ဒီအကြံက နောက်တစ်ဆင့်ကို ရောက်နေပြီ
Vol. 20 Ch. 289
"သူတို့က ဘာလို့ မသိနိုင်ရမှာလဲ? မော့ချန်မှာ ဝန်ကြီးချုပ်ရဲ့သူလျှို ရှိနေလောက်ပြီ၊ ငါတို့ သူ့ဆီကနေ ဘာမှ ဖုံးကွယ်ထားလို့ မရလောက်တော့ဘူး”
စူးချင်းထံတွင် ကောင်းမွန်သော အကြံဥာဏ်များ ရှိနေမည်ဟု မယုံကြည်သောကြောင့် ချန်ယွိက ခေါင်းခါလိုက်သည်။
"အင်း... အဲ့ဒီသူလျှိုကို ပြန်သုံးကြတာပေါ့"
စူးချင်းက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
သူမ ယဲ့ချန်းရှန့်ကို ဆွဲဆောင်ဖို့ လျိုဟုန်ကို အသုံးချနိုင်ခဲ့ရင် ဘာလို့ ဝန်ကြီးချုပ်ဝမ်ရဲ့သူလျှိုကို သူမရဲ့ပန်းတိုင်အတွက် အသုံးမချနိုင်ရမှာလဲ?
စူးချင်း၏မျက်လုံးများမှ ယုံကြည်မှုများကို မြင်လိုက်ရသောကြောင့် ချန်ယွိက ဘာကြောင့်မှန်းမသိ စိတ်ချသွားကာ စူးချင်းကို ပြန်မေးလိုက်သည်။
"သူလျှိုက ဘယ်သူလဲဆိုတာ သခင်မလေးစူး သိပြီးပြီလား?"
“လောလောဆယ်တော့ မသိသေးဘူး”
စူးချင်းက ခေါင်းယမ်းလိုက်သည်။ သူမ မသိသေးကြောင်း ကြားလိုက်ရချိန်တွင် ချန်ယွိ၏မျက်လုံးများထဲမှ မျှော်လင့်ချက်များ ပျောက်ကွယ်သွားပြန်သည်။
“သူလျှိုက ဘယ်သူလဲဆိုတာ မသိရင် သူ့ကို ဘယ်လို အသုံးချနိုင်မှာလဲ?”
"ဒါက လွယ်ပါတယ်။ သေသေချာချာ စဉ်းစားကြည့်လိုက်။ သူ မြို့ထဲကို ဝင်လာပြီးတဲ့နောက်မှာ ကျူးမျိုးရိုးက ဘယ်သူနဲ့ ဆက်သွယ်ခဲ့လဲ? သူ ဘယ်သူနဲ့ စကားပြောဖူးလဲ? သူနဲ့ မျက်နှာချင်းဆိုင်ဖူးတဲ့သူတွေ အပါအဝင် သူနဲ့ တွေ့ဖူးသူ မှန်းသမျှကို ရှာပြီး တစ်ယောက်ပြီးတစ်ယောက် စစ်ဆေးမေးမြန်းကြမယ်”
"ဒါက အကြံဥာဏ်ကောင်းပဲ၊ အဲ့သူလျှိုအနေနဲ့ ဝန်ကြီးချုပ်ဝမ်ဆီကို အသေးစိတ်ရေးထားတဲ့ လျှို့ဝှက်စာတစ်စောင် ပို့ပေးဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အခုမှပဲ တွေးမိတော့တယ်၊ ဘဏ္ဍာစိုးခေါင်းဆောင်ကျူးက ငါတို့ လက်နက်ကြီးတွေလုပ်ထားမှန်း အခုမှ သိတာဖြစ်နိုင်တယ်။ သူက မြို့ထဲကို ဝင်လာပြီး အဲ့ဒီသူလျှိုနဲ့ တွေ့ခဲ့တာပဲ ဖြစ်ရမယ်”
