သူတို့က ဘယ်သူ့ကလေးတွေလဲ?
Vol. 19 Ch. 282
အန်းကွမ်လု၏နှလုံးခုန်သံက မြန်ဆန်လာပြီး သတင်းလာပို့သည့်တပ်သားကို ပြန်မေးလိုက်သည်။
"သူတို့က ဟူလူမျိုးကလေးတွေလား? အလယ်ပိုင်းလွင်ပြင်က ကလေးတွေလား?"
"အလယ်ပိုင်းလွင်ပြင်က ကလေးတွေပါ"
မြို့စောင့်တပ်မှူးက မေးလိုက်သောကြောင့် ထိုတပ်သားက အလျင်အမြန် ပြန်ဖြေလိုက်သည်။ ထိုအချိန်တွင် တစ်စုံတစ်ယောက်က ကလေးများကို အနောက်ဘက်အဆောင်မှ ခေါ်ထုတ်လာခဲ့သည်။ ယောက်ျားလေးရော မိန်းကလေးပါရှိနေပြီး အားလုံးက အသက်သုံးလေးနှစ်ခန့်သာ ရှိနိုင်မည် ဖြစ်သည်။ ကလေးအများစုက ထိတ်လန့်နေပြီး သူတို့၏မျက်နှာများပေါ်တွင် မျက်ရည်များ စီးကျနေကြသည်။ သူတို့အားလုံးက ခြံဝင်းအတွင်းရှိ စစ်သည်များကို မဝံ့မရဲ ကြည့်နေသော်လည်း မည်သူမျှ မအော်ငိုရဲကြဘဲ တိတ်တိတ်လေး ကျိတ်ငိုနေကြသည်။
"မင်းတို့က ဘယ်သူ့ကလေးတွေလဲ?"
အန်းကွမ်လုက ကလေးများဆီသို့ လျှောက်သွားလိုက်ပြီး သူတို့ကို ညင်သာသော အသံတိုးတိုးဖြင့် မေးလိုက်သည်။
အန်းကွမ်လုက မကြမ်းတမ်းသည်ကို တွေ့လိုက်ရသဖြင့် ကလေးများက သူနှင့် စကားပြောချင်နေကြသော်လည်း အသံမထွက်နိုင်ကြပေ။ ဤကလေးများက စကားမပြောနိုင်သည်ကို မြင်လိုက်ရချိန်တွင် အန်းကွမ်လုက အံ့သြသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
ဝမ်မိသားစုက ဘာတွေ လုပ်နေကြတာလဲ? ဘာလို့ ဆွံ့အနေတဲ့ ကလေးတွေကို ခေါ်လာတာလဲ?
သူတို့ထဲမှ ကောင်လေးတယောက်က ပိုးသားဝတ်စုံလေး ဝတ်ဆင်ထားပြီး သူ့ကို ကြည့်ရသည်မှာ ကျောက်စိမ်းပန်းပုရုပ်လေးကို ကြည့်နေရသလို ခံစားရစေသည်။ သူက အလွန်ရဲရင့်ပုံလည်း ရပြီး ခြံထဲတွင် လက်နက်ကိုင်စစ်သည် အများအပြား ရှိနေပြီး ကြောက်စရာ ကောင်းလွန်းနေသော်လည်း သူက မငိုရုံသာမကဘဲ သူ့၏အနက်ရောင် မျက်လုံးကြီးများဖြင့် သူတို့ကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။
"မင်း နာမည် ဘယ်လိုခေါ်လဲ?"
