ယောက်ျားလေးဟန် ဝတ်ဆင်ထားသော မိန်းမပျိုလေးများ
Vol. 21 Ch. 315
ကျိရှောင်ယင်နှင့် လွမ်ဟုန်တို့အတွက်လည်း ယောက်ျားလေးများကဲ့သို့ ဝတ်ဆင်ကြသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ သူမတို့ အမျိုးသားများကဲ့သို့ ၀တ်ဆင်ချင်နေသရွေ့ စူးချင်းက သူမတို့အတွက် အမျိုးသားဝတ်အပိုများကို ပံ့ပိုးပေးနိုင်သည်။
လွမ်ဟုန်နှင့် ကျိရှောင်ယင်တို့ နှစ်ယောက်စလုံးက အလှလေးများ ဖြစ်ကြပြီး တစ်ခုတည်းသော ခြားနားချက်မှာ လွမ်ဟုန်က မီးလုံးလေးကဲ့သို့ တောက်ပနေခြင်း ဖြစ်သည်။ သူမ၏ တောက်ပသော အသွင်အပြင် ရှိသည့်အပြင် သူမ၏မျက်လုံးနှင့် မျက်ခုံးတို့က သူရဲကောင်းဆန်သော စိတ်နေစိတ်ထားကို ဖော်ပြပေးနိုင်သည်။ သူမ ယောက်ျားအဝတ်အစားများကို ဝတ်ဆင်ထားပြီး ဘာစကားမှ မပြောသရွေ့ သူမက ရဲရင့်ပြီး သူရဲကောင်းဆန်သော သခင်ငယ်တစ်ဦးနှင့် တူနေပေလိမ့်မည်။
ထို့ကြောင့်ပင် ယခင်က သူမ ယောက်ျားတစ်ယောက်ကဲ့သို့ ဝတ်ဆင်ကာ လောင်းကစားအိမ်သို့ သွားခဲ့ပြီး လောင်းကစားလုပ်ခဲ့ဖူးသော်လည်း မည်သူကမျှ သူမကို မိန်းကလေးဟု မရိပ်မိခဲ့ခြင်း ဖြစ်သည်။
ကျိရှောင်ယင်ကတော့ နူးညံ့သော မက်မွန်ပွင့်နှင့်တူပြီး လတ်ဆတ်ကာ ချိုမြိန်ပုံရသည်။ သူမတွင် ပြုံးယောင်သန်းနေသော မျက်လုံးတစ်စုံရှိပြီး သူမ ယောက်ျားဝတ်စုံကို ဝတ်ထားသည့်တိုင် တချက်ကြည့်ရုံဖြင့် သူမက မိန်းကလေးဖြစ်ကြောင်း ပြောပြနိုင်ပေလိမ့်မည်။
စူးချင်းက သူမတို့ သုံးယောက်ထဲတွင် အလှဆုံးဖြစ်သော်လည်း သူမကို ကြည့်ရသည်မှာ ငယ်ရွယ်သည့် စစ်သူကြီးတစ်ဦးကို မြင်နေရသလို ခံစားရစေသည်။
ရင်သပ်ရှုမောဖွယ်ကောင်းသော မိန်းကလေးသုံးယောက်က ခြံဝင်းထဲမှ အတူတူ ထွက်လာခဲ့သောကြောင့် ကျိရွှေရှန့်တစ်ယောက် အံ့အားသင့်သွားရသည်။
သူမတို့အားလုံးက ဘာကြောင့် ယောက်ျားလေးတွေလို ၀တ်ဆင်ထားကြတာလဲ? သူမတို့မှာ အမျိုးသမီးအဝတ်အစားတွေ လုံလုံလောက်လောက် ရှိနေပြီးသား မဟုတ်ဘူးလား?
