ဖိတ်ကြားမထားတဲ့ ဧည့်သည်တွေ (အပိုင်း ၁)
Vol. 20 Ch. 286
ချိုးယုံခန်းက သူမ အကြောင်းမေးနေသည်ကို စူးချင်းက ကြားသွားပြီး သူမအခန်းထဲမှ ထွက်လာခဲ့သည်။ စူးချင်းကို တွေ့လိုက်ရချိန်တွင် ချိုးယုံခန်း၏မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွားခဲ့ပြီး သူက စီးပွားရေးဆန်ဆန်လေသံဖြင့် စကားစလိုက်သည်။
“အရင်က တူးခဲ့တဲ့ ကျောက်မီးသွေးတွေကို ရွာသူရွာသားတွေအတွက် ဝေငှပေးလိုက်ပြီ။ ငါတို့ နောက်ထပ် ကျောက်မီးသွေး ထပ်တူးရမလားလို့ မေးဖို့ ငါ ရောက်လာတာပါ”
ကျိရွှေရှန့်က သူ မသွားခင်တွင် အကြောင်းတစ်ခုခု ရှိလာပါက အရာအားလုံးကို စူးချင်းနှင့် ဆွေးနွေးနိုင်ကြောင်း ချိုးယုံခန်းကို မှာထားခဲ့သည်။ ထို့ကြောင့် စူးချင်း ပြန်လာကြောင်းကြားသည်နှင့် ချိုးယုံခန်းက သူမကို လာရှာခဲ့ခြင်း ဖြစ်သည်။
“အင်း၊ ရှင် ရောက်လာတာ အတော်ပဲ၊ ရှင် မရောက်လာခဲ့ရင်တောင် ကျွန်မ ရှင့်ကို လာရှာတော့မှာ။ ဒီတစ်ခါတော့ ကျောက်မီးသွေး များများ တူးမှ ဖြစ်မယ်၊ ရွာမှာ ရှိတဲ့ အလုပ်သမားတွေကို စုစည်းပြီး အစည်းအဝေး အရင်လုပ်ရမယ်။ ကျွန်မတို့က သူတို့ လုပ်နိုင်တဲ့အလုပ် အပေါ်မူတည်ပြီး လုပ်ခလစာ ပေးချေမယ်။ ကျွန်မတို့ဘက်နေ တစ်လတစ်ခါ ငွေထုတ်ပေးလို့ ရတယ်၊ တကယ်လို့ ငွေမယူဘဲ သိုးလိုချင်ရင်လည်း စာရင်းသွင်းထားလို့ ရတယ်”
အပြန်လမ်းတွင် စူးချင်းက ထိုကိစ္စများအားလုံးအတွက် တွေးထားပြီ ဖြစ်သည်။
ကျောက်မီးသွေး တစ်ခေါက်တူးဖို့ သုံးရက်လောက် အပြန်ပြန်အလှန်လှန် သွားလာနေရလိမ့်မယ်။ သူမမှာ အဲ့လိုအပြန်ပြန်အလှန်လှန်ခရီးတွေအတွက် ဖြုန်းဖို့ အချိန်မရှိဘူး။ ပြီးတော့ သူမက နေ့တိုင်း ကျောက်မီးသွေးတွေ ပြန်သယ်ချင်တယ်။ ကျောက်မီးသွေးတွေကို စဉ်ဆက်မပြတ် ထောက်ပံ့နိုင်ဖို့ စဉ်ဆက်မပြတ်တူးဖော်မှုနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဥ်တစ်ခုလည်း လိုအပ်နေသေးတယ်။
အဲ့လုပ်ငန်းစဥ်တွေအတွက် လူအင်အားအများကြီး လိုအပ်တယ်ဆိုပေမယ့် သူမတို့ဆီမှာ မချို့တဲ့တဲ့အရာက လူအင်အားပဲ။ အခုက နွေဦးစိုက်ပျိုးရာသီလည်း မဟုတ်သေးတော့ လူတိုင်း ပျင်းရိနေကြတယ်။ သူတို့လည်း သူတို့ရဲ့မိသားစုတွေကို ထောက်ပံ့ဖို့ ငွေနည်းနည်းရှာချင်နေမှာ သေချာတယ်။
အဲ့လိုမှ မဟုတ်ရင် ရွှေရှန့် ပေးထားတဲ့သိုးတွေက ရက်အနည်းငယ်အတွင်း ပျောက်ကွယ်သွားလိမ့်မယ်။ ဘယ်သူကမှ သူတို့ကို ဘာမှ မကျွေးမွေးဘဲ သူတို့ဘာသာ အသက်မွေးဝမ်းကြောင်း ပြုရမယ့်အချိန်ကို ရောက်နေပြီ။ ဒါက လူတွေကို စားဖို့ ငါးပေးတာထက် ငါးဖမ်းသင်ပေးတာက ပိုကောင်းတယ်ဆိုတဲ့ နိယာမပဲ။
