← Chapters

အခန်း (၂၉၇)

Vol. 20 Ch. 297

အခန်း (၂၉၇)

Vol. 20 Ch. 297

"ရွှေရှန့်၊ စူးချင်း"

ထိုသူက ချိုးယုံခန်းဖြစ်ပြီး သူ့မျက်​နှာမှ အမူအရာများအရ သူက စိတ်တိုပြီး​ ​ဒေါသ​ထွက်နေပုံရသည်​။ သူ့၏အမူအရာက သိသာလွန်းနေသောကြောင့် ကျိရွှေရှန့်က အလောတကြီး လှမ်းမေးလိုက်သည်။

"ဘာမှားလို့လဲ?"

“သစ်သားစည်လုပ်ပေမယ့် လက်သမားဆရာကို သိုးတစ်ကောင် ပေးမယ်လို့ ငါ သဘောတူလိုက်တယ်၊ ဒါပေမယ့် အဲ့စကားကို ကြားပြီးတာနဲ့ သူက စိတ်ပြောင်းသွားတယ်”

ချိုးယုံခန်းက အလွန်ဒေါသထွက်နေပြီး သူ့မျက်နှာပင် နီမြန်းနေလေသည်။ စကားပြောနေချိန်အတွင်း နိမ့်လိုက် မြင့်လိုက် ဖြစ်နေသော သူ့ရင်ဘတ်က ထိုလက်သမားဆရာကို သူ မည်မျှဒေါသထွက်နေကြောင်း ထင်ရှားနေစေသည်။

"သူက ဘယ်လို စိတ်ပြောင်းသွားခဲ့တာလဲ?"

စူးချင်းက နောက်သုံးရက်အကြာ ကျောက်မီးသွေး ပေးပို့ရမည့်နေ့တွင် အရက်များကိုပါတစ်ခါတည်း တတိယမင်းသားထံသို့ ပေးချင်နေခဲ့သည်။ ထို့ကြောင့် အရက်စည်များက အဓိကကျသောနေရာတွင် ရှိနေလေသည်။ သို့သော် ထိုလက်သမားဆရာက ထိုသဘောတူညီချက်ကို အဘယ်ကြောင့် မကျေနပ်တော့သည်ကို သူမ နားမလည်နိုင်ပေ။

“သူ ပြောတာကတော့ ငါ နားလည်မှုလွဲနေတာတဲ့။ သူက သစ်သားစည်တစ်လုံးပြုလုပ်ပေးဖို့ သိုးတစ်ကောင်လိုချင်တယ်တဲ့”

ချိုးယုံခန်းက စကားပြောနေရင်း ဒေါသထွက်လာကာ အသက်ကို ပြင်းပြင်းရှုလိုက်ပြန်သည်။

ဒါက လွန်လွန်းတယ်လေ။

သိုးတစ်ကောင်ကို ငွေငါးလျန်နဲ့ ရောင်းလို့ရတယ်။ ဘယ်လက်မှုပညာသည်က သစ်သားစည်တစ်လုံးလုပ်ပေးပြီး ငွေငါးလျန် ရနိုင်လို့လဲ? ဒါက မီးလောင်နေတဲ့အိမ်ကို အခွင့်ကောင်းယူနေတာ မဟုတ်ဘူးလား?

"သူက လောဘကြီးလွန်းပြီး အကန့်အသတ်ကို နားမလည်နိုင်ဘူးပဲ"

ထိုစကားကို ကြားပြီးနောက် စူးချင်း၏လှပသောမျက်နှာလေးက အေးစက်သွားတော့သည်။

တခြားလူက သူမကို ခြိမ်းခြောက်တာမျိုး သူမ အရမ်း မုန်းတယ်။

စူးချင်းက အရက်စည်များပြုလုပ်ရန် အခြားနည်းလမ်းကို တွေးနေပြီ ဖြစ်ကာ ထိုကဲ့သို့သော အကျင့်ဆိုးကို လိုက်လျောပေးမည် မဟုတ်ပေ။

