အန္တရာယ်ရှိသော အခိုက်အတန့်
Vol. 20 Ch. 300
စူးချင်း၏ပင်ကိုယ်သိစိတ်မှ ကြိုတင်သတိပေးချက်က အလွန်တိကျတတ်သည်။ ထိုအရာက သူမ စိတ်မသက်မသာဖြစ်အောင် တွန်းအားပေးနေသောကြောင့် စူးချင်းက တစ်ခုခုတော့ ဖြစ်တော့မည်ဟု တွေးလိုက်မိသည်။
စူးချင်းက ယန်ကျစ်၏ရထားလုံး နှေးကွေးနေသည်ကို စိတ်မရှည်တော့ပေ။ သူမက သီလရှင်ကျောင်း၏တည်နေရာ အတိအကျကို ယန်ကျစ်အား မေးမြန်းလိုက်ပြီး သူမ၏မြင်းကို ကဆုန်ပေါက်ပြေးလွှားစေခဲ့သည်။
သီလရှင်ကျောင်းက တောင်တက်လမ်း၏ တစ်ဝက်တစ်ပျက်နေရာတွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ နွေရာသီ သစ်ပင်များ ထူထပ်ပြီး စိမ်းလန်းနေသောအချိန်တွင် ထိုသီလရှင်ကျောင်းကို ရှာတွေ့ရန် လွယ်ကူမည် မဟုတ်ပေ။
သို့သော် ယခုအချိန်တွင် ညှိုးနွမ်းနေသော အဝါရောင်မြက်ပင်များနှင့် သစ်ပင်များက ကောင်းကင်ကို ပိတ်ဆို့ထားနိုင်ခြင်း မရှိတော့ပေ။ စူးချင်းက တောင်ခြေအထိ မြင်းစီးလာခဲ့ပြီး အပေါ်သို့ လှမ်းမျှော်ကြည့်လိုက်ရာ အနီရောင်အုတ်၊ အစိမ်းရောင် အုတ်ကြွပ်များဖြင့် တည်ဆောက်ထားသည့် သီလရှင်ကျောင်းကို လှမ်းမြင်လိုက်ရသည်။
ထိုသီလရှင်ကျောင်းကို ချမ်းသာသည့်သူတစ်ဦးဦး၏အကူအညီဖြင့် ဆောက်ထားခြင်း ဖြစ်နိုင်ပြီး ထိုကျောင်းက ကြီးကြီးမားမား မဟုတ်သော်လည်း ခိုင်မြဲသည့် ခမ်းနားထည်ဝါမှုများ ရှိနေလေသည်။
စူးချင်းက တောင်တက်လမ်းကို တစ်ချက်ကြည့်လိုက်ပြန်သည်။ လူတစ်ယောက်သာ တက်နိုင်လောက်အောင် အကျယ်ရှိသည့် ကျောက်လှေကားများက မြင်းဖြင့် တက်ရန် အဆင်မပြေစေတော့ပေ။ သူမက မြင်းကို တောင်ခြေတွင် ကြိုးချည်ထားခဲပြီး တောင်ပေါ်သို့ အမြန် ပြေးတက်လာခဲ့သည်။
သူမ၏စစ်နတ်ဘုရား စွမ်းရည်ကို အဆင့် ၅၃ အထိ အဆင့်မြှင့်ထားပြီးပြီ ဖြစ်သောကြောင့် သူမ၏အရှိန်နှင့် ခွန်အားကို တူညီသော အသက်ရှုမှုအောက်တွင် ယှဥ်ပြိုင်နိုင်သူ မရှိတော့ပေ။ သူမက မြေပြန့်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ ကျောက်လှေခါးထစ်များကို ဖြတ်လျှောက်နေခဲ့သည်။
ယန်ကျစ်က သူ့၏ရထားလုံးဖြင့် တောင်ခြေသို့ ရောက်ရှိလာပြီး စူးချင်းက တောင်ပေါ်သို့ တဝက်ပင် ရောက်နေပြီကို မြင်လိုက်ရသောကြောင့်် သူ အံ့သြသွားရပြန်သည်။
သူရဲ့တောင်တက်အမြန်နှုန်းက တော်ရုံတန်ရုံလူတွေထက် ပိုမြန်မှန်း သူ သိနေပေမယ့် မိန်းခလေးစူးနဲ့ ယှဉ်လိုက်ရင်တော့ သူက ဘာမှ မဟုတ်တော့ဘူး။
