အခန်း (၂၉၅)
Vol. 20 Ch. 295
ဧကရာဇ်က တစ်ခုခုမှားနေပြီဟု ရုတ်တရက် ခံစားလိုက်မိပြီး ရှုလန်နန်းဆောင်အတွင်းထဲသို့ ချက်ချင်း ဝင်သွားခဲ့သည်။ သူ အတွင်းသို့ ဝင်လိုက်သည်နှင့် ကိုယ်လုပ်တော်အန်း၏အလောင်းက အေးစက်သောကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသည်ကို သူ တွေ့လိုက်ရသည်။ တစ်ချိန်က လှပနေခဲ့သည့် သူမ၏မျက်နှာက ယခုအခါ မည်းပြာနေပြီး သူမ၏လျှာက ချယ်ရီရောင်နှုတ်ခမ်းများ၏အပြင်ဘက်တွင် တွဲလောင်းကျကာ သူ နမ်းချင်စိတ်ပင် ကုန်ဆုံးသွားရသည်။ သူမ၏မျက်လုံးများတွင် နာကြည်းမှုများ ပြည့်နေပြီး သူ့ကို မကျေမနပ် စိုက်ကြည့်နေလေသည်။
ထိုကြောက်မက်ဖွယ်မြင်ကွင်းကို ရုတ်တရက် မြင်လိုက်ရသောကြောင့် ဧကရာဇ်က အလွန်ထိတ်လန့်သွားပြီး ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ မိန်းမစိုးအန်းက ဧကရာဇ်ကို ကူညီရန် အမြန်သွားရှေ့တိုးလာပြီး ကြင်ယာတော်အန်း၏အလောင်းကို ဧကရာဇ်၏အမြင်မှ ပိတ်ဆို့ကာကွယ်ရန် သူ့ခန္ဓာကိုယ်ဖြင့် ကာထားလိုက်သည်။ ထို့နောက် သူက ဧကရာဇ်မင်းအား သတိပေးသည့်အနေဖြင့် ထပ်ခါတလဲလဲ ခေါ်နေခဲ့သည်။
“အား”
အချိန်အတော်ကြာပြီးနောက် ဧကရာဇ်၏ ဒေါသူပုန်ထနေသည့် အော်သံတစ်ခု ထွက်ပေါ်လာပြီး သူက အရူးတစ်ယောက်လို တော်ဝင်ကြင်ယာတော်ဝမ်နန်းဆောင်ဆီသို့ ပြေးသွားတော့သည်။
"အရှင်မင်းကြီး စိတ်အေးအေးထားပါ၊ စိတ်အေးအေးထားတော်မူပါ"
မိန်းမစိုးအန်းက ဧကရာဇ်၏နောက်မှ လိုက်ပါလာပြီး သူကို့ ချော့မော့စည်းရုံးရန် ကြိုးစားနေခဲ့သည်။ ဧကရာဇ်က အလွန်စိတ်ဆိုးဒေါသထွက်နေပြီး အခြားအရာများကို ဂရုမစိုက်နိုင်တော့ပေ။
သူရဲ့နဂါးသားတော်လေး... သူရဲ့ချစ်ရတဲ အန်းကွေ့ရန်...
တောက်၊ အဲ့ဒီခွေးမ ဝမ်ကွေ့ဖေးက ဘယ်လောက်တောင် သတ္တိရှိနေတာလဲ?
သူမက ဘယ်လိုတောင် လုပ်ရဲရတာလဲ?