ချန်ယွိက ရုတ်တရက် နားလည်သွားပြီး စူးချင်းကို စိတ်အားထက်သန်စွာ ပြန်ပြောလိုက်သည်။
သူ ဒီကလေးမလေးကို ပိုပိုပြီး သဘောကျလာပြီ။ သူမရဲ့ဦးနှောက်ဥာဏ်ရည်ပဲဖြစ်ဖြစ်၊ သူမရဲ့ကိုယ်ခံပညာပဲ ဖြစ်ဖြစ်၊ စူးချင်းက စစ်သူကြီးရှောင်းဟမ်နဲ့တောင် နှိုင်းယှဉ်နိုင်တယ်၊ သူမက အမျိုးသားတွေကြားထဲက ဖီးနစ်တစ်ကောင်ပဲ။
မျိုးဆက်တိုင်းမှာ အရည်အချင်းရှိသူတွေ ထွက်ပေါ်ခဲ့တာ အမှန်ပဲ။ စူးချင်းလိုမျိုး ထူးချွန်ထက်မြတ်တဲ့ မိန်းခလေးနဲ့ တွေ့ဆုံခွင့်ရခဲ့တာက သူတို့ရဲ့သခင်လေးအတွက် မိုးကောင်းကင်က ပေးတဲ့ ကောင်းချီးတစ်ခုပဲ။
သူမ၏အကြံအစည်များကြောင့် စူးချင်း၏မျက်လုံးများက လင်းလက်တောက်ပနေပြီး သူမက ခြံဝင်းထဲတွင် ပြန့်ကျဲနေသော အလောင်းတွေများကို ကြည့်နေရင်း ချန်ယွိကို တိုးတိုးလေး ထပ်ပြောလိုက်သည်။
“ဦးလေးချန်၊ နောက်တစ်ခုရှိသေးတယ်… ဒီအလောင်းတွေကိုလည်း အဲ့အတိုင်း ကိုင်တွယ်သင့်တယ်”
"ကောင်းပြီ၊ ဒီအကြံက နောက်တစ်ဆင့်ကို ရောက်နေပြီ"
ချန်ယွိက စိတ်လှုပ်ရှားစွာဖြင့် စားပွဲခုံကို ရိုက်ချလိုက်သော်လည်း သူ့ဒဏ်ရာကို ထိသွားပြီး ဒဏ်ရာက အလွန်နာကျင်သဖြင့် ညည်းသူလိုက်ရသည်။
စူးချင်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး စကားထပ်ပြောလိုက်သည်။ သူမ၏အသံက အေးစက်နေဆဲဖြစ်သော်လည်း စိုးရိမ်မှုများ ရောပါနေခဲ့သည်။
"ဦးလေးချန် ကောင်းကောင်းအနားယူလိုက်ပါ။ သူလျှိုရှာတဲ့အလုပ်ကို ကျွန်မ လုပ်မယ်"
"ကောင်းပါပြီ၊ မင်းရဲ့ကြိုးစားပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ သခင်မလေးစူး"
ယခုအချိန်တွင် ချန်ယွိက စူးချင်းကို လုံးဝယုံကြည်သွားပြီ ဖြစ်သည်။ သူက ယခင်က စစ်သူကြီးရှောင်းဟမ်ကို သံသယကင်းစွာ ဆက်ဆံခဲ့သလိုမျိုး သူမ၏စကားကို သူ့၏အသိစိတ်မှ သံသယကင်းကင်း လေးလေးစားစား လိုက်နာနေခဲ့သည်။
“သခင်မလေးစူး၊ မင်းတို့ ရုံးတော်ကို ပြန်ပြောင်းလာမလား?”
