← Chapters

ဒီလိုမင်းဆက်မျိုးက ဘာအသုံးဝင်လို့လဲ?

Vol. 20 Ch. 298

ဒီလိုမင်းဆက်မျိုးက ဘာအသုံးဝင်လို့လဲ?

Vol. 20 Ch. 298

သံချပ်ကာဝတ်တပ်သား အများအပြား လော့ချန်သို့ ရောက်ရှိနေပြီး ဝမ်မိသားစု၏ စစ်အလံများက လေထဲတွင် တဖျပ်ဖျပ် လွင့်နေကာ အလွန်ထင်ရှားနေလေသည်။ သံချပ်ကာဝတ်တပ်သားများက နေရာတိုင်းတွင် ရှိနေပြီး လမ်းများပေါ်တွင် မောက်မာသောအမူအရာဖြင့် ပြေးလွှားသွားလာနေကြသည်။ အရပ်သားများက အလွန်ကြောက်လန့်နေကြပြီး အရပ်ရပ်သို့ ထွက်ပြေးနေကြသည်။

"ဘာတွေဖြစ်နေတာလဲ? ငါ ထွက်သွားတုန်းကတော့ အဆင်ပြေနေသားပဲ”

ယန်ကျစ်က ဖရိုဖရဲဖြစ်နေပြီး ရှုပ်ထွေးနေသော လော့ချန်ကို စိတ်ပူသောအမူအရာဖြင့် ကြည့်နေခဲ့သည်။ စူးချင်းက အမျိုးသားအသွင် ပြန်ပြောင်းထားပြီး သူမ၏ ချစ်လှစွာသော မြင်းနက်ကြီးပေါ်တွင် ထိုင်နေခဲ့သည်။ သူမ၏မျက်နှာတွင် ဘာအမူအရာမှ မရှိဘဲ ပြေးလွှားသွားလာနေသည့် ဝမ်မိသားစုစစ်တပ်မှ စစ်သည်များကို လိုက်ကြည့်နေလေသည်။

သူတို့က တာ့ထန်စစ်သည်တွေ ဟူလူမျိုးတွေနှင့် တူတူပဲ မဟုတ်ဘူးလား? သူတို့က သာမန်ပြည်သူတွေကို အမှိုက်တွေလို ဆက်ဆံကြတယ်။

ဒီလိုမင်းဆက်မျိုးကို ဆက်ထားနေလို့‌ရော ဘာအသုံးဝင်မှာလဲ?

"စူးအိမ်တော်ကို အရင်သွားကြရအောင်"

ယန်ကျစ်က သံချပ်ကာဝတ်တပ်သားများ ကျော်သွားသည်ကို စောင့်ဆိုင်းနေပြီးမှ စူးချင်းကို လှမ်းပြောလိုက်သည်။ ပေါ်လွင်ထင်ရှားခြင်း မရှိစေရန် သူတို့အားလုံး လူစုခွဲလိုက်ကြပြီး မြင်းစီးနေသည့် လူများက လမ်းမကြီးများကို ရှောင်ကွင်း သွားလာကြပြီး လှည်းများကိုလည်းတစ်စီးစီခွဲကာ ထွက်ခွာစေခဲ့သည်။

ယန်ကျစ်၏သက်တော်စောင့်အဖွဲ့များက ကုန်ပစ္စည်းများကို သူတို့၏သက်တော်စောင့်လုပ်ငန်းဆီသို့ အရင် ပြန်ယူသွားကြသည်။ စူးချင်းနှင့် ယန်ကျစ်တို့က စူးအိမ်တော်သို့ သွားခဲ့ကြသည်။ သူတို့ စူးအိမ်တော်၏တံခါးဝသို့ ရောက်သွားချိန်တွင် သံချပ်ကာဝတ်တပ်သားတစ်စုက အိမ်တော်ထဲမှ တင်းမာသောအမူအရာများဖြင့် ထွက်လာတာကို သူတို့ တွေ့လိုက်ကြရသည်။ ထိုတပ်သားများက မြင်းများဖြင့် အမြန် ပြန်ထွက်ခွာသွားကြသည်။