မိန်းမစိုးအန်းက သူ ဧကရာဇ်ကို မဆွဲဆောင်နိုင်တော့မှန်း နားလည်လိုက်သောကြောင့် ဧကရာဇ်ကို ထပ်မတားတော့ပေ။ သူက တော်ဝင်ကြင်ယာတော်ဝမ်၏နန်းဆောင်တွင် ဧကရာဇ် ဤကဲ့သို့ ပြုမူဝံ့ခြင်း ရှိ မရှိ လိုက်ကြည့်ရန် ဆုံးဖြတ်လိုက်ပြီး ဧကရာဇ်၏နောက်သို့ တိတ်တဆိတ် လိုက်ပါသွားခဲ့သည်။ ဧကရာဇ်မင်းမြတ်က တော်ဝင်ကြင်ယာတော်ဝမ်ကို မြင်လိုက်တိုင်း သူ့ဒေါသကို ထိန်းထားနိုင်သောကြောင့် ယခုလည်း သူမက ဧကရာဇ်၏ဒေါသကို ပြေပျောက်စေလိမ့်မည်ဟု သူ တွေးထားခဲ့သည်။
တော်ဝင်ကြင်ယာတော်ဝမ်က ထိုသတင်းကို လက်ခံရရှိထားပြီးသားဖြစ်သည်။ ဧကရာဇ်က ဒေါသတကြီးဖြင့် သူမ၏နန်းဆောင်သို့ လာနေကြောင်း သူမ သိလိုက်ရသော်လည်း သူမက ထိတ်လန့်နေခြင်းမရှိပေ။ သူမက လှပစွာ ၀တ်ဆင်ထားပြီး ဧကရာဇ်မင်းကို ကြိုဆိုရန် စောင့်မျှော်နေခဲ့သည်။
ဧကရာဇ် ရောက်ရှိလာသည်တပြိုင်နက် သူမက ဖြည်းညှင်းစွာ ဒူးထောက်လိုက်ပြီး စာဝါငှက်ကလေး၏တေးသီသံကဲ့သို့ နူးညံ့ချိုမြနေသည့်အသံဖြင့် နှုတ်ဆက်လိုက်သည်။
"ချန်ချဲ့က ဧကရာဇ်မင်းမြတ်ကို နှုတ်ခွန်းဆက်ပါတယ်။ အရှင်မင်းမြတ်ကို နောက်ဆုံးတွေ့ခဲ့တာ အရမ်းကြာနေပြီဆိုတော့ ချန်ချဲ့က အရှင်မင်းမြတ်ကို အရမ်းလွမ်းနေပြီ"
သူမ၏စကားသံဆုံးသွားသည်နှင့် ဧကရာဇ်က သူမ၏ပုခုံးကို ဒေါသတကြီး ကန်ထုတ်လိုက်သည်။ တော်ဝင်ကြင်ယာတော်ဝမ်က ဧကရာဇ် သူမကို လာထူပေးမည်အား စောင့်ဆိုင်းနေဆဲဖြစ်ပြီး ပြင်ဆင်ထားခြင်း မရှိပေ။ ထို့ကြောင့် သူမ အကန်ခံလိုက်ရသည်နှင့်တပြိုင်နက် ကြမ်းပြင်ပေါ်သို့ ရုတ်တရက် ပြင်းပြင်းထန်ထန် လဲကျသွားခဲ့သည်။
တော်ဝင်ကြင်ယာတော်ဝမ်၏မျက်လုံးများမှ အမုန်းရိပ်များ တဖျပ်ဖျပ် ထွက်ပေါ်လာသော်လည်း သူမက ချက်ချင်းပင် သနားစရာကောင်းသောအမူအရာမျိုး ပြောင်းလဲလိုက်ပြီး ထိတ်လန့်ကြောက်လန့်နေသော မျက်ဝန်းများဖြင့် “အရှင်မင်းမြတ်၊ ချိန်ချဲ့ ကြောက်တယ်။ အရှင်မင်းမြတ်က ဘာကြောင့် ချန်ချဲ့ကို ဒေါသထွက်နေမှန်း ချန်ချဲ့ မသိပေမယ့် အဖေနဲ့ အစ်ကိုကြီးက တာ့ရှားပြည်ထောင်အတွက် သူတို့အသက်ကို စတေးနေတာကို တွေးပြီး ချန်ချဲ့ကို ခွင့်လွှတ်ပေးပါ"