ချန်ယွိက စူးချင်းတို့ နေထိုင်ရမည့် ရွှံ့အိမ်လေးကို တွေးမိသွားပြီး သခင်မလေးစူးက ထိုကဲ့သို့သော နိမ့်ကျသည့် နေရာတွင် မနေသင့်ဘူးဟု သူ ခံစားနေမိသည်။
“မလိုတော့ဘူး။ နန်းတွင်းက မကြာခင် လူ ထပ်လွှတ်နိုင်သေးတယ်။ ခဏခဏ ရွှေ့ရ ပြောင်းရတာက အဆင်မပြေဘူး”
စူးချင်းက ငြင်းဆန်လိုက်သည်။
သူမ သူတို့ကို ဒုက္ခမပေးချင်တော့ဘူး။ မဝေးတော့တဲ့ အနာဂတ်မှာ မော့ချန်ကို လူတွေ ထပ်ရောက်လာဦးမှာ သေချာတယ်။ သူမ လုပ်ရမယ့်အရာက ဒီလူတွေ ပြန်ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့ဘူးဆိုတာ သေချာစေဖို့ပဲ။ အဲ့လို အကြိမ်ရေတွေများလာတာနဲ့ နောက်ဆိုရင် တဖြည်းဖြည်းနဲ့ ဘယ်သူမှ မော့ချန်ကို လာရဲတော့မှာ မဟုတ်ဘူး။
စူးချင်းက ခြင်္သေ့နှင့် ကျားများကဲ့သို့ နယ်မြေစိုးမိုးလိုစိတ်ရှိသူ ဖြစ်သည်။ မော့ချန်ကို သူမတို့၏အခြေစိုက်စခန်းအဖြစ် ဆုံးဖြတ်ပြီးကတည်းက စူးချင်းက မော့ချန်ကို သူမ၏နယ်မြေအဖြစ် သတ်မှတ်ခဲ့ပြီး ဖြစ်သည်။
သူမရဲ့နယ်မြေကို ဘယ်သူမှ လိုချင်တပ်မက်လို့ မရဘူး၊ အဲ့လူက ဧကရာဇ်ဆိုရင်တောင် မရဘူး။
ထို့နောက် စူးချင်းက ချန်ယွိအား အလောင်းများကို မည်သို့ကိုင်တွယ်ရမည်နှင့် ကိုင်တွယ်ရမည့်အချိန်အပါအဝင် အသေးစိတ်အချက်အလက်များအားလုံးကို ပြောပြပြီးမှ ဘာမှ ထပ်မပြောတော့ဘဲ ပြန်ထွက်သွားခဲ့သည်။
ချန်ယွိက စူးချင်း၏ ထိုကဲ့သို့လျစ်လျူရှုမှုမျိုးကို အသားကျနေပြီ ဖြစ်သည်။ သူက ထွက်ခွာသွားသော စူးချင်း၏ကျောပြင်ကိုသာ သဘောကျစွာ လိုက်ကြည့်နေခဲ့သည်။
အရာအားလုံး ငြိမ်သက်သွားပြီးနောက်မှသာ ချန်ယွိက သူ့ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို သတိရသွားခဲ့သည်။
သူ့ရဲ့ဒဏ်ရာတွေက ဘာ့ကြောင့် လုံးဝ မနာရတာလဲ? အရင်တုန်းက စစ်မြေပြင်မှာ တိုက်ပွဲဝင်ရင်း ဒဏ်ရာရတဲ့အခါလည်း နာကျင်မှုကို မခံစားခဲ့ရဘူး။ ဒါပေမယ့် တိုက်ပွဲပြီးလို့ သွေးအေးတဲ့ အချိန်ကို ရောက်သွားရင်တော့ ညဘက်တွေမှာ အိပ်မပျော်နိုင်လောက်အောင် နာကျင်ရတယ်။ သခင်မလေးစူးရဲ့ဆေးက တကယ်ပဲ အံ့ဖွယ်နတ်ဆေးဖြစ်ပုံရတယ်။ ဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာတွေကနေတောင် နာကျင်မှုကို မခံစားရဘူးတဲ့လား?
စူးချင်းက စီရင်စုရုံးတော်မှ ထွက်လာပြီး အိမ်ပြန်ရန် အလျင်စလို မလုပ်ခဲ့ပေ။ သူမက ရုံးတော်၏အ၀င်ဝတွင် ရပ်နေပြီး လမ်းပေါ်မှ ဖြတ်သွားဖြတ်လာများကို သူမ၏ လှပသော မျက်လုံးများဖြင့် လိုက်ကြည့်နေခဲ့သည်။ စူးချင်းတို့နှင့် ချန်ယွိ၏တပ်ဖွဲ့ဝင်များက တာ့ထန်မှ စစ်သည်များ၏ကျူးကျော်တိုက်ခိုက်မှုကို နှစ်ကြိမ်လုံး တွန်းလှန်ကာကွယ်နိုင်ခဲ့သောကြောင့် မော့ချန်မှ မြို့သူမြို့သားများက ယခင်ကကဲ့သို့ အလွန်ကြောက်ရွံ့နေခြင်းမျိုး မရှိကြတော့ပေ။
နေ့ခင်းဘက်များတွင် လမ်းမများပေါ်၌ ပေါ်ပေါ်ထင်ထင် သွားလာရဲသည့်လူများ ပိုများလာခဲ့သည်။ စီးပွားရေး လုပ်နိုင်သူများက စီးပွားရေးကို ပြန်စတင်နေပြီ ဖြစ်ကာ ထွက်သွားချင်သည့်သူများကလည်း ထိုအကြံကို စွန့်လွှတ်လိုက်ကြသည်။
ကိုယ့်မွေးရပ်မြေမှာ အေးအေးဆေးဆေး နေထိုင်ပြီး အလုပ်လုပ် နိုင်ရင် ဘယ်သူက ကိုယ့်နေရပ်ကို စွန့်ခွာချင်မှာလဲ?