“ကောင်းပြီလေ”
ချိုးယုံခန်းက စူးချင်းကို လေးစားသော မျက်လုံးများနှင့် ကြည့်နေခဲ့ပြီး ရွာရှိ သန်မာသောလူများကို စုရုံးစေပြီး အစည်းအဝေးပြုလုပ်ရန် ချက်ချင်း ထွက်သွားခဲ့သည်။
စူးချင်း၏အကြံပြုချက်ကို ကြားလိုက်ရချိန်တွင် ရွာလူကြီးချိုးပင် အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။
သူတို့ အိမ်ထောင်စုတွေ ပြန်ခွဲပြီးတဲ့နောက်မှာ ရွာသားတွေအနေနဲ့ ဝင်ငွေ မရှာနိုင်တော့မှာကို သူ စိုးရိမ်နေခဲ့တယ်။ အခု စူးချင်းက လူတိုင်း ငွေရှာနိုင်မယ့် အခွင့်အရေးတစ်ခုကို ပေးလိုက်ပြီ။ သူမက ထောင်ဟွားဝူက လူတွေကို ကယ်တင်ဖို့ ကောင်းကင်က နတ်ဘုရားတွေ စေလွှတ်လိုက်တဲ့ ကယ်တင်ရှင်ပဲ။
အစည်းအဝေးတွင်လည်း မည်သူကမျှ ကန့်ကွက်ခြင်း မရှိခဲ့ကြပေ။ လူတိုင်းက စိတ်အားထက်သန်စွာ စာရင်းသွင်းခဲ့ကြပြီး သူတို့၏ စိတ်အားထက်သန်မှုက မထင်မှတ်လောက်အောင် မြင့်မားနေခဲ့သည်။
စူးချင်းက သူတို့ကို အဖွဲ့သုံးဖွဲ့ ခွဲစေကာ တစ်လှည့်စီ လုပ်ကိုင်ရန် စီစဉ်ပေးခဲ့သည်။ ပထမအဖွဲ့ကို လီတာ့နျိုက ဦးဆောင်မည်ဖြစ်ကာ ဒုတိယအဖွဲ့ကို ကျုံးယုံက ဦးဆောင်ပြီး ကျန်အဖွဲ့ကို ကျန်းလောင်ချီက ဦးဆောင်မည် ဖြစ်သည်။ အဖွဲ့သုံးဖွဲ့လုံးက မိမိဘာသာ ကျောက်မီးသွေးတူးပြီး မိမိတို့ တူးထားသည့် ကျောက်မီးသွေးများကို ပြန်သယ်လာရမည် ဖြစ်သည်။
ကျောက်မီးသွေးတူးဖော်ခြင်းနှင့် သယ်ယူပို့ဆောင်ရေးတို့အတွက် စီစဉ်ပေးပြီးနောက်တွင် စူးချင်းက အရက်ချက်စက်ရုံကို စတင်တည်ဆောက်ခဲ့သည်။ သူမက ထိုကိစ္စအတွက်လည်း အလွန်ရှင်းလင်းပြတ်သားစွာ တွေးတောပြီး ဖြစ်သည်။ တာ့ထန်တွင် အရက်က တန်ဖိုးအရှိဆုံးဖြစ်ပြီး သူမက လက်ရှိ ရှိနေသည့် အစေ့အဆန်များဖြင့် အရက်ချက်ကာ တာ့ထန်သို့ မြင့်မားသောစျေးနှုန်းဖြင့် ရောင်းချမည်ဖြစ်ပြီး သိုးများနှင့်လည်း လဲလှယ်နိုင်မည် ဖြစ်သည်။
နှံစားပြောင်း၊ ပြောင်း သို့မဟုတ် ဆန်လုံးညို ကျင်းတစ်ရာက အရက်ဖြူ ၅၅ ကျင်းခန့် ရရှိနိုင်ပြီး ထိုအရက်ဖြူနှစ်ကျင်းကို သိုးတစ်ကောင်နှင့် လဲလှယ်နိုင်မည်။ အရက်ဖြူ ကျင်း ၅၀ ကို သိုး ၂၅ ကောင်နှင့် လဲလှယ်နိုင်ပြီး ထိုအရာက လူတိုင်း၏စားဝတ်နေရေး ပြသနာကို ဖြေရှင်းပေးနိုင်ပေလိမ့်မည်။
