← Chapters

တိုက်ပွဲအပြီး

Vol. 6 Ch. 578

တိုက်ပွဲအပြီး

Vol. 6 Ch. 578

ဥရောပ ယူနီယံသည် ကမ္ဘာ့စီးပွာရေးကို ထိပ်ဆုံးမှ ဦးဆောင်နေသည့် အဖွဲ့အစည်းကြီး ဖြစ်သည်။ သို့သော်လည်း သူတို့၏ ချမ်းသာ ကြွယ်ဝမှုများက ချန်းဖန် အတွက် တန်ကြေး သိပ်မရှိလှချေ။

ချန်းဖန်သည် မူလဝိညာဉ် အဆင့်သို့ ရောက်ရန် သိပ်မလိုတော့သော တန်ခိုးရှင် တစ်ယောက် ဖြစ်သည်။ သူ့အတွက် ငွေကြေးက အဖိုးမတန်လှချေ။

"ဒါပေမဲ့ အဲဒါက မြောက်ပိုင်းချုံးဂိုဏ်းနဲ့ မြောက်ပိုင်းချုံး လုပ်ငန်းစုတို့ အတွက်ပါ မလိုအပ်ဘူးလို့ မဆိုလိုဘူး ..."

ချန်းဖန်က အနည်းငယ် ပြုံးလိုက်သည်။

မြောက်ပိုင်းချုံးသည် ဂိုဏ်း၏ လွှမ်းမိုးမှုကို တရုတ်မှ အရှေ့တောင် အာရှ အထိ ဖြန့်ကြက်ခဲ့ပြီး ဖြစ်သည်။ ယခုအခါ၌ သူတို့သည် ဥရောပကိုပါ လွှမ်းမိုးရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထိုသို့ ပြုလုပ်ရန် အတွက် သူတို့ အနေဖြင့် ဥရောပ ယူနီယံ၏ အကူအညီ လိုအပ်သည်။

မည်သို့ပင် ဆိုစေ ... အင်္ဂလန်နှင့် ပြင်သစ် နှစ်နိုင်ငံ စလုံးသည် အမေရိက၏ ပံ့ပိုးမှု ရရှိထားသော မဟာ အင်အားကြီး နိုင်ငံကြီးများ ဖြစ်ကြသည်။ အကယ်၍ သူတို့သာ သဘောမတူပါက မြောက်ပိုင်းချုံး အနေဖြင့် ဥရောပတွင် အဆင်ပြေရန် ရုန်းကန်ရ ပေလိမ့်မည်။

ချန်းဖန်သည် အလွန် အစွမ်းထက်သည် ဆိုသော်လည်း ဥရောပယူနီယံကို အကြမ်း မဖက်လိုချေ။ အကယ်၍ အင်္ဂလန်နှင့် ပြင်သစ်တို့ကသာ နျူကလိယဗုံးနှင့်  တိုက်ခိုက်မည် ဆိုပါက မြောက်ပိုင်းချုံးသာ ဒုက္ခများလိမ့်မည် ဖြစ်သည်။

"ဥရောပ ယူနီယံ အနေနဲ့ ဥရောပမှာ မြောက်ပိုင်းချုံးဂိုဏ်းကို ပံ့ပိုးပေးရမယ့် အပြင် ဥရောပနိုင်ငံတွေကလည်း မြောက်ပိုင်းချုံး လုပ်ငန်းစုကို ကုမ္ပဏီကြီးတွေနဲ့ လုပ်ကိုင်နိုင်အောင် ကူညီပေးရမယ်  ... နောက်ပြီး မြောက်ပိုင်းချုံး လုပ်ငန်းစု အတွက် တားမြစ်ချက်တွေကို ဖယ်ရှားပေးရမယ်  ..."

