← Chapters

ကိုယ်ပိုင်ဆန္ဒတွေအတိုင်း ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြမယ်

Vol. 20 Ch. 296

ကိုယ်ပိုင်ဆန္ဒတွေအတိုင်း ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြမယ်

Vol. 20 Ch. 296

ချိုးယုံခန်းက တိတ်တဆိတ် နောက်ပြန်ဆုတ်သွားပြီး မှောင်မိုက်နေ့သည့် ညကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကြယ်များက ကောင်းကင်ယံတွင် စစ်တုရင်အပိုင်းအစများကဲ့သို့ ကောင်းကင်ယံတစ်ခုလုံး ပြန့်ကျဲနေလေသည်။

သေပြီးသွားတဲ့ လူတွေက ကြယ်တွေ ဖြစ်လာကြတယ်လို့ ပြောကြတယ်။ ဒါဆို ချိုးယွဲ့က ဘယ်နေရာမှာ ရှိနိုင်မလဲ?

အိမ်ထဲတွင်မူ ကျိရွှေရှန့်စကားက စူးချင်း၏နှလုံးသားကို လှုပ်ရှားသွားစေခဲ့သည်။ နွေဦးလေညင်းက ရေခဲများ အရည်ပျော်သွားစေသလို သူမ၏နှလုံးသားကို နွေးထွေးသွားစေခဲ့သည်။

သူမရဲ့အရင်ဘဝတုန်းက ဒီစကားမျိုးကြားဖူးခဲ့မယ်ဆိုရင် အရူးစကားတွေလို့ သတ်မှတ်ပြီး ရွံရှာမိမှာ သေချာတယ်။ ဒါပေမယ့် အေးစက်တဲ့ဘဝနဲ့ ရက်စက်ကြမ်းကြုတ်လွန်းတဲ့ သတ်ဖြတ်မှုတွေ အများကြီး ကြုံတွေ့လာခဲ့ပြီးတဲ့နောက်မှာ ရွှေရှန့်ရဲ့စကားတွေက သူမအတွက် အဖိုးတန်နေတာကို သူမ နားလည်လာခဲ့ပြီ။ သူမလည်း သူနဲ့အတူ ကမ္ဘာကြီးရဲ့သာယာဝပြောမှုတွေကို အတူတူ ကြည့်ချင်ပါတယ်။

သူမတို့ အတူတူ ငြိမ်းချမ်းသာယာဝပြောတဲ့ ကမ္ဘာကြီးကို ဖန်တီးကြမယ်၊ မြေသြဇာကောင်းတဲ့ မြေမူထောင်ပေါင်းများစွာကို အတူတူစိုက်ပျိုးပြီး ကိုယ်ပိုင်ဆန္ဒတွေအတိုင်း ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြမယ်။

စူးချင်းက အနက်ရောင်မျက်လုံးတောက်တောက်လေးများဖြင့် သူ့အား ပြန်ငေးကြည့်နေသည်ကို မြင်လိုက်ရသောကြောင့် ကျိရွှေရှန့်က စိတ်မထိန်းနိုင်တော့ဘဲ သူမကို နမ်းရန် ခေါင်းငုံ့လိုက်သည်။

သူ့ရဲ့ချင်းအာက အရမ်းကို ချစ်ဖို့ကောင်းပြီး ချိုမြိန်လွန်းတယ်။ သူမကို နမ်းလိုက်တိုင်း ချိုမြိန်လွန်းလို့ သူ အိပ်ပျော်သွားတော့မလိုတောင် ခံစားရတယ်။

ကံကောင်းထောက်မစွာဖြင့် ကျိရွှေရှန့်က သူ့ကိုယ်သူ ထိန်းထားနိုင်ခဲ့သည်။ အရက်ချက်အလုပ်ရုံတွင် လူများ ပြည့်နေပြီး သူက သူနှင့်စူးချင်းတို့ ပူးကပ်နေသည့်ပုံရိပ်ကို မည်သူကိုမျှ မမြင်သွားစေချင်ခဲ့ပေ။ သူက စူးချင်း၏ဂုဏ်သိက္ခာ ထိခိုက်မည်ကို စိုးရိမ်နေပြီး စကားလမ်းကြောင်းပြောင်းလိုက်သည်။

“ဒီအရက်က အရမ်းကောင်းတယ်၊ တာ့ထန်မှာ ရောင်းရင် ရောင်းကောင်းလိမ့်မယ်”

“ဟုတ်တယ်၊ အဲ့ဒါ အမှန်ပဲ”

