ဖိတ်ကြားမထားတဲ့ ဧည့်သည်တွေ (အပိုင်း ၂)
Vol. 20 Ch. 287
စူးချင်းက သူမ၏လူများအတူ မော့ချန်သို့ အပြေးအလွှား ပြန်လာခဲ့ပြီး မြို့တံခါးသို့ ရောက်သည်နှင့် တစ်ခုခု မှားနေပြီကြောင်း ချက်ချင်း သိသွားခဲ့သည်။ ယခင်က မြို့တံခါးကို အမြဲတမ်း ပိတ်ထားတက်သော်လည်း ယနေ့တွင် ဖွင့်လှစ်ထားခဲ့သည်။
ကံကောင်းထောက်မစွာ မြို့ကိုစောင့်ကြပ်နေသည့် မြို့စောင့်တပ်သားများက ချန်ယွိ၏အဖွဲ့မှ လူများ ဖြစ်နေဆဲဖြစ်သည်။ စူးချင်း ပြန်ရောက်လာသည်ကို မြင်လိုက်ချိန်တွင် ခေါင်းဆောင်ငယ်တစ်ယောက်က စူးချင်းဆီသို့ ချက်ချင်း ရောက်လာပြီး သူမကို တီးတိုးပြောဆိုနေလေသည်။
“သခင်မလေးစူး၊ နန်းတွင်းက တစ်ယောက်ယောက် ရောက်လာတယ်။ မြို့စောင့်တပ်မှူးချန်က သခင်မလေးကို အစိုးရရုံးတော်ကို ပြန်မလာဖို့ ပြောခိုင်းလိုက်ပါတယ်၊ ကျွန်တော်တို့ သခင်မလေး နေဖို့ နောက်ထပ် တစ်နေရာ ရှာပေးထားပြီးပါပြီ။ အိမ်ကိုလည်း ခိုင်ခံအောင် ပြန်ပြင်ထားပြီး သန့်ရှင်းရေးလည်း လုပ်နေပါပြီ”
စူးချင်းက ထိုခေါင်းဆောင်ငယ်ကို မှတ်မိနေပြီး သူက ချန်ယွိ၏ ယုံကြည်ရသော လက်ထောက်ဖြစ်သည်။ ချန်ယွိက သူမကို စောင့်ဆိုင်းရန် သူ့ကို ထိုနေရာတွင် တာဝန်ချထားခဲ့ပုံရသည်။
“အင်း”
စူးချင်းက ခေါင်းညိတ်သည်။ သူမတို့အဖွဲ့တွင် ကုန်စည်များ ပါလာခဲ့ပြီး မျက်စိကျစရာ ဖြစ်နေသောကြေင့် မြို့ထဲသို့ ပေါ်ပေါ်ထင်ထင် ဝင်မသွားသင့်တော့ပေ။ ထိုခေါင်းဆောင်ငယ်က သူမတို့ကို လမ်းကြားတစ်ခုမှ ခေါ်ဆောင်သွားခဲ့ပြီး နောက်ဆုံးတွင် သီးသန့်ခြံဝင်းတစ်ခုဆီသို့ ရောက်လာခဲ့သည်။
ထိုခြံဝင်းထဲမှ အိမ်ခန်းများကို ရွှံ့ဖြင့် ဆောက်ထားပြီး အလွန်နိမ့်သော အဆောက်အဦးသေးသေးလေးများ ဖြစ်သည်။ မြင့်မားကြီး ကြီးကျယ်ခမ်းနားသော အစိုးရရုံးတော်နှင့် မယှဥ်နိုင်အောင် ကွာခြားနေခဲ့သည်။
ခြံဝင်းထဲတွင် သန့်ရှင်းရေးလုပ်နေသည့် စစ်သည်များ ရှိနေဆဲဖြစ်သည်။ သူတို့က ပြတင်းပေါက်များကို ပြတင်းပေါက်စက္ကူဖြင့် ပြန်ကပ်ထားပြီးဖြစ်ကာ ခြံဝင်းကိုလည်း သန့်ရှင်းရေး လုပ်နေကြသည်။