ချန်းဖန်က တည်ငြိမ်စွာ ဆိုလိုက်သည်။

ချားလ်က အတန်ကြာ တိတ်ဆိတ်သွား၏။ များစွာသော ဥရောပ နိုင်ငံများသည် ဖြစ်ပြီးခဲ့သော မြေအောက်လောက ပြဿနာများကြောင့် မြောက်ပိုင်းချုံးဂိုဏ်းအား ကျေလည်မှု  မရှိကြချေ။

ထို့အပြင် မြောက်ပိုင်းချုံး လုပ်ငန်းစုမှာလည်း "ရှင်သန်ခြင်း ရေစင်" တစ်ခုတည်းဖြင့် ဥရောပ ဈေးကွက်အား အလွယ်တကူပင် စိုးမိုးနိုင်စွမ်း ရှိသည်။ ဤသို့ဆိုလျှင် ဥရောပ၏ များစွာသော ဆေးကုမ္ပဏီကြီးများ အလုပ်လက်မဲ့ ဖြစ်သွားနိုင်သည်။

"ခေါင်းဆောင်တွေက ဆရာ တောင်းဆိုတာကို သဘောမတူမှာ ကျွန်တော် စိုးရွံ့မိပါတယ် ..."

ချားလ်က နဖူးမှ ချွေးများကို သပ်ကာ သုတ်ရင်း ဆိုလိုက်သည်။

"ကောင်းပြီလေ ... ရတယ် ... ငါဥရောပမှာ နည်းနည်း ကြာကြာနေဦးမယ် ... အမှောင်မြို့စားကို သတ်ပြီးတာနဲ့ ငါပြန်မှာပါ ..."

ချန်းဖန်က ဆိုလိုက်သည်။

"ဒါက ..."

ချားလ်မှာ အခက်တွေ့နေပုံ ရသည်။

ယခုရက်များ အတွင်း ချန်းဖန်သည် အမှောင်မြို့စား၏ နောက်သို့ သုံးကြိမ်တိုင်တိုင် လိုက်ခဲ့သည်။

သို့သော်လည်း သူသည် အမှောင်မြို့စားကို ယတိပြတ် မသုတ်သင်ခဲ့ချေ။ ထို့အစား အမှောင်မြို့စားကို လက်ခံထားသည့် မိသားစုကြီးများကိုသာ သတ်ဖြတ်ခဲ့သည်။ ဤသို့ဆိုလျှင် မကြာခင် ဥရောပ တစ်ခုလုံး ပျောက်ဆုံး သွားနိုင်သည်။

"ကျွန်တော် ခေါင်းဆောင်ကြီးတွေနဲ့ ဆွေးနွေး လိုက်ပါဦးမယ် ... မကြာခင်မှာ အဖြေ တစ်ခုယူပြီး ဆရာ့ဆီကို ပြန်လာခဲ့မှာပါ"

ချားလ်မှာ စိတ်ရှုပ်ထွေးစွာ ပြောရင်း ပြန်လည် ထွက်ခွာသွား၏။

"ဆရာ ... ဘာလို့ အမှောင်မြို့စားကို မသတ်သေးတာလဲ ..."

ချားလ် ပျောက်ကွယ် သွားသည့်နောက် အားရှို့က ချန်းဖန်အား မေးလိုက်သည်။

သူမ သိထားသလောက် ဆိုလျှင် ချန်းဖန်သည် ရန်သူကို အလွတ်ပေးသည့် လူစားမျိုး မဟုတ်ချေ။ သို့သော်လည်း ယခုအထိ သူသည် အမှောင်မြို့စားကို မသတ်နိုင်သေးချေ။

ထိုအရာက အဓိပ္ပာယ် မရှိချေ။ ချန်းဖန် ပိုင်ဆိုင်ထားသည့် စွမ်းအား အရဆိုလျှင် အမှောင်မြို့စား အနေဖြင့် လက်ဝါးတစ်ချက်ကိုပင် ခံနိုင်ရည် ရှိမည် မဟုတ်ချေ။ ယခုကဲ့သို့ သုံးကြိမ်တိုင်တိုင် လွတ်မြောက်နေခြင်းက လုံးဝ အဓိပ္ပာယ် မရှိချေ။

"ဆရာက အလုပ်တစ်ခုကို ရည်ရွယ်ချက် မရှိပဲ လုပ်မှာ မဟုတ်ဘူး ... အမှောင်မြို့စား အသက်ရှင် နေသေးတယ် ဆိုရင် ဥရောပ နိုင်ငံတွေမှာ မျှော်လင့်ချက် နည်းနည်းလေး ဖြစ်ဖြစ် ရှိသေးတယ်လို့ ဆိုနိုင်တယ် ... တကယ်လို့ သူသာ သေသွားမယ် ဆိုရင် ဥရောပ နိုင်ငံတွေမှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး ... ဒါကြောင့် သူတို့က ကြောက်လန့်ပြီး နျူကလိယကို သုံးတာပဲ ဖြစ်ဖြစ် အမေရိကန်ကို အကူအညီ တောင်းတာပဲ ဖြစ်ဖြစ် လုပ်နိုင်တယ်လေ ..."