ယခုတစ်ခါတွင်လည်း ယခင်အကြိမ်များကဲ့သို့ လွယ်လွယ်ကျော်ဖြတ်နိုင်မည်ဟု သူမ တွေးနေဆဲ ဖြစ်သည်။ သူမက ဘာမှ နားမလည်သလို ပြုမူပြီး သူမ၏အဖေနှင့်အစ်ကိုကြီးတို့ကို ဆွဲသွင်းနေသမျှ ကာလပတ်လုံး ဧကရာဇ်က ထိုကိစ္စကို အသေးအမွှားအဖြစ် ပြောင်းလဲကာ သူမကို အပြစ်မပေးနိုင်ဘဲ သူ့ဒေါသကို ဒီအတိုင်းလျော့ချလိုက်ရမည် ဖြစ်သည်။
သို့သော်လည်း ဧကရာဇ်က ကိုယ်လုပ်တော်အန်းအတွက် ခံစားချက်ရှိနေမှန်း သူမ မသိခဲ့ပေ။ သူက ကိုယ်လုပ်တော်အန်း၏ဗိုက်ထဲမှ ကလေးကို မကာကွယ်နိုင်ခဲ့သည့်အတွက် အပြစ်ရှိသလို ခံစားနေရပြီး ယခု ကိုယ်လုပ်တော်အန်းကိုလည်း မကာကွယ်ပေးနိုင်ခဲ့ပေ။ ထို့ကြောင့် ဧကရာဇ်က အလွန်အကျွံဒေါသထွက်နေပြီး သူမကို သတ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
ဧကရာဇ်က စကားတစ်ခွန်းမှ မပြောဘဲ တော်ဝင်ကြင်ယာတော်ဝမ်ကို လက်သီးနှင့် ထပ်ထိုးလိုက်သဖြင့် သူမ မှောက်လျက်လဲကျသွားခဲ့သည်။ သူမကို ထိုးနှက်နေချိန်တွင် သူ့လက်မှ နာကျင်မှုကို မကြိုက်သောကြောင့် ဧကရာဇ်က တစ်စုံတစ်ဦးကို ကြာပွတ် ယူလာလိုက်လိုက်ပြီး ကြင်ယာတော်ဝမ်၏မျက်နှာနှင့် ခေါင်းကို ရိုက်ခိုင်းတော့သည်။
မကြာမီမှာပင် လှပကြော့ရှင်းသော တော်ဝင်ကြင်ယာတော်ဝမ်က သူမ၏အရေပြားနှင့် အသားများ စုတ်ပြဲလာသည်အထိ အရိုက်ခံနေရသည်။ သူမက နာကျင်စွာ အော်ဟစ်ငိုယိုနေပြီး သူမကို သက်ညှာပေးရန် ဧကရာဇ်မင်းကို ထပ်ခါတလဲလဲ တောင်းပန်နေခဲ့သည်။
ယခုတကြိမ်တွင် သူမ အမှန်တကယ် ကြောက်လန့်နေပြီ ဖြစ်သည်။
ဒီနေ့ ဧကရာဇ်က ရူးသွားတာလား? သူက တိုင်းပြည်ကိုတောင် မလိုချင်တော့ဘူးလား?
