နောက်မှ လိုက်သွားခြင်း
Vol. 20 Ch. 299
“အဲဒါက စီရင်စုရုံးတော်ပဲ၊ ဖမ်းခေါ်လာတဲ့ ကလေးတွေကို ရုံးတော်မှာ အရင်သွားထားပြီး အားလုံးကို ဖမ်းပြီးမှ တစ်ခါတည်း ခေါ်သွားမှာ ဖြစ်နိုင်တယ်”
ယန်ကျစ်က စူးချင်း ညွှန်ပြနေသည့် လမ်းကြောင်းကို လိုက်ကြည့်လိုက်ပြီး ပြန်မဖြေမီတွင် သူ့၏စိတ်ထဲမှ ဒေါသကို ထိန်းထားရန် အသက်ကို ပြင်းပြင်းရှူလိုက်ရသေးသည်။
“ဟမ့်၊ အစ်ကိုယန်ရဲ့လူတွေကို စီရင်စုအမတ် ဘယ်မှာနေလဲဆိုတာ စုံစမ်းခိုင်းပေးပါ”
စူးချင်းက ရုံးတော်ဘက်သို့ အမူအပျက် ကြည့်နေပြီးမှ ယန်ကျစ်အတွက် စိတ်ရှုပ်ထွေးစရာ တောင်းဆိုမှုတစ်ခုကို ဖွင့်ဟလာခဲ့သည်။
"စီရင်စုအမတ်?"
ယန်ကျစ်က စူးချင်း အဘယ်ကြောင့် စီရင်စုအမတ်၏အိမ်ကို စုံစမ်းခိုင်းသည်အား နားမလည်သော်လည်း စူးချင်းက ရှင်းပြရသည်ကို မကြိုက်သူ ဖြစ်သည်။ သူမက သူမ၏မြင်းကို အဆင်သင့်ပြင်ထားပြီး ထွက်ခွာရန်အတွက် ယန်ကျစ်ကို စောင့်နေပြီ ဖြစ်သည်။
“သီလရှင်ကျောင်းကို အရင်သွားကြမယ်။ တခြားသူတွေကို သတိပေးသလို မဖြစ်စေနဲ့။ အနက်ရောင်ကန့်လန့်ကာတွေ တပ်ထားတဲ့ ရထားလုံးတစ်စီးကို မောင်းသွားကြမယ်၊ ရထားလုံးပေါ်မှာ တင်သွားဖို့ သားရေနည်းနည်းလည်း ယူသွားကြမယ်"
စူးချင်းက ရှောင်ချန်နှင့် သူမ၏အမေကို မော့ချန်သို့ အရင်ပို့ရန် တွေးထားခဲ့သည်။ ခရီးက ရှည်လျားပြီး သူမ၏အမေနှင့်မောင်လေးက လှည်းစီရသည့် နာကျင်မှုကို မခံနိုင်မည်အား စိုးရိမ်သောကြောင့် စူးချင်းက ယန်ကျစ်အား အနက်ရောင်ရထားလုံးတစ်စီး မောင်းလာခိုင်းလိုက်ပြီး သူတို့ သွားလာရ ပိုအဆင်ပြေစေရန် စီစဥ်လိုက်သည်။
သူမ ယန်ကျစ်အား သားရေများ ယူလာခိုင်းရသည့်အကြောင်းမှာ သူမ၏အမေနှင့် ရှောင်ချန်တို့ လမ်းခရီးတွင် နွေးထွေးနေစေရန် ဖြစ်သည်။ စူးချင်းက သူမ၏ယခင်ဘဝတွင် မည်သူ့ကိုမျှ ထိုကဲ့သို့ စိတ်ပူခဲ့ဖူးခြင်း မရှိပေ။ ယခု သူမ တခြားသူများအတွက် စိုးရိမ်နေရသော်လည်း သူမ ကျေနပ်နေဆဲဖြစ်သည်။
“ကောင်းပါပြီ”
ယန်ကျစ်က အလွယ်တကူ သဘောတူလိုက်သည်။ သူက သူ့၏သက်တော်စောင့် လုပ်ငန်းသို့ ပြန်သွားခဲ့ပြီး စူးချင်းကို မြို့ပြင်တွင် စောင့်ခိုင်းလိုက်သည်။