အခြေအနေ မမှန်ကြောင်း တွေ့လိုက်ရသောကြောင့် စူးချင်းက သူမ၏မြင်းဇက်ကြိုးကို ပစ်ချလိုက်ပြီး စူးအိမ်တော်ထဲသို့ အပြေးတစ်ပိုင်း ဝင်သွားခဲ့သည်။ ယန်ကျစ်ကလည်း စိုးရိမ်နေပြီး သူမနောက်မှ အမြန်လိုက်သွားခဲ့သည်။

အတွင်းတွင် အိမ်တော်တစ်ခုလုံး ပရမ်းပတာ ဖြစ်နေပြီး အစေခံများက မြေပြင်ပေါ်တွင် ဒူးထောက်နေကာ ကြောက်ရွံ့တုန်လှုပ်နေကြပုံ ပေါ်သည်။ ဒုတိယသခင်ကြီးစူးက သူ့၏ဖြူဖျော့နေသော မျက်နှာပေါ်မှ ချွေးများကို သုတ်နေခဲ့သည်။

"စူးသခင်ကြီး၊ ဘာတွေဖြစ်နေတာလဲ?"

ယန်ကျစ်က စူးချင်းကို ကျော်တက်သွားပြီး ဒုတိယသခင်ကြီးစူးကို စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

"အထဲမှာ စကားပြောကြရအောင်"

စူးဟန်ရွှမ်က စိုးရွံ့ထိတ်လန့်နေဆဲဖြစ်ပြီး ဤကိစ္စကို ခြံဝင်းထဲ၌ မဆွေးနွေးရဲပေ။ သူက ယန်ကျစ်ကို အိမ်ထဲသို့ ဖိတ်ခေါ်လိုက်ပြီးမှ ယန်ကျစ်၏နောက်မှ အမျိုးသားတစ်ယောက်အဖြစ် အသွင်ပြောင်းထားသည့် စူးချင်းကို တွေ့သွားပြီး ခဏတာမျှ မှင်သက်သွားခဲ့သည်။ သူက ထိုလူ့ကို သူ့အိမ်ထဲသို့ ဝင်ခွင့် ပေးသင့် မပေးသင့် စဉ်းစာနေပုံဖြင့် တုံ့ဆိုင်းနေခဲ့သည်။

"ကျွန်မ စူးချင်းပါ"

စူးချင်းက ရှေ့သို့ ခြေတစ်လှမ်းတိုးသွားပြီး စူးဟန်ရွှမ်အား သူမ၏နာမည်ကို တိုးတိုးလေး ပြောပြလိုက်ပြောသည်။ သူ့သမီး ပြန်ရောက်လာကြောင်း သိသွားချိန်တွင် စူးဟန်ရွှမ်၏တစ်ကိုယ်လုံး တုန်ယင်သွားပြီး သူ့မျက်လုံးများက ချက်ချင်းနီရဲလာသည်။ သူက စူးချင်းကို ချစ်ခြင်းမေတ္တာအပြည့်ဖြင့် တမ်းတမ်းတတ လှမ်းကြည့်လိုက်သော်လည်း သူမကို အသိအမှတ် မပြုရဲသေးပေ။

ရုန်းကန်မှုများ... နာကျင်မှုများ... စိုးရိမ်နေမှုများ စသည့် အဓိပ္ပါယ်များစွာ ပြည့်နှက်နေသည့် ထိုအကြည့်က စူးချင်းကို ဝမ်းနည်းသွားစေခဲ့သည်။