“ကိစ္စမရှိပါဘူး၊ အရက်ဆိုတာမျိုးက ကြာရှည် မသိမ်းထားနိုင်တဲ့အရာ မဟုတ်ဘူး။ အချိန်ကြာလာတာနဲ့အမျှ အရက်က ပိုချိုပြီး ပိုအရသာ ရှိလာလိမ့်မယ်၊ အစ်ကိုယန် ပစ္စည်းတွေ သယ်ပြီး ပြန်လာတဲ့အချိန်အထိ စောင့်ကြတာပေါ့”

"ငါ ဘာထပ် ဝယ်ပေးရဦးမှာ​လဲ?"

စူးချင်း၏စကားသံ ပျောက်ကွယ်သွားချိန်တွင် ယန်ကျစ်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ခြံဝင်းထဲသို့ ဝင်လာခဲ့သည်။

"အစ်ကိုယန်"

ကျိရွှေရှန့်က ကမန်းကတမ်း ထွက်သွားပြီး ယန်ကျစ်ကို အခန်းထဲသို့ ဖိတ်ခေါ်လိုက်သည်။

"အထဲဝင်လေ၊ ခရီးပန်းနေပြီလား?"

“မပင်ပန်းဘူး။ ငါ အရင် မဝင်နိုင်သေးဘူး။ လှည်းပေါ်က ကုန်စည်တွေကို အမြန်ချဖို့ လူရှာပေးပါဦး"

ယန်ကျစ်က လမ်းခရီးကြောင့် ပင်ပန်းလာပုံရသော်လည်း သူ့မျက်နှာက ရွှင်လန်းနေပြီး သူ့မျက်လုံးများက တောက်ပနေသေးသည်။ သူက မောပန်းနေသည့် အရိပ်အယောင်မျိုး မပြသထားခဲ့ပေ။

"စားနပ်ရိက္ခာတွေ ပြန်သယ်လာပြီလား?"

ယခုအချိန်တွင် ချိုးယုံခန်းတစ်ယောက် အလွန်ပျော်ရွှင်သွားပြီ ဖြစ်သည်။

စူးချင်းက အရက်ချက်ဖို့ အစေ့အဆန်တွေအားလုံးကို အသုံးပြုလိုက်ပြီ။ အစ်ကိုယန်သာ စားနပ်ရိက္ခာတွေ ပြန်မသယ်လာရင် သူတို့ သိုးသားကိုပဲ စားရ‌တော့မယ်။ ဒါပေမယ့် အဲ့ဒါက ဈေးကြီးလွန်းတယ်။

“ဟား ဟား၊ ဒီကောက်နှံတွေအားလုံးကို ဒုတိယသခင်ကြီးစူးက ငါတို့ကိုယ်စား ဝယ်ပေးခဲ့တာ။ စပါးဆိုင်ရဲ့ ဝယ်ယူခွင့် စာရွက်စာတမ်းတွေကိုတောင် ပြစရာ မလိုခဲ့ဘူး။ လမ်းခရီးမှာလည်း ငါတို့ ချောချောမွေ့မွေ့ ဖြတ်ကျော်နိုင်ခဲ့ကြတယ်”

ယန်ကျစ်က သူ့၏ပင်ကိုယ်ဗီဇအရ ပျော်‌ပျော်နေတတ်သူ ဖြစ်ပြီး သူ့စကားတိုင်းတွင် ရယ်မောသံကို ကြားနေရသောကြောင့် ကြားရသူများကိုပါ ပျော်ရွှင်နေစေသည်။

"အစ်ကိုယန်၊ သခင်မစူးအတွက် ဆေးကို ပို့ခဲ့ပြီးပြီလား?"