စူးချင်းက မုန့်နှင့်သကြားလုံးများ ဝယ်ရန် မုန့်ဆိုင်သို့ သွားခဲ့သေးသည်။ သူမက ရှောင်ချန်အတွက် အသားအချို့ဝယ်သွားချင်သော်လည်း သူတို့ သီလရှင်ကျောင်းတွင် နေထိုင်ကြသည်ကို ပြန်သတိရသွားသောကြောင့် မဝယ်တော့ပေ။ စူးချင်းက သရဲတစ္ဆေများနှင့် နတ်များကို မယုံကြည်သော်လည်း အခြားသူများ၏ ယုံကြည်ချက်ကို လေးစားနိုင်ဆဲ ဖြစ်သည်။
မုန့်များဝယ်ပြီးနောက် စူးချင်းက လမ်းဘေးမှ လတ်လတ်ဆတ်ဆတ် ပေါင်းနေသည့် မုန့်ပေါင်းဆိုင်တစ်ဆိုင်ကို တွေ့သွားခဲ့သည်။ သူမက ၎င်းတို့အားလုံးကို ဝယ်လိုက်ပြီး ရေအိတ်ဆယ်လုံးကျော်ကို ထပ်ဝယ်ကာ ရေဖြည့်ပြီးနောက် လမ်းပေါ်တွင် စားသောက်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
မုန့်ပေါင်းများကို အဝတ်အိတ်ကြီးတစ်ခုထဲတွင် ထည့်ထားပြီး ရေအိတ်များကိုလည်း နောက်တစ်အိတ်ထဲတွင် ထည့်ထားလိုက်သည်။ အိတ်နှစ်လုံးကို ကြိုးဖြင့် ချည်ပြီး မြင်းနက်ကြီး၏ကျောပေါ်တွင် ချိတ်ဆွဲထားလိုက်သည်။
အစပိုင်းတွင် ၎င်းတို့ကို စနစ်ထဲသို့ ထည့်လိုက်ခြင်းက အကောင်းဆုံးဖြစ်မည်ဟု သူမ တွေးမိသေးသည်။ စနစ်ထဲသို့ ထည့်ထားလိုက်လျှင် မန်ထိုများ(မုန့်ပေါင်းများ)က အိုးထဲမှ ထုတ်လာသည့်အတိုင်း ပူနွေးလတ်ဆတ်နေမည် ဖြစ်သော်လည်း ယင်းက တခြားသူများ၏သံသယကို နှိုးဆွမိပေမည်ဖြစ်သည်။ ယခုအချိန်တွင် သူမက အလုပ်ကိစ္စများစွာကို လုပ်ကိုင်နေသူဖြစ်သောကြောင့် သက်တော်စောင့်များ အသုံးပြုလေ့ရှိသော နည်းလမ်းကိုသာ အသုံးပြုလိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် ယခု ရာသီဥတုက အေးနေသောကြောင့် ရက်အနည်းငယ်ကြာသွားသည့်တိုင် မုန့်ပေါင်းများက ပျက်ဆီးသွားမည် မဟုတ်ပေ။ စားခါနီးတွင် မီးဖြင့် အပူပေးလိုက်ပါက ပူပူနွေးနွေး စားနိုင်ပေလိမ့်မည်။
