← Chapters

ငါ့ရဲ့ကြင်နာမှုတွေ သတိရပေးဦးနော်

Vol. 20 Ch. 294

ငါ့ရဲ့ကြင်နာမှုတွေ သတိရပေးဦးနော်

Vol. 20 Ch. 294

ချောမောလှပပြေပြစ်သည့် တော်ဝင်ကြင်ယာ‌တော်ဝမ်က မိန်းမစိုးများ၊ နန်းတွင်းအစေခံများနှင့် သက်တော်စောင့်များ ဝန်းရံလျှက် ကိုယ်လုပ်တော်အန်း၏နန်းဆောင်ထဲသို့ ဝင်လာခဲ့သည်။ သူမ၏စူးရှပြတ်သားသော ဖီးနစ်မျက်လုံးများက နူးညံ့ပျော့ပျောင်းသော သလွန်ပေါ်တွင် လဲလျောင်းနေသည့် ကိုယ်လုပ်တော်အန်းကို လှမ်းကြည့်နေပြီး ဖိနှိပ်ခြိမ်းခြောက်နိုင်လွန်းသည့်် ကြောက်မက်ဖွယ်အမူအရာဖြင့် စိုက်ကြည့်နေလေသည်။

"ဝမ်ကွေ့ဖေးကို နှုတ်ခွန်းဆက်သပါတယ်"

ကိုယ်လုပ်တော်အန်းက တော်ဝင်ကြင်ယာ‌တော်ဝမ်ကို အလွန်မုန်းတီးနေသော်လည်း နန်းတော်အတွင်းတွင် သူမက အဆင့်အတန်းနိမ့်ကျသူ ဖြစ်သောကြောင့် တော်ဝင်ကြင်ယာ‌တော်ဝမ်အား ဦးညွှတ်နေရသေးသည်။ ကြမ်းပြင်ပေါ်တွင် ဒူးတစ်ဝက်ညွှတ်အနေအထားဖဖြင့် အရိုအသေပေးနေရသောကြောင့် သူမ၏အားနည်းနေပြီ ဖြစ်သော ခန္ဓာကိုယ်က အကြာကြီး တောင့်မခံနိုင်တော့ပေ။ သို့သော်လည်း တော်ဝင်ကြင်ယာ‌တော်ဝမ်က သူမကို ထခွင့်မပေးဘဲ ထိုဦးညွှတ်နေသည့် တစ်ဝက်တစ်ပျက်အနေအထားဖြင့် ထိုနေရာတွင် ဆက်နေခိုင်းခဲ့သည်။ ခဏအကြာတွင် ကိုယ်လုပ်တော်အန်းက သည်းမခံနိုင်တော့ဘဲ သူမ၏ခြေထောက်များက တုန်ခါလာကာ သူမ၏နဖူးတွင် ချွေးအေးများ ဖုံးလွှမ်းလာခဲ့သည်။

ကိုယ်လုပ်တော်အန်း အခြေအနေမကောင်းတော့သည်ကို မြင်နေရသည့် အထိန်းတော်ယန်က သူမကို ကူညီပေးရန် တိတ်တဆိတ် ရှေ့တိုးသွားလိုက်သော်လည်း တော်ဝင်ကြင်ယာ‌တော်ဝမ်နှင့်အတူ လိုက်ပါ၀င်လာသည့် အခြွေအရံများက သူမကို ထိန်းချုပ်ထားခဲ့သည်။ ကိုယ်လုပ်တော်အန်း၏နန်းဆောင်ရှိ လူများအားလုံးကိုလည်း နန်းဆောင်ဝင်း၏အလယ်တွင် ထိန်းသိမ်းထားပြီး မည်သူမျှ မထွက်ပြေးနိုင်တော့ပေ။