သူမက ရှောင်ချန်အကြောင်းကို တစ်ခွန်းတစ်ပါဒမှ မမေးဘဲ စူးဟန်ရွှမ်၏နောက်သို့ တိတ်တဆိတ် လိုက်သွားခဲ့သည်။ သူမက ထောင်ပေါင်းများစွာသော စစ်သည်များ ရှိနေသည့် စစ်တပ်ထဲသို့ အထိအခိုက်မရှိ အလွယ်တကူ ဝင်ထွက်သွားလာနိုင်သော်လည်း သူမ၏မိဘများနှင့်ရှောင်ချန်တို့၏ လုံခြုံရေးကိုတော့ သူမ အာမ မခံနိုင်သေးပေ။

ထို့ကြောင့် ယခုအချိန်က တစ်ဦးနှင့်တစ်ဦး အသိအမှတ်ပြုရန် အချိန်ကောင်း မဟုတ်သေးပေ။

စူးဟန်ရွှမ်က သူ့နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုနှင့် ထိတ်လန့်မှုတို့ကို မျိုသိပ်ထားရင်း စကားမပြောနိုင်သေးဘဲ သူတို့ကို စာကြည့်ဆောင်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ သူတို့အထဲသို့ ဝင်လိုက်ပြီး တံခါးကို တင်းတင်း ပိတ်ပြီးမှသာ သူ စကားစပြောရဲတော့သည်။

“ဝမ်မိသားစုစစ်တပ်က တပ်ဖွဲ့ဝင် တော်တော်များများ လော့ချန်ကို ရောက်လာကြတယ်။ သူတို့က ရောက်လာတာနဲ့ စီရင်စုအမတ်လွမ်ကို ချက်ချင်း ဖမ်းဆီးလိုက်ပြီး သူ့ရဲ့မိသားစုတစ်ခုလုံးကို ရှာဖွေခဲ့ကြတယ်။ ငါတို့ကလည်း သူနဲ့ဆွေမျိုးတော်နေလို့ ရှာဖွေခံရတယ်။ စီရင်စုအမတ်လွမ်က ဘာရာဇဝတ်မှု ကျူးလွန်ခဲ့မှန်း မသိရသေးဘူး။ ဒါပြီးရင် ဘာဖြစ်မယ်ဆိုတာ ပြောဖို့ ခက်တယ်။ မျိုးဆက်ကိုးခု ဖျက်ဆီးခံရတာမျိုးတောင် ဖြစ်နိုင်တယ်။ အခု ဒီမှာ အရမ်းအန္တရာယ်များနေပြီ၊ မြန်မြန် ပြန်ထွက်သွားတော့!"

နောက်ဆုံးစကားကို ပြောလိုက်ချိန်တွင် စူးဟန်ရွှမ်က စူးချင်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ယခု သူ့သမီးက သူ့ရှေ့တွင် ရှိနေသော်လည်း သူ သူမကို အသိအမှတ် မပြုဝံ့တော့ပေ။ ယခုအချိန်တွင် စူးဟန်ရွှမ်က သူ့၏အသက်နှင့် သေခြင်းကို ဘေးဖယ်ထားပြီးသား ဖြစ်ကာ သူ့သားသမီးများ ဘေးကင်းရန်သာ မျှော်လင့်နေတော့သည်။

စူးဟန်ရွှမ်၏မျက်လုံးများတွင် သူ့သမီးအတွက် ချစ်ခြင်းမေတ္တာအရိပ်အယောင်များ ပြည့်နှက်နေပြီး သူ စကားပြောနေချိန်တွင် သူ့မျက်လုံးများ၌ မျက်ရည်များ ဝဲနေခဲ့သည်။

"ရှောင်ချန် ဘယ်မှာလဲ?"