စူးချင်းက ကျုံးယုံကို ခြံဝင်းထဲအထိ လှည်းများ ဆွဲလာခိုင်းလိုက်ပြီး မြင်းများကို ချည်ထားခိုင်းလိုက်သည်။ လူများလေလေ ဆူညံလေလေဖြစ်သောကြောင့် အိမ်ထဲတွင် သန့်ရှင်းရေးရန် လုပ်ရန် အလုပ်များလုပ်နေသည့် ကျိရှောင်ယင်နှင့် အမျိုးသမီးလီတို့က အသံများကို ကြားသွားပြီး အမြန်ပြေးထွက်လာကြသည်။ စူးချင်းကို တွေ့လိုက်သည်နှင့် ကျိရှောင်ယင်က သူမ၏ကျောထောက်နောက်ခံကို တွေ့သွားပုံဖြင့် စူးချင်းကို ဆွဲခေါ်ကာ သူမတို့ မည်သို့နှင်ထုတ်ခံခဲ့ရပုံကို ပြောပြနေခဲ့သည်။
“အစ်မစူးချင်း၊ တော်ဝင်ရုံးတော်က လူတစ်ယောက် ရောက်လာတယ်။ အဲ့တာကြောင့် ဦးလေးချန်က ကျွန်မတို့ကို ဒီမှာ နေဖို့ စီစဉ်ပေးထားတယ်။ အဲ့အရာရှိက အရမ်းရက်စက်တယ်လို့ ကျွန်မ ကြားခဲ့သေးတယ်!”
“အင်း”
စူးချင်းက ရယ်မောလိုက်သော်လည်း အနည်းငယ် မျက်မှောင်ကြုတ်နေသေးသည်။
ဒီလူက နောက်ဆုံးအကြိမ် သူမ ခြောက်လွှတ်လိုက်တဲ့ စီရင်စုအမတ်လား?
အဲ့စီရင်စုအမတ်သာဆိုရင်တော့ သေရမှာကို မကြောက်လို့ ရောက်လာတာပဲ။
"စူးချင်း၊ မင်း ကောင်းကောင်းအနားယူသင့်တယ်။ ရှောင်ယင်နဲ့ ငါ အရှေ့ဘက်အခန်းကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဆင်ထားပြီးပြီ။ ဒီမှာ နေရတာလည်း တော်တော်ကောင်းပါတယ်၊ ရုံးတော်ထက် ပိုအဆင်ပြေတယ်”
အမျိုးသမီးလီက စူးချင်း ထိုအရာရှိနှင့် စာရင်းသွားရှင်းမည်ကို စိုးရိမ်နေသောကြောင့် သူမ အမြန်ဝင်ပြီး အနားယူရန် အကြံပေးလိုက်သည်။
"မွေးစားအမေ၊ ကျွန်မ လုပ်စရာ ရှိသေးတယ်"
စူးချင်းက အမှန်တကယ် အစိုးရရုံးတော်ကို သွားချင်နေသော်လည်း ပြသနာ ရှာရန်တော့ မဟုတ်ပေ။ အစိုးရရုံးတော်က မူလကတည်းက စီရင်စုအမတ်မင်းနေထိုင်ရသည့် နေရာဖြစ်သည်။ သူမတို့က ခတ္တငှားယမ်းနေထိုင်နေခြင်း ဖြစ်ကာ ပိုင်ရှင် ပြန်ရောက်လာလျှင် ပြန်ပေးရမည် ဖြစ်သည်။ သို့သော်လည်း ထိုလူက မည်သူဆိုသည်ကို သူမ သိချင်နေသေးသည်။
သူက ဒီကို ဘာလာလုပ်တာလဲ? သူ့ရဲ့စိတ်ထားကရော ဘယ်လိုမျိုးလဲ? အနာဂတ်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လက်တွဲနိုင်ပါ့မလား?