ရထားလုံးနှင့် မြင်းများက သူတို့ခရီးဆက်ရန် အလွန်အရေးကြီးပြီး သီလရှင်ကျောင်းကလည်း အမျိုးသားဧည့်သည်များကို လက်မခံပေ။ ယန်ကျစ်နှင့် စူးချင်းတို့က လမ်းကတည်းက သူတို့၏တာဝန်ကို ပိုင်းခြားထားပြီး ဖြစ်သည်။ ယန်ကျစ်က ရထားလုံးနှင့် မြင်းများကို စောင့်ရှောက်ရန် တောင်ခြေတွင် နေရမည်ဖြစ်ပြီး စူးချင်းက စူးသခင်မနှင့် ရှောင်ချန်ကို သွားခေါ်ရမည် ဖြစ်သည်။
ထို့ကြောင့် ယန်ကျစ်က တောင်ပေါ်သို့ တက်မသွားခဲ့ပေ။ သူက ရထားလုံးပေါ်တွင် ထိုင်နေပြီး စူးချင်းက စူးသခင်မနှင့် ရှောင်ချန်တို့ကို တောင်ပေါ်မှ ပြန်ခေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
စူးချင်းက အရှိန်အဟုန်ဖြင့် တောင်ပေါ်သို့ ပြေးတက်သွားခဲ့ပြီး သူမ သီလရှင်ကျောင်း၏ တံခါးဝသို့ ရောက်သွားချိန်တွင် အမျိုးသမီးတစ်ဦး၏အော်ဟစ်အကူအညီတောင်းသံကို သူမ ကြားလိုက်ရသည်။
သီလရှင်ကျောင်း၏ဝင်ပေါက်ကို တင်းတင်းကြပ်ကြပ် ပိတ်ထားဆဲ ဖြစ်ပြီး စူးချင်းက တံခါးကို အပြင်မှ တွန်းကြည့်လိုက်ရာ အတွင်းမှ အခိုင်အမာ ပိတ်ထားသည်ကို သူမ သိလိုက်ရသည်။ စူးချင်းက နံရံကို မော့ကြည့်လိုက်ရာ ထိုနံရံက နှစ်မီတာထက် ပိုမြင့်နေသည်ကို သူမ တွေ့လိုက်ရသော်လည်း ထိုအမြင့်က သူမအတွက် မခက်ခဲပေ။
စူးချင်းက နံရံကို တစ်ချက်ခုန်ကန်ကာ အားယူလိုက်ပြီး နံရံပေါ်သို့ ခုန်တက်လိုက်သည်။ သူမ နံရံပေါ်သို့ ရောက်သွားပြီနှင့် ခြံဝင်းထဲမှ အခြေအနေကို မြင်လိုက်ရသည်။ ဓားပြများနှင့်တူသော အမျိုးသားအချို့က သီလရှင်ငယ်လေးအချို့ကို ဖမ်းချုပ်ထားပြီး တစ်ခုခု ပြုလုပ်ရန် ကြိုးစားသည်ကို သူမ မြင်လိုက်ရသည်။ သီလရှင်လေးများက အော်ဟစ်အကူအညီတောင်းနေပြီး အသည်းအသန် ရုန်းကန်နေကြသည်။ သို့သော် အားနွဲ့သည့်အမျိုးသမီးလေးများက သန်မာသော ယောက်ျားကြီးများကို ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။ သူမတို့က မြေကြီးပေါ်တွင် ဖိထားခံရပြီး သူမတို့၏အဝတ်အစားများကလည်း ဖြဲဆုတ်ခံထားရသည်။
ယန်ရုရွှယ်က မီးဖိုချောင်တံခါးဝတွင် ရပ်နေပြီး ဓားပြနှစ်ယောက်က သူမကို ဝိုင်းထားသည်။ သူမလက်ထဲတွင် ချွန်ထက်သော မီးဖိုချောင်သုံးဓားတစ်ချောင်း ရှိနေပြီး သူမက ထိုဓားဖြင့် သူမ၏သွယ်လျသောလည်ပင်းကို ပြန်ထောက်ထားသည်။ သူမက ရက်စက်ကြမ်းကြုတ်ပုံရသည့် ဓားပြနှစ်ယောက်ကို ကြည့်နေရင်း တုန်လှုပ်နေပုံရသည်။
“ဒီကို မလာနဲ့၊ နင်တို့ ဒီကို လာရင်... ငါ....”