ထိုအရာများ အားလုံးကို ပြင်ဆင်ပြီးသည်နှင့် စူးချင်းက သူမ၏မြင်းကို မြို့ပြင်ဘက်သို့ ဦးတည်လိုက်ပြီး မြို့တံခါးတွင် အစောင့်အကြပ် ထူထပ်စွာ ချထားသည်ကို သူမ တွေ့လိုက်ရသည်။ သုံးနှစ် သို့မဟုတ် လေးနှစ်အရွယ် ကလေးများကို တွေ့လျှင် ၎င်းတို့၏ အထောက်အထားများကို အတည်ပြုရန် ခေါ်ထားခံရမည် ဖြစ်သည်။ ယင်ကောင်ပင်လျှင် ပျံသန်း လွတ်မြောက်နိုင်မည်မဟုတ်ပေ။
စူးချင်းက သူမအဖေ၏ အမြှော်အမြင်ရှိမှုကို ပြန်တွေးမိပြီး သက်ပြင်းချလိုက်မိသည်။
သူမရဲ့အဖေက အန္တရာယ်ကို ခံစားသိရှိနိုင်ပြီး ရှောင်ချန်ကို မြို့ထဲမှာ မထားခဲ့ဘူး။ မဟုတ်ရင် ရှောင်ချန်ကို ဘေးကင်းကင်းနဲ့ ခေါ်ထုတ်သွားဖို့ အရမ်းခက်ခဲသွားလိမ့်မယ်။
စစ်သည်များ၏ အာရုံစိုက်မှုက ကလေးများအတွက်သာ ဖြစ်သောကြောင့် စူးချင်းအတွက် အခက်အခဲဖြစ်စေမည့်သူ မရှိခဲ့ပေ။ သို့သော်လည်း စစ်သည်များက သူမကို သွားခွင့်မပြုခင် မြင်းပေါ်ရှိ အိတ်များကို ဖွင့်ပြီး စစ်ဆေးကြသေးသည်။
စူးချင်းက အောင်မြင်စွာဖြင့် လော့ချန်မှ ထွက်ခွာလာနိုင်ခဲ့ပြီး ယန်ကျစ်နှင့် တွေ့ဆုံရန် မြို့ပြင်တွင် စောင့်ဆိုင်းနေခဲ့သည်။
ရှီးချန်တစ်ဝက်(တစ်နာရီခန့်)စောင့်နေပြီးနောက်တွင် ယန်ကျစ်က အနက်ရောင်ရထားလုံးတစ်စီးကို မောင်းလာပြီး မြို့တွင်းမှ ထွက်ခွာလာခဲ့သည်။ စူးချင်းက သူ့ဆီသို့ သွားရန် ပြင်လိုက်သော်လည်း ယန်ကျစ်က သူမကို မသိမသာ ခေါင်းခါပြလိုက်သည်။
ထိုအချက်ပြမှုကို မြင်သွားပြီးနောက် စူးချင်းက အမူအရာမပျက် တည်ငြိမ်နေဆဲ ဖြစ်သော်လည်း သူမ၏လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။ ထို့နောက် သူမက ယန်ကျစ်၏ရထားလုံးနောက်သို့ လှမ်းကြည့်လိုက်သည်။
ယန်ကျစ်၏နောက်မှ လူသုံးယောက် တိတ်တဆိတ် လိုက်လာကြောင်း သူမ တွေ့လိုက်ရပြီး သူတို့အားလုံးက မြင်းစီးလာသူများ ဖြစ်ကာ ယန်ကျစ်နောက်သို့ လိုက်ရန် ကြိုတင်ပြင်ဆင်ထားကြပုံပေါ်သည်။ သူတို့က သာမာန်ပြည်သူများကဲ့သို့ ပေါ့ပေါ့ပါးပါး ၀တ်စားထားကြသော်လည်း သူတို့၏မျက်လုံးများနှင့် သူတို့၏လမ်းလျှောက်ပုံက သူတို့ စနစ်တကျ လေ့ကျင့်ထားကြောင်း ပြသနေသည်။