“စူးချင်း၊ သာမာန်လူတွေက အရာရှိတွေနဲ့ ရင်မဆိုင်သင့်ဘူး။ အခု လမ်းပေါ်ထွက်ရမယ့်အချိန် မဟုတ်သေးဘူး”
အမျိုးသမီးလီက စူးချင်း၏ ပင်ကိုယ်စရိုက်ကို နားလည်နေပြီး သူမလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ တားမြစ်နေခဲ့သည်။
“မွေးစားအမေ၊ ကျွန်မ သွားကြည့်ရုံပါပဲ”
စူးချင်းတစ်ယောက် ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။ သူမက မွေးစားအမေရဲ့မျက်လုံးထဲတွင် မဆင်မခြင် လုပ်တက်တဲ့သူ ဖြစ်နေပြီလား? ဒါမှမဟုတ် သူမက မြင်တဲ့သူတိုင်းကို သတ်ပစ်လိမ့်မယ်လို့ မွေးစားအမေက ထင်နေတာလား?
"အင်း၊ ဟုတ်ပြီ၊ အဲ့ဒါဆို မင်း ကြည့်ရုံပဲ ကြည့်ရမယ်နော်!"
အမျိုးသမီးလီက စိုးရိမ်နေဆဲဖြစ်ပြီး စူးချင်းကို ထပ်ခါတလဲလဲ သတိပေးနေသေးသည်။ ထိုစကားများက စူးချင်းအတွက် ပထမဆုံးအကြိမ်အဖြစ် စိတ်အနှောက်အယှက် မဖြစ်လာခဲ့သော စကားများ ဖြစ်သည်။ ထိုအစား အကြီးအကဲတစ်ယောက်က သူမကို ဂရုစိုက်ပေးနေသည့်အတွက် နွေးထွေးမှုကို သူမ ခံစားနေရသည်။
ကျိရှောင်ယင်ကတော့ စူးချင်းနှင့် အများကြီး ရင်ဆိုင်ဖြတ်သန်းခဲ့ရသောကြောင့် ရဲရင့်နေပြီ ဖြစ်သည်။ သူမက သူမ၏မွေးစားအမေလောက် စိတ်မပူတော့ပေ။ သူမက စူးချင်းကို အပြုံးဖြင့် လှမ်းပြောလိုက်သည်။
“အစ်မစူးချင်း စောစောပြန်လာနော်။ ကျွန်မ အစ်မအတွက် အရသာရှိတာလေးတွေ လုပ်ပေးမယ်"
“ကောင်းပါပြီ”
စူးချင်းက ကျိရှောင်ယင်၏စကားကို သဘောတူလိုက်ပြီး ခေါင်းညိတ်ပြကာ တံခါးအပြင်သို့ လှည့်ထွက်လာခဲ့သည်။ ကျုံးယုံက လှည်းပေါ်မှ ပစ္စည်းများကို အောက်သို့ ချပြီးနေပြီ ဖြစ်ကာ စူးချင်းနောက်မှ လိုက်သွားရန် ပြင်နေခဲ့သည်။ သို့သော် စူးချင်းက သူ့ကို လိုက်ခွင့်မပြုမည်စိုးရိမ်သောကြောင့် အသံမထွက်ရဲဘဲ နောက်မှ တိတ်တဆိတ် လိုက်သွားခဲ့သည်။
စူးချင်းက တံခါးမှ ထွက်သွားပြီး နောက်သို့ပင် ပြန်မလှည့်ဘဲ ကျုံးယုံကို အမိန့်ပေးလိုက်သည်။
“မွေးစားအမေကို ကာကွယ်ဖို့ နေခဲ့၊ ငါ့နောက်ကို လိုက်မလာနဲ့"
အား... ဆရာက သူလိုက်လာတာကို သိသွားပြီ။
ကျုံးယုံက စူးချင်းကို အလွန်ကြောက်သူ ဖြစ်ပြီး သူမနောက်သို့ မလိုက်ရဲတော့ဘဲ ခြံဝင်းထဲတွင် ရပ်ကျန်နေခဲ့သည်။ အမျိုးသမီးလီက သူမသား ဒုက္ခပေးမည်ကို စိုးရိမ်သောကြောင့် သူ့ကို အိမ်ထဲ ဆွဲခေါ်သွားခဲ့သည်။