"ဘာဖြစ်လို့လဲ? အလှလေးရဲ့ ဓားကို ချလိုက်ပါ။ မင်း နာကျင်သွားရင် ဒီအစ်ကိုကြီးတွေ စိတ်မကောင်း ဖြစ်ရလိမ့်မယ်"
ဓားပြနှစ်ယောက်က သူမလက်ထဲမှ ဓားကို လုံးဝ ဂရုမစိုက်ပေ။ သူတို့က ယန်ရုရွှယ်၏ ရင်သပ်ရှုမောဖွယ် မျက်နှာကို စိုက်ကြည့်နေကြပြီး ညစ်ညမ်းသော အပြုံးများဖြင့် သူမထံသို့ ချဉ်းကပ်သွားကြသည်။
ရှောင်ချန်က ပိတ်သားအင်္ကျီကိုသာ ၀တ်ဆင်ထားပြီး သူဆံပင်ကို ကောင်လေးတစ်ယောက်ကဲ့သို့ ထုံးဖွဲ့ထားသည်။ သူက ထင်းချောင်းတစ်ချောင်းကို ကိုင်ထားပြီး ယန်ရုရွှယ်၏ရှေ့တွင် ရဲရင့်စွာ ရပ်နေခဲ့သည်။ အရပ်ရှည်ပြီး သန်မာသည့်လူကြီးများနှင့် နှိုင်းယှဉ်လျှင် အရမ်းသေးငယ်နေသော်လည်း ထိုကောင်လေး၏ အရှိန်အဟုန်က လုံးဝကို မနိမ့်ကျပေ။
သူက သူ့ခေါင်းလေးကို မော့ထားပြီး သူ့၏မျက်လုံးနက်ကြီးများမှ ဒေါသရောင်များ လျှံထွက်နေသည်။ သူက ထင်းချောင်းကို သူ့လက်တစ်ဖက်တည်းဖြင့် မကိုင်နိုင်သောကြောင့် လက်နှစ်ဘက်ဖြင့် ကိုင်ထားရင်း သူ့အမေကို အနိုင်ကျင့်ချင်နေသည့် လူဆိုးများကို စိုက်ကြည့်နေခဲ့သည်။
"ငါ့အမေကို အနိုင်ကျင့်ဖို့ မင်းတို့ကို ခွင့်မပြုဘူး"
သူ့ ချိုမြိန်သော အသံလေးက ကောင်လေးတစ်ယောက်၏ရင့်ကျက်မှုနှင့်အတူ ပေါက်ကွဲထွက်လာခဲ့သည်။
"ထွက်သွား"
ဓားပြနှစ်ယောက်က အလှလေးကို ပိတ်ဆို့နေသည့် ကောင်လေးကို မြင်သွားပြီး တခါတည်း ကိုင်ပေါက်သတ်ဖြတ်လိမ့်မည်ဟု တွေးကာ သူကို ဖမ်းဆွဲလိုက်ကြသည်။
"အားးး!"