လက်ရှိတွင် ရုံးတော်၏အဝင်ဝရှေ့မှ အပြန်ပြန် အလှန်လှန် ဖြတ်သန်းသွားလာနေသူများလည်း ရှိနေခဲ့သည်။ စူးချင်းက ထိုလူများကို စောင့်ကြည့်နေခဲ့သည်။
သူတို့က သူလျှိုတွေ ဖြစ်နေတာကြောင့် စီရင်စုရုံးတော်ရဲ့ အခြေအနေကို စောင့်ကြည့်နေမှာ သဘာဝပဲလေ။
အဲ့ဒါကြောင့် ရုံးတော်အဝင်ဝမှာ ပေါ်လာတဲ့ လူတွေကြားထဲမှာ သူလျှိုတွေ ရှိနိုင်ပြီး သူတို့က တစ်ယောက်ထက်တောင် ပိုနိုင်သေးတယ်။
"သခင်မလေးစူး"
စူးချင်းကို မြို့ရိုးအဝင်ဝတွင် နှုတ်ဆက်ခဲ့ပြီး မြို့ထဲသို့ ခေါ်လာပေးခဲ့သည့် စစ်သည်ခေါင်းဆောင်က စူးချင်း ရုံးတော်ထဲမှ ထွက်လာသည်ကို မြင်သွားပြီး သူမကို လာနှုတ်ဆက်ခဲ့သည်။ စူးချင်းက အမြဲတမ်း အေးစက်နေတက်သော်လည်း သူမ၏ မော့ချန်အတွက် ပံ့ပိုးကူညီပေးမှုများကို လူတိုင်း မြင်ဖူးကြသည်။ စူးချင်းက အလွန်အစွမ်းထက်သောကြောင့် မော့ချန်၏မြို့စောင့်တပ်သားများက သူမကို ကိုးကွယ်ကာ လေးလေးစားစား ဆက်ဆံကြသည်။
"မင်း အခုမှ ဒီတံခါးဝကို ရောက်လာတာလား?"
စူးချင်းက လမ်းပေါ်ရှိ လူများကို ကြည့်နေရင်း စစ်သည်ခေါင်းဆောင်ကို လှမ်းမေးလိုက်သည်။
ထိုခေါင်းဆောင်ငယ်က ခေါင်းခါလိုက်ပြီး “ကျွန်တော် ဒီမှာ တချိန်လုံး ရှိနေတာတော့ မဟုတ်ဘူး။ ခုနမှ တိုက်ပွဲဝင်ဖို့ ပြေးလာခဲ့တာ”
"မင်းက ဘဏ္ဍာစိုးခေါင်းဆောင်ကျူးကို ရုံးတော်ထဲ ခေါ်လာပေးခဲ့တာလား?"
စူးချင်းက ထပ်မေးလိုက်သည်။ မြို့တံခါးမှ အစိုးရရုံးတော်အထိ ဘဏ္ဍာစိုးခေါင်းဆောင်ကျူးနှင့် မည်သူ အဆက်အသွယ် ရှိခဲ့သည်ကို သူမ သိချင်နေမိသည်။
"ဟုတ်တယ်၊ ကျွန်တော် သူ့ကို ဒီကိုခေါ်လာခဲ့တာ"
"သူ ဘယ်သူတွေနဲ့ အဆက်အသွယ်ခဲ့သေးလဲ? ဒါမှမဟုတ် သူ့ရဲ့လက်အောက်ငယ်သားတွေက တစ်စုံတစ်ယောက်နဲ့ ထိတွေ့ခဲ့သေးလား?”