စူးချင်းက ခြံဝင်းငယ်လေးထဲမှ ထွက်လာခဲ့သော်လည်း အစိုးရရုံးတော်သို့ အလျင်စလို မသွားခဲ့ပေ။ သူမက အစိုးရရုံးတော်ထဲသို့ ဝင်ရောက်ရန် မြို့စောင့်တပ်သားအဖြစ် ရုပ်ဖျက်ရန် တွေးလိုက်မိသည်။ ထို့ကြောင့် စစ်ဝတ်စုံတစ်စုံ ရှာဖွေရန် သူမကို ကူညီပေးခဲ့သည့် ခေါင်းဆောင်ငယ်ကို သွားရှာလိုက်သည်။
ထိုခေါင်းဆောင်ငယ်ကလည်း အကျပ်ရိုက်နေခဲ့သည်။ မြို့စောင့်တပ်များက အရပ်ရှည်ပြီး သန်မာကြသော်လည်း စူးချင်းက လှပပြီး သိမ်မွေ့သည်။ သူမ ထိုစစ်ဝတ်စုံကို ၀တ်ဆင်လိုက်လျင် သူမက လူကြီးအဝတ်အစားများကို ယူ၀တ်သည့် ကလေးတစ်ယောက်နှင့် တူနေပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် သိသိသာသာ ထင်ပေါ်နေလိမ့်မည်။
"ထားလိုက်ပါတော့၊ ကျွန်မဘာသာ နည်းလမ်း ရှာလိုက်မယ်"
ထိုခေါင်းဆောင်ငယ်၏ စိုးရိမ်ပူပန်နေသည့်အကြည့်ကို မြင်လိုက်ရသောကြောင့် စူးချင်းက သူမ၏လက်ကို မြှောက်လိုက်ပြီး သူ့ကို ဟန့်တားလိုက်သည်။
တကယ်လို့ သူမ စစ်သည်တစ်ယောက်လို ဟန်မဆောင်နိုင်ရင်တောင် စားဖိုဆောင်ကလူအဖြစ် အသွင်ပြောင်းနိုင်သေးတယ်။ အနည်းဆုံးတော့ သူမ အစည်းအဝေးခန်းမထဲကို လက်ဖက်ရည် သွားပို့ရင်း သူတို့ပြောတာကို နားထောင်နိုင်လိမ့်မယ်။
အစိုးရရုံးတောာ်၏အနောက်ဘက်တွင် မီးဖိုချောင်ရှိပြီး ထိုနေရာတွင် စားဖိုဆောင်မှ အစေခံများ၏အဝတ်အစားများ ရှိနေသည်။ စူးချင်းက နံရံကို ကျော်တက်ပြီး ထိုနေရာသို့ ဝင်ရောက်သွားခဲ့သည်။ ထိုအနောက်ဘက်တွင် သိုးများ ရှိနေပြီး သူမ နံရံပေါ်မှ ခုန်ဆင်းလာသည်ကို မြင်လိုက်သော သိုးများက သူတို့ စားနေသည့် မြက်များကို ကာကွယ်ရန် သူမကို မကျေမနပ် အော်လိုက်ကြသည်။
စူးချင်းက သူတို့ကို ဂရုစိုက်ရန် အချိန်မရှိဘဲ မီးဖိုချောင်ထဲသို့ တည့်တည့်ဝင်သွားပြီး စားဖိုဆောင်ဝတ်စုံကို ပြောင်းလဲဝတ်ဆင်လိုက်သည်။ သူမ အဝတ်လဲပြီးချိန်တွင် စစ်သည်တစ်ယောက် ရောက်လာခဲ့သည်။
ထိုစစ်သည်က မော့ချန်မှ စစ်သည်မဟုတ်ပေ။ သူက စစ်ဝတ်စုံအသစ်နှင့် ချည်သားဖိနပ်ကို ၀တ်ဆင်ထားသည်။ မီးဖိုချောင်ထဲမှ စူးချင်းကို တွေ့လိုက်ချိန်တွင် သူက မောက်မောက်မာမာ မေးလာခဲ့သည်။
"မင်းက စားဖိုမှူးလား?"