စူးချင်းက သူမ၏မှင်သက်နေမှုမှ ပြန်လည်သတိဝင်လာပြီး လေးနက်သောပုံစံဖြင့် စီးပွားရေးကိစ္စများ စတ‌င်ဆွေးနွေးလာခဲ့သည်။

“အနာဂတ်မှာ တတိယမင်းသားနဲ့ ကျွန်မတို့ရဲ့ လုပ်ငန်းက ပိုကြီးလာလိမ့်မယ်။ နှစ်ဖက်စလုံးမှာ စာရင်းဇယားနဲ့ မှတ်တမ်းတင်ထားပြီး အမှားအယွင်း မရှိအောင် တစ်လတစ်ကြိမ် ပြန်တိုက်စစ်ဖို့ ကျွန်မ တတိယမင်းသားကို အကြံပြုခဲ့တယ်”

“မင်း ကောင်းကောင်းလုပ်ခဲ့တယ်။ ကိုယ်က ဒီကိစ္စကို တတိယမင်းသားနဲ့ ပြောဖို့ တွေးထားရုံပဲရှိသေးတယ်။ အရင်တုန်းက အရောင်းအဝယ် ပမာဏက အရမ်းနည်းတယ်၊ အဲ့တော့ ရှင်းရှင်းလင်းလင်း မှတ်မိနိုင်တယ်။ အနာဂတ်မှာ အရောင်းအဝယ်ပမာဏက ကြီးလာလိမ့်မယ်၊ အဲ့အချိန်ရောက်ရင် ငွေတွေလည်း ပိုများလာလိမ့်မယ်၊ ဆိုတော့ မေ့သွားဖို့က လွယ်ကူလာလိမ့်မယ်”

ကျိရွှေရှန့်က ခေါင်းညိတ်လိုက်ပြီး စူးချင်းကို အပြုံးဖြင့် ပြန်ပြောလိုက်သည်။

သူ့ရဲ့ချင်းအာက သူနဲ့အမြဲတမ်း အတွေးတူတယ်။ သူမက ရှားပါးတဲ့ ဇနီးကောင်းလေးတစ်ယောက်ပဲ။

“နောက်တစ်ခု ရှိသေးတယ်၊ လူသားနတ်ဆိုးတွေကို ဖန်တီးတဲ့သူကို ကျွန်မ တွေ့ခဲ့တယ်။ သူက တာ့ထန်က တာအိုဘုန်းကြီးတစ်ပါးပဲ၊ ကျွန်မ သူ့ကို သတ်လိုက်ပြီ”

စူးချင်းက ယဲ့ချန်းရှန်၏ကိစ္စကို တွေးမိသွားပြီး ကျိရွှေရှန့်ကို ပြောပြလိုက်သည်။

ဘာပဲဖြစ်ဖြစ် အဲ့ဒါက သူမတို့ အစိုးရိမ်ရဆုံးနဲ့ အကြီးမားဆုံး ပြဿနာလေ။

တကယ်လို့ အဲ့တာအိုဘုန်းကြီးက ရာနဲ့ချီတဲ့ လူသားနတ်ဆိုးတွေကို ဖန်တီးခဲ့ရင် သူတို့ကို ထောင်ပေါင်းများစွာသော တပ်ဖွဲ့ဝင်တွေကို အသုံးပြုနိုင်လိမ့်မယ်။ သူတို့ကို သတ်ဖို့က အရမ်းခက်ခဲလွန်းတယ်။

တံခါးအပြင်ဘက်ရှိ ချိုးယုံခန်းက သူတို့နှစ်ယောက် စီးပွားရေးအကြောင်း ပြောနေကြသည်ကို ကြားလိုက်ရသောကြောင့် အထဲသို့ ဝင်လာခဲ့သည်။ စူးချင်းက မှော်ဆရာကို သူမ သတ်လိုက်ပြီဟု ပြောလိုက်ချိန်တွင် ချိုးယုံခန်းက သူ့မျက်လုံးများကို မှိတ်လိုက်ပြီး သူ့ညီမလေးကို စိတ်ထဲမှ လှမ်းပြောလိုက်သည်။

"ချိုးယွဲ့၊ မင်းကို နာကျည်းမှုတွေနဲ့ သေစေခဲ့တဲ့ တာအိုဘုန်းကြီးက သေသွားပြီ။ မင်း အခု အေးအေးဆေးဆေး အနားယူနိုင်လောက်ပါပြီ"