“သူ ဘယ်သူနဲ့မှ ပြောဆိုဆက်ဆံတာကိုတော့ ကျွန်တော် မတွေ့မိဘူး။ သူတောင်းစား အနည်းငယ်က ပိုက်ဆံတောင်းတော့ အကြီးအကဲကျူးက အခြေအနေကို မေးဖို့ ခဏရပ်ခိုင်းပြီး သူ့ရဲ့လက်အောက်ငယ်သားတစ်ယောက်ကို ပိုက်ဆံ သွားပေးဖို့ အမိန့်ပေးလိုက်တယ်”
စစ်သည်ခေါင်းဆောင်က သူ မြင်ခဲ့ရသမျှ မှတ်မိနိုင်ရန် ကြိုးစားရင်း ပြန်ပြောပြနေခဲ့သည်။ စူးချင်းက ဘာ့ကြောင့် ထိုကဲ့သို့ မေးနေမှန်း မသိသော်လည်း သူက လေးလေးနက်နက် စဥ်းစားပြီး ပြန်ပြောပြခဲ့သည်။ သို့သော် အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက်တွင် သူက အသုံးဝင်နိုင်မည် မည်သည့်အချက်အလက်ကိုမျှ မရခဲ့ဘူးဟု တွေးနေမိပြန်သည်။
"သူတို့ အဆက်အသွယ်လုပ်တာ ဘယ်လောက်ကြာခဲ့လဲ?"
စူးချင်းကတော့ ထိုအခြေအနေကို အလေးအနက်ထားခဲ့သည်။ လက်ရှိတွင် သူတောင်းစား အနည်းငယ်က ရုံးတော်၏မျက်နှာချင်းဆိုင်တွင် ထိုင်နေကြသည်။ ရုံးတော်ထဲမှ လူများ ထွက်လာသည်ကို မြင်လိုက်ချိန်တွင် သူတို့က တောင်းရမ်းချင်ပုံဖြင့် မတ်တပ်ရပ်လိုက်ကြသည်။
စူးချင်းအတွက် သူမ မော့ချန်ကို ဝင်လာပြီးကတည်းက ရုံးတော်၏အပြင်ဘက်တွင် ထိုကဲ့သို့ သူတောင်းစား အများအပြား တွေ့ရခြင်းက ယခု ပထမဆုံးအကြိမ်သာ ဖြစ်သည်။ ပုံမှန်အားဖြင့် သူမက တောင်းရမ်းသူတစ်ယောက် သို့မဟုတ် နှစ်ယောက်ကိုသာ တွေ့ခဲ့ဖူးသည်။
သူမတို့ ဖောက်ခွဲရေးပစ္စည်းများ အသုံးပြုခဲ့စဥ်က ထိုသူတောင်းစားများ ရှိနေခဲ့သည်ကို စူးချင်းက ရုတ်တရက် သတိပြန်ရသွားခဲ့သည်။ ထိုအချိန်တွင် သူမက သူတို့ကို ဂရုမစိုက်ခဲ့ပေ။
အခု ပြန်တွေးကြည့်လိုက်တော့ ပုံမှန် သူတောင်းစားတွေက စားသောက်ဆိုင်တွေနဲ့ ပြည့်တန်ဆာအိမ်တွေရှေ့မှာပဲ ထိုင်နေလေ့ရှိပြီး အဲ့နေရာတွေကို ရောက်လာတက်တဲ့ သူဌေးတွေဆီကနေ ပိုက်ဆံတောင်းရမ်းတက်ကြတယ်။
ပုံမှန်ဆိုရင် ဘယ်သူတောင်းစားက ရုံးတောကို လာမှာလဲ? ရဲမက်တွေက ပိုက်ဆံမပေးဘဲ ရိုက်နှက်မောင်းထုတ်တာတွေတောင် လုပ်နိုင်တယ်။
တရားရင်ဆိုင်ဖို့ ရောက်လာတဲ့သူတွေကလည်း သူတို့ဘာသာတောင် ဒုက္ခရောက်နေကြတာ။ သူ့တိုက သူများအပေါ် ကြင်နာနိုင်မှာ မဟုတ်ဘူး။ လာတောင်းရင် ဒေါသပြေဖို့တောင် ရိုက်လွှတ်ခံရနိုင်သေးတယ်။
ရုံးတော်က တောင်းရမ်းစားသောက်ဖို့ နေရာကောင်းမဟုတ်ဘူဆိုတော့ ရုံးတော်ရှေ့မှာ ထိုင်နေလေ့ရှိတဲ့ သူတောင်းစားတွေက သူလျှိုတွေ ဖြစ်နိုင်ဖွယ်ရှိနေပြီ။