အန်းကွမ်လုက ဤချစ်စရာကောင်းပြီး ဉာဏ်ကောင်းကာ လိမ္မာပါးနပ်ပုံရမည့် ကလေးလေးကို အနည်းငယ် သဘောကျသွားခဲ့သည်။ ထို့ကြောင့် ထိုကလေးနှင့် စကားပြောနေချိန်တွင် သူ့မျက်နှာပေါ်၌ ကြင်နာသောအပြုံးတစ်ခု ဖြစ်ပေါ်နေခဲ့သည်။
ကောင်လေးက သူ့လည်ချောင်းကို ညွှန်ပြပြီး သူ့ခေါင်းလေးကို ခါယမ်းပြနေခဲ့သည်။ ထို့နောက် သူက မြေပြင်ပေါ်ရှိ အလောင်းများကို ညွှန်ပြပြီး သူ့၏လက်ဖောင်းဖောင်းလေးများကို ဒေါသတကြီး လက်သီးဆုပ်ထားခဲ့သည်။
အန်းကွမ်လု ကလေးများကို စစ်ဆေးမေးမြန်းနေချိန်တွင် ကျိရွှေရှန့် တည်းခိုနေသည့် တည်းခိုဆောင်သို့ စစ်သည်အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာခဲ့သည်။ သူတို့က ထိုနေရာတွင် နေထိုင်သည့်လူများအားလုံးကို အောက်ထပ်သို့ ဆင်းလာစေပြီး တည်းခိုဆောင်ပိုင်ရှင်၏မှတ်တမ်းစာအုပ်နှင့် တိုက်စစ်ကာ တစ်ယောက်ပြီး တစ်ယောက် စစ်ဆေးမေးမြန်းနေခဲ့သည်။
ထို့အပြင် လူတိုင်းက မိမိတို့၏တရားဝင်စာရွက်စာတမ်းများကို ထုတ်ယူထားကြရသည်။ စာရွက်စာတမ်းများကို မထုတ်ပြနိုင်သည့်သူများကို ဤနေရာတွင် ချက်ချင်း ဖမ်းဆီးသွားမည်ဟု အမိန့်ပေးခဲ့သည်။
ကျိရွှေရှန့်က သူနှင့်အတူ ယူဆောင်လာသည့် တရားဝင်စာရွက်စာတမ်းကို ထုတ်ယူလိုက်သည်။ ၎င်းကို မော့ချန်တွင် တရားဝင် မှတ်တမ်းတင်ခဲ့ကြောင်း ရေးသားထားသည်။ အရာရှိများနှင့် စစ်သည်များက သူ့စာရွက်ကို လှမ်းယူကာ ကြည့်ရှုပြီးနောက် ကျိရွှေရှန့်ကို တစ်ချက်မော့ကြည့်လိုက်သေးသည်။ သူက ဟန်လူမျိုးဖြစ်နေသောကြောင့် သူ့စာရွက်စာတမ်းများကို ပြန်ပေးခဲ့သည်။
ထိုစစ်သည်များက တည်းခိုဆောင်တွင် အချိန်အတော်ကြာနေခဲ့ပြီး စာရွက်စာတမ်းများကို စစ်ဆေးရုံသာမက ကျင့်ချန်သို့ ဘာလာလုပ်သည်ကိုပါ စစ်ဆေးမေးမြန်းကြသည်။ သူတို့၏စစ်ဆေးရေးက အလွန်အသေးစိတ်ကျလှသည်။
ကျိရွှေရှန့်က ပို၍ စိတ်အေးလက်အေးရှိပြီး သူက မေးခွန်းအများကြီး အမေးမခံရသည့် တစ်ဦးတည်းသာ ဖြစ်သည်။ ထိုစစ်သည်များက ကျင့်ချန်သို့ ဘာလာလုပ်နေသည်ကို မပြောနိုင်သော အမျိုးသားတစ်ဦးကို ခေါ်ဆောင်သွားခဲ့သည်။