ကိုယ်လုပ်တော်အန်းက တစ်စုံတစ်ခု မှားယွင်းနေပြီဟု ခံစားလိုက်မိသည်။ ယနေ့မြင်ကွင်းက တော်ဝင်ကြင်ယာ‌တော်ဝမ် သူမကို အနီရောင်ဆူးပန်းဆေးရည် သောက်ခိုင်းခဲ့သည့်နေ့နှင့် အတိအကျ တူနေခဲ့သည်။ ဤနေရာ၌ ဧကရာဇ်မရှိလျှင် မောက်မာလွန်းပြီး တဇွတ်ထိုးဆန်လွန်းသော တော်ဝင်ကြင်ယာ‌တော်ဝမ်ကို မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပေ။ သူမက ခေါင်းငုံ့ထားကာ မိမိကိုယ်ကို အတက်နိုင်ဆုံး နှိမ့်ချထားရင်း ယ​နေ့ ဤ​ဘေးဆိုးကြီးမှ ​ကျော်​ဖြတ်​ပြီး သူမ၏အသက်​ကို ထိန်းထားနိုင်ရန်သာ​ ​မျှော်​လင့်​ချက်နေမိတော့သည်​။

“မယ်မယ်၊ ချန်ချဲ့က အသုံးမဝင်တဲ့သူ ဖြစ်နေပါပြီ၊ အရှင်မင်းမြတ်ရဲ့မျက်နှာသာရဖို့ မယ်မယ်နဲ့ မယှဉ်ပြိုင်ရဲတော့ပါဘူး။ ကျေးဇူးပြုပြီး ချန်ချဲ့ကို ခွင့်လွှတ်ပေးပါ မယ်မယ်!"

ထိုသို့ပြောပြီးနောက် ကိုယ်လုပ်တော်အန်းက လုံးဝ အရှုံးပေးလိုက်နေသည့်ပုံပေါ်ကာ ရိုကျိုးသောအမူအရာဖြင့် ကြမ်းပြင်ပေါ်သို့ လုံးဝ ဒူးထောက်ချလိုက်သည်။

တော်ဝင်ကြင်ယာ‌တော်ဝမ်ကတော့ ကိုယ်လုပ်တော်အန်းကို လှောင်ပြောင်သည့်အမူအရာဖြင့် တစ်ချက်သာကြည့်လိုက်သည်။ သူမက စားပွဲနောက်တွင် ဝင်ထိုင်လိုက်ကာ လက်ဖက်ရည်နှင့် အဆာပြေများ ယူ‌ဆောင်လာရန် အမိန့်ပေးလိုက်ပြီး သူမ၏ရှေ့မှ ကျယ်ကျယ်လောင်လောင်ပင် အသက်မရှူဝံ့ဘဲ ဒူးထောက်ထိုင်နေသည့် ကိုယ်လုပ်တော်အန်းကို အေးအေးဆေးဆေး ထိုင်ကြည့်နေလေသည်။

တစ်ရှီးချန်(နှစ်နာရီကြာ) ဒူးထောက်နေပြီးနောက်တွင် ကိုယ်လုပ်တော်အန်းက အကြာကြီး တောင့်မခံနိုင်တော့ဘဲ တုန်ယင်နေကာ သူမ၏ခန္ဓာကိုယ်က လဲကျလုနီးပါးဖြစ်လာခဲ့သည်။ သူမက ငယ်စဉ်ကတည်းက အန်းအိမ်တော်တွင် အလိုလိုက်ခံခဲ့ရပြီး နန်းတော်အတွင်းသို့ ဝင်ရောက်ပြီးနောက်တွင်လည်း ဧကရာဇ်ထံမှ မျက်နှာသာကို ရရှိခဲ့သည်။ သူမက မည်သည့်အချိန်တွင်မျှ ဤသို့သော ဒုက္ခမျိုးကို မခံစားခဲ့ရဘူးပေ။

သို့သော် သူမက သူမ၏အသက်ကို နှမြောသောကြောင့် လက်ရှိအချိန်တွင် အံကြိတ်ပြီး ကျိုးနွံပြနေရသည်။

ဒီနေ့ပြီးတော့ သူမကို ကာကွယ်ဖို့ တော်ဝင်သက်တော်စောင့်တွေ ထပ်လွှတ်ပေးဖို့ ဧကရာဇ်ဆီမှာ တောင်းဆိုတော့မယ်။

"ပန်ကုန်းတို့က ညီအစ်မတွေလေ... မင်းက ဒီလောက်သနားဖို့ကောင်းအောင် တောင်းပန်းနေမှတော့ မင်းရဲ့ခန္ဓာကိုယ်ကို နဂိုအတိုင်း ချန်ထားပေးမယ်"