သူ့ကို ဖမ်းရန် ပြေးဝင်လာသော ဓားပြများကို မြင်လိုက်သည်နှင့် ရှောင်ချန်က သူ့၏ကလေးသံလေးဖြင့် အားမာန်သွင်းကာ အော်ဟစ်လိုက်ပြီး ထိုလူနှစ်ယောက်ကို ထင်းချောင်းဖြင့် ရိုက်ချလိုက်သည်။
ယန်ကျစ်က ရှောင်ချန်ကို ကိုယ်ခံပညာအချို့ကို သင်ထားပေးခဲ့သော်လည်း သူက ယခုမှ မြင်းထိုင်အနေအထားကိုသာ သင်ယူနိုင်သေးသည်။ သူ အများဆုံး သင်ယူနိုင်သည်က အခြေခံလက်သီးချက်လောက်သာ ဖြစ်သည်။
သို့သော် ရှောင်ချန်က ယန်ကျစ်နှင့် အခြားသူများ ကိုယ်ခံပညာ လေ့ကျင့်သည်ကို မြင်ဖူးခဲ့သည်။ သူက အလွန်ထက်မြက်ပြီး ဓာတ်ပုံရိုက်ထားသကဲ့သို့ မှတ်မိနိုင်သည့် မှတ်ဉာဏ်မျိုးလည်း ရှိသည်။ ထို့ကြောင့် သူက သူ သင်ယူထားခဲ့သည့် လှုပ်ရှားမှုများအတိုင်း ထင်းချောင်းကို လွှဲယမ်းရန် သူ့အစွမ်းရှိသမျှ ကြိုးစားနေခဲ့သည်။
ကံမကောင်းစွာဖြင့် သူက အရပ်မရှည်သေးသောကြောင့် ထိုလူများ၏ ကိုယ်ခန္ဓာအပေါ်ပိုင်းကို မထိနိုင်ဘဲ ခြေထောက်များကိုသာ ရိုက်နိုင်ခဲ့သည်။
ဓားပြနှစ်ယောက်က ရှောင်ချန် သူတို့အား ပြန်ရိုက်ရဲလိမ့်မယ်ဟု မမျှော်လင့်ထားခဲ့ကြပေ။ သူတို့ သတိမထားမိသည့် အခိုက်အတန့်တွင် ရှောင်ချန်၏ထင်းချောင်းက သူတို့၏ဒူးများပေါ်သို့ ကျရောက်လာခဲ့သည်။ သူတို့ နာကျင်လွန်းသောကြောင့် သူတို့၏ခြေထောက်များကို ကိုင်ပြီး အော်ဟစ်ညည်းညူနေကြသည်။ ယင်းက သူတို့ကို ပို၍ပင် လူသတ်ချင်လာစေသည်။
ဓားပြနှစ်ယောက်၏မျက်လုံးများတွင် ရက်စက်တော့မည့်အရိပ်အယောင်များ တောက်ပလာပြီး ဆာလောင်မွတ်သိပ်နေသော ကျားက ၎င်း၏ သားကောင်ကို ဖမ်းတော့မည့်ဟန်ဖြင့် ရှောင်ချန်ဆီသို့ ရောက်လာကြသည်။ သူမ၏သားလေး အဖမ်းခံရတော့မည်ကို မြင်လိုက်ရချိန်တွင် မိခင်တစ်ယောက်ဖြစ်သည့် ယန်ရုရွှယ်က သူမ ကြောက်ရွံ့မှုကို လျစ်လျူရှုလိုက်ပြီး မီးဖိုချောင်သုံးဓားကို ကိုင်ကာ ရှောင်ချန်ဆီသို့ ပြေးသွားပြီး သူမလက်ထဲမှဓားဖြင့် ထိုဓားပြနှစ်ယောက်ကို စတင်တိုက်ခိုက်တော့သည်။
