ရာထူးစည်းစိမ်အတွက် သခင့်ကို သစ္စာဖောက်ခြင်း
Vol. 21 Ch. 302
"အမေ၊ ဒီလို ဆိုရင်ရော... အမေ သမီးနဲ့လိုက်ခဲ့ပါ၊ သမီး အမေ့အတွက် ဘုရားကျောင်းဆောက်ပေးမယ်လေ၊ အဲ့လိုဆို ရပြီမလား?"
စူးချင်းက သူမ၏အမေ အတွက် ဘုရားကျောင်းဆောက်ပေးခြင်းဖြင့် သူမ၏အမေကို ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်လိုက်သည်။
“မဟုတ်ဘူး၊ အမေ အဲ့လို မလုပ်နိုင်ဘူး။ ဒီသီလရှင်ကျောင်းမှာပဲ ကျမ်းဂန်တွေကို လေးဆယ့်ကိုးရက် ပြည့်အောင်ရွတ်ဆိုချင်တယ်၊ တခြားဘယ်ကိုမှ မသွားချင်ဘူး”
ယန်ရူရွှယ်က ခေါင်းခါလိုက်သည်။ သူမရဲ့ဆန္ဒကို ဖြည့်ဆည်းပေးတဲ့နေရာမှာပဲ သူမ ရွတ်ဖတ်ပူဇော်ရမယ်လေ။ သူမ နေရာပြောင်းသွားဖို့ မဖြစ်နိုင်ဘူး။ အဲ့လိုဆိုရင် ဘုရားကို မရိုမသေလုပ်သလို ဖြစ်သွားလိမ့်မယ်။
စူးချင်းတစ်ယောက် ခေါင်းကိုက်နေပြီ ဖြစ်သည်။
သူမ စစ်နတ်ဘုရားဖြစ်ခဲ့ပြီး ပြင်းထန်တဲ့ တိုက်ပွဲတွေကို ရင်ဆိုင်ရတာတောင် တစ်ခါမှ ခေါင်းမကိုက်ခဲ့ဘူး။ ခေါင်းမာတဲ့ သူမရဲ့အမေကို ရင်ဆိုင်နေရတာတော့ တကယ်ကို ရူးသွပ်ချင်စရာပဲ။
သူမရဲ့အမေနဲ့ မောင်လေးကို ဒီနေရာမှာ ထားခဲ့ပြီး ထွက်သွားရရင် သူမ ဘယ်လိုလုပ်ပြီး သက်တောင့်သက်သာ နေနိုင်မှာလဲ?
သူမကို သီလရှင်ကျောင်းမှာ သုံးဆယ့်ကိုးရက်နေခိုင်းတာကတော့... အဲ့တာကို မေ့ပစ်လိုက်တော့...အဲ့ဒါက သူမကို ညှင်းပမ်းနှိပ်စက်တာနဲ့အတူတူပဲ။
"ဒါဆိုရင် ဘယ်လို လုပ်ကြမလဲ? အမေက ဒီမှာ ဆက်နေဖို့ တောင်းဆိုနေမှတော့ အမေတို့ကို ကာကွယ်ပေးဖို့ ဦးလေးယန်ကို လွှတ်ပေးရတော့မှာပဲ"
စူးချင်းက အသက်ပြင်းပြင်းရှူလိုက်ပြီး ပထမဦးဆုံးအကြိမ်အဖြစ် အပေးအယူ လုပ်ရန် စတင် သင်ယူလိုက်သည်။
"သမီးက အမေနဲ့အတူ ဒီမှာ မနေဘူးလား?"