အမှန်တကယ်တွင် သူ့၏ ခံစားချက်များက ရောထွေးနေပြီး စူးချင်းကို ရင်ဆိုင်ရတိုင်း သူ မည်သို့ ခံစားနေရမှန်း သူ့သာသာပင် မသိတော့ပေ။

ကျိရွှေရှန့်က တစ်ချက် မော့ကြည့်လိုက်ပြီး တံခါးနားတွင် ရပ်နေသည့် ချိုးယုံခန်းကို လှမ်းမြင်သွားခဲ့သည်။ သူက အရက်တစ်ပန်းကန်ကို ခပ်ယူလိုက်ပြီး ချိုးယုံခန်းကို အားရပါးရ မြည်းစမ်းခိုင်းလိုက်သည်။

"ယုံခန်း၊ လာ.... ချင်းအာ ချက်ထားတဲ့ အရက်ကို လာမြည်းကြည့်ဦး"

ချိုးယုံခန်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး သူ့ခံစားချက်များကို ဖယ်ထုတ်လိုက်ကာ “အင်း ငါ စမ်းသောက်ကြည့်မယ်”

ထိုသို့ပြောပြီးနောက် သူက အရက်ပန်းကန်လုံးကို လှမ်းယူကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ အရက်တစ်ပန်းကန်လုံးစာ သူ့အူထဲရောက်သွားပြီးနောက် စူးရှသည့်အရသာက သူ့ကို သီးသွားစေပြီး မျက်ရည်များ ကျလာစေသည်။ ထိုနောက် သူက အချိန်အတော်ကြာ ချောင်းဆိုးနေသောကြောင့် ကျိရွှေရှန့်က သူ့၏နောက်ကျောကို ပုတ်ပေးရင်း နောက်ပြောင်နေခဲ့သည်။

"ယုံခန်း မင်းက ဘာလို့ အတင်းကြီး မော့သောက်လိုက်တာလဲ? သေသေချာချာ အရသာ ခံမှပေါကွ”

"ဒါက အရမ်း စပ်တယ်"

ချိုးယုံခန်း၏ ချောမောသော မျက်နှာက အရက်ကြောင့် အနီရောင်ဖြစ်သွားရသည်။ သူက သူ့မျက်လုံးထောင့်မှ မျက်ရည်များကို အင်္ကျီလက်ဖြင့် သုတ်လိုက်ပြီး ကျိရွှေရှန့်ကို ပြုံးပြလိုက်သည်။

“ဒီလို စူးရှပြီး စပ်တဲ့ အရက်ကမှ အရက်ပြင်းလို့ သတ်မှတ်နိုင်တာလေ၊ တာ့ထန်လူမျိုးတွေက အရက်ပြင်းပြင်း သောက်ရတာကို နှစ်သက်ကြတယ်။ စာပေပညာရှင်တွေအတွက် သင့်တော်တဲ့ အပျော့စား အရက်တစ်မျိုးကိုလည်း ကျွန်မ ထပ်ပြီး စမ်းကြည့်ဦးမယ်”

စူးချင်းက ချိုးယုံခန်းကို ရှင်းပြလိုက်သည်။ သူမ၏မျက်လုံးများထဲတွင် ချိုးယုံခန်းက စာပေပညာရှင်တစ်ဦး ဖြစ်သည်။ စာပေပညာရှင်အများစုက အရက်ပြင်းပြင်းကို မသောက်နိုင်ကြဘဲ တာ့ရှားပြည်ထောင်တွင် ထိုကဲ့သိုသော လူအများအပြား ရှိနေသည်။ သူတို့က ယဉ်ကျေးမှုနှင့် သန့်စင်ခြင်းကို နှစ်သက်သောကြောင့် ပေါ့ပါးပြီး မပြင်းသည့်အရက်များကိုသာ ပြင်ဆင်ပြီး သောက်ရင်းစားရင်း စာပေများ ဆွေး‌နွေးတက်ကြသည်။

ယခုအချိန်တွင် သူမက စီးပွားရေးလုပ်ရန် ဆန္ဒရှိနေပြီး ဤမော့ချန်ကို သာယာဝပြောသောမြေဖြစ်လာအောင် အမြန်တည်ဆောက်ရန် ဆုံးဖြတ်ထားခဲ့သည်။ ဤမြို့ကြီး ဖွံ့ဖြိုးတိုးတက်လာပြီး အေးချမ်းစည်ပင်လာလျှင် သူမက သူမ၏မိဘများကို ဤနေရာသို့ ခေါ်ဆောင်ကာ မူလပိုင်ရှင်ကိုယ်စား ဝတ်ကြီးဝတ်ငယ် ဖြည့်ဆည်းပေးရန် တွေးထားခဲ့သည်။ သူမလည်း မိသားစု၏ပျော်ရွှင်မှုကို ခံစားနိုင်ရန် သူမ မျှော်လင့်နေမိသည်။