သိုသော်လည်း ယခုအချိန်တွင် သက်ညှာပေးရန် တောင်းပန်ရုံမှတပါး သူမ သူ့ဒေါသကို ထပ်မဆွရဲတော့ပေ။ သူမက ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေကာ ဧကရာဇ်မင်းကို သနားညှာတာပေးရန် တောင်းပန်နေခဲ့သည်။ သူမ၏နန်းဆောင်ရှိ အထိန်းတော်များ၊ အစေခံများနှင့် မိန်းမစိုးများကလည်း ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ ဝမ်ကွေ့ဖေးကို ခွင့်လွှတ်ပေးရန် ဝိုင်းဝန်းတောင်းပန်နေကြသည်။
ဧကရာဇ်က အချည်းနှီးသေဆုံးသွားခဲ့ရသော ကိုယ်လုပ်တော်အန်းနှင့် သူ၏သွေးသားများအတွက် လက်စားချေရန်သာ တွေးနေခဲ့ပြီး ယနေ့တွင် တော်ဝင်ကြင်ယာတော်ဝမ်အား သတ်ပစ်ရန် ဆုံးဖြတ်ထားခဲ့သည်။ မည်သူက မည်မျှတောင်းပန်နေပါစေ ကြာပွတ်သံက ရပ်မသွားခဲ့ပေ။ တော်ဝင်ကြင်ယာတော်ဝမ်က သွေးများဖုံးလွှမ်းနေပြီး အသက်ရှူမဝတော့သည်အထိ ကြာပွတ်ဖြင့် အရိုက်ခံခဲ့ရသည်။
ဧကရာဇ်က ခွေးတစ်ကောင်ကဲ့သို့ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသည့် တော်ဝင်ကြင်ယာတော်ကို စိုက်ကြည့်နေကာ မကျေမနပ် ဖြစ်နေဆဲဖြစ်သည်။ ထို့နောက် သူက အနီးမှ သက်တော်စောင့်တစ်ယောက်၏ဓားကို ဆွဲထုတ်ပြီး လူတိုင်း၏ထိတ်လန့်နေသောမျက်လုံးများ ရှေ့တွင်ပင် သူမ၏လည်ပင်းကို ခုတ်ဖြတ်လိုက်သည်။ တော်ဝင်ကြင်ယာတော်ဝမ်က သူမ၏လည်ပင်းကို အုပ်ကာ သွေးအိုင်ထဲသို့ လဲကျသွားခဲ့ပြီး မျက်လုံးဖွင့်ကာ သေဆုံးသွားခဲ့သည်။
ထိုနန်းဆောင်အတွင်းရှိလူတိုင်းလည်း ထိတ်လန့်သွားကြသည်။
ဧကရာဇ်က တော်ဝင်ကြင်ယာတော်ဝမ်ကို သတ်လိုက်တာလား?
"ဘယ်သူမှ အသက်မရှင်စေနဲ့"
တော်ဝင်ကြင်ယာတော်ဝမ်ကို သတ်လိုက်ပြီးနောက်တွင် ဧကရာဇ်က စိတ်ငြိမ်သွားပြီ ဖြစ်သည်။ သူ့စိတ် ပြန်တည်ငြိမ်သွားချိန်တွင် သူ အမှားကြီးမှားသွားမှန်း ဧကရာဇ်က နားလည်လိုက်သည်။ ထို့ကြောင့် သူက တော်ဝင်ကြင်ယာတော်ဝမ်၏နန်းဆောင်ရှိ လူအားလုံးကို သတ်ပစ်ရန် သူ့လူများကို အမိန့်ပေးလိုက်သည်။
(T/N: လာပြန်ပြီ ၊ နန်းဆောင်တစ်ခုလုံး.... ကျေးကျွန်ဖြစ်ရတာကလည်း မလွယ်လိုက်တာ)
ဒီကိစ္စကို ဝမ်မိသားစု သိသွားလို့ မဖြစ်ဘူး။