ဆန်ကောင်းတစ်ရှီက ဆန်ဆယ်ပုံးနှင့် ညီမျှပြီး ဆန်တစ်ပုံးက ဆယ်လီတာနှင့် ညီမျှသည်။ ဆန်တစ်လီတာလျှင် ၁.၂၅ ကျင်းခန့် ရှိပြီး ဆန်တစ်ပုံးလျှင် ၁၂.၅ ကျင်းရှိကာ ဆန်တစ်ရှီတွင် ၆၂.၅ ကျင်းရှိပြီး ဆန်ကောင်းတစ်ရှီမှ အနည်းဆုံး အရက်ဖြူ ၅၀ ကျင်းလောက်ထွက်နိုင်မည်ဟု မှန်းဆရသည်။
ဤနည်းဖြင့် ဆန်ကောင်းတစ်ရှီမှ ဆူဖြိုးသော သိုးနှစ်ဆယ့်ငါးကောင်မှ နှစ်ဆယ့်ခြောက်ကောင် ရအောင် လဲလှယ်နိုင်ပေလိမ့်မည်။
တာ့ထန်ရှိ သိုးဝဝကြီးများက အသားအထွက်နှုန်း မြင့်မားသည်။ သိုးတစ်ကောင်မှ သိုးသား ကျင်း ၃၀ ခန့် ရရှိနိုင်ပြီး ဆန်ကောင်းတစ်ရှီမှ သိုးသားကျင်းရေ ၇၅၀ခန့် ရနိုင်မည်ဟု ဆိုလိုသည်။
ဝက်၊ သိုးနှင့် ကြက်များကို အစာပြန်ကျွေးနိုင်သော အစေ့အဆန်အကြွင်းအကျန်များကို ထည့်မတွက်လျှင်ပင် အမြတ်အစွန်းက ကြီးမားလွန်းလှသည်။
အသားစားခြင်းက လူကို အာဟာရဖြစ်စေပြီး ယာဂုသောက်ရခြင်းထက် ပိုကောင်းသည်။ သို့မဟုတ်ပါက တာတန်လူမျိုးများက မည်သည့်အတွက် အရပ်ရှည်ပြီး သန်မာနေရသည်ကို တွေးရတော့မည် ဖြစ်သည်။
စူးချင်းက မိန်းကလေးများကို သူမနှင့် အရက်အတူချက်ရန် ခေါ်ချင်နေပြီး လူတိုင်းအတွက် နောက်ထပ် ဝင်ငွေများ ရရှိနိုင်ရန် တွေးထားပြီး ဖြစ်သည်။
မော့ချန်တွင် အိမ်အလွတ်များစွာရှိနေသေးသောကြောင့် အရက်ချက်စက်ရုံအတွက် နေရာများစွာ ရနိုင်သေးသည်။ စူးချင်းက သူမ မော့ချန် ရောက်ခါစက ခြံဝင်းကိုသာ ရွေးချယ်လိုက်သည်။
အစောပိုင်းတွင် ထိုနေရာ၌ ဒဏ်ရာရသူများ နေထိုင်ခဲ့ကြသည်။ ယခုအခါ ဒဏ်ရာရသူအများစုက ပြန်လည်ကောင်းမွန်သွားပြီး စခန်းသို့ ပြန်သွားကြပြီ ဖြစ်သောကြောင့် အိမ်က လွတ်နေလေသည်။
အရက်ချက်လုပ်ခြင်းအတွက် အဆင့်များမှာ ပထမအဆင့်- ပစ္စည်းများကို ရွေးချယ်ခြင်း၊ ဒုတိယအဆင့်- ပေါင်းခံခြင်း၊ တတိယအဆင့်- တဆေးထည့်ခြင်း၊ စတုတ္ထအဆင့်- အချဉ်ဖောက်ခြင်း(ကစော်ဖောက်ခြင်း)၊ ပဉ္စမအဆင့်- ရောစပ်ခြင်းနှင့် ဆဋ္ဌမအဆင့်- အရက်အဖြစ် စစ်ယူကာ သိမ်းဆည်းခြင်း ဖြစ်သည်။
စူးချင်းက သူမ ရွေးချယ်ထားသည့် ခြံဝင်းကို အလုပ်ရုံငါးခုအဖြစ် ပြောင်းလဲလိုက်သည်။ ပထမဆုံးအလုပ်ရုံကို အစေ့အဆန် သိုလှောင်ရန်နှင့် ပစ္စည်းများ ရွေးချယ်ရန် အသုံးပြုမည် ဖြစ်သည်။ ဒုတိယအလုပ်ရုံကို ပေါင်းခံရန်အတွက် အသုံးပြုမည်ဖြစ်ပြီး အိုးကြီးတစ်လုံးနှင့် ပေါင်းခံအိုးတို့လည်း လိုအပ်နေသေးသည်။ ထိုအရာများကို သူမကိုယ်တိုင် ပြုလုပ်ရမည် ဖြစ်သည်။