စူးချင်းက ယန်ကျစ် ထွက်ခွာသွားသည်ကို စောင့်ကြည့်နေခဲ့ပြီး ထိုသုံးယောက်မှ လွဲ၍တခြားမည်သူမျှ သူ့နောက်သို့ ထပ်မလိုက်လာကြောင်း သေချာစေပြီးမှ သူတို့နောက်သို့ ဖြည်းညှင်းစွာ လိုက်ပါသွားခဲ့သည်။ လူသုံးယောက်က ယန်ကျစ်နောက်သို့ လျှို့ဝှက်စွာ လိုက်သွားကြပြီး သူမကလည်း ထိုလူသုံးယောက်နောက်မှ တ်တ်တဆိတ် လိုက်နေခဲ့သည်။
ယန်ကျစ်က နောက်ကြောင်းကို လုံးဝ ပြန်လှည့်မကြည့်ဘဲ သူ၏မြင်းရထားကို အရှိန်မြှင့်ရန် မြင်းကို အစွမ်းကုန် တွန်းအားပေးနေခဲ့သည်။ သူက အရှိန်မြှင့်လိုက်သောကြောင့် သူ့နောက်မှ လူများကလည်း အရှိန်မြန်လာကြသည်။ စူးချင်းက သူတို့ သူမကို သတိမထားမိစေရန် ခပ်လှမ်းလှမ်းမှသာ လိုက်ပါသွားခဲ့သည်။
လောချန်မှ ထွက်ခွာလာပြီးနောက် ယန်ကျစ်က လမ်းမကြီးအတိုင်း ဆက်မသွားတော့ဘဲ အခြားလမ်းခွဲတစ်ခုဆီသို့ မောင်းသွားခဲ့သည်။ ထိုလူများကလည်း မဆိုင်းမတွ ဆက်လိုက်သွားကြသည်။
သူတို့က သုံးယောက်ဖြစ်ပြီး ယန်ကျစ်က တစ်ယောက်တည်းဟု သူတို့ ထင်နေသောကြောင့် သူတို့က ယန်ကျစ်ကို မျက်စိထဲသို့ လုံးဝ မထည့်ကြဘဲ ပေါ်ပေါ်ထင်ထင် လိုက်သွားကြတော့သည်။
သို့သော်လည်း သူတို့နောက်ကွယ်တွင် နတ်ဆိုးကဲ့သို့ ရန်သူတစ်ယောက် ရှိနေမည်ဟုတော့ သူတို့ မမျှော်လင့်ထားကြပေ။ ထိုလမ်းပေါ်တွင် မည်သူမျှမရှိကြောင်း သေချာသွားပြီးနောက်တွင် စူးချင်းက ထိုသုံးယောက်သားနောက်သို့ အရှိန်ဖြင့် စလိုက်တော့သည်။
ထိုသုံးယောက်ကလည်း ရုတ်ရုတ်သဲသဲ ပြေးလာနေသည့် မြင်းခွာသံများကို ကြားသွားပြီး သူတို့၏လက်နက်များကို အမြန်ဆွဲထုတ်လိုက်ကြသည်။ ထို့နောက် နောက်သို့ လှည့်ကြည့်လိုက်ရာ စူးချင်းတစ်ယောက်တည်း လာနေသည်ကို မြင်လိုက်ရသောကြောင့် သူတို့၏မျက်လုံးများထဲတွင် အထင်အမြင်သေးမှုများ ပြည့်နှက်လာခဲ့သည်။
ယန်ကျစ်နှင့် စူးချင်းတို့က တစ်ယောက်နှင့်တစ်ယောက် ပြတ်ပြတ်သားသား နားလည်မှု ရှိကြသည်။ ယန်ကျစ်ကလည်း နောက်သို့ လှည့်ကြည့်လိုက်ပြီး စူးချင်းက သူတို့နောက်မှ လိုက်လာနေသည် တွေ့လိုက်သည်နှင့် တပြိုင်နက်က သူက ရထားလုံးပေါ်မှ ဆင်းကာ မြင်းကို သစ်ပင်တွင် ကြိုးချည်ထားလိုက်သည်။ ထို့နောက် သူက သူနောက်မှ လူသုံးယောက်ဆီသို့ အေးအေးဆေးဆေး လျှောက်သွားလိုက်သည်။