ယူကီရှီရိုဆာက စဉ်းစဉ်းစားစား ပြောလိုက်၏။ သူမ၏ စကားကို အခြား လူများက ခေါင်းညိတ် ထောက်ခံ လိုက်ကြသည်။

သို့သော်လည်း ချန်းဖန် ခေါင်းကို ခါလိုက်၏။

"တကယ်တော့ ... သူ့ကို သတ်ဖို့ ငါ နည်းနည်း ပျင်းနေလို့ပါ ..."

ချန်းဖန် အမှောင်မြို့စားကို လွှတ်ထားရသည့် အခြား အကြောင်းရင်းတစ်ခုမှာ "သွေးမျိုးဆက် သခင်ကြီး" နှင့်ပါ တစ်ခါတည်း စာရင်ရှင်း လိုသောကြောင့် ဖြစ်သည်။

အကယ်၍ ချန်းဖန်သာ အမှောင်မြို့စားကို သတ်ဖြတ်လိုက်ပါက သွေးမျိုးဆက် သခင်ကြီးကို သွားရောက် ခေါ်ဆောင်မည့်သူ ရှိမည် မဟုတ်တော့ချေ။

"အမှောင်မြို့စား အတွက်ကို စိုးရိမ် မနေကြနဲ့ ... ငါ သူ့ကိုယ်မှာ အမှတ်အသား တစ်ခု ထားပြီးပြီ ... နောက်ပြီး သူက ဒဏ်ရာ ရနေတာ ဆိုတော့ ခုနစ်ပိုင်း အတွင်း ထွက်လာမှာ မဟုတ်သေးဘူး ..."

ချန်းဖန်က အပျင်းဆန့်ရင်း ပြောလိုက်သည်။

အခြား ကိစ္စရပ်များအား လက်စသတ်ပြီးနောက် ချန်းဖန်သည် တိုက်ပွဲမှ ရရှိသည့် အကျိုးအမြတ်များကို စစ်ဆေးလိုက်၏။

အမှောင်ခုံရုံးသည် အလွန်ပင် ချမ်းသာ ကြွယ်ဝလှ၏။ သူတို့၏ ဆောင်းရာသီ နန်းတော် တစ်ခုတည်းပင်လျှင် မီလျံရာချီ တန်ကြေးရှိသည်။

အမှောင်ခုံရုံး၏ ဘဏ္ဍာတိုက် အတွင်း၌လည်း သူတို့ ရာစုနှစ်ချီကာ စုဆောင်းထားသော အမျိုးမျိုးသော တန်ဖိုးကြီး ရတနာများဖြင့် ပြည့်နှက်နေသည်။ ထိုအရာများ အပြင် အမှောင်ခုံရုံး ပိုင်ဆိုင်သည့် အစု ရှယ်ယာများ၊ လုပ်ငန်းစုများကလည်း မရေမတွက်နိုင်အောင်ပင် ရှိသည်။

"ဒါပေမဲ့ ငါ့အတွက် အသုံးဝင်တာက ဝိညာဉ် လက်နက်တွေနဲ့ ဝိညာဉ် ဆေးဝါးတွေပဲ ရှိတယ် ..."

ချန်းဖန်က ခေါင်းခါရင်း ဓားအားဖြည့် ကျောက်မျက် အတွင်း ထည့်ထားသော ဝိညာဉ်လက်နက် အချို့ကို ထုတ်ယူလိုက်၏။

"အထီးကျန်သွေးဓား ..."