စူးချင်းက စူးဟန်ရွှမ်ကို ကြည့်နေရင်း ပြန်မေးလိုက်သည်။

ဒီသံချပ်ကာဝတ်တပ်သားတွေက ရှောင်ချန်အတွက် ဒီနေရာကို ရောက်လာတယ်ဆိုတာ သူမရဲ့ပင်ကိုယ်သိစိတ်က သူမကို ပြောပြနေတယ်။

“သူနဲ့ ရုရွှယ်က လုံခြုံတဲ့နေရာမှာ ရှိနေတယ်။ မင်း စိတ်ပူဖို့ မလိုပါဘူး"

စူးဟန်ရွှမ်က သူ့သမီးက ရှောင်ချန်အတွက် စိတ်ပူနေကြောင်း နားလည်သွားပြီး သူ့မျက်လုံးများထဲမှ မျက်ရည်များကို မထိန်းနိုင်တော့ပေ။ သူက သူ့အင်္ကျီလက်ကို မြှောက်လိုက်ပြီး သူ့မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်လိုက်သည်။ သူက သေခြင်းနှင့် ခွဲခွာရတော့မလို နာကျင်နေပုံရသည်။

"မော့ချန်ကို လိုက်ခဲ့ပါ"

စူးဟန်ရွှမ် မျက်ရည် သုတ်နေသည်ကို မြင်လိုက်ရချိန်တွင် စူးချင်း၏နှလုံးသားက နာကျင်သွားခဲ့သည်။

ဒါက သွေးနဲ့ ဆက်စပ်နေတဲ့ ခံစားချက်ကြောင့်လား?

သူမက စူးဟန်ရွှမ်ကို ဆက်ကြည့်နေရင်း သူမနှင့်အတူ လိုက်ခဲ့ရန် တောင်းဆိုလိုက်သည်။

"အစ်ကိုစူး၊ စူးချင်း ပြောတာ မှန်တယ်။ အခု လော့ချန်က ကျားရဲတွင်း ဖြစ်နေပြီ။ တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားတာက အကောင်းဆုံးပဲ။ ကျုပ် ခင်ဗျားကို မော့ချန်အထိ ဘေးကင်းအောင် လိုက်ပို့ပေးနိုင်တယ်"

“ငါ ထွက်သွားလို့ မရဘူး။ စီရင်စုအမတ်လွမ်နဲ့ ငါက ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်နေရုံသာမက ဆွေမျိုးတွေလည်း ဖြစ်နေကြသေးတယ်။ သူတို့မိသားစု ဒုက္ခရောက်နေတုန်း ငါ အရင်ထွက်ပြေးသွားရင် ဘယ်လိုလုပ်ပြီး အရင်းနှီးဆုံးမိတ်ဆွေလို့ သတ်မှတ်နိုင်တော့မှာလဲ?

စူးဟန်ရွှမ်က သူ့ခေါင်းကို ညင်ညင်သာသာ ခါယမ်းရင်း ငြင်းဆန်လိုက်သည်။

သူ့မိန်းမနဲ့ သားသမီးတွေ လုံခြုံနေသရွေ့ သူ့မှာ ကြောက်စရာ ဘာမှ မရှိတော့ပါဘူး။

"ဒီမှာ နေမယ်ဆိုရင် ဘာလုပ်နိုင်မယ် ထင်လဲ?"

ယန်ကျစ်က အလွန်စိုးရိမ်နေခဲ့သည်။

အစ်ကိုစူးက အရမ်းကြင်နာတတ်ပြီး အရမ်းဖြောင့်မတ်လွန်းတယ်။ တခါတလေ လောကကြီးအပေါ် အဆိုးမြင်စိတ်နဲ့ တွေးတာကတောင်မှ ပိုကောင်းသေးတယ်။

"အခု စီရင်စုအမတ်လွမ်ကို ရာထူးကနေ ထုတ်ပယ်ပြီး အကျဉ်းချခံထားရတယ်၊ ခင်ဗျားလို သာမန်လူတစ်ယောက်က ရုံးတော်ထဲက လူတစ်ယောက်ကို ကယ်တင်နိုင်မယ်လို့ ထင်နေတုန်းလား?"

"ငါရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို စွန့်လွှတ်လိုက်ရင် စီရင်စုအမတ်လွမ်ကို ကယ်တင်ပေးဖို့ ငွေပမာဏ အများကြီး သုံးနိုင်လိမ့်မယ်"

စူးဟန်ရွှမ်က သူ့စိတ်ထဲတွင် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။

သူက ကုန်သမျှငွေကို ပြန်ရှာနိုင်တယ်။ သူမှ စီရင်စုအမတ်လွမ်ရဲ့မိသားစုကို ဂရုမစိုက်ဘူးဆိုရင် သူတို့ကို ဘယ်သူကမှ ကယ်တင်ပေးမှာ မဟုတ်ဘူး။

"ခင်ဗျား ပိုက်ဆံတွေ အများကြီးသုံးရင်တောင် သူတို့ကို မကယ်တင်နိုင်မှာကို ကျုပ် စိုးရိမ်တယ်"

ယန်ကျစ်က စိုးရိမ်ဆဲဖြစ်သော်လည်း သူက စူးဟန်ရွှမ်၏ခေါင်းမာမှုကို သိထားပြီး ဖြစ်သည်။

သူ တစ်ခုခု လုပ်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ သူ့ကို ဘယ်သူမှ မဆွဲဆောင်နိုင်တော့ဘူး။

"ညီလေးယန်၊ ရုရွှယ်နဲ့ ရှောင်ချန်ကိုသာ မြို့ပြင်ကို ဘေးကင်းကင်းနဲ့ လိုက်ပို့ပေးလိုက်ပါ။ ဒီလူတွေက ကလေးတွေကြောင့်လာတာလို့ ငါ သံသယဖြစ်မိတယ်”

ယန်ကျစ် စိတ်ပူနေသည်ကို နားလည်နေသောကြောင့် စူးဟန်ရွှမ်က ဝမ်းနည်းစွာ ပြုံးလိုက်သည်။ ထို့နောက် သူက ရှောင်ချန်နှင့် ယန်ရုရွှယ်ကို လော့ချန်မှ ဘေးကင်းကင်းဖြင့် ခေါ်ထုတ်သွားရန် ယန်ကျစ်ကို တောင်းပန်လိုက်သည်။

"စီရင်စုအမတ်လွမ်ရဲ့မိသားစုကို ကျွန်မ ကယ်ပေးမယ်။ အရင်ဆုံး ယန်ကျစ်နဲ့အတူ ထွက်သွားလိုက်ပါ”

စီရင်စုအမတ်လွမ်၏မိသားစုကို ကယ်တင်ရန် သူမ အဖေ ခေါင်းမာနေသည်ကို စူးချင်း မြင်နေရသည်။ သူ့ကို စည်းရုံးနေခြင်းက အသုံးမဝင်သည့်အတွက် သူတို့ကို ကူညီကယ်တင်ပေးရန် သူမ ဆုံးဖြတ်လိုက်တော့သည်။

စူးချင်းက အလွန်ယုံကြည်ချက်ရှိနေပုံရသော်လည်း စူးဟန်ရွှမ်က သူ့သမီးကို မည်သို့မျှ အန္တရာယ်အတွင်းသို့ စေလွှတ်နိုင်မည် မဟုတ်ပေ။ သူက သူမကို အမြန် ဖျောင်းဖျလိုက်သည်။

“သူတို့အတွက် စိတ်ပူစရာ မလိုပါဘူး။ ငါ့မှာ ငါ့ရဲ့ကိုယ်ပိုင်နည်းလမ်းတွေ ရှိတယ်။ သူတို့က ကလေးတွေအတွက် ရောက်လာပြီး တခြားကိစ္စမရှိရင် ငွေသုံးတာက သူတို့ကို ကယ်တင်ပေးနိုင်လိမ့်မယ်။ မင်းတို့ ရှောင်ချန်နဲ့အတူ ဒီကနေ မြန်မြန် ထွက်သွားလိုက်ကြပါ"

စူးချင်းက ဘာမှ ဆက်မပြောတော့ဘဲ ရှောင်ချန်အကြောင်းကိုသာ ထပ်မေးလိုက်သည်။

"ရှောင်ချန် ဘယ်မှာလဲ?"