"အင်း၊ ဒီလိုအရက်မျိုးက တာ့ရှားပြည်ထောင်မှာ ရောင်းကောင်းမှာ သေချာတယ်"

ချိုးယုံခန်းက ပန်းကန်လုံးကို စားပွဲပေါ် ပြန်တင်လိုက်သည်။ ပြင်းထန်သောအရက်က သူ့ကို အနည်းငယ် မူးဝေလာစေပြီး သူမက သိပ်မပြင်းသောအရက်ကို ပြုလုပ်နိုင်သည်ဟု စူးချင်း ပြောလိုက်ချိန်တွင် ချိုးယုံခန်းက အလွယ်တကူ သဘောတူလိုက်သည်။

ကျိရွှေရှန့်က ချိုးယုံခန်းကို ဝင်မေးလိုက်သည်။

"ယုံခန်း၊ သစ်သားစည်လုပ်တဲ့သူကို ရှာတွေ့ပြီလား?"

“အင်း၊ ရုံးတော်အ၀င်ဝနဲ့ မြို့တံခါးတွေမှာ သစ်သားစည် ကြိုးချည်နည်း သိတဲ့ လက်သမားတစ်ဦးကို စျေးမြင့်မြင့်နဲ့ ငှားယမ်းမယ်လို့ ကြော်ငြာစာ ကပ်ထားတယ်။ ဆုကြေးငွေ အများကြီး ပေးမယ်လို့ပြောထားတာကြောင့် ဝါရင့်လက်သမားဆရာတစ်ယောက်ကို ရှာတွေ့ခဲ့တယ်။ ဒါပေမယ့် သူတောင်းတဲ့ငွေက နည်းနည်း များနေတယ်၊ ငါ မဆုံးဖြတ်နိုင်ဘူး၊ အဲ့ကိစ္စ မင်းတို့နဲ့ ဆွေးနွေးဖို့ ငါ လာခဲ့တာ”

စီးပွားရေးအကြောင်း စတင်လိုက်ချိန်တွင် ချိုးယုံခန်းက ချက်ချင်းပင် သူ့ကိုယ်သူ တည်ငြိမ်စေလိုက်ပြီး စူးချင်းနှင့် ကျိရွှေရှန့်ကို အခြေအနေအားလုံး ရှင်းပြလိုက်သည်။

"ဘယ်လောက်တောင် များလို့လဲ?"

စူးချင်းက တရားလွန်မဖြစ်သရွေ့ လက်ခံရန် တွေးထားပြီး ပြန်မေးလိုက်သည်။

"သူက သိုးအမတစ်ကောင်ချင်တယ်"

ချိုးယုံခန်းက ဝါရင့်လက်သမားဆရာ၏တောင်းဆိုမှုကို ပြောပြလိုက်သည်။ တာ့ရှားပြည်ထောင်တွင် သိုးမတစ်ကောင်၏စျေးက မသက်သာလှပေ။ သိုးအမတစ်ကောင်က ငွေငါးလျန်မျှ အဖိုးတန်သည်။

သို့သော်လည်း စူးချင်းက မဆိုင်းမတွ သဘောတူလိုက်သည်။

“ရတယ်၊ ကိစ္စမရှိဘူး”

"ကောင်းပြီ၊ ငါ သူ့ကို သွားပြောလိုက်မယ်"

ချိုးယုံခန်းက ခေါင်းညိတ်လိုက်သည်။ သူက ဤအချက်များကြောင့် စူးချင်းကို လေးစားမိခြင်း ဖြစ်သည်။ သူမထံတွင် မိန်းမတစ်ယောက်၏ ကျဉ်းမြောင်းသော စိတ်ထားမျိုး မရှိခဲ့ဘဲ အလွန်ဖြောင့်မတ်ပြီး အလွန်ရက်ရောသူဖြစ်သည်။

"ယုံခန်း၊ အခုပဲ စူးချင်းက တာ့ထန်ပြည်ထောင်နဲ့ စီးပွားရေးလုပ်တဲ့အခါ စာရင်းတွေ သေသေချာချာ လုပ်ဖို့ အကြံပြုခဲ့တယ်၊ ဒီကိစ္စကိုလည်း မင်းလက်ထဲ လွှဲပေးရလိမ့်မယ်"