တော်ဝင်ကြင်ယာ‌တော်ဝမ်က သူမ လုံလုံလောက်လာက် ပညာပြပြီးပြီဟု ယူဆလိုက်သောကြောင့် သူမ၏ ပါးစပ်ကို ပျင်းရိစွာ ဖွင့်ဟလိုက်သည်။ သူမ၏စကားများက ကိုယ်လုပ်တော်အန်းကို ကြောက်လန့်သွားစေပြီး သူမက သူမ၏ ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်တော့ဘဲ သူမကို ကရုဏာထားပေးရန် တော်ဝင်ကြင်ယာ‌တော်ဝမ်ကို တောင်းပန်နေခဲ့သည်။

"မယ်မယ်၊ ကျွန်တော်မျိုးမကို သနားငဲ့ညှာပေးပါ၊ ကျွန်တော်မျိုးမရဲ့အသက်ကို ချမ်းသာပေးပါ"

"ရှောင်လန်၊ မင်းရဲ့တာဝန်ကို ပြီးအောင်လုပ်လိုက်"

တော်ဝင်ကြင်ယာ‌တော်ဝမ်က သူမကို လှည့်ကြည့်ရန်ပင် ပျင်းရိနေပုံရပြီး တုန်တုန်ယင်ယင်နှင့် ခေါင်းပင်မမော့ကြည့်ရဲသော ရှောင်လန်ကို အေးစက်စွာ အမိန့်ပေးလိုက်သည်။

“ဝမ်ကွေ့ဖေး၊ ငါက ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ဘွဲ့အပ်နှင်းထားတဲ့ ကိုယ်လုပ်တော်တစ်ယောက်ပဲ၊ ဧကရာဇ်မင်းမြတ်ကပဲ ငါ့ကို သတ်ခွင့်ရှိတယ်။ နင့်မှာ ငါ့ရဲ့အသက်ကို ယူပိုင်ခွင့်မရှိဘူး"

ကရုဏာထားပေးရန် တောင်းပန်နေခြင်းက အသုံးမဝင်သည်ကို နားလည်သွားသော ကိုယ်လုပ်တော်အန်းက ချက်ချင်း မတ်တပ်ထရပ်ကာ တော်ဝင်ကြင်ယာ‌တော်ဝမ်အား လက်ညှိုးထိုး အော်ဟစ်လိုက်သည်။

“ဟက်... ကျစ်... ကျစ်.... ဧကရာဇ်မင်းမြတ်က မင်းရဲ့ငယ်ရွယ်မှုနဲ့ နူးညံ့သိမ်မွေ့တဲ့အလှတရားကို နှစ်သက်တာနော်၊ မင်းရဲ့လက်ရှိအသွင်အပြင်ကို ကြည့်လိုက်ပါဦး၊ မင်းရဲ့ဆံပင်တွေက ရှုပ်ပွညစ်ပတ်နေပြီး မင်းရဲ့မျက်နှာကလည်း နတ်ဆိုးမလို ဒေါသတရားတွေ ပြည့်နှက်နေတယ်၊ အခုချိန် ဧကရာဇ်မင်းမြတ်က မင်းကို မြင်သွားရင် မင်းကို မုန်းတောင်မုန်းသွား နိုင်တယ်"

တော်ဝင်ကြင်ယာ‌တော်ဝမ်က သူမ၏ ပန်းရောင်ပါးပြင်ကို လက်တစ်ဖက်ဖြင့် ထောက်ထား ကြွက်နှင့်ကစားနေသော ကြောင်ကဲ့သို့ စိတ်အားထက်သန်နေကာ ကိုယ်လုပ်တော်အန်းကို လှောင်ပြောင်လိုက်သည်။

"ပြီးတော့ မင်းကို သတ်တဲ့သူက ပန်ကုန်းမဟုတ်ဘူး။ မင်းရဲ့နန်းဆောင်က အစေခံပဲ။ မင်းပ သူ(မ)ကို အပြစ်ပေးတာကို သူ(မ)က မကျေနပ်လို့ မင်းကို သတ်လိုက်တာ။ ပန်ကုန်းနဲ့ ဘာဆိုင်လို့လဲ? ဟက်... သူမကို ကြည့်ရတာ အရမ်းဖြူစင်ပုံရပေမယ့် သူမက အငြိုးအတေးကြီးလွန်းတယ်၊ တကယ်ကို ရက်စက်တာပဲ၊ တွေးတောင် မတွေးဝံ့တော့ဘူး!"