ကျိရွှေရှန့်က ကျူရှန်တောင်သို့ အလျင်အမြန် ပြန်သွားချင်နေသော်လည်း ယခုအခါ မြို့ထဲတွင် စစ်သည်များ ပြည့်နှက်နေလေသည်။ သူ ဝယ်ယူထားခဲ့သည့် ပစ္စည်းများထဲတွင် ပန်းပဲထုရန် လိုအပ်သည့်ပစ္စည်းများနှင့် သံထည်များ ပါဝင်နေသောကြောင့် သူက တခြားသူများ၏ သံသယအား နှိုးဆွမိမည်ကို စိုးရိမ်နေမိသည်။ ထို့ကြောင့် သူက သူ ပြန်မထွက်သွားမီ စစ်သည်များ ဆုတ်ခွာသွားမည့်အချိန်ကို စောင့်ဆိုင်းရန်သာ တက်နိုင်တော့သည်။
စစ်သည်များက တမြို့လုံးအနှံ့ နှစ်ရက်ဆက်တိုက် ရှာဖွေခဲ့ကြပြီး အထူးသဖြင့် ဟူလူမျိုး အများအပြားကို ဖမ်းဆီးခဲ့ကြသည်။ သူတို့အား ကျင့်ချန်တွင် အဘယ်ကြောင့် ရှိနေသည်ကိုပင် မမေးဘဲ မြင်သမျှဟူလူမျိုးတိုင်းကို ဖမ်းဆီးခဲ့ကြသည်။
ကျိရွှေရှန့်က ထိုကလေးများအတွက် စိတ်ပူနေသောကြောင့် သူက ညအချိန်ကို အခွင့်ကောင်းယူကာ အန်းမိသားစုစစ်တပ်၏ ပင်မစခန်းကို တိတ်တဆိတ် သွားရောက်စစ်ဆေးခဲ့သည်။ အန်းမိသားစုစစ်တပ်က ထိုကလေးများကို ကယ်တင်ထားပြီး ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားသည်ကို တွေ့လိုက်ရမှ သူ စိတ်သက်သာရာရသွားခဲ့သည်။
သုံးရက်မြောက်သောနေ့တွင် အန်းမိသားစုစစ်တပ်က မြို့ထဲမှ ပြန်ဆုတ်ခွာသွားခဲ့ပြီး နောက်ဆုံးတွင် တစ်မြို့လုံး ငြိမ်သက်သွားခဲ့သည်။ ကျိရွှေရှန့်က လှည်းတစ်စီး ဝယ်ရန် ကမန်းကတန်း ထွက်လာခဲ့ပြီး ပန်းပဲဆိုင်သို့ မောင်းနှင်လာခဲ့သည်။ သူ့ထံမှ ဈေးမြင့်မြင့် တောင်းဆိုခဲ့သည့် ပန်းပဲသမားက တံခါးခုံတွင် ရပ်နေကာ အပြင်သို့ လှမ်းမျှော်ကြည့်နေသည်ကို သူ တွေ့လိုက်ရသည်။
ကျိရွှေရှန့် လှည်းမောင်းလာသည်ကို မြင်လိုက်ချိန်တွင် သူက သူ့ဆွေမျိုးတစ်ဦးကို မြင်လိုက်ရသလို စိတ်အားထက်သန်သွားခဲ့သည်။ သူက ကျိရွှေရှန့်ဆီသို့ ပြေးလာပြီး ကျိရွှေရှန့်၏လက်ကို မလွှတ်တမ်း ဆုပ်ကိုင်ထားခဲ့သည်။
"ငါ မင်းကို စောင့်နေတာ။ မင်းက နောက်နေ့ကျရင် လာယူမယ်လို့ ပြောခဲ့တယ်လေ။ မင်းက ဘာလို့ အခုမှ ရောက်လာရတာလဲ?"