“ကျွန်တော် မင်း.... သူနဲ့ ‌ရုရွှယ်ကို တောင်ပေါ်က သီလရှင်ကျောင်းကို ပိုပေးထားတယ်။ အဲ့နေရာကို ဘယ်သူမှ မသိဘူး။ သူတို့ အရမ်းလုံခြုံတယ်။ သူတို့ကို သွားခေါ်ပြီး ဒီကနေ မြန်မြန် ပြန်ထွက်သွားကြတော့”

စူးဟန်ရွှမ်က မင်း အမေနှင့် မောင်လေးဟု ပြောမိလုနီးပါး ဖြစ်သွားသော်လည်း သူက သူ့စကားကို ပြန်မျိုချလိုက်သည်။ သူ့သမီးကို ကာကွယ်ရန် စူးချင်း၏နောက်ခံကို ဘယ်သူကိုမှ သိခွင့်မပြုနိုင်တော့ပေ။

"ကောင်းပြီလေ၊ အဲ့နေရာကို သွားပြီး သူတို့ကို အရင်ခေါ်သွားလိုက်မယ်"

စူးချင်းက ခေါင်းညိတ်လိုက်သည်။ ယခုအချိန်တွင် သူမ၏ဖခင်အတွက် အန္တရာယ်မရှိသေးဘဲ ရှောင်ချန်အတွက် အလွန်အန္တရာယ်များနေခြင်း ဖြစ်သည်။ ရှောင်ချန် အဆင်ပြေနေသည်ကို သူမကိုယ်တိုင် မမြင်ရမချင်း သူမ သက်တောင့်သက်သာနေနိုင်မည် မဟုတ်ပေ။

စူးအိမ်တော်မှ ထွက်လာပြီးနောက် စူးချင်းက ဝမ်မိသားစုစစ်တပ်မှ စစ်သည်များ ကလေးတစ်ဦးကို ဖမ်းခေါ်ပြီး အစိုးရရုံးတော်ဆီသို့ သွား‌နေသည်ကို လှမ်းတွေ့လိုက်ရသည်။ ကလေးက မြင်းကျောပေါ်မှာ ပက်လက်လန်နေပြီး အနောက်မှ သူ့အဖေနှင့် အမေဆီသို့ လက်ဆန့်တန်းကာ သူ့ကို ကယ်ပေးရန် ငိုယိုတောင်းပန်နေသည်။ သူ့ငိုသံလေးက အလွန်သနားစရာစဖွယ် ဖြစ်နေခဲ့သည်။

စုံတွဲတစ်တွဲက သူတို့နောက်မှ ပြေးလိုက်သွားပြီး သူတို့၏နဖူးများတွင် သွေးများထွက်နေကာ သူတို့၏ကိုယ်ခန္ဓာများတွင် မြေမှုန်များ ဖုံးလွှမ်းနေသည်။ သူတို့က မြင်းနောက်သို့ ပြေးလိုက်နေရင်း ရံဖန်ရံခါ လဲကျသွားသော်လည်း ချက်ချင်း လူးလဲပြန်ထကာ မြင်းနောက်သို့ ပြေးလိုက်သွားကြပြန်သည်။ သူတို့ကလည်း ငိုယိုနေရင်း ကလေးကို ပြန်လွှတ်ပေးရန် တောင်းပန်နေကြသည်။

တော်ဝင်ရုံးတော်ရဲ့စစ်တပ်က ပြည်သူတွေကို ဒီလိုအဖြစ်ဆိုးတွေ ယူဆောင်လာမယ်လို့ ဘယ်သူက ထင်မိမှာလဲ?