ရှောင်ချန်ကလည်း အပြင်းအထန် ပြေးဝင်လာပြီး ထိုလူများ၏ဒူးများကို ထင်းချောင်းဖြင့် ထပ်ရိုက်လိုက်သည်။ သားအမိနှစ်ယောက် ကောင်းစွာ ပူးပေါင်းဆောင်ရွက်နေကြပြီး ဓားပြနှစ်ဦးကို အလုပ်များသွားစေခဲ့သည်။
သို့သော်လည်း ထိုအခြေအနေက ခဏတာမျှသာ ဖြစ်ခဲ့သည်။ ယန်ရုရွှယ်၏ ခန္ဓာကိုယ်က အလွန်နုနယ်ပြီး ယခုအချိန်တွင် သူမက သူမ၏သားလေးကို ကာကွယ်နိုင်ရန်သာ သူမ၏ခွန်အားကို အစွန်းကုန် အသုံးပြုနေခြင်းဖြစ်သည်။ မကြာမီမှာပင် သူမ အားအင်ကုန်ခန်းသွားခဲ့ပြီး မီးဖိုချောင်သုံးဓားကို လွှဲယမ်းနေသည့်အရှိန်က နှေးကွေးသွားခဲ့သည်။
ရှောင်ချန်လည်း အတူတူပင်ဖြစ်ပြီး သူ မည်မျှ သတ္တိရှိနေပါစေ သူက သုံးနှစ်သားလေးသာ ဖြစ်နေသေးသည်။ သူက သူ့လက်ထဲမှ ထင်းချောင်းကို သူ့လက်နှစ်ဘက်ဖြင့် ကိုင်ရုံသာ ကိုင်ထားနိုင်တော့ပြီး မရိုက်နိုင်တော့ပေ။ ဓားပြများက ထိုထင်းချောင်းကို လုယူသွားချိန်တွင် လက်နက် မရှိတော့သည့် ရှောင်ချန်က သူတို့ကို သူ့ခန္ဓာကိုယ်လေးဖြင့် ခုန်အုပ်ကာ ကျားသစ်တစ်ကောင်ကဲ့သို့ အပြင်းအထန် ကိုက်ချလိုက်သည်။
“ဟင့်အင်း… ခွေးကောင်လေး... ငါ မင်းကို သေအောင် ကိုင်ပေါက်ပစ်မယ်"
အကိုက်ခံလိုက်ရသည့် ဓားပြက နာကျင်စွာ အော်ဟစ်လိုက်ပြီး ရှောင်ချန်ကို ကောက်ကိုင်ကာ သူ့ခေါင်းပေါ်အထိ မြှောက်လိုက်ပြီး မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြန်ပစ်ချလိုက်သည်။
ယန်ရုရွှယ်က သူမသားလေး ကိုင်ပေါက်ခံရတော့မည်ကို မြင်သွားပြီး အလွန်စိုးရိမ်သွားခဲ့သည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်က သူမက သူမသားလေး၏အမည်ကို အော်ခေါ်လိုက်ပြီး ရှောင်ချန်ကို လှမ်းဖမ်းလိုက်ချင်သော်လည်း ဓားပြများက သူမကို တားဆီးထားခဲ့သည်။
ယန်ရုရွှယ်က စိတ်ပျက်လက်ပျက်ဖြင့် သူမ၏သားလေး ကောင်းကင်မှ ပြုတ်ကျသွားသည်ကို ကြည့်နေရတော့သည်။ သူမ၏သားလေးကို ဤတိရိစ္ဆာန်များက သတ်ပစ်လိုက်ပြီဟု သူမ တွေးမိသွားပြီး သူမက သူတို့၏မျက်နှာများကို အရူးတစ်ယောက်လို စတင်ကုတ်ဖဲ့တော့သည်။
“ငါ နင်တို့ကို သတ်မယ်။ ရှောင်ချန်၊ အမေ သားနောက်ကို လိုက်ခဲ့မယ်"