ကျိရွှေရှန့်က ချိုးယုံခန်းကို အလွန်ယုံကြည်ပြီး ချိုးယုံခန်းက ထောက်ပံ့ပို့ဆောင်ရေးကိစ္စများကို အမြဲတာဝန်ယူခဲ့သောကြောင့် ယခုလည်း ထိုအလုပ်ကို သူ့ထံသို့ ဆက်လက်လွှဲပြောင်းပေးရန်သာ ဆုံးဖြတ်လိုက်သည်။

“ကောင်းပြီလေ”

ချိုးယုံခန်းက အလွန်ထိမိသွားပြီး လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

"မင်း ငါ့ကို ယုံကြည်တဲ့အတွက် ငါ အလုပ်ကို ကောင်းကောင်းလုပ်ပါ့မယ်"

“ရွှေရှန့်၊ အခုလုပ်ငန်းက တဖြည်းဖြည်း လမ်းကြောင်းမှန်ပေါ်ရောက်နေပြီ၊ တခြားလူတွေအားလုံးက သူတို့ရဲ့အလုပ်အတွက် အခကြေးငွေ ရကြတယ်။ ယုံခန်းရဲ့လုပ်အားခကို‌ရောာ ဘယ်လိုတွက်ပေးမှာလဲ? အခုတစ်ခါတည်း ‌ဆွေးနွေးလိုက်ရအောင်"

စူးချင်းက ကျိရွှေရှန့်ကို အဆိုပြုလိုက်သည်။ ထောင်ဟွားဝူမှ ထွက်လာကတည်းက ယခုအချိန်အထိ ချိုးယုံခန်းက ငြီးညူခြင်းမရှိ အလုပ်ကို ပင်ပင်ပန်းပန်း ကြိုးကြိုးစားစား လုပ်ကိုင်ပေးခဲ့သည်။ ယခု လီတာ့နျို၊ ကျန်းလောင်ချီနှင့် အခြားသူများက ကျောက်မီးသွေးတူးရန် သွားနေကြပြီး သူတို့အားလုံးက အခကြေးငွေပေးရန် တခါမှ မတောင်းဆိုခဲ့ကြပေ။ သို့သော် သူမကလည်း ရိုးသားသည့်လူများ နစ်နာဆုံးရှုံးအောင် မလုပ်နိုင်ပေ။

"ချင်းအာ ပြေတာမှန်တယ်၊ ယုံခန်း၊ ငါလည်း အဲ့လိုပဲ တွေးမိတယ်။ အခု ငါတို့က စီးပွားရေး စလုပ်နေကြပြီ၊ မင်းလည်း တာဝန်တွေ အများကြီး ယူရလိမ့်မယ်။ အဲ့တော့ မင်းရဲ့လုပ်အားခကို သာမန်လစာအနေနဲ့တော့ သတ်မှတ်လို့ မရဘူး။ ငါ မင်းကို ငါ့ဆီက အမြတ်ရဲ့ ဆယ်ပုံတစ်ပုံ ပေးမယ်။ မင်း ဘယ်လိုထင်လဲ?"

ကျိရွှေရှန့်က ချိုးယုံခန်းကို အလွန်ရက်ရောနေခဲ့သည်။ သူက ချိုးယွဲ့၏သေဆုံးမှုအတွက် ချိုးယုံခန်းအပေါ် အကြွေးတင်သလို ခံစားရနေပြီး ပြန်ပေးဆပ်နေခြင်း ဖြစ်သည်။

ကျိရှောင်ယင်နှင့် စူးချင်းတို့က ကျောက်မီးသွေးတွင်းကို ရှာဖွေတွေ့ရှိခဲ့သောကြောင့် အမြတ်များကို အပိုင်းသုံးပိုင်းခွဲရန် သူ တွေးထားသည်။ ကျိရှောင်ယင်နှင့် စူးချင်းတို့က တစ်ဝက်ယူနိုင်မည်ဖြစ်ပြီး စစ်တပ်၏အသုံးစရိတ်အတွက် ၄၀ ရာခိုင်နှုန်း ချန်ထားကာ ကျန် ၁၀ ရာခိုင်နှုန်းကို ချိုးယုံခန်းအတွက် ပေးမည် ဖြစ်သည်။