ယန်ရူရွှယ်က သူမ၏သမီး ထွက်သွားမည်ကို စိုးရိမ်ပြီး အလောတကြီး ပြန်မေးလိုက်သည်။
“အမေ၊ သမီးမှာ အရေးတကြီး လုပ်စရာတွေ ရှိနေသေးတယ်။ ဒီကိုမလာခင် အဖေ့ဆီကို ပြန်လာခဲ့မယ်လို့ ကတိပေးခဲ့တယ်၊ သမီး အဖေ့ဆီကို မြန်မြန် ပြန်သွားရမယ်။"
စူးချင်းက ဝမ်မိသားစုစစ်တပ်မှ ဆွဲခေါ်သွားသည့် ကလေးများအကြောင်းကို တွေးတောနေခဲ့သည်။ ကလေးများ၏ ကြောက်လန့်တကြား အော်ဟစ်သံများက သူမနားထဲတွင် ပဲ့တင်ထပ်နေပြီး သူမက ထိုကလေးများကို ဝမ်မိသားစုစစ်တပ်၏လက်ထဲသို့ မကျရောက်သွားစေချင်ပေ။
ဒါက ကလေးအတွက် သေခြင်းတရားကိုပဲ ရင်ဆိုင်ရစေလိမ့်မယ်။
စူးချင်းက သူမ ငယ်ငယ်က အဖြစ်အပျက်ကို ပြန်တွေးပြီး ထိုကလေးများကို ကယ်တင်ရန် ဆုံးဖြတ်လိုက်သည်။
"အဲ့ဒါက ဘာလဲ?"
ယန်ရူရွှယ်က စိုးရိမ်စိတ်ဖြင့် ငိုချလုမတတ် ဖြစ်နေခဲ့သည်။ သူမက သူမ၏သမီးကို စိုးရိမ်တကြီး ကြည့်နေပြီး မျက်ရည်များဝဲလာပြန်သည်။
သမီးလေးနဲ့ ထပ်မခွဲချင်တော့ဘူး။
“အဲ့ဒါက အရမ်းအရေးကြီးတယ်။ သမီး ရှောင်ချီကို ဒီမှာ ထားခဲ့မယ်၊ ဦးလေးယန်က တောင်ခြေမှာ ရှိနေတယ်။ အမေတို့ ဘေးကင်းဖို့ သူ့ကို တောင်ပေါ်တက်ခိုင်းလိုက်မယ်"
စူးချင်းက စိတ်ရှည်လက်ရှည်ဖြင့် ယန်ရူရွှယ်ကို နှစ်သိမ့်ပေးနေခဲ့သည်။
သူမ ကလေးတွေကို သွားကယ်မယ်လိုတော့ သူမရဲ့အမေကို မပြောရဲပါဘူး။ မဟုတ်ရင် သူမရဲ့အမေက သူမကို လွှတ်မပေးမှာ သေချာတယ်။
သူမ၏သခင်က သူမအား သခင်ငယ်လေးနှင့် အဖွားကို ကာကွယ်စောင့်ရှောက်စေလိုကြောင်း ရှောင်ချီလည်း ကြားလိုက်ရသည်။ ထိုကဲ့သို့ကြီးလေးသည့်တာဝန်ကို အပ်နှင်းခံလိုက်ရသောကြောင့် အကောင်ငယ်လေးက အလွန်အားတက်သွားပြီး သူမ၏ မျက်လုံးကြီးများက တောက်ပပြီးရင်း တောက်ပလာခဲ့သည်။
နောက်ဆုံးတွင် စူးချင်းက သူမကို လွှတ်ပေးရန် သူမ၏မိခင်ကို အောင်အောင်မြင်မြင် စည်းရုံးနိုင်ခဲ့သည်။ သူမက သူတို့အတွက် မုန့်အချို့ ချန်ထားခဲ့ပြီး တောင်ပေါ်မှ အမြန် ပြန်ဆင်းလာခဲ့သည်။ သူမ တောင်ခြေသို့ ပြန်ရောက်သောအခါ ယန်ကျစ်က ထိုနေရာတွင် သတိအပြည့်ဖြင့် ရပ်နေသည်ကို သူမ တွေ့လိုက်ရသည်။ သူမက တောင်ပေါ်မှ အခြေအနေနှင့် သူမ ဆက်လုပ်မည့် အစီအစဉ်များကို ယန်ကျစ်အား ပြောပြလိုက်သည်။