ပန်းပဲဆရာ၏လေသံတွင် ညည်းညူသံများ ပြည့်နှက်နေလေသည်။ ကျင်းချန်တွင် လွန်ခဲ့သည့် နှစ်ရက်လုံးလုံး မငြိမ်းချမ်းခဲ့သည်အတွက် သူက ကျင်းချန်မှ အမြန်ဆုံး ထွက်ခွာချင်နေပြီ ဖြစ်သည်။
“မြို့ထဲမှာ ရှာဖွေနေတဲ့ စစ်သည်တွေ အများကြီး ရှိနေတယ်လေ၊ ကျုပ်လည်း ဘာမှ မတက်နိုင်ဘူး”
ကျိရွှေရှန့်က သူ ဘာကြောင့် မရောက်လာခဲ့သည်ကို အတိုချုံး ရှင်းပြလိုက်ပြီး သူ ဝယ်ထားသည့်ပစ္စည်းများကို လှည်းပေါ်တင်ခိုင်းလိုက်သည်။
ပန်းပဲဆရာ ပစ္စည်းများ တင်နေစဥ်တွင် ကျိရွှေရှန့်က လှည်းနှစ်စီး ထပ်တယ်ကာ စပါးဆိုင်သို့ ရောက်လာခဲ့သည်။ စပါးဆိုင်၏ပိုင်ရှင်က ပန်းပဲဆရာလောက် စိတ်မပူနေပေ။ မည်သို့ပင်ဖြစ်စေ သူမ စပါးရောင်းချရန် အလျင်စလို ဖြစ်မနေပေ။ နှစ်ရက်ကြာမှ ရောင်းရလျှင် ဈေးက ထပ်တက်လာမည် ဖြစ်သည်။
ကျိရွှေရှန့်က စပါးဆိုင်တွင် စပါးများ တင်ခိုင်းပြီးနောက် သူက ပန်းပဲဆိုင်သို့ မပြန်မီ အိပ်ယာခင်းများ သွားယူခဲ့သေးသည်။
ပန်းပဲဆရာက အရာအားလုံးကို လှည်းပေါ်သို့ တင်ထားပြီးပြီ ဖြစ်ကာ ကျိရွှေရှန့် ပြန်လာမည်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေလေသည်။
“ဒါက ကျန်ငွေပါ။ ရေတွက်ကြည့်ပါဦး!”
ကျိရွှေရှန့်က သူ စရန်ငွေကိုသာ ပေးချေခဲ့သောကြောင့် ကုန်ပစ္စည်းများကို စစ်ဆေးပြီးနောက် လက်ကျန်ငွေကို ရှင်းပေးလိုက်သည်။
ပန်းပဲဆရာက သုံးကြိမ်တိုင်တိုင် ရေတွက်ပြီးမှ ကျိရွှေရှန့်ကို ပြုံးလျက် ပြန်ပြောလိုက်သည်။
“မှန်တယ်၊ အတိအကျပဲ”
ကျိရွှေရှန့်က ခေါင်းညိတ်လိုက်ပြီး လှည်းသုံးစီးကို ချိတ်ဆက်လိုက်သည်။ ထို့နောက် သူက ပထမလှည်းတွင် ထိုင်ကာ မြို့ပြင်သို့ မောင်းနှင်လာခဲ့သည်။
သူ ထွက်ခွာလာပြီး အချိန်အတော်ကြာပြီးနောက်တွင် ကျိရွှေရှန့်က လှည်းများ မြို့ပြင်သို့ မရောက်မီ ပန်းပဲသမား၏ကိရိယာများ တင်ထားသည့် လှည်းပေါ်သို့ သူ အသစ်ဝယ်လာသည့် အိပ်ယာခင်းများ ဖုံးအုပ်လိုက်သည်။
မြို့တံခါးသို့ ရောက်လာချိန်တွင် အစောင့်အကြပ်များက သူ ရောက်လာခဲ့သည့်နေ့ထက်ပင် ပို၍ တင်းကြပ်နေသည်ကို သူ တွေ့လိုက်ရသည်။ မြို့ထဲသို့ ဝင်ချင်သူများကို စစ်ဆေးနေရုံသာမကဘဲ မြို့တွင်းမှ ပြန်ထွက်မည့်သူများကိုပါ စစ်ဆေးနေခဲ့သည်။
