ကြ”
သူ၏အမိန့်က ကျယ်လောင်သည် မဟုတ်သလို ပျော့ပျောင်းခြင်းလည်းမရှိသောကြောင့် စခန်းအပြင်ဘက်ရှိလူများအားလုံး ကြားရန် လုံလောက်နေခဲ့သည်။ မိန်းမစိုးစုက နောက်သို့တစ်ချက်ပြန်ကြည့်လိုက်ပြီး အံ့ကြိတ်လိုက်သည်။
ခနနေရင် မင်း ဒီလိုမာနကြီးနိုင်ဦးမလား ကြည့်ချင်သေးတယ်။ ဒီနေ့က မင်းရဲ့နောက်ဆုံးနေ့ ဖြစ်စေရမယ်။
သူက ချဲ့ကားသတင်းပိုရန် မကောင်းသော ရည်ရွယ်ချက်များ အပြည့်ဖြင့် ဧကရီ၏နန်းဆောင်ဆီသို့ အမြန် ပြန်သွားခဲ့သည်။
ယဲ့လွီချွမ်းက စိတ်ပိုင်းဖြတ်ထားသော အမူအရာဖြင့် သူ့မယ်တော်၏အိပ်ခန်းဆီသို့ ပြန်သွားခဲ့သည်။ ထိုအချိန်တွင် စူးချင်းက ကြင်ယာတော်လန်ကို အပ်စိုက်ကုသပေးပြီးပြီ ဖြစ်သောကြောင့် သူမ၏ ငွေအပ်များကို ပြန်သိမ်းနေခဲ့သည်။
ယဲ့လွီချွမ်းက စူးချင်းတစ်ယောက် သူ့၏မိခင်ကို အပ်စိုက်ကုသပေးရန် မည်မျှ ဝီရိယစိုက်ထုတ်ပေးနေသည်ကို မြင်တွေ့နိုင်သည်။ ထို့ကြောင့် သူက သူတို့၏တာ့ထန်နန်းတော်အတွင်း သူတို့အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုကြောင့် သူမ မတော်တဆ ထိခိုက်ဒဏ်ရာရသွားခြင်းမျိုး မဖြစ်စေလိုပေ။
စူးချင်းက အာရုံခံစားမှု လွယ်သူဖြစ်ပြီး မော့ကြည့်လိုက်ရာ သူမကို လှမ်းကြည့်နေသော ယဲ့လွီချွမ်းကို မြန်လိုက်ရသောကြောင့် စူးစမ်းလိုက်သည်။
"ဘာဖြစ်လို့လဲ?"
"အကြောင်းတစ်ခု ပေါ်လာလို့ပါ"
ယဲ့လွီချွမ်းက သူ့မယ်တော် စိတ်ပူမည်ကို စိုးရိမ်သောကြောင့် စူးချင်းကို အပြင်ထွက်ပြီး စကားပြောရန် အချက်ပြလိုက်သည်။ စူးချင်းက ကြင်ယာတော်လန်၏အိပ်ခန်းထဲမှ ထွက်လာကာ သူ့နောက်သို့ လိုက်သွားပြီး အပြင်သို့ ရောက်ချိန်တွင် မေးရန် ရပ်တန့်လိုက်သည်။
"ပြောပါဦး၊ အဲဒါက ဘာလဲ?"
“ဧကရီက ငါ့ကို သတ်ချင်နေပြီး သခင်မလေးစူးကို သူလျှိုလို့ လိမ်လည်စွပ်စွဲနေတယ်။ မကြာခင်မှာ ဧကရီက ဒီနေရာကို ရှာဖွေဖို့အတွက် တော်ဝင်သက်တော်စောင့်တွေကို စေလွှတ်တော့မှာ သေချာတယ်၊ အဲ့တာကြောင့် သခင်မလေးစူးကို လျှို့ဝှက်လမ်းကြောင်းကနေတစ်ဆင့် ပြန်ပို့ပေးပါရစေ"
ယဲ့လွီချွမ်းက လက်ရှိ အရေးပေါ်အခြေအနေကို စူးချင်းအား အမြန်ရှင်းပြလိုက်သည်။ သူ့၏တဲနန်းတွင် အပြင်ဘက်သို့ ထွက်နိုင်သည့် လျှို့ဝှက်လမ်းကြောင်းတစ်ခု ရှိသည်။ ဤအရေးကြီးသောအခိုက်အတန့်တွင် သူက အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ စူးချင်းကို အရင်ပြန်လွှတ်ရန် ဆုံးဖြတ်လိုက်သည်။
သူနဲ့ ဧကရီနဲ့ တိုက်ပွဲမှာ သူမကို စွန့်လွှတ်အနစ်နာခံဖို့ မဖြစ်နိုင်ဘူး။ ပြီးတော့ သူမ ထွက်းသွာတဲ့ အချိန်မှ သူ နောက်တစ်ဆင့်ကို ဆက်လက်လုပ်ဆောင်နိုင်မှာပါ။
“ကျွန်မအထင်တော့ ရှင့်ရဲ့တဲစခန်းမှာ သူတို့ဘက်က သူလျှိုတွေ ရှိနေပုံပဲ။ အစ်ကိုယဲ့လွီ၊ ‘တစ်စုံတစ်ယောက်ကို အပြစ်တင်ချင်ရင် အကြောင်းပြချက်မလိုရှိဘူး’ဆိုတဲ့ စကားကို ရှင်လည်း ကြားဖူးတယ် မဟုတ်လား? ဧကရီက ရှင့်ရဲ့လှုပ်ရှားမှုတိုင်းကို သူ(မ)ရဲ့ လက်ခုံလို သိနေတယ်။ သူ(မ)က ရှင့်ကို ထိခိုက်စေချင်ရင် ရှင် သူ(မ)ကို ဘယ်လောက်ပဲ ဂရုစိုက်နေပါစေ အဲဒါက အသုံးမဝင်နိုင်ဘူး"
ထိုစကားကို ကြားပြီးနောက် စူးချင်းက သူမ ဤစခန်းသို့ ရောက်ရှိနေကြောင်း ဧကရီသိနေပြီဟု ယဲ့လွီချွမ်းအား သတိပေးလိုက်သည်။ ပိုပြီး သိသာထင်ရှားနေသည်မှာ ဧကရီက သူ့ကို သံသယရှိနေပြီ ဖြစ်ပြီး နောင်တွင် သူ(မ)တို့အတွက် ဒုက္ခမဖြစ်စေရန် သူ့ကို ဖယ်ရှားပစ်ချင်နေပြီ ဖြစ်သည်။
"ငါ သိပါတယ်"
ယဲ့လွီချန်းက လေးလေးနက်နက် မျက်မှောင်ကြုတ်နေပြီး သူ့မျက်လုံးများတွင်လည်း စိုးရိမ်မှုများ ပြည့်နှက်နေခဲ့သည်။
သူ့မှာ ကစားဖို့ ဝှက်ဖဲတစ်ချပ်ပဲ ရှိတော့တယ်၊ ဒါက သူ့ရဲ့ တစ်ခုတည်းသော ဝှက်ဖဲပဲ...