သူမ ကလေးများကို ကယ်တင်မည့်အကြောင်း ကြားသွားချိန်တွင် ယန်ကျစ်က သူ့သွေးများ ဆူပွက်လာသလို ခံစားလိုက်ရပြီး စူးချင်းနှင့်အတူ ကလေးများကို လိုက်ကယ်ပေးချင်နေခဲ့သည်။
ထိုကလေးများအားလုံးကို သူနှင့် ကျိရွှေရှန့်တို့ ကယ်တင်ခဲ့ခြင်းဖြစ်ပြီး ဝမ်မိသားစုစစ်တပ်က ထိုကလေးများကို ဆေးလုံးသန့်စင်ရန် အသုံးပြုချင်နေကြောင်းကိုလည်း တစ်စုံတစ်ဦးထံမှ သူ ကြားသိခဲ့ရသည်။ ယနေ့ မြို့ထဲမှ မထွက်ခွာလာမီ ဝမ်မိသားစုစစ်တပ်၏စစ်သည်များက ရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြင့် ကလေးငယ်များကို လမ်းများပေါ်အထိ လိုက်ဖမ်းနေသည်ကိုလည်း သူ တွေ့ခဲ့ရသည်။ သိုင်းပညာရှင်တစ်ယောက်၏သွေးက သူ့ကို ရပ်ကြည့်မနေရန် တွန်းအားပေးနေခဲ့သည်။
သို့သော် ယန်ကျစ်က မိုက်မဲသောလူ မဟုတ်ပေ။ ယခုအချိန်တွင် သူ့၏အင်အားက ဝမ်မျိုးနွယ်၏စစ်တပ်နှင့် ပြိုင်ဆိုင်ရန် မလုံလောက်ကြောင်း သူ သိနေပြီး ၎င်းကို အံကြိတ်သည်းခံရုံသာ တက်နိုင်သေးသည်။
လက်ရှိတွင် ယန်ကျစ်တစ်ယောက် အကျပ်ရိုက်နေခဲ့သည်။ သူက ကျိရွှေရှန့်ကဲ့သို့ ဖြစ်ချင်ပြီး လမ်းပေါ်တွင် မြင်ခဲ့သည့် ကလေးငယ်များကို လိုက်ကယ်တင်ရန် နည်းလမ်းမျိုးစုံ တွေးတောနေခဲ့သည်။ သို့သော်လည်း သူ့ထံတွင် ရှောင်ချန်အတွက် တာဝန် ရှိနေသေးသည်။ သို့သော် ထိုကလေးများကို မကယ်တင်ပေးနိုင်ပါက သူ အေးအေးဆေဆေး စားဝင်အိပ်ပျော်နိုင်မည် မဟုတ်တော့ပေ။ အကယ်၍ သူက ကလေးများကို ကာကွယ်ပေးရန် ထွက်သွားခဲ့ပြီး ရှောင်ချန်နှင့် သူ့မရီးတို့ တစ်ခုခု ဖြစ်သွားခဲ့ပါက သူ တစ်သက်လုံး နောင်တရနေပြီး အစ်ကိုစူး၏မျက်နှာကို ဘယ်တော့မှ ကြည့်ရဲတော့မည် မဟုတ်ပေ။
"အစ်ကိုယန်၊ ကျေးဇူပြုပြီး စူးသခင်မနဲ့ ရှောင်ချန်ကို ကာကွယ်ပေးပါ။ သီလရှင်ကျောင်းကို ရောက်လာတဲ့ ဓားပြတွေကို ကျွန်မ သုတ်သင်လိုက်ပေမယ့် သူတို့မှာ ကြံရာပါတွေ ရှိနေမှာကို ကျွန်မ စိုးရိမ်တယ်”