“ဟုတ်ကဲ့”
စူးချင်းက မဝံ့မရဲဖြစ်နေဟန်ဖြင့် ပြန်ဖြေလိုက်သည်။ ယခုအချိန်တွင် သူမက အသက်သုံးဆယ်ကျော် အမျိုးသမီးတစ်ယောက်နှင့် ဆင်တူနေပြီး သူမ၏ဆံပင်ကို ပုဝါစဖြင့် ရစ်ပတ်ထားသည်။ သူမ၏မျက်နှာက နူးညံ့ပျော့ပျောင်းနေပြီး အမူအရာကလည်း ကြောက်ရွံ့အားနည်းနေပုံရသည်။ ထို့ကြောင့် ထိုစစ်သည်၏အမြင်တွင် စားဖိုမှူးတစ်ယောက်ဖြစ်ရန် အလွန်သင့်တော်နေလေသည်။
"ရေတွေကျိုပြီး လက်ဖက်ရည် ပြင်ဆင်ပေး၊ ပြီးရင် ရုံးတော်ရဲ့အစည်းအဝေးခန်းမကို လာပို့"
ထိုစစ်သည်က စူးချင်းကို ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည်။ ထိုအရာက စူးချင်း လိုချင်နေသည့်အရာ ဖြစ်ပြီး အစကတည်းက စူးချင်းက အခြေအနေကို စုံစမ်းရန် လက်ဖက်ရည် သွားပို့မည်ဟု တွေးထားပြီး ဖြစ်သည်။
“ဟုတ်ကဲ့”
စူးချင်းက ဝမ်းသာအားရ သဘောတူလိုက်ပြီး ရေနွေးကျိုရန် မီးမွှေးလိုက်သည်။ သူမက လက်ဖက်ရည်ကို ဟန်ဆောင် ရှာဖွေပြီးမှ အရာရှိမင်းအတွက် လက်ဖက်ရည်ကြမ်း ပြင်ဆင်လိုက်သည်။ သေချာသည်က သူမက သူတို့အတွက် လက်ဖက်ရွက်ကောင်းကို ပေးမည် မဟုတ်ပေ။
စူးချင်းက လက်ဖက်ရည်ဖျော်ပြီး အစည်းအဝေးခန်းမသို့ ယူဆောင်လာခဲ့သည်။ ခြံဝင်းထဲတွင် တာ့ရှားပြည်ထောင်၏ အဆင်တန်ဆာကို ဆင်ယင်ပေးထားသည့် စစ်မြင်းများနှင့် စစ်သည်ပေါင်းဒါဇင်ပေါင်းများစွာကို သူမ တွေ့လိုက်ရသည်။ တံခါးစောင့်တပ်သားများကလည်း ပြောင်းလဲသွားပြီ ဖြစ်ကာ ချန်ယွိ၏လက်အောက်ခံများ မဟုတ်တော့ပေ။
"ငါ့ကို ပေး!"