ထိုအရာများအားလုံး ဖြစ်ပျက်သွားသည်မှာ မြန်ဆန်လွန်းလှပြီး စူးချင်းက နံရံမှ ခုန်ဆင်းကာ သူမ၏မိခင်နှင့် ရှောင်ချန်ဆီသို့ ပြေးသွားခဲ့သော်လည်း သူမခြေလှမ်းများက နောက်ကျနေသေးသည်။ သူမက သူမ၏မောင်ငယ်လေး သေဆုံးသွားတော့မည်ကို ဘာမှမတက်နိုင်ဘဲ ကြည့်နေခဲ့ရသည်။ စူးချင်းက သူမ၏ခန္ဓာကိုယ်တွင်းရှိ သွေးများ အေးခဲသွားသလို ခံစားလိုက်ရပြီး သူမ၏နှလုံးခုန်သံလည်း ရပ်တန့်သွားပုံရသည်။ သူမ အလွန်စိုးရိမ်နေသောကြောင့် သူမ၏ကိုယ်တွင်းအင်္ဂါများ ကွဲကြေသွားသလို ခံစားနေရပြီး ယင်ကောင်တစ်ကောင် ပျံသန်းနေသလို ပြေးလာခဲ့သည်။
ရှောင်ချန် ပြုတ်ကျခါနီးတွင် ရှောင်ချီက အဖြူရောင်လေပွေတစ်ခုကဲ့သို့ ပြေးလာပြီး ရှောင်ချန်အတွက် အသားခေါင်းအုံးသဖွယ် မြေပြင်ပေါ်တွင် လှဲလျောင်းပေးလိုက်သည်။ ရှောင်ချန်က နာကျင်မှုကို မခံစားလိုက်ရသော်လည်း ရှောင်ချီ၏မျက်နှာလေးကတော့ ရှုံတွသွားသည်။ သို့သော် သူမ ချက်ချင်း ပြန်ထလိုက်ပြီး ရှောင်ချန်ကို ပွေ့ဖက်ပေးထားလိုက်သည်။
ရှောင်ချန် အဆင်ပြေသွားသည်ကို မြင်လိုက်ရသောကြောင့် စူးချင်းလည်း စိတ်သက်သာရာရသွားခဲ့သည်။ ရှောင်ချီက ရှောင်ချန်ကို ကာကွယ်ပေးနေသောကြောင့် သူ့အတွက် အန္တရာယ်မရှိတော့ပေ။ သူမ၏ မျက်လုံးများတွင် လူသတ်ချင်နေသည့် အရိပ်အယောင်များ ပြန်ပေါ်လာပြီး ယန်ရုရွှယ်ကို တစ်ခုခု လုပ်ချင်နေသည့် ဓားပြနှစ်ယောက်ကို ပြေးကန်လိုက်သည်။
စူးချင်း၏ လူသတ်ချင်စိတ်က နိုးကြားနေခဲ့ပြီး ထိုကန်ချက်၏အင်အားက ကျင်းတစ်ထောင် အလေးချိန်နှင့် ညီမျှသည်။ ဓားပြနှစ်ဦးက အရိုးများ ကျိုးသွားပြီး အရွတ်များ စုတ်ပြတ်သတ်သွားသည်အထိ ပြင်းထန်စွာ အကန်ခံလိုက်ရသည်။ သူတို့က ဆယ်ကျန်း(၁ကျန်း=၃ပေ)ကျော်ကျော်အထိ လွင့်ပျံသွားပြီးမှ မြေပြင်ပေါ်သို့ ပြန်ပြုတ်ကျလာကြသည်။ ပြုတ်ကျသွားသည်နှင့် တပြိုင်နက် သူတို့၏ပါးစပ်ထဲမှ သွေးများ ထွက်ကျလာပြီး အသိပျောက်သွားကြသည်။