တော်ဝင်ကြင်ယာ‌တော်ဝမ်က လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်ပြီး လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။ သူမ၏ လှပသော မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ချိတ်ဆွဲထားပြီး အလောင်းကောင်ကို ကြည့်နေသလိုမျိုး ကိုယ်လုပ်တော်အန်းကို ကြည့်နေခဲ့သည်။

တော်ဝင်ကြင်ယာ‌တော်ဝမ်၏စကားကို ကြားလိုက်ရချိန်တွင် ကိုယ်လုပ်တော်အန်းက သူမ၏အရိုးများကို ဖယ်ရှားလိုက်သလို ပြိုလဲကျသွားတော့သည်။

ယနေ့တွင် သူမ တော်ဝင်ကြင်ယာ‌တော်ဝမ်၏ ဆိုးယုတ်သောလက်မှ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။ ထိုမိန်းမက သူမ ရှင်သန်နိုင်မည့်လမ်းကြောင်းများအားလုံးကို ပိတ်ဆို့ထားပြီး ဖြစ်သည်။ သူမ ငှက်သိုက်ယာဂုကို သောက်သည်ဖြစ်စေ မသောက်သည်ဖြစ်စေ သူမ သေရပေလိမ့်မည်။

"ရှောင်လန်၊ မင်း သတ်ချင်တဲ့ ဒီရက်စက်တဲ့ မိန်းမကို သတ်ဖို့ မင်းကို ပိုးဖြူသုံးကျန်း ဆုချပေးမယ်"

လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်ချိန်တွင် တော်ဝင်ကြင်ယာ‌တော်ဝမ်၏ အပြုံးက ပျောက်ကွယ်သွားခဲ့ပြီး ရှောင်လန်အတွက် ပြင်ဆင်ထားသည့် ပိုးဖြူစကို ယူလာပေးရန် သူမ၏အစေခံတစ်ယောက်အား အမိန့်ပေးလိုက်သည်။

"မဟုတ်ဘူး၊ နင် ငါ့ကို သတ်လို့ မရဘူး။ အရှင်မင်းကြီး ချန်ချဲ့ကို ကယ်ပါဦး၊ ချန်ချဲ့ကို ကယ်ပါဦး"

ကိုယ်လုပ်တော်အန်းက မိုးရေထဲတွင် ကြွေကြနေသည့် သစ်တော်ပွင့်လေးများကဲ့သို့ မျက်ရည်များ ထွက်နာကျရင်း အော်ဟစ်ငိုယိုနေခဲ့သည်။ သူမက ဧကရာဇ် ကြားနိုင်ရန် မျှော်လင့်ကာ အပြင်းအထန် အော်ဟစ်အကူအညီတောင်းနေသေးသည်။

“ဟား ဟား…”

တော်ဝင်ကြင်ယာ‌တော်ဝမ်က သူမ၏ခေါင်းကို မော့ကာ မောက်မောက်မာမာ အော်ဟစ်ရယ်မောနေလေသည်။

"အခုအချိန်လောက်ဆို ဧကရာဇ်မင်းမြတ်က ချမ်ချင်းနန်းဆောင်မှာ ပန်ကုန်းရဲ့အဖေနဲ့ နန်းတွင်းရေးကိစ္စတွေ ဆွေးနွေးနေလောက်ရောပေါ့၊ မင်း လည်ချောင်းကွဲအောင် အော်နေရင်တောင် အသုံးမဝင်တော့ဘူး"

တော်ဝင်ကြင်ယာ‌တော်ဝမ်က ကိုယ်လုပ်တော်အန်း၏ ကြောက်ရွံ့ထိတ်လန့်မှုကို သဘောကျနေကာ ပျော်ပျော်ရွှင်ရွှင် ရယ်မောနေခဲ့သည်။

"မင်းကို ဒီလောက် အသက်ရှည်ရှည် နေခွင့်ပေးခဲ့တဲ့ ပန်ကုန်းရဲ့ကြင်နာမှုကို သတိရပေးဦးနော်"