ချိုးယုံခန်းက ကျိရွှေရှန့်အနားတွင် ရှိနေခဲ့ပြီး ကျိရှောင်ယင်က ယောက်ျားတစ်ယောက်ကဲ့သို့ ၀တ်ဆင်ထားသည်ကို မြင်လိုက်ချိန်တွင် သူ မပြုံးဘဲမနေနိုင် ဖြစ်နေခဲ့သည်။ သူမက လူကြီးများ၏အဝတ်ကို ခိုးဝတ်ထားသည့် ကလေးတစ်ယောက်နှင့်တူနေပြီး သူမကို ကြည့်ရသည်မှာ ချစ်စရာကောင်းလှသည်။
"စူးချင်း၊ ဒီလူက သစ်သားစည်တွေ ဘယ်လိုလုပ်ရမယ်ဆိုတာ သိတယ်တဲ့"
သူတို့နှစ်ယောက်၏နောက်တွင် မျက်နှာ ဖြူဖျော့ဖျော့နှင့် စိတ်ပျက်ဝမ်းနည်းနေပုံရသည့် မျက်နှာထားရှိသော အမျိုးသားတစ်ဦး ရှိနေခဲ့သည်။ ကျိရွှေရှန့်က စူးချင်းကို ထိုလူနှင့် မိတ်ဆက်ပေးလိုက်သည်။
စူးချင်းက ထိုလူကို တစ်ချက်ကြည့်လိုက်ပြီး သူစိမ်းတစ်ယောက်ဖြစ်နေမှန်း ချက်ချင်း သဘောပေါက်သွားခဲ့သည်။ မကြာသေးမီက မော့ချန်သို့ ကပ်ဘေး ဒုက္ခသည်များ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ရောက်လာကြသည်။ သူတို့အားလုံးက ပြေးရင်းလွှားရင်း ရောက်လာသည့်ဒုက္ခသည်များသာ ဖြစ်ကြသည်။
မော့ချန်အနေဖြင့် ဖွံ့ဖြိုးတိုးတက်ချင်လျှင် လူဦးရေများပြားလာရန်လည်း လိုအပ်နေသေးသည်။ ထို့အပြင် မော့ချန်က သူတို့မိသားစု၏အပိုင် မဟုတ်သောကြောင့် ဤဘေးဒုက္ခသည်များ ရောက်လာချိန်တွင် ကျိရွှေရှန့်နှင့် အခြားသူများက ၎င်းတို့ကို မတားဆီးခဲ့ကြပေ။ သူတို့က သနားစရာကောင်းသော သာမန်အရပ်သားများဖြစ်နေသရွေ့ ကျိရွှေရှန့်က သူတို့ ရှင်သန်နိုင်ရန် ကူညီပေးမည် ဖြစ်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က ကျိရွှေရှန့်ကိုယ်တိုင်လည်း မော့ချန်တွင် မရှိခဲ့ပေ။ သူက ကျင့်ရှီလျိုမြောင်၏မြို့စောင့်တပ်မှူးကို ရှာရန် ချန်ယွိနှင့်အတူ လိုက်သွားခဲ့သည်။ ထိူလူကလည်း ယခင်က သူ့အဖေ၏လက်အောက်ငယ်သား ဖြစ်ခဲ့ဖူးသည်။
ယခု သူတို့တွင် အခိုင်အမာ စခန်းတစ်ခု ရှိလာပြီး တည်ငြိမ်သော ငွေအရင်းအမြစ်လည်း ရှိလာသောကြောင့် သူတို့က ရှောင်းမိသားစုစစ်တပ်ကို ပြန်လည်အသက်သွင်းလိုကြသည်။
သူနှင့် ချန်ယွိတို့က ကျင့်ရှီလျိုမြောင်သို့ တက်တက်ကြွကြွ ပြေးသွားခဲ့ကြသော်လည်း စိတ်ပျက်လက်ပျက် ပြန်လာခဲ့ကြသည်။
သူ မော့ချန်သို့ ပြန်ရောက်လာချိန်တွင် လူတစ်ယောက်က သူ သစ်သားစည်များ လုပ်နိုင်ကြောင်း မြို့စောင့်တပ်သားများအား ပြောပြနေသည်ကို တွေ့ခဲ့ရသောကြောင့် ကျိရွှေရှန့်က သူ့ကို စူးချင်းထံသို့ ခေါ်သွားလာခဲ့သည်။
စူးချင်း၏အကြည့်သည် ထိုလူ၏ ကွဲအက်နေသော လက်များပေါ်သို့ ကျရောက်သွားခဲ့သည်။
သူ့ရဲ့လက်မနဲ့ လက်ညိုးမှာ အသားမာတွေ ရှိနေတယ်။ သေချာတယ် သူက လက်သမားပဲ။
အေးလွန်းတဲ့ ရာသီဥတုမှာတောင် သူက အဝတ်အစားပါးပါးလေးကို ဝတ်ထားတုန်းပဲ။ သူ့မျက်နှာက အအေးဒဏ်ကြောင့် ပြာနေပြီ။ သူ့မျက်လုံးတွေကလည်း ကြောက်ရွံ့မှုတွေနဲ့ ပြည့်နှက်နေသေးတယ်။
စူးချင်းက သူ့ကို အကဲခတ်လိုက်ပြီး စတင်မေးမြန်းလိုက်သည်။
"အဖိုးအခနေနဲ့ ဘာပြန်လိုချင်လဲ?"