သို့သော် ဤကိစ္စကို ကြာရှည်စွာ ဖုံးကွယ်ထားနိုင်မည်မဟုတ်ကြောင်းလည်း သူ နားလည်နေခဲ့သည်။ သူက ထိုကိစ္စအတွက် အစီအစဥ်များ ထပ်လုပ်ရန် အချိန်ယူချင်ခြင်းသာ ဖြစ်သည်။ နောက်ဆုံးတွင် သူက မိန်းမစိုးအန်းကို မှိုင်းညို့နေသည့်အကြည့်ဖြင့် အမိန့်ပေးလိုက်သည်။
"အန်းကွေ့ရန်ရဲ့ ဒုတိယအစ်ကိုကို နန်းတော်ထဲဝင်ဖို့ လျှို့ဝှက်အမိန့်စာ ပို့လိုက်"
မြို့တော်၏နန်းတော်အတွင်း အဆုံးမရှိသော အာဏာလုပွဲများ ဆက်လက်ဖြစ်ပွားနေချိန်တွင် စူးချင်းနှင့်ကျိရွှေရှန့်တို့က မော့ချန်ကို ပြန်လည်တည်ဆောက်ရန် အလုပ်များနေကြသည်။ အရက်ချက်ရန် အလုပ်ရုံကို တည်ဆောက်ပြီး ဖြစ်ကာ မြို့စောင့်တပ်သားများကလည်း သစ်သားအမြောက်အများကို ခုတ်လှဲပြီး ပြန်သယ်လာခဲ့ကြသည်။
သို့သော် ပြဿနာမှာ အရက်စည်များ ပြုလုပ်ရန် ပျဥ်ပြားများကို ကြိုးဖြင့် တွဲကာ သစ်သားစည်များ ပြလုပ်နိုင်မည့် အတတ်ပညာ လိုအပ်နေခြင်း ဖြစ်သည်။ သစ်သားစည်များကို ကောင်းကောင်းမစည်းကျပ်နိုင်ပါက အရက်များ ယိုစိမ့်လာနိုင်သည်။
စူးချင်းက ပထမဆုံးအရက်အိုးကို ချက်လုပ်ထားပြီး ဖြစ်သည်။ စည်များမရှိပါက အရက်များကို တာ့ထန်သို့ ပို့ဆောင်ရန် မဖြစ်နိုင်ပေ။ ချိုးယုံခန်းက သစ်သားစည်များ၏ ကြိုးချည်နည်းကို သိသော လက်သမားဆရာတစ်ဦးကို ရှာတွေ့ခဲ့ပြီးဖြစ်သည်။ စည်များပြုလုပ်ပြီးပါက အရက်စည်များကို တာ့ထန်သို့ ပို့ဆောင်နိုင်တော့မည်ဖြစ်သည်။
(T/N: အိုးတွေက မြေအိုးတွေဆိုတော့ သယ်ဖို့ အဆင်မပြေတာပါ)
ကျိရွှေရှန့်ကလည်း မော့ချန်သို့ ပြန်ရောက်လာပြီး စစ်မြင်းများကို ပြန်ယူလာသောကြောင့် ချန်ယွိကို အလွန်ပျော်ရွှင်စေခဲ့သည်။ သူက ထိုစစ်မြင်းများကို သူ့တပ်ဖွဲ့ထဲသို့ ချက်ချင်း ပူးပေါင်းစေခဲ့သည်။ ထိုစစ်မြင်းများဖြင့် တိုက်ခိုက်ပါက သူ့စစ်သည်များက တောင်ပံများရှိသည့် ကျားများကဲ့သို့ မိုအားကောင်းလာမည်ဖြစ်သည်။
ကျိရွှေရှန့်က သူ့လုပ်ရမည့် အလုပ်များကို ပြီးဆုံးအောင် လုပ်ဆောင်ခဲ့ပြီး စူးချင်းနှင့် အလုပ်တွဲလုပ်ရန် အရက်ချက်အလုပ်ရုံသို့ သွားခဲ့သည်။ လူများကို သတ်ဖြတ်ရခြင်းက သူ့၏နှလုံးသားကို အေးခဲစေသော်လည်း စူးချင်းနှင့် အတူရှိနေချိန်တွင် သူ၏နှလုံးသားက ပျော့ပျောင်းသွားတက်သည်။ အလုပ်ရှုပ်နေတက်သည့် သူမ၏အသွင်အပြင်လေးကို ကြည့်နေရလျှင် သူ ဘာကြောင့်မှန်းမသိ ပျော်ရွှင်သွားတက်သည်။