ကျိရွှေရှန့်က အနည်းငယ် စိုးရိမ်သွားခဲ့သည်။ သူက သူ ထွက်သွားနိုင်ရန် အကဲခတ်လိုက်ပြီး ကုန်သည်အဖွဲ့များနှင့် ရောနှောနေလိုက်သည်။
တခါတရံတွင် ကံကောင်းခြင်းက အချိန်ကိုက်ရောက်လာတက်သည်။ ကျိရွှေရှန့်က အလွန်ကံကောင်းခဲ့ပြီး သူ့ရှေ့မှ လှည်းတန်းကို စစ်ဆေးပြီးနောက် အရာရှိများက တာဝန်ချိန်ပြည့်သွားပြီး အလှည့်ပြောင်းခဲ့ကြသည်။ နောက်ရောက်လာသည့်သူများက ကျိရွှေရှန့်ကို သူ ထိုလူအုပ်နှင့်အတူ လာခဲ့ပြီး စစ်ဆေးခံပြီးပြီဟု ထင်သွားကြသည်။ ထို့ကြောင့် သူ့က စစ်ဆေးခံရခြင်း မရှိဘဲ မြို့ထဲမှ အေးအေးဆေးဆေး ပြန်ထွက်လာနိုင်ခဲ့သည်။
သူ့၏ကျူးရှန်တောင် ခရီးက အလွန်လုံခြုံခဲ့ပြီး ဤလမ်းပေါ်တွင် အရာရှိများနှင့် စစ်သည်များ မရှိသလို ဟူလူမျိုးများ၏ အနှောင့်အယှက်လည်း မရှိခဲ့ပေ။ သူ့၏လှည်းတန်းမှ လွဲ၍ ဒုက္ခသည် အနည်းငယ်သာ ရှိနေခဲ့သည်။
ကျိရွှေရှန့်က ထိုလူများနှင့် ဝေးကွာစေရန် သူ့လှည်းများကို ရှေ့သို့ အရှိန်ဖြင့် မောင်းနှင်ခဲ့ပြီး ၎င်းတို့အားလုံးကို နောက်တွင် ချန်ထားခဲ့လိုက်သည်။
တောင်ပေါ်သို့ ရောက်သွားပြီးနောက်တွင် သူက ယန္တရားများကို ပိတ်လိုက်ပြီး ချွီတာ့နှင့် အခြားလူများကို ထွက်လာစေကာ ကုန်ပစ္စည်းများ ရွှေ့ပြောင်းပေးရန် အကူအညီ တောင်းခဲ့သည်။ ချွီတာ့နှင့် ကျန်းချမ်က ကျိရွှေရှန့် ဘေးကင်းစွာ ပြန်လာသည်ကို တွေ့လိုက်ရမှ သက်ပြင်းတစ်ချက်ချလိုက်သည်။
သို့သော် သူတို့က စိတ်မထိန်းနိုင်ကြဘဲ ကျိရွှေရှန့်ကို ရင်ဖွင့်လာကြသည်။
“သခင်လေး တစ်ခုခု ဖြစ်သွားပြီ ထင်လို့ ကျွန်တော်တို့ အရမ်း စိုးရိမ်နေကြတာ”
"ကျွန်တော် တစ်ခုခုကို တိုးဝင်မိသွားခဲ့တယ်”
ကျိရွှေရှန့်က ကျင့်ချန်တွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို အတိုချုံး ရှင်းပြလိုက်ပြီး ချွီတာ့နှင့် တခြားသူများကို ဆက်လက်ညွှန်ကြားလိုက်သည်။
"လောလောဆယ် ကျင့်ချန်ကို မသွားကြနဲ့ဦး။ အဲ့နေရာက အခု မငြိမ်းချမ်းတော့ဘူး”