စူးချင်းက ယန်ကျစ်ဆီသို့ လျှောက်လာပြီး သူ့ကို မေးမြန်းလိုက်သည်။

တကယ်တော့ အနှစ်တစ်ထောင်သက်တမ်းရှိတဲ့ လင်ဇီးကို ရှာတွေ့ဖို့က မလွယ်ကူဘူးလေ။ သူမ သူမအမေရဲ့ရောဂါအတွက် အရမ်းစိုးရိမ်နေမိတယ်။ အမေရဲ့ရောဂါက မကြာခင် ပြန်ကောင်းလာဖို့ သူမ မျှော်လင့်နေမိတယ်။

“ငါ အဲဒါကို ဒုတိယသခင်ကြီးစူးဆီကို လွှဲပေးလိုက်တယ်။ ငါ ဒီကို ပြန်ထွက်မလာခင်မှာ မရီးဆီကို သွားလည်ခဲ့သေးတယ်။ သူ(မ)က လုံးဝနီးပါး နေပြန်ကောင်းနေပြီ၊ ဆေးရဲ့အာနိသင်က ပြီးပြည့်စုံပြီး တကယ်ထိရောက်ပုံရတယ်”

ယန်ကျစ်က အပြုံးဖြင့် ခေါင်းညိတ်လိုက်ပြီး အခြေအနေကို အတိုချုံး ရှင်းပြလိုက်သည်။

ထိုစကားက စူးချင်း ကြားချင်သော စကားသာ ဖြစ်ပြီး သူမ၏မိဘများက သူမတို့၏ဆက်နွယ်မှုအကြောင်း ယန်ကျစ်ကို မပြောခဲ့သည်ကို သူမ နားလည်လိုက်သည်။ သူမက ထိုအခြေအနေကို ကျေနပ်နေမိသည်။ အနာဂတ်တွင် သူမ လုပ်ဆောင်မည့်အရာများက ကြီးလေးသော ရာဇဝတ်မှုများ ဖြစ်လာနိုင်ပေသည်။ သူမ၏မိဘများက သူမနှင့် ပတ်သက်နေပါက မိသားစုတစ်ခုလုံး၏ပိုင်ဆိုင်မှုများ သိမ်းဆည်းခံရနိုင်ပြီး မိသားစုတစ်ခုလုံးပါ သုတ်သင်ရှင်းလင်းခံရနိုင်‌သော အခြေအနေမျိုးဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် သူမက သူမတို့၏ ဆက်ဆံရေးအကြောင်း မည်သူ့ကိုမျှ မပြောရန် သူမ၏မိဘများကို စာထဲတွင် သတိပေးထားခဲ့သည်။

"ခင်ဗျား ကလေးကို ဘေးကင်းကင်းနဲ့ ပြန်ပို့ပေးနိုင်ခဲ့လား?"

ကျိရွှေရှန့်က ကလေးအား စူးမိသားစုထံ လုံခြုံစွာ ပြန်ပို့နိုင်ခြင်း ရှိ မရှိ စိုးရိမ်နေသေးသည်။

သူ ပြန်လာပြီးကတည်းက အဲ့အကြာင်းကို ဆက်တွေးနေမိတာ။ အဲ့တုန်းက သူမှာ စစ်မြင်းတွေအတွက် တာဝန်ရှိနေသေးတော့ ကလေးကို ပြန်ပို့ပေးဖို့ အစ်ကိုယန်ကျစ်နဲ့ မလိုက်သွားနိုင်ခဲ့ဘူး။

“ငါကိုယ်တိုင် သူ့ကို ပြန်ပို့ပေးလိုက်တာပါ။ ဒုတိယသခင်ကြီးစူး သူ့ကိုယ်စား မင်းကို ကျေးဇူးတင်ပေးဖို့ ငါ့ကို တောင်းဆိုလိုက်တယ်။ မင်းက ရှောင်ချန်ရဲ့ကယ်တင်ရှင်လို့ သူက ပြောလိုက်တယ်"