စူးချင်းက အရက်ဖြူတစ်ပန်းကန်ကို ခပ်ယူလိုက်ပြီး ကျိရွှေရှန့်ကို ပေးလိုက်သည်။
"ရွှေရှန့်၊ မြည်းကြည့်ပေးဦး"
သူမက သူမ၏လှပသော မျက်လုံးကြီးများဖြင့် သူ့ကို ကြည့်နေပြီး သူမ လှမ်းပေးလိုက်သည့် ကြွေပန်းကန်လုံးတွင် လောလောလတ်လတ် ချက်ထားသည့် အရက်များ ပြည့်နေခဲ့သည်။
ထိုပန်းကန်လုံးထဲမှ အရက်များက ကြည်လင်နေပြီး မွှေးရနံ့သင်းသင်းလေး ထွက်နေလေသည်။ စူးချင်း၏လုပ်ရပ်ကြောင့် ကျိရွှေရှန့်၏ နှလုံးသားကလည်း ထိုကြွေပန်းကန်လုံးထဲမှ အရက်ကြည်ကြည်များကဲ့သို့ လှုပ်ခါသွားရသည်။
အရက်ပန်းကန်လုံးကို လှမ်းယူလိုက်ချိန်တွင် ကျိရွှေရှန့်၏ကြီးမားပြီး ကြမ်းတမ်းသော်လည်း အင်အားပြည့်နေသည့် လက်ကြီးက စူးချင်း၏နူးညံ့သည့်လက်လေးပေါ်သို့ အလွယ်တကူ အုပ်မိုးမိသွားခဲ့သည်။ စူးချင်းက သူမ၏လက်ကို ပြန်ဆွဲထုတ်လိုက်ပြီး သူ့ကို စိုက်ကြည့်နေလေသည်။ သူမက ညှို့ငင်မှုများ မသိမသာ ပါဝင်နေသည့် အသံလေးဖြင့် သူ့ကို ရန်လုပ်လိုက်သည်။
"နှာဘူးကြီး"
“ဟား ဟား”
ကျိရွှေရှန့်က စူးချင်း၏စူးရှရှ အကြည့်လေးကို တည့်တည့်ရင်ဆိုင်ရင်း ဝမ်းသာအားရ ပြုံးလိုက်သည်။ ထို့နောက် သူက အရက်ပန်းကန်လုံးထဲမှ အရက်အားလုံးကို မော့သောက်လိုက်သည်။
"အဲဒါ ဘယ်လိုနေလဲ?"
စူးချင်းက အဆောတလျင် မေးလိုက်သည်။ ဤသည်မှာ သူမ၏ပထမဆုံးအကြိမ် အရက်ချက်ခြင်း ဖြစ်သောကြောင့် သူမက ကျိရွှေရှန့်ဆီမှ အရသာရလဒ်ကို သိရှိလို စိတ်ပြင်းပြနေခဲ့သည်။
ကျိရွှေရှန့်က သူ့နှုတ်ခမ်းကို လက်ဝါးဖြင့် ပုတ်နေပြီး တမင် အချိန်ဆွဲနေခဲ့သည်။ သူက သူ့ခေါင်းကို အနည်းငယ် စောင်းထားပြီး အရသာကို မြည်းစမ်းနေဆဲပုံစံဖြင့် မျက်မှောင်ကြုတ်နေသေးသည်။
"မကောင်းဘူးလား?"
စူးချင်းက သူမကိုယ်သူမ အနည်းငယ် အယုံအကြည်မရှိဖြစ်လာပြီး အရက်တစ်ပန်းကန် ထပ်ခပ်ကာ သူမဘာသာ မြည်းစမ်းကြည့်လိုက်သည်။
သောက်လို့ ကောင်းသားပဲ။ အရသာက စူးရှတယ်၊ ချိုတယ်။ သောက်လိုက်တာနဲ့ အပူစီးကြောင်းတစ်ခု လည်ချောင်းထဲကို စီးဆင်းသွားသလို ခံစားရစေတယ်။ ခြေတွေ လက်တွေနဲ့ အရိုးတွေတောင် ချက်ချင်း ပူနွေးလာသလိုပဲ။
ဒါက တာ့ထန်ပြည်ထောင်နဲ့ တာ့ရှားပြည်ထောင်မှာရှိတဲ့ အရက်တွေထက် အများကြီး သာတယ်လေ။ ရွှေရှန့်က ဘာလို အရသာကို မပြောပြနိုင်ရတာလဲ?