သူမ၏စကား ဆုံးသွားသည်နှင့် တော်ဝင်ကြင်ယာတော်ဝမ်၏မျက်နှာပေါ်ရှိ အပြုံးက ချက်ခြင်း ပျောက်ကွယ်သွားပြီး ရှောင်လန်ကို ပြတ်သားသောအကြည့်ဖြင့် လှမ်းကြည့်ကာ ခပ်မာမာ အမိန့်ပေးလိုက်သည်။

"‌ရှောင်လန်၊ လုပ်တော့"

‌‌ရှောင်လန်ကလည်း မျက်ရည်များကျနေပြီး တကိုယ်လုံး တုန်ယင်နေလေသည်။

ဘာပဲဖြစ်ဖြစ် သူမက ဒီနေ့ သေရမှာပဲလေ... သူမက ဝမ်ကွေ့ဖေးနဲ့ အန်းကွေ့ရန်တို့ရဲ့ တိုက်ပွဲမှာ သားကောင်ဖြစ်သွားခဲ့ပြီ။

သူမ အန်းကွေ့ရန်ကို သတ်လိုက်ရင် ဧကရာဇ်မင်းမြတ်က သူမကို ဘယ်လို ရက်ရက်စက်စက် အပြစ်ပေးမယ်ဆိုတာ စိတ်ကူးနဲ့တောင် မြင်ယောင်ကြည့်နိုင်တယ်။ ပြီးတော့ သူမ အန်းကွေ့ရန်ရဲ့ဖြူစင်တဲ့ လည်ပင်းလေးကို ပိုးဖြူနဲ့ မချည်နှောင်ရဲပါဘူး။

တော်ဝင်ကြင်ယာတော်ဝမ်က ရှောင်လန်ကို အေးစက်စွာ ကြည့်နေရင်း ခပ်ပေါ့ပေါ့ ထပ်ပြောလိုက်သည်။

"ရှောင်လန်၊ မင်း နောက်ထပ် မျက်တောင်တစ်ခတ်စာ နှောင့်နှေးနေမယ်ဆိုရင် ပန်ကုန်းက မင်းအမေကို အရှင်လတ်လတ် အရေခွံခွာဖို့ အမိန့်ပေးလိုက်တော့မယ်"

ရှောင်လန်က အလွန်ထိတ်လန့်သွားပြီး သူမတစ်ကိုယ်လုံး တုန်ယင်လာပြန်သည်။ သို့သော်လည်း သူမက သစ်သားရုပ်သဖွယ် ခံစားချက်မဲ့နေသည့်အမူအရာဖြင့် ထရပ်လိုက်ကာ ပိုးဖြူစကို ကိုယ်လုပ်တော်အန်း၏လည်ပင်းပေါ်သို့ တင်လိုက်သည်။ ကိုယ်လုပ်တော်အန်းက အသည်းအသန် ရုန်းကန်နေခဲ့သော်လည်း သက်တော်စောင့်နှစ်ဦးက သူမကို ချုပ်နှောင်ထားခဲ့သည်။ တော်ဝင်ကြင်ယာ‌တော်ဝမ်ကတော့ ရှောင်လန်ကိုသာ အေးတိအေးစက် စိုက်ကြည့်နေလေသည်။

ရှောင်လန်က အလွန်ထိတ်လန့်သွားပြီး ကြောက်လန့်တကြားဖြင့် ပိုးဖြူစကို တင်းနေအောင် ဆွဲလိုက်သည်။ သို့သော် သူမထံတွင် ခွန်အား အလုံအလောက် မရှိသောကြောင့် သူမက နောက်သို့ ပြန်လှည့်လိုက်ပြီး ပိုးဖြူစကို အစွမ်းကုန်ဆွဲရန် သူမ၏ပခုံးပေါ်တင်လိုက်သည်။ သူမ၏မျက်လုံးများတွင်လည်း ရူးသွပ်တော့မည့်အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။

ကိုယ်လုပ်တော်အန်းက သူမ၏ခြေထောက်များကို အလွန်အကျွံ့ တွန်းထိုးရုန်းကန်နေခဲ့ပြီး သူမ၏မျက်လုံးများက နောက်သို့ လှန်နေကာ သူမ၏ပါးစပ်ကလည်း အကျယ်ကြီး ပွင့်လာခဲ့သည်။ သူမ၏လျှာကလည်း အရှည်ကြီးထွက်နေပြီ ဖြစ်ကာ သူမ၏ ချောမောသောမျက်နှာက ချက်ချင်း သွေးရောင်လွှမ်းလာခဲ့သည်။ သူမ၏ မျက်လုံးများကလည်း သွေးနီရောင်တောက်နေခဲ့သည်။