ရှေးခေတ်မှ အမျိုးသမီးများ၏အတွက် သူမတို့သန့်ရှင်းမှုက အရေးကြီးဆုံး ဖြစ်သည်။ သူမ၏အမေကို ထိုဓားပြနှစ်ယောက် ပွေ့ဖက်ပြီးမှ သူမက သူမ၏အမေကို ကယ်တင်နိုင်ခဲ့လျှင် သူမ အမေ၏ခေါင်းမာသောစရိုက်အရာ ဤလောကတွင် ရှင်သန်နိုင်တော့မည် မဟုတ်ပေ။
စူးချင်းက သူမ အချိန်မီရောက်လာခဲ့သည့်အတွက် ဝမ်းသာနေမိသည်။ ထိုသို့မဟုတ်လျှင် ယနေ့တွင် ကြေကွဲစရာများ ဖြစ်လာပေလိမ့်မည်။
ယန်ရုရွှယ်က အိပ်မက်ဆိုးတစ်ခုမှ နိုးထလာပုံဖြင့် မျက်ရည်များစီးကျနေရင်း ရှောင်ချန်ဆီသို့ ပြေးသွားခဲ့သည်။ သူမက ရှောင်ချန်၏မျက်နှာအနှံ့ ပွတ်သပ်နေပြီး သူ့ကို မလွတ်တမ်း ဖက်ထားတော့သည်။
သီလရှင်များကို အနိုင်ကျင့်ရန် ကြိုးစားနေကြသည့် ခြံဝင်းအတွင်းရှိ အခြားဓားပြများက နတ်ဆိုးကို မြင်လိုက်ရသလို ခံစားလိုက်ရပြီး မကောင်းမှုကို မလုပ်ဝံ့တော့ဘဲ နံရံပေါ်သို့ ခုန်တက်ကာ ထွက်ပြေးရန် ပြင်ဆင်လိုက်ကြသည်။
စူးချင်းက သူတို့ကို မည်သို့မျှ လွတ်မြောက်ခွင့်ပေးမည် မဟုတ်ပေ။ သူမက မြေပြင်ပေါ်မှ ဓားတစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး ဓားပြများအားလုံးကို အကြင်နာမဲ့စွာ သတ်ပစ်လိုက်သည်။
သီလရှင်လေးများက သူမတို့၏စုတ်ပြတ်နေသော သင်္ကန်းများကို ကိုင်ထားပြီး ထိတ်လန့်တကြား ငိုနေကြသည်။
စူးချင်းက သူမတို့ကို ဂရုမစိုက်ပေ။ သူမက ဓားပြများ၏ အလောင်းများကို သီလရှင်ကျောင်းမှ ဆွဲထုတ်သွားပြီး သဲလွန်စများကို ဖျက်ဆီးရန် ရှောင်ချီထံသို့ လက်လွှဲပေးလိုက်သည်။
စူးချင်း သီလရှင်ကျောင်းထဲသို့ ပြန်ဝင်လာချိန်တွင် ယန်ရုရွှယ်က ရှောင်ချန်ကို ဆွဲခေါ်ကာ ကျေးဇူးတင်ရန် ရောက်ရှိလာခဲ့သည်။
“ကျေးဇူးရှင်ကြီး၊ ငါတို့ အမေနဲ့ သားနှစ်ယောက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ မင်းရဲ့ကျေးဇူးကို ဘယ်လိုမှ ပြန်ဆပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မရဲ့လေးစားမှုကို လက်ခံပေးပါ"
ထိုသို့ပြောပြီးနောက် ယန်ရုရွှယ်က သူမ၏သားကို ဆွဲခေါ်ကာ စူးချင်းရှေ့တွင် ဒူးထောက်ရန် ပြင်ဆင်လိုက်သည်။