ယန်ကျစ်က သူ့၏ထုံးစံအတိုင်း အပြုံးမပျက် ပြန်ရှင်းပြလိုက်သည်။

တကယ်လည်း ဒုတိယသခင်ကြီးစူးက ကျိရွှေရှန့်ကို အရမ်းကျေးဇူးတင်နေခဲ့တာပါ။ ကလေးက ဆွဲခေါ်သွားခံရပြီး ဘယ်ကို ခေါ်သွားမှန်းတောင် မသိခဲ့ရဘူး။ ကျိရွှေရှန့်ကြောင့်သာမဟုတ်ရင် ကလေးက ဘာဖြစ်သွားမယ်ဆိုတာ ဘယ်သူ သိနိုင်မှာလဲ? သူတောင် တွေးရုံနဲ့ လန့်နေတုန်းပဲ။

"ဘာဖြစ်ခဲ့တာလဲ?"

စူးချင်းက တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရပြီး ကျိရွှေရှန့်ကို မေးရန် အလောတကြီး ပြန်ဆွဲခေါ်လိုက်သည်။

“ဒုတိယသခင်ကြီးစူးရဲ့သားက လုယူခံလိုက်ရတယ်။ ကိုယ် ကျင့်ချန်မှာ သူတို့နဲ့ မတော်တဆ ဝင်တိုးခဲ့မိတာ…”

ထို့နောက် ကျိရွှေရှန့်က သူ ဝမ်မိသားစုစစ်တပ်၏စစ်သည်များထံမှ ကလေးများကို ကယ်တင်ရန် အန်းမိသားစု၏စစ်တပ်ကို မြို့ထဲကို မြှားခေါ်ရန် ကြံစည်ခဲ့ပုံကို ပြောပြလိုက်သည်။ သူနှင့် ယန်ကျစ် တွေ့ဆုံပြီး ရှောင်ချန့်ကို အန်းမိသားစု၏စစ်သည်များထံမှ မည်သို့ ကယ်တင်ခဲ့သည်ကိုပါ ပြောပြလိုက်သည်။

"စူးချင်း၊ မင်း ဘာဖြစ်သွားတာလဲ?"

သူ့စကားများကြောင့် စူးချင်း၏အမူအရာ တစ်ခုခုလွဲချော်သွားကြောင်း ကျိရွှေရှန့်က ချက်ချင်း ရိပ်မိသွားခဲ့သည်။ သူမ၏ မျက်လုံးများတွင် လူသတ်ချင်နေသည့် အရိပ်အငွေ့များ ပြည့်နှက်နေပြီး သူမ၏လှပသော မျက်နှာလေးက တိမ်မည်းများဖြင့် ဖုံးလွှမ်းထားသလို မည်းမှောင်နေလေသည်။

"ဘာလို့ ကလေးကို ဖမ်းတာလဲ?"

စူးချင်းက ကျိရွှေရှန့်၏မေးခွန်းကို ပြန်မဖြေဘဲ ယန်ကျစ်ကိုသာ ကြည့်လိုက်ပြီး ထပ်မေးလိုက်သည်။

သူမရဲ့မိသားစုကို ဘယ်သူ့ကိုမှ ထိခွင့်မပေးနိုင်ဘူး။

စူးချင်း၏မျက်လုံးများက ဓားကဲ့သို့ ထက်ရှနေပြီး လူသတ်ချင်နေသည့်ဆန္ဒများကို အပြည့်အဝ ဖော်ထုတ်ပြသနေသည်။

ရှောင်ချန်က ငယ်ရွယ်ပြီး အရမ်းချစ်စရာကောင်းတယ်။ သူ့အပေါ် လက်တင်ဝံ့တဲ့သူတိုင်းကို သူမက အစိတ်စိတ်အမြွှာမြွှာဖြစ်တဲ့အထိ ဆွဲဖြဲပစ်မယ်။