သူနှင့် စူးချင်းတို့က ထိုလူများ၏ လွတ်လမ်းကို ပိတ်ဆို့ရန် ရှေ့နှင့်နောက်မှ ပူးပေါင်းတိုက်ခိုက်ရန ပြင်ဆင်လိုက်သည်။ သူတို့ အဝိုင်းခံနေရသည့်တိုင် ထိုလူများကလည်း မကြောက်ပေ။ သူတို့က မြင်းပေါ်တွင် ထိုင်နေရင်း ယန်ကျစ်ကို ငုံ့ကြည့်နေကာ မောက်မာစွာ ခြိမ်းခြောက်နေသေးသည်။
“ယန်ကျစ်၊ ငါတို့က လော့ချန်ရုံးတွေက လူတွေနော်။ ငါတို့က စီရင်စုအမတ်အသစ်ရဲ့အမိန့်အရ မင်းနောက်ကို လိုက်လာတာ၊ ငါတို့ တစ်ခုခုဖြစ်သွားရင် မင်းနဲ့ မင်းရဲ့သက်တော်စောင့်လုပ်ငန်းက လူတွေ အားလုံး သေကုန်လိမ့်မယ်”
ထိုလူများ၏ အစစ်အမှန် လက္ခဏာများကို သိရှိလိုက်ရသောကြောင့် ယန်ကျစ် အံ့သြသွားရသည်။
စီရင်စုအမတ်အသစ်က ဘာကြောင့် သူ့နောက်လိုက်ဖို့ လူလွှတ်လိုက်ရတာလဲ? သာမန် ပြည်သူတွေက မင်းမှုထမ်းတွေကို ရင်မဆိုင်ချင်ကြဘူး။ သူလည်း ရန်ငြိုးဖွဲ့စေမယ့်အလုပ်မျိုး ဘာမှ မလုပ်ခဲ့ဘူး။
သူက လက်ခုပ်အုပ်လိုက်ပြီး နှိမ့်ချမှု မရှိ၊ မောက်မာမှု မရှိသည့် အမူအရာဖြင့် ထိုလူသုံးယောက်ကို လှမ်းမေးလိုက်သည်။
"ဒီယန်ကျစ်က ဘာတွေလုပ်မိလို့ မင်းတို့က နောက်ကနေလိုက်ပြီး ဒုက္ခပေးနေရတာတုန်း"
"စီရင်စုအမတ်က စူးမိသားစုရဲ့သခင်ငယ်လေးကို ရှာဖွေနေတယ်။ မင်းနဲ့ ဒုတိယသခင်ကြီးစူးက သွေးသောက်ညီအကိုတွေဆိုတာ သူ သိတယ်၊ အဲ့တော့ သခင်ကြီးစူးက ကလေးကို မင်းဆီ လက်လွှဲပေးမှာ သေချာတယ်။ ကလေးကို ငါတို့ လက်ထဲ ပြန်လွှဲပေးရင် စီရင်စုအမတ်က မင်းကို အပြစ်မပေးဘဲ မင်းရဲ့လုပ်ငန်းကို ဆက်လက်လည်ပတ်ခွင့် ပေးလိမ့်မယ်။ မင်းအတွက် ဘာက ကောင်းတယ်ဆိုတာကို မင်း မသိရင်တော့ ငါတို့ ရိုင်းစိုင်းတာကို အပြစ်မတင်နဲ့"
ယန်ကျစ်က သဘောကောင်းကောင်းဖြင့် တုံ့ပြန်နေသည်ကို မြင်လိုက်ရသောကြောင့် သူတို့သုံးယောက်လုံးက ပို၍ပင် မောက်မာလာပြီး စူးမိသားစုမှ သခင်ငယ်လေးကို လွှဲပေးရန် တိုက်ရိုက် တောင်းဆိုလာကြသည်။
"စီရင်စုအမတ်အသစ်က ဘယ်သူလဲ? သူက ဘာလို့ ငါနဲ့ ဒုတိယသခင်ကြီးစူးအကြောင်းကို သိနေရတာလဲ?”