တတိယအလုပ်ရုံက တဆေးထည့်ရန်နှင့် အချဉ်ဖောက်ခြင်း လုပ်ငန်းစဥ်များအတွက် ဖြစ်ပြီး စတုတ္ထတစ်ခုက ရောစပ်ခြင်းနှင့် ပြန်စစ်ယူခြင်းတို့အတွက် အသုံးပြုမည် ဖြစ်သည်။ ပဉ္စမအလုပ်ရုံက ကုန်ချောအလုပ်ရုံနှင့် သိုလှောင်ရုံ ဖြစ်လာမည် ဖြစ်သည်။
မိန်းကလေးများက စူးချင်းနှင့် အလုပ်လုပ်နိုင်သရွေ့ ပျော်ရွှင်နေပြီ ဖြစ်ကာ သူမတို့ မည်မျှ ပင်ပန်းပါစေ သူမတို့က အလုပ်ကြိုးစားနေကြမည် ဖြစ်သည်။ စူးချင်းက အရက်ချင်နေကြောင်း သူမတို့ သိလိုက်ရချိန်တွင် သူမတို့အားလုံးက အလွန်စိတ်ဝင်စားနေကြပြီး ထိုအလုပ်ရုံတွင် အလုပ်လုပ်ရန် မျှော်လင့်နေခဲ့ကြသည်။
အိမ်ရှိအမျိုးသားများက ငွေရှာရန် ကျောက်မီးသွေးတွင်းသို့ သွားပြီး ကျောက်မီးသွေးတူးနေကြသောကြောင့် သူမတို့လည်း နောက်ကျကျန်နေလိုစိတ်မရှိကြပေ။ စူးချင်းရောက်လာကတည်းက ထိုမိန်းကလေးများက စူးချင်းထံမှ သိမ်မွေ့စွာ လွှမ်းမိုးခံခဲ့ကြရသည်။ အမျိုးသမီးများက အမျိုးသားများထက် မနိမ့်ကျဘူးဟု သူမတို့ ခံစားလာရသည်။
ယောက်ျားတွေ ငွေရှာနိုင်ရင် သူမတိ့လည်း အဲ့လိုပဲ ငွေရှာနိုင်တယ်။ သူတို့ စစ်တိုက်နိုင်ရင် သူမတို့လည်း စစ်မြေပြင်ကို သွားနိုင်တယ်။ တိုတိုပြောရရင်တော့ သူမတို့မှာ နောက်ကျကျန်နေချင်စိတ် လုံးဝ မရှိတော့ဘူး။
အရက်ချက်လုပ်ငန်းအတွက် သစ်သားစည် အများအပြား လိုအပ်သောကြောင့် စူးချင်းက မိန်းကလေးများကို သစ်ပင်ခုတ်ရန် ခေါ်သွားချင်နေခဲ့သည်။ သို့သော် မော့ချန်အနီးတွင် သက်တမ်းရင့်သစ်ပင်ကြီးများ မရှိသဖြင့် တောင်ဘက်သို့ သွားရမည် ဖြစ်သည်။ သစ်တောများဖြင့် ထူထပ်စွာ ဖုံးလွှမ်းနေသည့်နေရာမျိုးက လော့ချန်၏အနီးတစ်ဝိုက်တွင်သာ ရှိသည်။
စူးချင်းက သစ်ပင်များကို ခုတ်လှဲပြီး သစ်လုံးများ သယ်ယူမည်ဟု ကြားသောအခါ ချန်ယွိက သူမကို ကူညီရန် စစ်သည်တစ်ဒါဇင်ကို ထည့်ပေးလိုက်သည်။
ယခု မော့ချန်တွင် စစ်ပဲများ မရှိသောကြောင့် သူတိ့ထံတွင် ဘာမှ လုပ်စရာမရှိတော့ပေ။ သူတို့က အလုပ်မလုပ်ပဲ အလကား စားနေရန် မဖြစ်နိုင်ဘဲ မော့ချန်၏ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ကူညီရမည် ဖြစ်သည်။
သူတို့ထံမှ အကူအညီ ရလိုက်သောကြောင့် စူးချင်းက မိန်းကလေးများကို ခေါ်သွားရန် မလိုအပ်တော့ပေ။ အမျိုးသားများ သစ်ပင် သွားခုတ်ချိန်တွင် စူးချင်းနှင့် မိန်းကလေးများက ပေါင်းခံအလုပ်ရန်အတွက် မီးဖိုများ စတင်တည်ဆောက်နေကြသည်။ သူမတို့က နေ့စဉ် နံနက်မှ ညအထိ အလုပ်လုပ်နေကြပြီး အလွန်စိတ်အားထက်သန်နေကြသည်။