“ကိုယ် အန်းမိသားစုရဲ့ စစ်စခန်းမှာ ကြားခဲ့တာ တစ်ခုတော့ရှိတယ်။ ဝန်ကြီးချုပ်ဝမ်က နုပျိုမှုကို ရှာဖွေနေတယ်လို့ ပြောတာကို ကြားခဲ့တယ်၊ သူက မသေဆေးတွေ သန့်စင်ဖို့အတွက် အဲ့ကလေးတွေကို အသုံးပြုချင်နေတာ ဖြစ်နိုင်တယ်တဲ့”

ကျိရွှေရှန့်က အန်းမိသားစု၏စစ်စခန်းမှ သူ ကြားခဲ့ရသမျှကို စူးချင်းအား ပြန်ပြောပြလိုက်သည်။

ယန်ကျစ်ကလည်း "ငါ ကလေးကို သွားပို့ရင်းနဲ့ ဒုတိယသခင်ကြီးစူးနဲ့ ဒီကိစ္စ ပြောဖြစ်ခဲ့တယ်။ သူလည်း ဒီလိုပဲ သံသယရှိနေတယ်။ အဲ့တုန်းက ခေါ်သွားခံရတဲ့ ကလေးမလေးတွေက ယင်နှစ်၊ ယင်လ၊ ယင်အချိန်မှာ မွေးဖွားတဲ့သူတွေ ဖြစ်နေပြီး ကောင်လေးတွေက ယန်းနှစ်၊ ယန်လ၊ ယန်အချိန်မှာ မွေးဖွားတဲ့သူတွေပဲ”

“ဝမ်‌ကွေ့ဖေးက သုံးနှစ်အောက်ကလေးတွေအားလုံးရဲ့မွေးဖွားချိန်ကို စုံစမ်းဖို့ အမိန့်တော်ယူလာပေးတဲ့ မိန်းမစိုးတွေကို လော့ချန်ရဲ့စီရင်စုအမတ်ဆီ စေလွှတ်ခဲ့တယ်။ လော့ချန်ရဲ့စီရင်စုအမတ်က ရှောင်ချန်ရဲ့ဦးလေးလေ။ သူက အခြေအနေ မမှန်တာကို ခံစားမိလို့ သူတို့ကို သတင်းပြန်မပို့ခင် အထူးအချိန်တွေမှာ မွေးဖွားခဲ့တဲ့ ကလေးတွေအကုန်လုံးရဲ့ မွေးဇာတာကို ပြောင်းလဲခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ အကြံပေးအရာရှိက သူ့ကို သစ္စာဖောက်မယ်လို့တော့ သူ မမျှော်လင့်ခဲ့ဘူး…”

ထိုနေ့တွင် စီရင်စုအမတ်လွမ်က ကလေး၏မွေးဇာတာအကြောင်း စုံစမ်းနေသည့်သတင်းကို ဒုတိယသခင်ကြီးစူးအား ပြောပြပြီး အကြံဥာဏ်တောင်းခဲ့သည်။ စူးဟန်ရွှမ်ကလည်း မကောင်းသောအရာ တစ်ခုဖြစ်လာနိုင်သည်ဟု ယူဆပြီး စီရင်စုအမတ်လွမ်အား ကလေးများ၏မွေးဖွားချိန်ကို ပြောင်းလဲရန် အကြံပြုခဲ့သည်။

စီရင်စုအမတ်လွမ်က အလွန်လျှို့ဝှက်စွာ ပြုလုပ်ခဲ့သော်လည်း သူ့ဘေးတွင် ရည်မှန်းချက်ကြီးသော အကြံပေးတစ်ဦး ရှိနေခဲ့သည်။ သူက အထူးအချိန်များတွင် မွေးဖွားခဲ့သည့် ကလေးများအားလုံးကို တိတ်တဆိတ် မှတ်တမ်းတင်ထားခဲ့သည်။ တော်ဝင်ကြင်ယာ‌တော်ဝမ်မှ စေလွှတ်သော လူများ ရောက်ရှိလာပြီး ယင်နှစ်တွင် မွေးဖွားသော မိန်းကလေးများနှင့် ယန်နှစ်တွင် မွေးဖွားသော ယောက်ျားလေးများကို ရှာဖွေခိုင်းချိန်တွင် ထိုအကြံပေးက စီရင်စုအမတ်လွမ်ကို သစ္စာဖောက်ခဲ့သည်။