ယခင်က သစ်သားစည်များကို လုပ်နိုင်သည့် လက်သမားဆရာတစ်ဦးကို သူမ တွေ့ခဲ့ရသော်လည်း နောက်ဆုံးတွင်က ထိုလူက ခြင်္သေ့ကဲ့သို့ ပါးစပ်ဖြဲကာ ငွေညှစ်ချင်နေခဲ့သည်။ ထို့ကြောင့် အရက်စည်တချို့ဝယ်ရန် သူမ လော့ချန်သို့ သွားခဲ့သော်လည်း အကျဥ်းထောင်ထဲမှ လူများကို ဆွဲထုတ်ခဲ့ရပြီး သူမ၏ကိစ္စကို နှောင့်နှေးစေခဲ့သည်။
ယခု အရက်ချက်ရုံတွင် အရက်များ ချက်ထားပြီးဖြစ်ကာ သစ်သားစည်များ မရှိဘဲ သယ်ယူရန် မဖြစ်နိုင်သည့်အတွက် စူးချင်းက ထိုကိစ္စကို အလွန်စိုးရိမ်နေခဲ့သည်။
ယခုတစ်ယောက်က ယခင်လက်သမားဆရာကဲ့သို့ မတန်တဆ ဈေးမတောင်းသရွေ့ သူမ လက်ခံပေးလိုက်တော့မည် ဖြစ်သည်။
"ငါတို့မိသားစု စားဖို့ လုံးလောက်အောင် ပေးရင် ရပါပြီ၊ ပိုက်ဆံပေးစရာ မလိုပါဘူး"
ဤလက်သမားသည် အလွန်ရိုးသားပြီး ငွေအကြောင်းပင် မပြောရဲပေ။ သူက သူ ငွေတောင်းမိလျှင် သူ့ကို အလုပ်မပေးမည်အား ကြောက်ရွံ့နေပြီး စားစရာရနိုင်ရုံသာ တောင်းဆိုနေခဲ့သည်။
စူးချင်းက ဤလူက အလွန်ရိုးသားသည်ဟု ထင်မြင်သွားခဲ့သည်။ သူမက ရိုးသားသည့်လူများကို အနိုင်မကျင့်ချင်သောကြောင့် သူက ပိုက်ဆံမလိုချင်ဘူးဟု ပြောနေလျှင်ပင် သူမက ငွေပေးချေမည် ဖြစ်သည်။
စူးချင်းက လက်သမားကို လှမ်းပြောလိုက်သည်။
"ဒီလို ဆိုရင်ရော.... အရည်အသွေးကောင်းတဲ့ သစ်သားစည်ငါးဆယ်ကို လုပ်ပေးနိုင်ရင် အရွယ်ရောက်ပြီးသား သိုးတစ်ကောင်၊ ဆန်လုံးညိုတစ်ရှီနဲ့ ချည်သားအင်္ကျီတစ်စုံ ပေးမယ်"
စူးချင်း၏ကမ်းလှမ်းမှုက အလွန်မြင့်မားလှသည်။ ပုံမှန်အားဖြင့် သစ်သားစည် ၅၀ အတွက် ဆန်လုံးညိုနှစ်ရှီက အများဆုံးပေးသင့်သည့် ပမာဏဖြစ်သည်။ သိုးတကောင်ကို အလွန်အကျွံ အပိုပေးနေခြင်းဖြစ်သည်။ သူမက အစားအသောက်နှင့် ချည်ထည်များကိုပင် ပေးနေခဲ့ပြီး ချည်ထည်တစ်စုံကလည်း ဈေးမသက်သာလှပေ။
ချိုးယုံခန်းက စူးချင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်နေခဲ့သည်။
စူးချင်းက ဒီလက်သမားဆရာကို ဘာကြောင့် ဒီလောက်ပေးဖို့ ဆန္ဒရှိနေတာလဲ? အရင်လူတုန်းက သူမ လုံးဝ မပေးနိုင်ဘူးလို့ ပြတ်ပြတ်သားသား ငြင်းခဲ့တာ မဟုတ်ဘူးလား?