ထိုရတနာသည် သွေးမူးမတ် ကိုင်ဆောင်ခဲ့သည့် ဝိညာဉ် လက်နက် ဖြစ်သည်။ ထိုလက်နက်ကို တစ်ချိန်က ပြင်သစ် တော်ဝင် ပုဂ္ဂိုလ် တစ်ယောက်က ပိုင်ဆိုင်ခဲ့သည်ဟု ဆိုသည်။

ဓားသွားတွင် သွေးမျိုးဆက် သခင်ကြီး၏ သွေးဖြင့် မွမ်းမံထားရာ အလွန်တရာ ထက်ရှပြီး စိန်ကိုပင် ခုတ်ဖြတ်နိုင်စွမ်း ရှိ၏။ ထို့ကြောင့် အထီးကျန် သွေးဓားကို အဆင့်နိမ့် ဝိညာဉ် လက်နက် အဖြစ် သတ်မှတ်နိုင်သည်။

"သေဆုံးခြင်း ရုပ်တု ..."

ထိုလက်နက်မှာ တစ္ဆေမြို့စား ပိုင်ဆိုင်ခဲ့သော ရတနာ ဖြစ်ကာ အနျူးဘစ် နတ်ဆိုး ပုံသဏ္ဌာန် ရှိသည်။ ထိုရုပ်တု၏ ဦးခေါင်း၌ ကျိန်စာ ရတနာ နှစ်ခု ရှိကာ ထိုတစ်ခုချင်းစီက သာမန် တန်ခိုးရှင် တစ်ယောက်အား လွယ်ကူစွာ သတ်ဖြတ်နိုင်သည်။ ထိုအရာသည်လည်း အဆင့်နိမ့် ဝိညာဉ် လက်နက် ဖြစ်သည်။

"စစ်ပုဆိန် ..."

ဤလက်နက်မှာမူ စစ်နတ်ဘုရား ဘား၏ လက်နက် ဖြစ်သည်။ ထိုလက်နက်ကို ရောမ အင်ပါယာ ကိုယ်တိုင် သူတော်စင် တစ်ပါးကို သွန်းလုပ် စေခဲ့သည် ဟူသော ဒဏ္ဍာရီ ရှိ၏။

စစ်ပုဆိန်သည် ကိုင်ဆောင်သူ၏ အင်အားကို ခုနစ်ဆ တိုးမြှင့်ပေးနိုင်သည်။ ထိုအရာသည်လည်း အဆင့်နိမ့် ဝိညာဉ် လက်နက် တစ်ခု ဖြစ်သည်။

ထိုလက်နက် သုံးခုသည် ဝိညာဉ် လက်နက်များ ဖြစ်ကြရာ ကမ္ဘာတွင်ပင် ထိပ်ဆုံး အဆင့်၌ ရှိနေသော လက်နက်များ ဖြစ်ကြသည်။ သို့သော်လည်း ချန်းဖန် အတွက်မူ ထို လက်နက် သုံးခုထက် ပိုမို စိတ်ဝင်စားစရာ ကောင်းသော အရာတစ်ခု ရှိနေ၏။

"နတ်ဘုရား ကျိန်စာ ဆယ့်သုံးပိုဒ် ..."

ထိုအရာကား သေခြင်းနတ်ဆိုး၏ ဓားမြှောင် ဖြစ်သည်။ ထိုလက်နက်အား ရှေးဟောင်း တိုက်ဂရစ်နှင့် ယူဖရေးတီး နတ်ဘုရားတို့မှ သွန်းလုပ်ခဲ့သည်ဟု အဆို ရှိသည်။

ဓားသွားတွင် မြေကမ္ဘာ နတ်ဘုရား အဆင့်နှင့် သေမျိုး နတ်ဘုရားတို့၏ သွေးများ စွန်းထင်းနေရာ ထိုဓားကို  "နတ်ဘုရားသတ်ဓား" ဟုလည်း ခေါ်ဆိုကြသည်။  "နတ်ဘုရား သတ်ဓား" သည် အလယ်ဆင့် ဝိညာဉ် လက်နက် ဖြစ်သည်။

"ဒီဓားက အလယ်ဆင့် ဝိညာဉ်လက်နက် ဆိုပေမဲ့ မိုးကြိုး တံဆိပ်တုံးထက် ပိုပြီး အစွမ်းထက်တယ် ... သူက အဆင့်မြင့် ဝိညာဉ် လက်နက်ဖြစ်ဖို့တောင် သိပ်မလိုတော့ဘူး"

ချန်းဖန်က နတ်ဘုရား ကျိန်စာ ဆယ့်သုံးပိုဒ်ကို လက်တွင် ကိုင်ရင်း သေချာစွာ အကဲခတ်လိုက်သည်။