သူက သူ လျှို့ဝှက်မှတ်တမ်းတင်ထားသော အမည်များနှင့် နေရပ်လိပ်စာများကို ထုတ်ယူပြီး တော်ဝင်ကြင်ယာ‌တော်ဝမ်၏လူများထံ သတင်းပို့ခဲ့သည်။ ယင်းကြောင့် ကလေးများ ဆွဲခေါ်သွားခံရခြင်း ဖြစ်သည်။

စူးချင်းက ဘာစကားမှ မပြောဘဲ တိတ်တိတ်ဆိတ်ဆိတ် နားထောင်နေသော်လည်း သူမ၏နှလုံးသားက ဒေါသတရားဖြင့် လောင်မြိုက်နေလေသည်။

မဟာဝန်ကြီးချုပ်... ဝမ်ကွေ့ဖေး... နင်တို့က ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ ငါ့မောင်လေးကို ထိရဲတဲ့အတွက် နင်တို့ သေရလိမ့်မယ်။

“ကလေးတွေလိုချင်တဲ့သူက ဝန်ကြီးချုပ်ဝမ်ဖြစ်နေရင် ကလေးတွေမှာ အန္တရာယ်ရှိနေတုန်းပဲ။ မဟုတ်သေးဘူး။ အစ်ကိုယန်၊ ကလေးကို ခေါ်သွားပြီး လောချန်ကနေ ထွက်သွားဖို့ ဒုတိယသခင်ကြီးစူးကို မြန်မြန် သွားပြောလိုက်ပါလား?"

“ငါလည်း အဲ့လိုလုပ်ဖို့ ဒုတိယသခင်ကြီးစူးကို အကြံပေးခဲ့တယ်၊ ဒါပေမယ့် သူရဲ့လော့ချန်က စီးပွားရေးတွေက အရမ်းများနေတော့ ခဏတာအတွင်း သူ မထွက်သွားနိုင်သေးဘူး။ သူက ကလေးကို အရင် ဖွက်ထားပြီး လော့ချန်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းအားလုံးကို ကိုင်တွယ်ပြီးမှ ထွက်သွားနိုင်မယ်တဲ့”

ယန်ကျစ်၏မျက်လုံးများတွင်လည်း စိုးရိမ်မှုများ ပြည့်နှက်နေလေသည်။ ဤတစ်ကြိမ်တွင် သူက ဒုတိယသခင်ကြီးစူးအား မော့ချန်သို့ လိုက်လာခဲ့ရန် ဆွဲဆောင်ခဲ့သေးသည်။ နယ်စပ်က လုံခြုံမှု မရှိဟု တွေးနိုင်သော်လည်း ကျိရွှေရှန့်နှင့် စူးချင်းတို့ ရှိနေသရွေ့ ထိုနေရာက ဘေးကင်းလုံခြုံနေဆဲ ဖြစ်သည်။

"ဒီလိုအချိန်မျိုးမှာ စီးပွားရေးက ပိုအရေးကြီးတာလား? ဒါမှမဟုတ် ရှောင်ချန်က ပိုအရေးကြီးတာလား?"

စူးချင်းတစ်ယောက် အလွန်ဒေါသထွက်နေပြန်သည်။

ရှောင်ချန်က တစ်ကြိမ် အဖမ်းခံရပြီးတာတောင် သူ့အဖေက စီးပွားရေးအတွက် စိတ်ပူနေသေးတာလား?