သူမ နောက်သို့ လိုက်ချင်နေသည့် ယန်ကျစ်၏တောင်းဆိုမှုကို စူးချင်းက သဘောမတူခဲ့ပေ။ ဓါးပြများနှင့် သူတို့၏ကြံရာပါများ သီလရှင်ကျောင်းကို ထပ်မံကျူးကျော်ခြင်းမှ တားဆီးကာကွယ်ရန်နှင့် သူမအမေနှင့် ရှောင်ချန်တို့ကို စောင့်ရှောက်ပေးရန် သူ့ကို တောင်ပေါ်တွင်သာ နေခိုင်းခဲ့သည်။
"ကောင်းပါပြီ၊ ငါ သူတို့ကို ကာကွယ်ပေးဖို့ တောင်ပေါ်တက်တော့မယ်"
သီလရှင်ကျောင်းသို့ ဓားပြများ ထပ်ဝင်ရောက်လာနိုင်ကြောင်း ကြားလိုက်ချိန်တွင် ယန်ကျစ်က ယန်ရူရွှယ်နှင့် ရှောင်ချန်တို့ကို အရင် သွားကာကွယ်ပေးရန် သဘောတူလိုက်သည်။ ထိုမှသာ စူးချင်းတစ်ယောက် စိတ်အေးချမ်းသာစွာ ထွက်ခွာသွားနိုင်ခဲ့သည်။
သူမက သူမရဲ့အမေနဲ့ ရှောင်ချန်ရဲ့လုံခြုံရေးကို သူမ ကိုယ်တိုင်ဂရုစိုက်မပေးချင်တာမျိုး မဟုတ်ပါဘူး။ ယန်ကျစ်နဲ့ ရှောင်ချီက သူတို့ကို ဘေးကင်းကင်းနဲ့ အကာအကွယ်ပေးနိုင်မှာ သေချာတယ်။
ဒါပေမယ့် အခု သူမရဲ့အဖေက အန္တရာယ်ရှိနေပြီ။ စီရင်စုအမတ်အသစ်က ယန်ကျစ်ရဲ့နောက်ကို လိုက်ဖို့တောင် လူလွှတ်ခဲ့တယ်ဆိုမှတော့ စီရင်စုအမတ်အသစ်နဲ့ ဝမ်မိသားစုစစ်တပ်က သူမ အဖေရဲ့စကားတွေကို မယုံကြတာ သက်သေပြနေပြီ။
ယန်ကျစ်နောက်ကို လိုက်လာတဲ့ လူသုံးယောက်ကို သူမ သတ်လိုက်ပေမယ့် သူတို့ ပြန်မရောက်လာတာ ကြာသွားရင် စီရင်စုအမတ်အသစ်က သူမရဲ့အဖေကို ဒုက္ခရောက်ပေးလိမ့်မယ်။ အဲ့စီရင်စုအမတ်က သူမရဲ့ဖခင်ကို ပြဿနာမရှာနိုင်ခင် သူမက အနာဂတ်ရဲ့အန္တရာယ်တွေကို ဖယ်ရှားပစ်ရတယ်။
သူမက ရန်ကိုရန်ချင်း တုံ့ပြန်တက်တဲ့သူပဲ။ အဲ့ဒီအကြံပေးကောင်က ရှောင်ချန်နဲ့ ကလေးတွေကို ထိခိုက်စေခဲ့တဲ့ တရားခံပဲ။ သူက သူ ရာထူးတိုးဖို့နဲ့ စည်းစိမ်ဥစ္စာပေါကြွယ်ဝဖို့ သနားစရာကလေးလေးတွေကို ခြေနင်းကျောက်အဖြစ် အသုံးချခဲ့တယ်။
အဲ့လို စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ လူတစ်ယောက် စီရင်စုအမတ် ဖြစ်လာခဲ့ရင် လော့ချန်က လူတွေ ဆင်းရဲတွင်းနက်ကြီးထဲသို့ ထိုးကျသွားကြလိမ့်မယ်။
စူးချင်းက သူမ၏မြင်းကို မြို့ထဲသို့ ပြန်ဦးတည်လိုက်သည်။ မြို့တွင်းမှ ထွက်ခွာမည့်လူများအား မြို့တံခါး၌ သေသေချာချာ ကြပ်မတ်စစ်ဆေးနေသည်ကို သူမ မြင်လိုက်ရသည်။ သူမကတော့ မြို့ထဲသို့ ဝင်မည်ဖြစ်သောကြောင့် အလွယ်တကူ ဖြတ်ကျော်နိုင်ခဲ့သည်။
လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များက အတင်းအဖျင်းနှင့် သတင်းများ ကြားနိုင်ရန် အကောင်းဆုံးနေရာများ ဖြစ်သည်။ စူးချင်းက သူမလည်း ဗိုက်ဆာနေသည့်အတွက် စားသောက်ဆိုင်တစ်ဆိုင်ထဲသို့ ဝင်သွားလိုက်ပြီး စားနေရင်းဖြင့် စီရင်စုအမတ်အသစ်၏အစီအစဉ်များနှင့် ဝမ်မိသားစုစစ်တပ်၏တည်နေရာကို စနည်းနာနေခဲ့သည်။
သူမက လော့ချန်ရှိ အကြီးဆုံးစားသောက်ဆိုင်သို့ ရောက်နေပြီး သက်သတ်လွတ်ဟင်းနှစ်မျိုးနှင့် အရက်တစ်အိုးကို မှာယူထားခဲ့သည်။ သူမက ပြတင်းပေါက်နားတွင် ထိုင်နေပြီး သူမ၏ အနောက်စားပွဲမှ လူများက စီရင်စုအမတ်အသစ်အကြောင်း ဆွေးနွေးနေကြသည်ကို နားစွင့်နေခဲ့သည်။ သူတို့၏ အသံနေအသံထားအရ သူတို့က စီရင်စုအမတ်အသစ်၏စရိုက်ကို အလွန်မုန်းတီးနေကြပုံပေါ်သည်။
"အဲဒါက ဘယ်လိုကောင်မျိုးလဲကွာ? သူက သူ့သခင်ဖြစ်တဲ့ စီရင်စုအမတ်လွမ်ကို သစ္စာဖောက်ပြီး သူ့သခင်ရဲ့ဂုဏ်သိက္ခာနဲ့ သခင့်ရဲ့မိသားစုဝင်တွေကို ထိခိုက်နစ်နာစေခဲ့တယ်၊ သူသာ လက်စားချေမခံရင် ကောင်းကင်က မျက်စိပိတ်ထားတာပဲ ဖြစ်လိုက်မယ်”
“ရူး၊ မင်းရဲ့အသံကို လျှော့ပြော။ မင်း အရင်အကြံပေးရဲ့မကောင်းကြောင်း ပြောချင်ရင် တခြားသူတွေ မကြားအောင် ဂရုစိုက်ပြီးပြော”
"ဟမ့် ငါ မကြောက်ဘူး"
စူးချင်းကတော့ တိတ်တိတ်ဆိတ်ဆိတ် စားသောက်နေခဲ့သည်။ ဤနေရာမှ အရက်က ချိုမြိန်ပြီး အရသာမရှိနိုင်မှန်း သူမ ခန့်မှန်းထားပြီးဖြစ်သော်လည်း သူမ ထင်ထားသည်ထက် ပိုဆိုးနေခဲ့သည်။
ထို့အပြင် ၎င်းက ဤစားသောက်ဆိုင်မှ အကောင်းဆုံးအရက် ဖြစ်သည်။ စူးချင်းက သူမ၏ခွက်ကို ပြန်ချလိုက်ပြီး သူမ၏နောက်မှ ဆွေးနွေးသံများကို ဆက်နားစွင့်လိုက်သည်။
"ဝမ်မိသားစုစစ်တပ်က အဲဒီကလေးတွေကို ဘာအတွက်လိုချင်နေတာလဲ?"
"နောက်ထပ် ဘာရှိနိုင်ဦးမှာလဲ? ဝန်ကြီးချုပ်ဝမ်က အဂ္ဂိရတ်ပညာကို ဒီလောက်အစွဲအလမ်းကြီးနေတာကို မကြားဖူးဘူးလား? ဒီကလေးတွေအတွက် အသက်အန္တရာယ်တောင် ရှိနိုင်တယ်၊ ဟူး... ကလေးတွေမှာ ဘာအပြစ်ရှိလို့လဲကွာ!"
"ကလေးတွေကို ဘယ်မှာ ချုပ်နှောင်ထားတာလဲ? တစ်ခါတည်း ခေါ်သွားကြပြီလား?"