ဓားကား အရိုးနှင့် သုံးလက်မ အသွား ပါဝင်သော ဓားငယ်လေး တစ်ချောင်း ဖြစ်ပြီး အနက်ရောင် မြူများ၏ ဝန်းရံမှု အလယ်တွင် တည်ရှိသည်။ ထို အနက်ရောင် မြူများ အတွင်းတွင်မူ အလင်းစက် ဆယ့်သုံးခု ရှိကာ ထို အလင်းစက် တစ်ခုချင်းစီက ကျိန်စာ တစ်ခုကို ကိုယ်စားပြုသည်။

ထိုကျိန်စာများမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပြီး အင်အား အပြည့်ဖြင့် တိုက်ခိုက်ပါက မြေကမ္ဘာအဆင့် တစ်ယောက်ပင် လွတ်မြောက်နိုင်မည် မဟုတ်ချေ။ ချန်းဖန်ပင်လျှင် ဝိညာဉ်ပင်လယ် အဆင့်သို့ မရောက်သေးပါက ထိုဓား၏ တိုက်ခိုက်မှုကို တစ်ချက်ပင် ခံယူနိုင်မည် မဟုတ်ပေ။

"ဓမ္မ လက်နက် တစ်ခုမှာ အစီအရင် ဒါမှမဟုတ် ကျိန်စာ ငါးခုလောက် ပါတာနဲ့ ဝိညာဉ် လက်နက် အဆင့်ကို ရောက်ပြီလို့ ဆိုနိုင်တယ် ... အခု ဒီဓားမှာက ကျိန်စာ ဆယ့်သုံးခု အထိတောင် ပါတယ် ... ဓားကို ဖန်တီးခဲ့တဲ့ ရှေးဟောင်း ပညာရှင်က မူလဝိညာဉ် နောက်ဆုံး အဆင့် ဒါမှမဟုတ် ရွှေအမြုတေ အဆင့် ဖြစ်ရမယ် ..."

ဓားမှာ အလွန် ဟောင်းနွမ်းနေပြီ ဖြစ်ရာ လွန်ခဲ့သည့် နှစ်ထောင်ချီ အကြာက ပြုလုပ်ထားခြင်း ဖြစ်ရမည်။ ရွှေအမြုတေ ကျင့်ကြံသူ တစ်ယောက်ပင်လျှင် နှစ်တစ်ထောင်ခန့်သာ နေနိုင်သည်။ ထို့ကြောင့် ဓားကို ဖန်တီးခဲ့သော ပညာရှင် အနေဖြင့် မည်သည့် နည်းနှင့်မျှ ကမ္ဘာတွင် ဆက်ရှိရန် မဖြစ်နိုင်တော့ချေ။

"ယူကီရှီရိုဆာ အားရှို့ ရှောင်ကျင်း ... နင်တို့ ဒီ လက်နက်တွေကို ကြိုက်ရင် ယူလို့ ရတယ်"

ချန်းဖန်က သူ၏ တပည့်မများကို ဝှေ့ကြည့်ရင်း ပြောလိုက်၏။

"ဟမ် ... ဆရာက ဒီလက်နက်တွေကို ကျွန်မတို့ကို ပေးမလို့လား ..."

ယူကီရှီရိုဆာနှင့် အခြားလူများ၏ မျက်လုံးများ ပြူးကျယ်သွား၏။

သူမတို့သည် ထိုလက်နက်များ၏ စွမ်းအားကို တိုက်ပွဲ၌ ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ရသည်။ အမှောင်ခုံရုံး၏ ခုံသမာဓိကြီး ငါးယောက်သည် ထိုလက်နက်များကို သုံးကာ ချန်းဖန်ကို နောက်ဆုံး အခြေအနေ ရောက်သည် အထိပင် ခြိမ်းခြောက်နိုင်ခဲ့သည်။

သို့သော်လည်း ချန်းဖန်ကမူ ထိုသို့သော လက်နက်များကို ပေါ့ပေါ့တန်တန်ပင် ပေးပစ် နေခဲ့သည်။

"ဒီလက်နက်တွေက ... တန်ခိုးရှင်တွေတောင် ရဖို့ ခက်ခဲတဲ့ လက်နက်တွေ ဖြစ်ချင် ဖြစ်လိမ့်မယ် ... ဒါပေမဲ့ မင်းတို့ သုံးယောက်က ငါ့တပည့်တွေ ဆိုတော့ ... ဒီလက်နက်လောက်က လွယ်လွယ်ကူကူ ရနိုင်ပါတယ် ..."