ယန်ကျစ်က သူ့ဒေါသကို ထိန်းပြီး ပြန်မေးလိုက်သည်။
သူ လော့ချန်ကို ရက်အနည်းငယ်လောက် ပြန်မလာမိတာကို လော့ချန်ရဲ့ ကောင်းကင်က ပြောင်းလဲသွားပြီပေါ့။ စီရင်စုအမတ်အသစ်က ဘယ်သူလဲဆိုတာတောင် သူ မသိတော့ဘူး။
စူးချင်းကလည်း အခြေအနေကို သိချင်နေသောကြောင့် အလျင်စလို မလှုပ်ရှားတော့ပေ။ မည်သို့ပင်ဆိုစေကာမူ ဤလူများအတွက် နောက်ပြန်ဆုတ်ရန် လမ်းမရှိဘဲ အနှေးနှင့်အမြန်ဆိုသလို အသက်ပေးကြရတော့မည် ဖြစ်သည်။
"စီရင်စုအမတ် အသစ်ဖြစ်တဲ့ အမတ်ချင်က အရင်က ရုံးတော်ရဲ့အကြံပေးအရာရှိပဲ။ အမတ်မင်းချင်က လော့ချင်မှာရှိတဲ့ လူတိုင်းတစ်ယောက်စီကို ရင်းနှီးတယ်။ ကလေးကို လွှဲပေးလိုက်တာနဲ့ စီရင်စုအမတ်ချင်က မင်းကို ခက်ခဲစေတော့မှာ မဟုတ်ဘူး”
စီရင်စုအမတ်အသစ်အကြောင်း ပြောနေချိန်တွင် သူတို့သုံးယောက်လုံး၏မျက်လုံးများတွင် မနာလိုရိပ်များ ရှိနေခဲ့သည်။
သူတို့အားလုံးက အစိုးရရုံးတော်မှာ အလုပ်လုပ်နေကြတာလေ။ ဒါပေမယ့် အကြံပေးအရာရှိက အခွင့်အရေးကို ဆုပ်ကိုင်နိုင်ခဲ့ပြီး စီရင်စုအမတ်အဖြစ် တိုက်ရိုက်ရာထူးတိုးခံခဲ့ရတယ်။ သူတို့ကတော့ သူ့လက်အောက်မှာ အလုပ်လုပ်နေရတုန်းပဲ။
"တောက်... အဲ့ကောင်က ယုတ်မာပက်စက်လှချီလား?"
ထိုအကြောင်းကို သိပြီးနောက် ယန်ကျစ်က ဒေါသတကြီး ကျိန်ဆဲလိုက်သည်။ စီရင်စုအမတ်ကို ကျိန်ဆဲလိုက်သည့် ယစ်ကျစ်၏အသံကြောင့် ထိုလူသုံးယောက်၏အမူအရာများလည်း ပြောင်းလဲသွားတော့သည်။
"ယန်ကျစ်၊ သိပ်ပြီး မျက်နှာပြောင်တိုက်မနေနဲ့။ အဲ့ကလေးက ဝန်ကြီးချုပ်ဝမ် အလိုရှိနေတဲ့ ကလေးနော်။ ဝန်ကြီးချုပ်ဝမ်ကို ဆန့်ကျင်ဖို့ သတ္တိရှိနေရအောင် မင်းမှာ ခေါင်းဘယ်နှလုံး ရှိနေလို့လဲ?”