"ဟုတ်ကဲ့၊ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သူဌေး၊ ငါ အလုပ်ကို ကောင်းကောင်း လုပ်ပ့ါမယ်"
လက်သမားဆရာက သူ နားကြားမှားနေသည်ဟု ထင်နေပြီး သူ့နားကိုပင် သူမယုံနိုင် ဖြစ်နေခဲ့သည်။ သူက သူတော်ကောင်း ကျေးဇူးရှင်ကြီးတစ်ဦးနှင့် တွေ့ဆုံနေရသည်ဟု သတ်မှတ်လိုက်ပြီး စူးချင်းအား စိတ်လှုပ်ရှားစွာ ကတိပေးနေခဲ့သည်။ သူက စူးချင်းကို ထပ်ခါတလဲလဲ ပြင်းပြင်းထန်ထန် ကျေးဇူးတင်ပြီးနောက် အလုပ်လုပ်ရန် ချိုးယုံခန်းအတူ အနောက်ဘက်မှ အလုပ်ရုံသို့ လိုက်ပါသွားခဲ့သည်။
ကျိရွှေရှန့်ကတော့ စူးချင်းကို ချစ်ခြင်းမေတ္တာအပြည့်ဖြင့် လှမ်းကြည့်နေလေသည်။
သူ့ရဲ့ချင်းအာက အပြင်ဘက်တွင် အေးစက်တယ်လို့ ထင်နေရပေမယ့် အတွင်းပိုင်းမှာတော့ နွေးထွေးတယ်။ သူမက ဒီလက်သမားရဲ့မိသားစုကို ကူညီချင်နေတာလေ။ ဒီကောက်နှံတစ်ရှီနဲ့ သိုးတစ်ကောင်ကြောင့် သူတို့မိသားစု အစာငတ်ပြီး မသေနိုင်တော့ဘူး။ ချည်သားအင်္ကျီတွေရရင် အေးခဲပြီး သေစရာ မလိုတော့ဘူး။ သူမက အရမ်းစဥ်းစားပေးတက်တယ်။
"ရွှေရှန့်၊ ကျွန်မတို့ ပစ္စည်းတွေ သွားပို့တော့မယ်။ အရမ်းနောက်ကျနေရင် ကျွန်မတို့ တာ့ထန်မှာ ညအိပ်ပြီး မနက်ဖြန်မှ ပြန်လာရလိမ့်မယ်"
ထိုကိစ္စကို ဖြေရှင်းပြီးနောက် စူးချင်းက ကျိရှောင်ယင်နှင့် လွမ်ဟုန်ကို ခေါ်ကာ တာ့ထန်သို့ သွားရန် ပြင်ဆင်လိုက်သည်။ စူးချင်းက သူမ ထွက်မသွားခင် ကျိရွှေရှန့်ကို ရှင်းပြလိုက်သေးသည်။
ယခု တတိယမင်းသားက စီးပွားရေးကို ပွင့်ပွင့်လင်းလင်း လုပ်နိုင်ပြီဖြစ်သောကြောင့် စူးချင်းနှင့် ကုန်ပစ္စည်းများ ဖလှယ်ရန် နယ်စပ်သို့ တိတ်တဆိတ် လာစရာ မလိုအပ်တော့ပေ။ သူမတို့က သူ ပေးထားသည့် တံဆိပ်ပြားကို ကိုင်ဆောင်သွားသရွေ့ တာ့ထန်သို့ လွတ်လွတ်လပ်လပ် ၀င်ထွက်သွားလာနိုင်နေပြီ ဖြစ်သည်။
ဤကိစ္စကို တာ့ထန်၏ဧကရာဇ်ကလည်း တိတ်တဆိတ် အတည်ပြုပေးထားခဲ့သည်။
ကိုယ့်လူမျိုးတွေ ငြိမ်းငြိမ်းချမ်းချမ်း စီးပွားရှာနိုင်ပြီး အေးအေးဆေးဆေး နေထိုင်လုပ်ကိုင်စားသောက်နိုင်ရင် ဘယ်သူက လက်နက်ကို သုံးပြီး စစ်တိုက်ချင်မှာလဲ? ရန်သူတစ်ထောင်ကို သတ်နိုင်ဖို့ ကိုယ့်ဘက်က လူရှစ်ရာကို အရင်စတေးရမယ်ဆိုတဲ့ သဘောတရားကု နားမလည်တဲ့ ဧကရာဇ်ရယ်လို့ ရှိပါ့မလား?