သူမက နောက်ဆုံးထွက်သက်မတိုင်ခင်အထိ ရုန်းကန်နေခဲ့ပြီး သူမ၏လက်သည်းများကြောင့် သူမ၏လည်ပင်းဖြူဖြူတွင် သွေးစင်းကြောင်းများ ပြည့်လာခဲ့သော်လည်း သူမ မည်မျှပင် ရုန်းကန်နေရပါစေ သူမလည်ပင်းပေါ်ရှိ ပိုးဖြူစကို မဖယ်ရှားနိုင်ခဲ့ပေ။ နောက်းဆုံတွင် သူမ၏ခန္ဓာကိုယ်က တဖြေးဖြေး ပျော့ကျသွားပြီး သူမ၏လက်နှစ်ဖက်က ပြုတ်ကျလာခဲ့သည်။ ချောမောလှပလွန်းသည့် မိန်းမလှလေးတစ်ယောက်က ထိုကဲ့သို့ သေဆုံးသွားခဲ့ရသည်။

ပြဇာတ်ကို လုံလုံလောက်လောက် ကြည့်ရှုပြီးနောက် တော်ဝင်ကြင်ယာ‌တော်ဝမ်က ထရပ်လိုက်ပြီး ပိုးဖြူစကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲဖြစ်သော ရှောင်လန်ထံသို့ လျှောက်သွားခဲ့သည်။

သူမက အေးစက်သော လေသံဖြင့် "ဘာပြောရမယ်ဆိုတာ မင်း မှတ်မိလား?"

ရှောင်လန်၏တစ်ကိုယ်လုံး တုန်ယင်နေပြီး သူမ၏အသက်မဲ့နေသောမျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်နေသည်။ အဆုံးတွင် သူမက အရာအားလုံးကို သည်းခံပြီး တာဝန်ယူရဦးမည် ဖြစ်သည်။

အထိန်းတော်ယန်နှင့် အန်းအိမ်တော်မှ လိုက်ပါလာသည့်သူအားလုံးက ဝမ်းနည်းပူဆွေးမှုအပြင် ဒေါသစိတ်ဖြင့် တော်ဝင်ကြင်ယာ‌တော်ဝမ်ကို ကြည့်နေကာ ရှိုက်ကြီးတငင် ငိုကြွေးနေကြသည်။

“ဒီလူတွေအားလုံးကို ဖြေရှင်းလိုက်။ ဘယ်သူမှ အသက်ရှင်လျက် မကျန်ခဲ့စေနဲ့"

ထိုလူများ၏မျက်လုံးထဲမှ အမုန်းတရားများကို မြင်လိုက်ရချိန်တွင် တော်ဝင်ကြင်ယာ‌တော်ဝမ်က ပြုံးလိုက်သည်။ သူမ၏အပြုံးက လှပသော်လည်း ဘိန်းပန်းများကဲ့သို့ အဆိပ်ပြင်းလှသည်။ သူမက နူးညံ့သိမ်မွေ့သော အသံဖြင့် အဆိုးဆုံးသော စကားလုံးများကို ပြောနိုင်သူ ဖြစ်သည်။

******

ချမ်ချင်းနန်းတော်....

ဝန်ကြီးချုပ်ဝမ်က ဧကရာဇ်ထံသို့ တာဝန်များ ပြန်လွှဲအပ်နေဆဲဖြစ်သည်။

“အရှင်မင်းကြီး၊ ဒီအမတ်အိုကြီးက အသက်ကြီးနေပါပြီ၊ ရုံးတော်ကိစ္စတွေကို မကိုင်တွယ်နိုင်တော့ပါဘူး။ ကျေးဇူးပြုပြီး ဒီအမတ်အိုကြီးရဲ့နေရာကို အစားထိုးဖို့ နောက်ထပ် သင့်တော်မယ့် ဝန်ကြီးတစ်ယောက်ကို ရှာလိုက်ပါတော့”