ချိုးယုံခန်းက ကျိရွှေရှန့်က သူ့အပေါ် ဤမျှလောက်ရက်ရောမည်ဟု မမျှော်လင့်ထားခဲ့ပေ။ ကျောက်မီးသွေးတွင်းမှ အမြတ် ၁၀ ရာခိုင်နှုန်းက များပြားသည့်ကိန်းဂဏန်းတစ်ခုသာ ဖြစ်သည်။ ထိုအရာက ကျိရွှေရှန့်က သူ့ကို ညီအစ်ကိုတစ်ယောက်လို ဆက်ဆံနေဆဲဖြစ်ကြောင်း သက်သေပြနေခဲ့သည်။

ချိုးယုံခန်း၏ မျက်လုံးများက နီရဲလာပြီး သူ့ထံတွင် ရှိနေသည့် မူလအာဃာတများ ပျောက်ကွယ်သွားခဲ့သည်။ အမြတ်၏ ၁၀ ရာခိုင်နှုန်းက အလွန်များနေသောကြောင့် ကျိရွှေရှန့်က ပေးချင်လျှင်ပင် သူက မယူနိုင်ပေ။ သူက တဟုန်ထိုး ထိုးတက်လာသည့် သူ့ခံစားချက်များကို မျိုသိပ်ရန် အသက်ကို ပြင်းပြင်းရှိုက်လိုက်ပြီး ကျိရွှေရှန့်ကို ပြုံးပြလိုက်သည်။

"ရွှေရှန့်၊ မင်း ငါ့ကို အများကြီး ပေးစရာ မလိုဘူး။ လီတာ့နျိုနဲ့ တခြားသူတွေလို တူညီတဲ့ပမာဏပဲ ပေးပါ”

“ငါက ငါ့ဆုံးဖြတ်ချက်ကို မပြောင်းလဲတက်ဘူး၊ အဲ့ဒါကို မင်းလည်း သိပြီးသားပါ"

ကျိရွှေရှန့်၏လေသံက အလွန်ခိုင်မာနေသောကြောင့် ချိုးယုံခန်းတစ်ယောက် လက်ခံရုံသာတက်နိုင်ခဲ့သည်။ သူက စာရင်းများကို ကောင်းမွန်စွာ ပြုလုပ်ရန် လျှို့ဝှက်ဆုံးဖြတ်လိုက်ပြီး ကျိရွှေရှန့် စိတ်အနှောက်အယှက် မဖြစ်စေရန် မော့ချန်မှ ကိစ္စအားလုံးကို တာဝန်ယူပေးရန် တွေးတောနေခဲ့သည်။

ညနေပိုင်းတွင် စူးချင်းက သိုးတစ်ကောင်ကို သတ်လိုက်ပြီး မိန်းကလေးများကို သိုးသားချက်ပြုတ်ရန် ခေါ်ထားခဲ့သည်။ မကြာသေးမီက လူတိုင်း ပင်ပင်ပန်းပန်း အလုပ်ခဲ့ရသောကြောင့် သူတို့ ပထမဆုံးချက်သည့်အရက်ကို လူတိုင်းဝိုင်းဖွဲ့သောက်ရန် ပြင်ဆင်ထားခဲ့သည်။

စူးချင်းက ဟင်းလျာအသစ်များ ဖန်တီးရန်အတွက် ရှင်ကျန်းလူမျိုးတို့၏ အသားကင်နည်းကို တုပကာ တံစို့ထိုးထားသည့်အသားများကို အထူးမီးဖိုထဲသို့ ထည့်လိုက်သည်။

ထိုမီးဖိုကို မိုးမခကိုင်းများနှင့် ရွှံ့များကို သုံးကာ ပြုလုပ်ထားခြင်း ဖြစ်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က သူမက အသေးစိတ်ပုံစံတစ်ခုကို ရေးဆွဲခဲ့ပြီး ဤမီးဖိုပြုလုပ်ရန် ကူညီပေးနိုင်မည့်သူတစ်ဦးကို ရှာဖွေပေးရန် ချိုးယုံခန်းကို တောင်းဆိုခဲ့သည်။ ယနေ့ စမ်းသပ်မည်ဖြစ်ပြီး အောင်မြင်ရန် မျှော်လင့်နေမိသည်။

မီးဖိုထဲသို့ သိုးသားတုံးများ ထည့်လိုက်သည်နှင့်တပြိုင်နက် တစ်စုံတစ်ယောက်က ခြံထဲသို့ ပြေးဝင်လာခဲ့သည်။

All Chapters