စူးချင်းက လက်ဖက်ရည်ကို လာပို့ပေးသည်ကို တွေ့လိုက်ချိန်တွင် သူမကို လက်ဖက်ရည် လာပို့ခိုင်းလိုက်သည့် စစ်သည်က ထိုလက်ဖက်ရည်ဗန်းကို လှမ်းယူလိုက်သည်။ သူက စူးချင်းကို အထဲ၀င်ခွင့်မပေးဘဲ သူမကို စိတ်မရှည်စွာ ပြန်နှင်ထုတ်လိုက်သည်။
"မင်း ထွက်သွားလို့ ရပြီ!"
“ဟုတ်ကဲ့”
စူးချင်းက အလွန်နုံအသလို ပြုမူနေပြီး နောက်ပြန်မလှည့်ဘဲ ထွက်ခွာသွားခဲ့သည်။ ထိုစစ်သည်က ဘာကိုမှ မသင်္ကာမဖြစ်ဘဲ လက်ဖက်ရည်ဗန်းကို ကိုင်ပြီး အစည်းအဝေးခန်းမထဲသို့ ဝင်သွားခဲ့သည်။
သူမ အထဲ မဝင်နိုင်သောကြောင့် စူးချင်းက အခြားနည်းလမ်းတစ်ခုကို စတင် တွေးတောနေခဲ့သည်။ သို့သော်လည်း ထိုစစ်သည် တံခါး တွန်းဖွင့်လိုက်ချိန်တွင် စူးချင်းက အခန်းထဲမှ စားပွဲရိုက်သံနှင့် လူတစ်ယောက်၏ဒေါသသံတစ်သံ ထွက်လာသည်ကို ကြားလိုက်ရသည်။
"ချန်ယွိ၊ မင်းက တာဝန်ကို ရှောင်ရှားနေပြီး ဝမ်လူကြီမင်းကိုတောင် မင်းမျက်လုံးထဲ မထည့်တော့ဘူးပေါ့"
စူးချင်းက မျက်မှောင်ကြုတ်လိုက်သည်။
ဝမ်လူကြီးမင်း??? ဒါ ဝမ်မိသားစုစစ်တပ်က မဟုတ်ဘူးလား?
သူမက ပိုနားထောင်ချင်နေသေးသော်လည်း စစ်သည်တစ်ယောက်က သူမကို နှင်ထုတ်ရန် ရောက်လာခဲ့သည်။
“သွား၊ သွား။ မြန်မြန် ထွက်သွားစမ်း"
စူးချင်းက သူ့ကို တစ်ချက်အကဲခတ်လိုက်သည်။
ဒီစစ်သည်တွေက သူမ မြင်ဖူးတဲ့ ဝမ်မိသားစုစစ်တပ်က စစ်သည်တွေနဲ့ မတူဘူး။ သူတို့မှာ အဲဒီလို ရောင်ဝါတွေ မရှိခဲ့ဘူး။ သူတို့က မြို့တော်က စစ်သည်တွေ ဖြစ်ဖို့ များတယ်။
စူးချင်းက ကြောက်ရွံ့ဟန်ဆောင်ကာ သူမ၏ခေါင်းကို ငုံ့ထားပြီး အိမ်နောက်ဖေးသို့ ပြန်လျှောက်လာခဲ့သည်။ သို့သော် သူမက တမင်တကာ ခပ်နှေးနှေး လျှောက်နေသောကြောင့် အခန်းထဲမှ လူ၏အော်သံကို ထပ်ကြားလိုက်ရသည်။ သူမ အခန်းထဲသို့ မဝင်နိုင်လျှင်ပင် အော်သံများကို ကြားနေရဆဲဖြစ်သည်။
"ချန်ယွိ၊ မင်း ဘာတွေ တွေးနေလဲ ငါ မသိဘူးလို့ မထင်နဲ့၊ ရှောင်းဟမ် ကွယ်လွန်သွားတာ ဆယ်နှစ်ကျော်နေပြီ။ သူ့ကို တမ်းတနေတာက မင်းအတွက် အသုံးမဝင်တော့ဘူး။ ဝမ်လူကြီးမင်းဆီမှာ အညံ့ခံလိုက်ဖို့ မင်းကို ငါ အကြံပေးတယ်၊ ဝမ်လူကြီးမင်းရဲ့ နောက်ကို လိုက်တာက မင်းအတွက် ချမ်းသာမှုနဲ့ အသက်ကို အာမခံပေးနိုင် လိမ့်မယ်။ မင်း ဆက်ပြီး ခေါင်းမာနေမယ်ဆိုရင် နောက်ဆက်တွဲဆိုးကျိုးက မင်းရဲ့ခေါင်းကို ဆုံးရှုံးလိုက်ရရုံလောက်ပဲ ရိုးရှင်းမှာ မဟုတ်ဘူးဆိုတာ မင်း သိထားရမယ်”
စူးချင်း၏ နှုတ်ခမ်းများက အေးစက်သည့်အမူအရာ အထင်အရှား ပေါ်လာအောင် တွန့်ကွေးသွားခဲ့သည်။
ဒီလူက ချန်ယွိကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတာလား?