ကျိရွှေရှန့်က စူးချင်း၏ ရှုပ်ယှက်ခတ်နေသော အကြည့်ကို မြင်နေရပြီး ပြုံး၍ မဆုံးနိုင်ဖြစ်နေလေသည်။ သူမ အရက်သောက်နေသည်ကို ကြည့်နေရင်း သူ့နှုတ်ခမ်းပေါ်မှ အပြုံးက ပိုပီပြင်လာကာ ရွှင်မြူးမှုများပြည့်နေသည့်အသံဖြင့် “အရသာ အရမ်း ရှိတယ်။ အရက်နဲ့ မိန်းမလှလေးက တစ်မျိုးနဲ့ တစ်မျိုး အားဖြည့်ပေးနေကြတယ်။ အဲဒါ အပြင်းဆုံးအရက်ပဲ”
"ရှင့်ရဲ့လျှာက အရိုးမရှိဘူးလား?"
စူးချင်းက ကျိရွှေရှန့်ကို မျက်စောင်းထိုးလိုက်သည်။
ဒီတော့ သူက သူမကို လှည့်စားနေတာပေါ့လေ။
စူးချင်းက သူ့ကို စိုက်ကြည့်နေသောကြောင့် ကျိရွှေရှန့်က ပို၍ပင် ပြုံးနေပြန်သည်။
အခုလိုအချိန်မှ သူမက အသွေးအသား ရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ပုံစံလေး ဖြစ်နေတာလေ။
အရက်ကြောင့် စူးချင်း၏နဂိုလှပသော မျက်နှာက မက်မွန်ပွင့်လေးတစ်ပွင့်ကဲ့သို့ နီမြန်းလာသည်။ သူမက လှပပြီး ချစ်စရာလွန်းကောင်းသောကြောင့် ကျိရွှေရှန့်ကို ပိုစွဲလန်းလာစေခဲ့သည်။
လောကတလွှားမှာ အမျိုးသမီးတွေ ထောင်ပေါင်းများစွာ ရှိနေခဲ့ပေမယ့် ချင်းအာတစ်ယောက်ပဲ သူ့နှလုံးသားထဲကို ဝင်ရောက်နိုင်ခဲ့တာပါ။
အရက်သောက်ထားသောကြောင့် ကျိရွှေရှန့်၏သွေးများကလည်း ပွက်ပွက်ဆူနေလေသည်။ သူက စူးချင်းကို ချစ်မြတ်နိုးမှုများပြည့်လျှံနေသည့် မျက်ဝန်းများဖြင့် လေးလေးနက်နက် ကြည့်နေရင်း သူမ၏လက်လေးကို လမ်းဆွဲကာ ဆုပ်ကိုင်ထားလိုက်သည်။ သူ့၏အသံတွင်လည်း ချစ်ခြင်းမေတ္တာအငွေ့အသက်များ ပြည့်နေပြီး "ချင်းအာ၊ မင်းနဲ့အတူ ဆိုရင် လေတွေ မိုးတွေကိုတောင် ကိုယ် မကြောက်တော့ဘူး။ အတိတ်က မင်းရဲ့ကမ္ဘာကြီးက မင်းကို အေးခဲမှုတွေ ခံစားရစေပေမယ့် နောက်ဆိုရင် မင်းရဲ့ဘဝတစ်လျှောက်လုံး သာယာဝပြောတဲ့ ကမ္ဘာကြီးကို မြင်နိုင်ဖို့ ကိုယ် မင်းကို ကိုယ်နဲ့အတူ ခေါ်သွားပေးမယ်"
တံခါးတစ်ဖက်မှ ဝင်လာလုဆဲဆဲ ဖြစ်နေသည့် ချိုးယုံခန်းက ကျိရွှေရှန့်၏စကားကို ကြားသွားပြီး နောက်ပြန်ဆုတ်သွားခဲ့သည်။