အရက်ချက်လုပ်ငန်းအတွက် စက်ကိရိယာများစွာ လိုအပ်သော်လည်း ယခုအခါ သစ်သားကိုသာ အသုံးပြုနိုင်သေးသည်။ ထိုခေတ်ဟောင်းပစ္စည်းများက အဆင့်အတန်းနိမ့်သော်လည်း အရက်၏ပြင်းအားနှင့် မွှေးရနံ့ကို ပို၍ ကောင်းမွန်စေသည့် အားသာချက်များ ရှိနေဆဲပင်။
ပေါင်းခံအလုပ်ရုံအပြင် ကစော်ဖောက်ရန်အတွက်လည်း မြေအောက်ခန်းတူးရသေးသည်။ စူးချင်းက မိန်းကလေးများကို မြေအောက်ခန်းတူးရန် ဦးဆောင်ခဲ့ပြီး ချန်ယွိကလည်း ကူညီရန် လူများ ပြန်စေလွှတ်ပေးခဲ့သေးသည်။
အဆောက်အဦးကလည်း မကြီးသောကြောင့် ပြန်ဆောက်ရန် လိုအပ်နေသေးသည်။ ထိုအချိန်တွင် ချန်ယွိတစ်ယောက် အိမ်ကူဆောက်ရန် ကိုယ်တိုင် ရောက်လာခဲ့သည်။ လူတိုင်း အတူတူ အလုပ်လုပ်နေကြပြီး သူတို့၏စိတ်အားထက်သန်မှုက မထင်မှတ်လောက်အောင် မြင့်မားနေခဲ့သည်။
အလုပ်ပြီးတိုင်း စူးချင်းက သိုးဝဝတစ်ကောင် ဖမ်းကာ လူတိုင်းကို ဆုချရန် ကင်ပေးခဲ့သည်။ ချန်ယွိကတော့ သူမအတွက် စိတ်ပူနေခဲ့သေးသည်။
စုစုပေါင်း သိုးက နှစ်ဆယ်တစ်ကောင်ပဲ ရှိတော့တာလေ။ ဒီအတိုင်း ဆက်စားရင် ခဏလေးနဲ့ကုန်သွားမှာ မဟုတ်ဘူးလား?
နောက်သုံးရက်အကြာတွင် ပထမအသုတ် ကျောက်မီးသွေးများ ရောက်ရှိလာခဲ့သည်။ ကျုံးယုံနှင့်အဖွဲ့က ဤကျောက်မီးသွေးအသုတ် တူးဖော်ခြင်းနှင့် သယ်ယူပို့ဆောင်ရေးတွင် တာဝန်ရှိ သူများဖြစ်သည်။ သူတို့က ကျောက်မီးသွေးများကို ဘေးကင်းစွာ ပြန်သယ်လာနိုင်ရန် နေ့ရောညပါ အလုပ်လုပ်ခဲ့ကြသည်။ ကျုံးယုံက ရိုးရှင်းသောစိတ်ထားရှိသော်လည်း အမိန့်နာခံတက်ပြီး စူးချင်း၏ညွှန်ကြားချက်များကို တိကျစွာလိုက်နာတတ်သူ ဖြစ်သည်။
စူးချင်းက ကျုံးယုံနှင့် အခြားလူများကို နှစ်ပြည်ထောင်၏နယ်စပ်သို့ ခေါ်ဆောင်သွားခဲ့ပြီး ကုန်သွယ်မှုပြုလုပ်ရန် တတိယမင်းသား၏လူများကို စောင့်ဆိုင်းနေခဲ့သည်။ ဤရက်အနည်းငယ်တွင် သူမက ရှောင်ချီကို ဆေးကပ်ခွာ(ဒူးနာ၊ခါးနာကပ်သည့်ဆေးပလာစတာ)အခုတစ်ရာ ပြုလုပ်ပေးရန် တောင်းဆိုခဲ့ပြီး ယခုတစ်ကြိမ် ထိုအရာများကို တတိယမင်းသား၏လူများထံ လွှဲပြောင်းပေးမည် ဖြစ်သည်။
စူးချင်းက ကျောက်မီးသွေးများ လှည်းဖြင့် နယ်စပ်သို့ အပြေးအလွှား သွားခဲ့ပြီး တတိယမင်းသား၏လူများ ရောက်လာရန် သိပ်မစောင့်လိုက်ရပေ။ သူတို့ထံတွင် သားရေလှည်းဆယ်စီးစာ ပါလာခဲ့သည်။
သို့သော်လည်း ဤအချိန်တွင် ယဲ့လွီချွမ်း ရောက်လာမည်ဟု စူးချင်း မမျှော်လင့်ထားခဲ့ပေ။
"ပြဿနာတွေ ပြေလည်သွားပြီလား?"