“ဝန်ကြီးချုပ်က ကိုယ့်ကိုကိုယ် နှိမ့်ချနေစရာ မလိုပါဘူး။ ဝန်ကြီးချုပ်က အရေးကြီးတဲ့ သစ္စာရှိဝန်ကြီးတစ်ယောက်လေ၊ ရုံးတော်က ဝန်ကြီးချုပ်မရှိရင် တစ်ရက်တောင် အဆင်မပြေဘူး။ ကျန်းက ဝန်ကြီးချုပ်ကို လဝက်လောက် အနားယူခွင့်ပေးမယ်၊ ဝန်ကြီးချုပ် အနားယူပြီး ပြန်လည်ကျန်းမာလာတာနဲ့ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ဖို့ ပြန်လာရမယ်”

ဧကရာဇ်က ဝန်ကြီးချုပ်ဝမ်၏တောင်းဆိုမှုကို ချက်ချင်း သဘောတူလိုက်ချင်သော်လည်း ၎င်းက ဝန်ကြီးချုပ်ဝမ်၏စမ်းသပ်မှုဖြစ်ကြောင်း သူ သိနေခဲ့သည်။ သူက ယနေ့ ဝန်ကြီးချုပ်၏စကားကို သဘောတူလိုက်ပြီး သူ့ကို မွေးရပ်မြေသို့ ပြန်ခိုင်းလိုက်ပါက မနက်ဖြန်တွင် ဝမ်ယွိလင်က စတင်ပုန်ကန်ပေလိမ့်မည်။

"ကောင်းပါပြီ၊ ဧကရာဇ်မင်းမြတ်က ဒီအမတ်အိုကြီးကို အရမ်းတန်ဖိုးထားနေမှတော့ ဒီအမတ်အိုကြီးက ဧကရာဇ်မင်းမြတ်ရဲ့စိုးရိမ်ပူပန်မှုများကို ဝေမျှပေးပြီး မသေမချင်း အကောင်းဆုံး အမှုထမ်းပါ့မယ်"

ဝန်ကြီးချုပ်ဝမ်က သူ့၏ဝတ်ရုံရှည် အရှေ့ပိုင်းကို လက်နှစ်ဘက်ဖြင့် ပင့်တင်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ ဧကရာဇ်မင်းအား လှပသော စကားလုံးများ ပြန်ပြောနေခဲ့သည်။ သူ့၏ဗိုက်ကြီးက ကြမ်းပြင်နှင့်ထိလုနီးပါးဖြစ်နေပြီး အလွန်ရယ်စရာကောင်းလှသည်။

သို့သော်လည်း ဧကရာဇ်ကတော့ ပြုံးပင်မပြုံးနိုင်ခဲ့ပေ။ သူက ဝန်ကြီးချုပ်ဝမ် မတ်တပ်ပြန်ရပ်နိုင်ရန် သူ့လက်နှစ်ဘက်ဖြင့် ကူထူမပေးနေရသေးသည်။

“ဝန်ကြီးချုပ်က အဲ့လောက် ယဥ်ကျေးနေဖို့ မလိုပါဘူး၊ ထပါ”

ဝန်ကြီးချုပ်ဝမ်ကို ပြန်လိုက်ပို့ပြီးနောက်တွင် သူ့ဒေါသကို ထိန်းထားခဲ့ရသည့် ဧကရာဇ်က အန်းကွေ့ရန်ကို ရှာဖွေရန် ရှုလန်နန်းဆောင်သို့ သွားခဲ့သည်။ အန်းကွေ့ရန်က မင်းသားလေးကို မမွေးနိုင်ခဲ့သောကြောင့် မူလနန်းတော်တွင် ဆက်နေရန် ဆန္ဒမရှိသဖြင့် ဧကရာဇ်က သူမအား ရှုလန်နန်းဆောင်သို့ လွှဲပြောင်းပေးကာ သူ့၏ချစ်ခြင်းမေတ္တာကို ပြသခဲ့သည်။

ဧကရာဇ် ရှုလန်နန်းဆောင်သို့ ရောက်လာချိန်တွင် ထိုနန်းဆောင်မှ အစောင့်များနှင့် ကျေးကျွန်များ အားလုံး မရှိတော့ကြောင်းကို သိလိုက်ရပြီး နန်းဆောင်ကြီးတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေလေသည်။

All Chapters