ကျိရွှေရှန့် မရှိသည့် ရက်အနည်းငယ်အတွင်း ချွီတာ့နှင့် ကျန်းချမ်ကလည်း ဘာမှ မလုပ်ဘဲ မနေခဲ့ကြပေ။ သူတို့က မီးပြင်းဖိုနှစ်လုံး ဆောက်ထားပြီး သံရိုင်းတစ်ပုံပင် တူးဖော်ပြီးနေပြီ ဖြစ်သည်။ မိုင်းတွင်းများ ဘေးကင်းစေရန်အတွက်လည်း သစ်လုံးများနှင့် ပျဉ်ချပ်များကို အသုံးပြုကာ ထောက်မထားကြသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လူတိုင်းက အလွန်ထိရောက်စွာ လုပ်ဆောင်ထားခဲ့ကြသည်ကို တွေ့လိုက်ရသောကြောင့် ကျိရွှေရှန့်က အလွန်ကျေနပ်နေလေသည်။
သူ့အဖေလက်ထက်က စစ်သည်တွေအားလုံးက အရည်အချင်းရှိတဲ့ လူတွေချည်းပဲ။
ထို့နောက် ကျိရွှေရှန့်က သူတို့ကို ဦးဆောင်ကာ ပန်းပဲဖို အတွက် လိုအပ်သည့် ကိရိယာ အစုံအလင်ကို တပ်ဆင်ပေးခဲ့သည်။ သူ ပြန်မထွက်ခွာမိတွင် ကျိရွှေရှန့်က ချွီတာ့တို့ ပထမအသုတ် သံထည် ထုလုပ်မွမ်းမံသည်ကို စောင့်ကြည့်နေခဲ့သေးသည်။
ကျိရွှေရှန့်က လှည်းသုံးစီးကို ပြန်မောင်းကာ ကျူးရှန်တောင်မှ ပြန်ထွက်ခွာလာခဲ့သည်။ သူက လော့ချန်သို့ အရင်သွားကာ သူ့၏လှည်းသုံးစီးကို ဖြည့်ပြီးမှ ယန်ကျစ်တို့ အဖွဲ့နှင့်အတူ မော့ချန်သို့ ပြန်သွားရန် တွေးထားခဲ့သည်။
ကျိရွှေရှန့် လော့ချန်သို့ မရောက်မီတွင် အလျင်စလိုဖြစ်နေပုံရသော ယန်ကျစ်နှင့် သူ့၏ညီအစ်ကိုများကို တွေ့ဆုံခဲ့ရသည်။ သူတို့က သက်တော်စောင့်အဖွဲ့၏ဝတ်စုံကို မ၀တ်ဆင်ထားသလို သူတို့အဖွဲ့၏အလံကိုလည်း မလွှင့်လာကြပေ။ သက်တော်စောင့်အဖွဲ့မှ လူတိုင်းက မြင်းတစ်ကောက်စီ စီးလာကြပြီး သူတို့၏ မြင်းများက ပျံသန်းလုမတတ် ပြေးလွှားနေကြသည်။
ယန်ကျစ်က ကျိရွှေရှန့်ကိုပင် သတိမထားမိဘဲ ကျော်တက်သွားခဲ့သည်။ ကျိရွှေရှန့်က သူ့ကို ကမန်းကတန်း အော်ခေါ်လိုက်သည်။
"အစ်ကိုယန်"
"ဟီး"
မြင်းက ရုတ်တရက် ရပ်တန့်သွားပြီး ပတပ်ရပ်လိုက်သည်။ ယန်ကျစ်က ကျိရွှေရှန့်၏အော်သံကို ကြားသွားပြီး ဇက်ကြိုးကို ရုတ်တရက် ဆွဲလိုက်မိခြင်း ဖြစ်ရာ ထိုအရာက အလွန်အန္တရာယ်များလှသည်။
"ရွှေရှန့်? မင်း ဘာလို့ ဒီကို ရောက်နေတာလဲ?"