စူးချင်းက သူတို့ချင်း နားလည်နိုင်သည့် ဘာသာစကားဖြင့် ယဲ့လွီချွမ်းကို မေးလိုက်သည်။
"အင်း ပြေလည်သွားပြီ"
ယဲ့လွီချွမ်း၏မျက်နှာက ရွှင်မြူးနေပြီး သူ့မျက်လုံးများက ရည်မှန်းချက်များဖြင့် တောက်ပနေလေသည်။
"အဲဒါ ကောင်းတယ်၊ ဒီတစ်ခေါက် ရှင် ပြန်ယူသွားပြီး ရောင်းချနိုင်ဖို့ ဆေးကပ်ခွာအချပ်တစ်ရာ ပါလာတယ်။ နောက်တစ်ခေါက်လာရင် ထပ်ယူလာပေးမယ်။ ဒီဆေးဗူးကတော့ ရှင့်အမေအတွက်နော်။ ဒီတစ်ခေါက် ကျွန်မမှာ ရှင့်အမေကို အပ်စိုက်ကုသပေးဖို့ အချိန်မရှိသေးဘူး”
စူးချင်းက ဆေးကပ်ခွာများနှင့် ဘရိုကိတ်သေတ္တာတစ်ဘူးကို ယဲ့လွီချွမ်းအား ပေးလိုက်ပြီး တောင်းပန်စကား ဆိုလိုက်သည်။
“ရေရှည်လုပ်ငန်းမှာ လက်ငင်းပေးချေတာနဲ့ အကြွေးတွေလည်း ရှိနိုင်တယ်။ အဲ့တာကြောင့် စာရင်းတွေ အားလုံးကို သိမ်းဆည်းထားပြီး လကုန်တိုင်း စာရင်းတွေ ပြန်စစ်ဆေးသင့်တယ်”
အနာဂတ်တွင် သူမတို့၏လုပ်ငန်းက ပိုကြီးလာမည်ဖြစ်ပြီး စူးချင်းက စိတ်ရှုပ်မခံချင်ပေ။ အကြိမ်တိုင်း အကြွေးကျန်နေလျှင် အချိန်အတော်ကြာပြီးနောက် တစ်ယောက်ယောက်က ၎င်းကို မေ့သွားပါက ပဋိပက္ခများ အလွယ်တကူ ဖြစ်လာစေလိမ့်သည်။
“သခင်မလေးစူးက အရမ်း စဉ်းစားတက်တယ်။ အဲ့အစီအစဥ်က အရမ်းကောင်းတယ်”
ယဲ့လွီချွမ်းက ထိုအကြံအစည်ကို သဘောတူလိုက်ပြီး စူးချင်း၏တွေးခေါ်တက်မှုအတွက် ချီးကျူးနေခဲ့သည်။ သူက ထိုဉာဏ်ရည်ထက်မြက်သော အမျိုးသမီးကို ရိုးသားစွာ သဘောကျနေခြင်း ဖြစ်သည်။
စူးချင်းက သိုးသားရေများနှင့် သိုးများကို မော့ချန်သို့ ပြန်ယူလာခဲ့သည်။ မော့ချန်တွင် မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တစ်ယောက် ရောက်နေမည်ဟုတော့ သူမ မမျှော်လင့်ထားခဲ့ပေ။