သူက ချန်ယွိကို ဘာလုပ်စေချင်တာလဲ?
"အကြီးအကဲကျူး၊ ကျုပ်က တာဝန်ကို ရှောင်လွှဲဖို့ ကြိုးစားနေတာ မဟုတ်ဘူး၊ ဒါပေမယ့် ဒီလူသတ်လက်နက်ကြီးကို ဘယ်လိုဖန်တီးခဲ့လဲဆိုတာ ကျုပ် မသိဘူး။ မြို့ကို ကာကွယ်ဖို့ ကူညီပေးတဲ့လူတွေလည်း ထွက်သွားကြပြီ။ ကျုပ်က သူတို့က ဆက်ကူညီစေချင်ပေမယ့် သူတို့ ထွက်သွားတာတော့ ကျုပ်လည်း မတတ်နိုင်ဘူး”
ထိုအချိန်တွင် စူးချင်း၏မျက်လုံးများပါ အေးစက်သွားပြီ ဖြစ်သည်။
ဒီတော့ သူတို့က ဖောက်ခွဲရေးကိရိယာအတွက် ဒီကို ရောက်လာခဲ့ကြတာပေါ့။
အခု သူမတို့ ဒီကို ရောက်နေတာ လဝက်ကျော်ပဲ ရှိသေးတယ်။ အဲ့တာကို ဝန်ကြီးချုပ်ဝမ်က စာတစ်စောင်လက်ခံရရှိပြီး ဖောက်ခွဲရေးပစ္စည်း ထုတ်လုပ်တဲ့ နည်းလမ်းကို တောင်းဖို့ လူတစ်ယောက် လွှတ်လိုက်ပြီ၊ ဆိုတော့ မော့ချန်မှာ ဝန်ကြီးချုပ်ဝမ်ရဲ့သူလျှို ရှိနေတာ ထင်ရှားနေပြီ။
လျိုဟုန်ကို ဖမ်းပြီးတဲ့နောက်မှာ မော့ချန်က ဘေးကင်းသွားပြီလို့ သူမ ထင်ခဲ့ပေမယ့် မဖြုတ်ရသေးတဲ့ လက်သည်းတစ်ချောင်း ကျန်နေသေးတာပဲ။ ဒါပေမယ့် အရေးမကြီးဘူး။ သူ ဘယ်သူလဲဆိုတာ သိနိုင်ဖို့ သူမမှာ နည်းလမ်းတွေ အများကြီး ရှိတယ်။
(T/N: ဒီအခန်းရဲ့အစမှာ ဧည့်သည်တစ်ယောက်ဆိုတာက လာတဲ့လူကြီးမင်းကိုပဲ ရည်ညွှန်းတာပါ၊ သူနဲ့အတူ စစ်စည်တွေ ပါလာတော့ တကယ်ရောက်လာတာ လူ အမျာကြီးပါ)