စူးချင်း၏ စူးရှသော အကြည့်များက ထိုသူတောင်းစားများအပေါ်သို့ စူးစူးစိုက်စိုက် ကျရောက်သွားခဲ့သည်။ ထိုလူများထဲမှ သူတောင်းစားနှစ်ယောက်က နောက်ကွယ်တွင် ပုန်းနေပြီး သူမကို မကြည့်ရဲကြပေ။
“သူတို့အားလုံးကို ဖမ်းလိုက်”
စူးချင်းက သူတောင်းစားများကို ညွှန်ပြပြီး စစ်သည်ခေါင်းဆောင်ကို အမိန့်ပေးလိုက်သည်။
စူးချင်းက ထိုသူတောင်းစားများကို အဘယ်ကြောင့်ဖမ်းချင်နေမှန်း မသိသော်လည်း စစ်သည်ခေါင်းဆောင်က သူမ၏အမိန့်ကို နာခံပြီး သူတို့ကို ဖမ်းရန် ထွက်ခွာသွားခဲ့သည်။
စူးချင်း သံသယရှိနေသည့် သူတောင်းစားနှစ်ယောက်က အခြေအနေမကောင်းမှန်း ရိပ်မိသွားပုံဖြင့် ပြန်လှည့်ထွက်ပြေးရန် ပြင်လိုက်ကြသည်။
“သူတို့ကို ဖမ်း”
စူးချင်းက ထွက်ပြေးသွားသည့် သူတောင်းစားနှစ်ယောက်ကို ညွှန်ပြလိုက်သည်။ ချက်ချင်းဆိုသလိုပင် စစ်သည်များက သူတို့နောက်မှ လိုက်သွားပြီး သူတို့ကို ဖမ်းချူပ်ကာ မြေကြီးပေါ်သို့ ဖိချလိုက်ကြသည်။
"လူကြီးမင်း၊ ကျွန်တော်မျိုးရဲ့အသက်ကို ချမ်းသာပေးပါ။ ကျွန်တော်မျိုးက လူကောင်းတစ်ယောက်ပါ၊ စားစရာလေး တောင်းချင်လို့ပါ”
နှစ်ယောက်သား မြေပြင်ပေါ်တွင် ဝပ်တွားရင်း အော်ဟစ်နေကြသည်။
တခြားသူတောင်းစားများကလည်း သနားညှာတာပေးရန် တောင်းပန်နေကြပြီး စူးချင်းက သူတို့ကို လျစ်လျူရှုထားခဲ့သည်။
“သူတောင်းစားတွေက မော့ချန်ရဲ့ပုံရိပ်ကို ထိခိုက်စေတယ်၊ သူတို့အားလုံးကို ထောင်ချသင့်တယ်”
စူးချင်း၏စကားဆုံးသည်နှင့် စစ်သည်များက သူမကို စိတ်ရှုပ်ဟန်ဖြင့် ပြန်ကြည့်လိုက်ကြသည်။
မော့ချန်ရဲ့ ပုံရိပ်ကို ထိခိုက်စေတဲ့အတွက် လူတွေကို ဘယ်လို ဖမ်းဆီးနိုင်မှာလဲ?
ရှောင်းမိသားစုစစ်တပ်က သာမာန်ပြည်သူတွေကို ကာကွယ်ပေးဖို့ ရှိနေတာဆိုတော့ သူတို့က သာမန်ပြည်သူတွေကို အနိုင်မကျင့်ရက်ဘူး။
သူတို့ အကျပ်အတည်း ဖြစ်နေချိန်မှာပင် ချန်ယွိက ရုံးတော်ထဲမှ ထွက်လာပြီး သြဇာအာဏာ အပြည့်ဖြင့် အမိန့်ပေးလိုက်သည်။
"သခင်မလေး ပြောတဲ့အတိုင်း လုပ်ပေးလိုက်ကြ"
သူတို့၏စစ်သူကြီးက အမိန့်ပေးလိုက်သောကြောင့် စစ်သည်များက အကြောင်းအရာကို နားမလည်သည့်တိုင် သူတောင်းစားများကို လိုက်ဖမ်းကြတော့သည်။
ချန်ယွိက သူ့အသံကို လျှော့ချလိုက်ပြီး စူးချင်းကို တိုးတိုးလေး မေးလိုက်သည်။
"သခင်မလေးစူး၊ ဒီလူတွေထဲမှာ သူလျှိုတွေ ပါနေတယ်လို့ ထင်လား?"