"အဲ့ခေါင်းဘယ်နှစ်လုံးရှိလဲဆိုတဲ့ စကားက နင်တို့ကိုယ်နင်တို့ ပြန်မေးသင့်တာ"
သူတို့ထံမှ ရှင်းရှင်းလင်းလင်း သိလိုက်ရပြီ ဖြစ်သောကြောင့် စူးချင်းက သူတို့ကို အသက်ကို ချန်မထားချင်တော့ပေ။ သူမက မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး သူမလက်ထဲမှ ကြာပွတ်ကို သူတို့၏လည်ပင်းများဆီသို့ ဝှေ့ယမ်းလိုက်သည်။
သူတို့သုံးယောက်ကလည်း သူတို့နောက်မှ ပြင်းထန်သည့် လူသတ်အငွေ့အသက်ကို ခံစားမိသွားကြသည်။ သူတို့က ယန်ကျစ်ကို ဂရုမစိုက်နိုင်တော့ဘဲ စူးချင်းကို အရင် သတ်ပစ်ရန် ဆုံးဖြတ်လိုက်ကြသည်။ သို့သော် သူတို့၏တုံ့ပြန်မှုက အလွန်နှေးကွေးနေပြီး စူးချင်း၏ကြာပွတ်က ချွန်ထက်သောဓားကဲ့သို့ သူတို့၏လည်ချောင်းများကို ထိုးဖောက်ဝင်ရောက်လာပြီး သွေးကြောများကို တိုက်ရိုက် ဆွဲဖြတ်လိုက်သောကြောင့် သွေးများ ဖြာထွက်လာတော့သည်။
စူးချင်းကို ပြန်တိုက်ခိုက်ရန် အခွင့်အရေးလေးပင် မရခဲ့ကြဘဲ သုံးယောက်သား ရုတ်တရတ် သေဆုံးသွားကြရသည်။ ယန်ကျစ်ကလည်း စူးချင်းကို ထိတ်လန့်စွာ လှမ်းကြည့်နေလေသည်။
ဒီမိန်းခလေး တစ်ချက်ပဲ လှုပ်လိုက်ပြီး မြင်းပေါ်က လူသုံးယောက်ကို သတ်လိုက်တာလား? သူ့မှာ ကူညီဖို့ အခွင့်အရေးလေးတစ်ခုတောင် မရလိုက်ဘူး။
စူးချင်းက သူမ၏ကြာပွတ်ကို ပြန်သိမ်းလိုက်ပြီး မြေပြင်ပေါ်ရှိ အလောင်းသုံးလောင်းကို အေးစက်စွာ စိုက်ကြည့်နေကာ ယန်ကျစ်ကို ခပ်ပေါ့ပေါ့ လှမ်းပြောလိုက်သည်။
"သူတို့ကို မြှုပ်လိုက်!"
သူမ၏အမူအရာနှင့် စကားသံက ‘ဒီနေ့ ရာသီဥတု ကောင်းတယ်နော်’ ဟု ပြောနေသကဲ့သို့ စိတ်အေးလက်အေး ဖြစ်နေလေသည်။
ယန်ကျစ်က ဘာမှ မပြောတော့ပေ။ သူက ဤအေးစက်သော မိန်းကလေးကို သူ့နှလုံးသား၏အောက်ခြေမှ လေးစားနေခဲ့သည်။ သူက တိတ်တဆိတ် တွင်းတူးလိုက်ပြီး ရဲမက်သုံးယောက်ကို ထိုတွင်းထဲသို့ ပစ်ချလိုက်သည်။ စူးချင်းက သူ့ကို အရင်ထွက်သွားခိုင်းပြီး ကျန်တာကို သူမ ဆက်လုပ်မည်ဟု ပြောလာပြန်သည်။ ယန်ကျစ်က သူမ ဘာလုပ်မည်ကို မမေးဘဲ နာခံမှုရှိရှိဖြင့် ရှေ့သို့ လျှောက်သွားလိုက်သည်။
အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် သူ မနေနိုင်ဘဲ ပြန်လှည့်ကြည့်လိုက်ရာ စူးချင်းက ပုလင်းသေးသေးလေးတစ်လုံး ကိုင်ထားပြီး ထိုတွင်းထဲသို့ အဖြူရောင်အမှုန့်များ လောင်းထည့်နေသည်ကို သူ တွေ့လိုက်ရသည်။
စူးချင်းက ထိုအလောင်းသုံးလောင်းကို ဖြေရှင်းလိုက်ပြီး ရှောင်ချန်ကို ရှာရန် ယန်ကျစ်နှင့်အတူ သီလရှင်ကျောင်းသို့ ထွက်ခွာလာခဲ့သည်။
လမ်းခရီးတွင် သူမ၏ညာဘက်မျက်ခွံက တဆတ်ဆတ်တုန် နေပြီး စူးချင်းကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။