“ဒုတိယသခင်ကြီးစူးက အရမ်းစေတနာကောင်းတယ်။ တကယ်လို့ သူ ဘာကိုမှ စနစ်တကျ မစီစဉ်ဘဲ ထွက်သွားရင် သူနဲ့ နှစ်ပေါင်းများစွာ အတူနေခဲ့တဲ့ အလုပ်သမားတွေနဲ့ သူ့နောက်လိုက်ခဲ့တဲ့အစေခံတွေအကုန်လုံး ဒုက္ခရောက်ရလိမ့်မယ်။ သူက အဲ့တာကို မကြည့်ရက်ဘူး၊ အဲ့တာကြောင့် သူက အားလုံးကို ဖြေရှင်းဖို့ အချိန်နည်းနည်း ယူချင်နေတာ”

ယန်ကျစ်က ဤအချက်နှင့် ပတ်သက်ပြီး ဒုတိယသခင်ကြီးစူးကို လေးစားနေမိသည်။ သူ့၏ ထိုစေတနာထားမှုနှင့် ကိုယ်ချင်းစာနာပေးနိုင်မှုတို့ကြောင့် ယန်ကျစ်က ဒုတိယသခင်ကြီးစူးအတွက် မိမိကိုယ်ကို စတေးရန်ပင် ဆန္ဒရှိနေခဲ့သည်။

"ရွှေရှန့်၊ ကျွန်မ ဒီတစ်ခေါက် အစ်ကိုယန်နဲ့အတူ လော့ချန်ကို ပြန်လိုက်သွားမယ်"

စူးချင်းက နောက်တစ်ရက်ပင် မစောင့်နေချင်တော့ပေ။ သူမက လော့ချန်သို့ ပြန်သွားပြီး သူမ၏မောင်လေးကို မော့ချန်သို့ ပြန်ခေါ်လာရန် ဆုံးဖြတ်လိုက်သည်။

ဆေးလုံးများ သန့်စင်ရန် ရှောင်ချန်အား ဆေးမီးဖိုထဲသို့ ပစ်ချလိုက်သည်ဟု တွေးမိရုံဖြင့် သူမ၏နှလုံးသားက ဆီကဲ့သို့ ပွက်ပွက်ဆူလာခဲ့သည်။

သို့ရာတွင် ပြဿနာကို တခါတည်း ဖြေရှင်းနိုင်မည့် ပိုမိုကောင်းမွန်သည့် နည်းလမ်းတစ်ခုလည်း ရှိနေသေးသည်။ ထိုနည်းလမ်းက သူမ၏ မိဘများနှင့် မောင်လေး အိုးမဲ့အိမ်မဲ့ မဖြစ်စေဘဲ ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်နိုင်စေမည့် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။

"မင်း လော့ချန်ကို သွားချင်နေတာလား? မင်းကို အလိုရှိတဲ့ စာရွက်တွေ ကပ်ထားတုန်းပဲ!"

ကျိရွှေရှန့်က စူးချင်း အဘယ်ကြောင့် လော့ချန်သို့ ပြန်သွားချင်သည်ကို မသိသော်လည်း သူ စိတ်ပူနေမိသည်။

"ကျွန်မမှာ ကိုယ်ရေးကိုယ်တာ ကိစ္စတချို့ ရှိသေးတယ်"

စူးချင်းက ဆုံးဖြတ်ချက် ပြတ်သားသူ ဖြစ်ပြီး သူမ၏ ပစ္စည်းများကို ထုပ်ပိုးရန် သူမ၏အခန်းသို့ ပြန်သွားခဲ့သည်။ သူမက နောက်တနေ့ တာ့ထန်နှင့် စာချုပ်ချုပ်ပြီးပြီးချင်း အဆင့်သင့်ထွက်ခွာနိုင်ရန် ပြင်ဆင်နေခဲ့သည်။

စူးချင်းနှင့် ယန်ကျစ်တို့ လောချန်သို့ အလောတကြီး ပြန်လာခဲ့ကြပြီး သူမတို့ ရောက်ရှိသွားချိန်တွင် လောချန်၌ ကြီးကြီးမားမား တစ်စုံတစ်ရာ ဖြစ်ခဲ့သည်ကို သူမတို့ သိလိုက်ကြရသည်။

All Chapters