ဤဆောင်းရာသီတွင် တာ့ထန်က အလွန်အဆင်ပြေနေခဲ့သည်။ မော့ချန်မှ သယ်ယူလာသော ကျောက်မီးသွေးက လူတိုင်းအတွက် နွေးထွေးမှုကို ယူဆောင်လာပေးခဲ့သည်။
ထို့အပြင် စူးချင်း၏ ဒူလာလိမ်းဆေးကလည်း ဖျားနာနေသည့် တိရစ္ဆာန်ထိန်းကျောင်းသူများကို ကုသပေးနိုင်ခဲ့သည်။
သူတို့အတွက် ပိုက်ဆံရှာနိုင်သလို သူတို့ရဲ့ဖျားနာမှုတွေကို ကုသပေးတဲ့သူတွေက သူတို့ရဲ့မိတ်တွေပါပဲ။ သူတို့အတွက်တော့ မိတ်တွေဆိုတာ အရက်ကောင်းကောင်းတွေ သိုးသားတွေနဲ့ ဧည့်ခံသင့်တဲ့သူတွေပဲ။
စူးချင်းက ကျောက်မီးသွေးလှည်းငါးစီး၊ လိမ်းဆေးဘူးတစ်ထောင်နှင့် သူမကိုယ်တိုင်ချက်ထားသည့် အရက်နှစ်အိုးကို ယူဆောင်လာခဲ့သည်။
ထိုအပြင်းစားအရက်အိုးများတွင် နာမည်မရေးရသေးဘဲ အရသာချိုဖြစ်သည့် ကျန့်နန်ချွန်းကတော့ တတိယမင်းသားအတွက် ဖြစ်သည်။ စူးချင်းက သူတို့ စမ်းသောက်ပြီး ဘယ်အရက်အား ပိုသဘောကျသည်ကို ဆုံးဖြတ်နိုင်စေရန် နည်းနည်းစီ ယူလာခဲ့ခြင်း ဖြစ်သည်။
တာ့တန်သို့ရောက်သည်နှင့်တစ်ပြိုင်နက် ကျိရှောင်ယင်နှင့် လွမ်ဟုန်တို့က သူမတို့၏မျက်လုံးများ မလုံလောက်တော့သလို ခံစားနေရသည်။ အမျိုးသားများဝတ်ထားသည့် သားရေအင်္ကျီများတွင် စွန်းထင်းနေသည့် အဆီနှင့် အစွန်းအထင်းများကို မြင်လိုက်ရချိန်တွင် ကျိရှောင်ယင်က မနေနိုင်တော့ဘဲ စူးချင်းကို မေးလိုက်တော့သည်။
“အစ်မစူးချင်း၊ သူတို့က အဝတ်တွေကို မလျှော်ကြဘူးလား?”