ချန်းဖန်က ဆိုလိုက်သည်။

ထိုမိန်းကလေးများမှာ အမှောင်သတ်မှတ်ချက် အဆင့်များနှင့်ပင် ယှဉ်နိုင်သည် အထိ အစွမ်းထက်နေသူများ ဖြစ်ကြသည်။ ထို လက်နက်များနှင့် ဆိုပါက တန်ခိုးရှင် အဆင့်ပင်လျှင် သူမတို့ကို အနိုင်ယူရန် မဖြစ်နိုင်တော့ချေ။

"ဟုတ်ကဲ့ပါ ဆရာ ..."

ယူကီရှီရိုဆာနှင့် အခြား မိန်းကလေး နှစ်ယောက်က ရှေ့သို့ လျှောက်လာကာ သူမတို့နှင့် လိုက်ဖက်သည့် လက်နက်များကို ရွေးလိုက်ကြ၏။

ယူကီရှီရိုဆာမှာ ဓားလမ်းစဉ်ကို လျှောက်သည့် အထွတ်အထိပ် အဆင့် တစ်ယောက် ဖြစ်ရာ "အထီးကျန်သွေးဓား" ကို ရွေးချယ်လိုက်သည်။

ယုဝမ်ကျင်းမှာမူ ဓမ္မ လမ်းစဉ်ကို လျှောက်သည့် ပြည့်စုံခြင်း အဆင့် ကျင့်ကြံသူ ဖြစ်ရာ "သေဆုံးခြင်း ရုပ်တု" အား ရွေးချယ်သည်။

အားရှို့ကမူ သူမ မျက်စိကျနေသည့် "နတ်ဘုရား ကျိန်စာ ဆယ့်သုံးပိုဒ်အား" ကောက်ယူလိုက်သည်။ ချန်းဖန်က ခဏမျှ စဉ်းစားလိုက်ပြီး နောက်ဆုံး ကျန်နေသည့် စစ်ပုဆိန်ကို ထုံရှန်း အတွက် သိမ်းဆည်း ထားလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆရာ ..."

မိန်းကလေး သုံးယောက်က ပျော်ရွှင်စွာဖြင့်  သူမတို့၏ လက်နက်များကို သေချာစွာ သိမ်းဆည်း လိုက်ကြသည်။

ချန်းဖန်ကမူ သူ၏ ဆင်းရဲသော အခြေအနေအား စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါ နေမိသည်။

ထိုလက်နက်များမှာ ဤကမ္ဘာမြေ၌ တန်ဖိုးကြီးသော အရာများ ဖြစ်သော်လည်း မြောက်ပိုင်း ကောင်းကင် အရှင်သခင် အတွက်မူ အမှိုက်လောက်သာ ရှိသည်။

အတိတ်ဘဝ၌ ချန်းဖန်သည် ထိုကဲ့သို့သော လက်နက်မျိုးအား လမ်း၌ တွေ့လျှင်ပင် မကောက်ယူခဲ့ချေ။ သို့သော်လည်း ယခု အခြေအနေတွင်မူ ထိုကဲ့သို့သော လက်နက်မျိုးကို ပေးလိုက်ရခြင်းက ချန်းဖန်ကို ရင်နာစေသည်။

"ဘာပဲဖြစ်ဖြစ် ... ငါ့မှာက အခြား ရတနာတွေ ရှိပါသေးတယ်လေ ... ငါ့တပည့်တွေမှာက တစ်ခုတောင် မရှိဘူး ..."

ချန်းဖန်က တွေးရင်း အမှောင်ခုံရုံး အတွင်းရှိ အခြား ရတနာများအား လောဘတကြီး မွှေနှောက်လိုက်၏။

"အမှောင်ခုံရုံးက တကယ်ပဲ အစွမ်းထက်ပါတယ် ... ဒါပေမဲ့ ငါ့အတွက်တော့ သူတို့ကို အနိုင်ယူရတာ လွယ်ကူလွန်းတယ် ..."

ချန်းဖန်က အနည်းငယ် ပြုံးလိုက်၏။

***

All Chapters