ယန်ကျစ်က မြင်းကို အောက်သို့ ခြေလေးချောင်းလုံး ပြန်ရပ်စေခဲ့သည်။ သူက မောပန်းနွမ်းနယ်နေပုံရပြီး သူ့ဦးခေါင်းနှင့်မျက်နှာတွင် ဖုန်မှုန့်များ ဖုံးလွှမ်းနေကာ သူ့မျက်လုံးအောက်တွင် နက်ပြာရောင် အစက်အပြောက်များ ရှိနေခဲ့သည်။ သူက ရက်အနည်းငယ်ကြာအောင် မအိပ်ခဲ့ရသလိုမျိုး ဖြစ်နေပြီး သူ့မျက်နှာက ချောင်ကျသွားကာ ကိုယ်အလေးချိန်လည်း ကျသွားပုံရသည်။
"ကျွန်တော့်ရဲ့အလုပ်ကိစ္စ ပြီးသွားလို့ ခင်ဗျားတို့ကို ရှာမယ်ဆိုပြီး လော့ချန်ကို ဦးတည်လာခဲ့တာ"
ကျိရွှေရှန့်က ရှင်းပြလိုက်သော်လည်း သူ ဘာလုပ်ခဲ့သည်ကိုတော့ မပြောခဲ့ပေ။ ယန်ကျစ်၏ အလောတကြီး ဖြစ်နေသည့် အသွင်ကို မြင်လိုက်ရသဖြင့် သူက စိုးရိမ်စိတ်ဖြင့် စူးစမ်းလိုက်သည်။
“အစ်ကိုယန်။ ခင်ဗျား အရမ်း အလျင်လိုနေတာလား? တစ်ခုခု ဖြစ်ခဲ့လို့လား?"
"အင်း တစ်ခုခု ဖြစ်သွားခဲ့တယ်" ယန်ကျစ်က သက်ပြင်းချရင်း ပြန်ဖြေလိုက်သည်။
"ကျွန်တော် ကူညီပေးနိုင်တာ ရှိလား?"
ဘာပဲဖြစ်ဖြစ် သူတို့က မိတ်ဆွေကောင်းတွေ ဖြစ်ပြီး ရေရှည်စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေလည်း ဖြစ်နေသေးတယ်။ သူ ဘာမှ မလုပ်ပေးဘဲ ထိုင်မကြည့်နေနိုင်ဘူး။
"ညီလေးကျိလည်း အလုပ်များနေတာပဲ၊ ငါတို့ဘာသာ ဖြေရှင်းလိုက်ပါ့မယ်!"
ယန်ကျစ်က ခဏတာမျှ တုံ့ဆိုင်းသွားသ်ေလည်း နောက်ဆုံးတွင် သူက ကျိရွှေရှန့်ကို အကူအညီ မတောင်းခဲ့ပေ။
မော့ချန်က ရွှေရှန့် မရှိဘဲ ဘာမှ မလုပ်နိုင်တဲ့အတွက် သူ့ကို မပတ်သက်စေတာ အကောင်းဆုံးပါပဲ။
ကျိရွှေရှန့်က ယန်ကျစ်က သူ့ကို ခေါ်ရန် အားနာနေသည်ကို တွေ့လိုက်ရပြီး သူက ထပ်ပြောလိုက်သည်။
“အစ်ကိုယန်၊ ခင်ဗျား ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး။ ကျွန်တော် ကူညီနိုင်ပါတယ်!"
“ဒါက ငါ့ကိစ္စ အဟုတ်ဘူး။ အဲဒါက ဒုတိယသခင်ကြီးစူးရဲ့မိသားစုမှာ ပြသနာ ဖြစ်နေတာပါ"
(T/N; ကဲ ယောက္ခမအရေး တို့အရေးပေါ့ ကူညီလိုက်ပါဦး)