ယန်ကျစ်က အလွန်ဝမ်းနည်းပူဆွေးနေခဲ့သည်။

ကံကောင်းလို့ အစ်ကိုစူးက အမြော်အမြင်ရှိပြီး ကလေးကို ဖွက်ထားလို့ပေါ့။ အဲ့လိုမှမဟုတ်ရင် ရှောင်ချန်ကိုလည်း ဒီသားရဲတွေက သိမ်းယူသွားလိမ့်မယ်။

အရင်တုန်းကတော့ သူတို့က သူတို့ရဲ့သိက္ခာကို ထောက်ထားနေတုန်းပဲ။ ကလေးတွေကို လာလုတဲ့အချိန်မှာ သူတို့က စစ်ဝတ်စုံတွေ မဝတ်ထားတော့ ဓားပြတွေလို့ပဲ လူတွေက ထင်နေခဲ့ကြတယ်။ အခုတော့ သူတို့က ဘာကိုမှ ဂရုမစိုက်တော့ဘူး။ လမ်းပေါ်မှာ ကလေးတွေကို ပြောင်ပြောင်တင်းတင်း လုယက်နေကြတယ်။

လမ်းမပေါ်ရှိ သာမန်လူများက ဝမ်မိသားစုစစ်တပ်ကို ပေါ်ပေါ်ထင်ထင် ဝေဖန်ရဲခြင်း မရှိကြပေ။ သူတို့၏အကြွင်းမဲ့ တားဆီးပိတ်ပင်မှုအောက်တွင် သာမန်ပြည်သူများက နာခံမှု ရှိနေပြီ ဖြစ်သည်။

စစ်သည်များက ကလေးများကို လုယူနေသည့်တိုင် မည်သူမျှ ကာကွယ်မပေးနိုင်ဘဲ ကူကယ်ရာမဲ့ စောင့်ကြည့်နေကြရသည်။ လူတိုင်း၏မျက်လုံးများထဲမှာ ဝမ်းနည်းပူဆွေးမှုများ ရှိနေသော်လည်း သူတို့အတွက် မည်သူက ခုခံကာကွယ်နိုင်ပေးနိုင်မည်ကိုပင် သူတို့လည်း မသိနိုင်ကြတော့ပေ။

စူးချင်းက နက်မှောင်သောမျက်နှာဖြင့် ဝမ်မိသားစုစစ်တပ်မှ စစ်သည်များဆီသို့ လှမ်းကြည့်နေသည်။

ယန်ကျစ်ကတော့ ကြိမ်းမောင်းဆူပူနေခဲ့သည်။

“ဒီတိရစ္ဆာန်တွေက ဝက်နဲ့ ခွေးတွေထက်တောင် ပိုဆိုးနေပြီ”

ယန်ကျစ်က သူ့လက်သီးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး ဒေါသကြောင့် ပူလောင်နေပြီ ဖြစ်သည်။ သူက ကိုယ်ခံပညာတတ်ကျွမ်းသော်လည်း ယခုအချိန်တွင် တရားမျှတမှုအတွက် ကူညီပေးနိုင်ခြင်း မရှိပေ။ သူ ထိုသနားစရာကောင်းသော ကလေးများကို မကယ်တင်နိုင်သည့်အတွက် ပေါက်ကွဲလုနီးပါးဖြစ်လာခဲ့သည်။

"အဲဒီနေရာမှာ ဘာရှိလဲ?"

စူးချင်း၏အသံက ငြိမ်သက်နေသော်လည်း သူမ၏ မျက်လုံးများက ရေခဲကဲ့သို့ အေးစက်နေလေသည်။ သူမက ဝမ်မိသားစုစစ်တပ်မှ စစ်သည်များကို ဦးတည်နေသည့်အရပ်သို့ ညွှန်ပြပြီး ယန်ကျစ်ကို မေးလိုက်သည်။

All Chapters