“ဒါက သူတို့ရဲ့ဓလေ့ပဲ။ သူတို့အဝတ်အစားတွေမှာ အဆီတွေ စွန်းထင်းလေလေ၊ သူတို့မိသားစုက ပိုချမ်းသာလေလေပဲ”
တာ့တန်က မွန်ဂိုနှင့် ဆင်တူသည်ဟု စူးချင်းက တွေးလိုက်ပြီး ကျိရှောင်ယင်အား ရှင်းပြလိုက်သည်။
"ဒီလိုလည်း ဖြစ်နိုင်တယ်ပေါ့၊ ကျွန်မတို့ တိုင်းပြည်မှာဆိုရင် ညစ်ပတ်တဲ့အဝတ်အစားတွေ ဝတ်တာနဲ့ လှောင်ပြောင်ရယ်မောခံရလိမ့်မယ်”
ကျိရှောင်ယင်က ဤအမူအကျင့်ကို နားမလည်နိုင်ခဲ့ပေ။ လွမ်ဟုန်က အမျိုးသားအဖြစ် ဝတ်ဆင်ပြီး တာ့ရှားပြည်ထောင်ရှိ မြို့များသို့ သွားခဲ့ဖူးသော်လည်း ယခု တာ့ထန်ပြည်ထောင်သို့ သူမ ပထမဆုံး ရောက်ဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် သူမက အရာရာကို စူးစမ်းနေခဲ့သည်။
သူမက မိန်းခလေးများ ဝတ်ဆင်ထားသည့် အဝတ်အစားများကို အလွန်သဘောကျနေလေသည်။ မြေခွေးသားမွေးဖြင့် ပြုလုပ်ထားသော လည်ပင်းဝိုင်းလေးက သူမတို့၏မျက်နှာများကို အကာအကွယ်ပေးထားသောကြောင့် နွေးထွေးစေသည့်အပြင် လှပနေစေသည်။
စူးချင်းနှင့် အခြားသူများ တာ့တန်ထဲသို့ ဝင်ရောက်လာသည်နှင့် စစ်သည်တစ်ဦးက တတိယမင်းသားထံ သတင်းပို့ရန် ရောက်လာခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် စူးချင်း တာ့ချန်သို့ ဝင်ရောက်လာသည်နှင့်တပြိုင်နက် တတိယမင်းသားက သူ၏လူများနှင်အတူ သူမကို ကြိုဆိုရန် ရောက်လာခဲ့သည်။
"စူးချင်း၊ မင်း အဆင်ပြေတယ်မလား?"
တတိယမင်းသားက အနက်ရောင် စစ်မြင်းကို စီးထားပြီး သူက တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထားကာ အနက်ရောင်ဦးထုပ်ကို ဆောင်းထားခဲ့သည်။ သူက သန်မာသော အသွင်အပြင်ရှိပြီး သူ၏တော်ဝင်အနွယ်တော် အဆင့်အတန်းနှင့်အညီ ခန့်ညားနောကာ မြင့်မားသောမြင်းကို စီးထားသောကြောင့် အလွန်လွှမ်းမိုးနိုင်နေပုံရသည်။
"တတိယမင်းသားရော ဘယ်လိုနေလဲ?"
စူးချင်း၏မြင်းကြီး ဖြစ်သည့် တာ့ဟေးက စစ်မြင်း မဟုတ်သော်လည်း ၎င်း၏ ဟန်ပန်အမူအရာက တတိယမင်းသား၏မြင်းထက် မနိမ့်ကျပေ။ တတိယမင်းသား၏မြင်းက တုန်လှုပ်ချောက်ချားနေသည့်အသံဖြင့် သတိပေးလိုက်ပြီး စူးချင်းက တာ့ဟေး၏ဇက်ကြိုးကို ဆွဲထားလိုက်သည်။
ယဲ့လွီချွမ်းက စူးချင်း၏အနားမှ လူနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး ယောက်ျားလေးကဲ့သို့ဝတ်ဆင်ထားသည့် မိန်းမပျိုလေးများ ဖြစ်ကြောင်း ရိပ်မိသွားခဲ့သည်။ သူက ကျိရှောင်ယင်ကိုလည်း မှတ်မိနေပြီး စူးချင်းကို နှုတ်ဆက်ပြီးနောက် သူက ကျိရှောင်ယင်ကို အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
"ကျိရှောင်ယင်... မင်း နေကောင်းတယ်မလား?"
"သခင်လေးယဲ့လွီ?"
ကျိရှောင်ယင်က သူမရှေ့မှ လူက သူမကို ကယ်တင်ခဲ့သော တာ့ထန်လူမျိုးဖြစ်သည်ကို မှတ်မိနေပြီး သူ့နာမည်ကို စိတ်လှုပ်ရှားစွာ လှမ်းခေါ်လိုက်သည်။
ကျိရှောင်ယင်က သူ့နာမည်ကို မှတ်မိနေသေးသည့်အတွက် ယဲ့လွီချွမ်းက ကျေနပ်သွားပြီး ပြုံးနေရင်းဖြင့် သူမကို ထပ်ပြောလိုက်သည်။
"သခင်မလေးကျိက ဒီမင်းသားရဲ့နာမည်ကို မှတ်မိနေသေးတယ်"
"မင်းသား? ရှင်…. ရှင်က မင်းသားလား?"