“သူတို့ကို ရုံးတော်မှာ ပိတ်လှောင်ထားတာ။ ဘာလဲ? မင်းက သူတို့ကို သွားကယ်ချင်နေသေးတာလား? အဲ့နေရာကို ရုံးတော်အစောင့်တွေနဲ့ ဝမ်မိသားစုစစ်တပ်က စစ်သည်တွေ စောင့်ကြပ်နေတာ ယင်ကောင်တောင် မလွတ်နိုင်ဘူး။ မင်း သွားရင် မင်း အရင် သေသွားလိမ့်မယ်။ မေ့လိုက်၊ အဲ့အကြောင်းကို မေ့လိုက်တော့။ ကိုယ့်ကိုကိုယ် အတင်းဖိအား မပေးနဲ့"
ထိုလူများ၏ဆွေးနွေးမှုက စူးချင်းအတွက် အရေးကြီးသောသတင်းများ ရရှိစေခဲ့သည်။ ကလေးများကို စီရင်စုရုံးတော်တွင် ချုပ်နှောင်ထားပြီး ရဲမက်များအပြင် ဝမ်မိသားစုစစ်တပ်မှ လူများလည်း ထိုနေရာတွင် ရှိနေကြသည်။
စူးချင်းက အေးအေးဆေးဆေး ထမင်းဆက်စားလိုက်ပြီး စားပွဲထိုးကို ငွေရှင်းရန် လှမ်းခေါ်လိုက်သည်။ သူမ ထွက်သွားသည်အထိ သူမ နောက်ရှိစားပွဲဝိုင်းမှ လူများက ဆွေးနွေးနေကြတုန်း ဖြစ်သည်။
စားပွဲထိုးလေးက သူတို့ကို သတိပေးလိုက်သည်။ “ဧည့်သည်တော်ကြီးတို့... မင်းတို့ရဲ့စကားတွေကို သတိထားပြီး ပြောကာပါ”
“ဟူး၊ တရားမျှတမှုဆိုတာ မရှိတော့ဘူး။ ငါတို့က မကောင်းဆိုးဝါးတွေကို မကြောက်ရဘဲ မကောင်းဆိုးဝါးလို လူတွေကို ကြောက်နေရတယ်"
စူးချင်းက စားသောက်ဆိုင်မှ ထွက်လာခဲ့ပြီး သူမ၏မြင်းကို စီရင်စုရုံးတော်ဆီသို့ ဦးတည်လိုက်သည်။ သူမက လမ်းပေါ်တွင် သွားလာနေရင်း ထိုကလေးများအား မည်သို့ကယ်တင်ရမည်ကို စဉ်းစားနေခဲ့သည်။
တကယ်တော့ သူမအတွက် လူကယ်တင်ဖို့က လွယ်ကူလွန်းတယ်။ ဝမ်မိသားစုစစ်တပ်က လူတွေကို ဖယ်ရှားဖို့ ဆေးဝါးသုံးလို့ ရတယ်။ ပြသနာက မြို့တွင်းကနေ ထွက်ခွာဖို့ ခက်ခဲတာပဲ။ နောက်ဆုံး အဆင်မပြေရင်တော့ အားလုံးကို သတ်ပစ်ရမှာပဲ။
အချိန်စောနေသေးသည်အတွက် စူးချင်းက သူမ၏အဖေအား ထွက်ခွာသွားဖို့ စည်းရုံးရန် စူးအိမ်တော်သို့ ပြန်လာခဲ့သည်။ ထို့သို့မဟုတ်ပါက စီရင်စုအမတ်က ညနေပိုင်းအထိ ရဲမက်များ ပြန်ရောက်မလာကြောင်း သိသွားပြီး သူမ၏ဖခင်ကို ဒုက္ခရောက်စေတော့မည် ဖြစ်သည်။
စူးချင်း စူးအိမ်တော်သို့ ပြန်ရောက်သွားချိန်တွင် သူမ၏ဖခင်က အိမ်တွင် မရှိသည်ကို သူမ သိလိုက်ရသည်။ အိမ်တော်ထိန်းက သူ ဘယ်သွားသည်ကို ပြောပြရန် ငြင်းဆိုနေခဲ့သည်။
“သခင်မက ဒုတိယသခင်ကြီးဆီကို သတင်းပို့ခိုင်း လိုက်တယ်။ ဒီကိစ္စက အရမ်းအရေးကြီးတော့ ဒုတိယသခင်ကြီးနဲ့ မျက်နှာချင်းဆိုင်ပြောရမှ ဖြစ်မယ်”
စူးချင်းက သူမလက်များကို ပွတ်သပ်ကာ ရေရွတ်နေရင်း စိုးရိမ်ဟန်ဆောင်လိုက်သည်။
သခင်မက စူးချင်းကို လွှတ်လိုက်ပြီး ထိုကိစ္စက အရေးတကြီး ဖြစ်နေကြောင်း ကြားရချိန်တွင် အိမ်တော်ထိန်းက တုံ့ဆိုင်းသွားခဲ့သည်။
သူ ဒုတိယသခင်ကြီး ရှိမယ့်နေရာကို ပြောပြလိုက်သင့်လား?
“လူကြီးမင်း၊ စာဖတ်ခန်းထဲကို ဝင်ပြီး ခဏလောက် စောင့်နေပေးပါ။ ကျွန်တော် ဒုတိယသခင်ကြီးကို သွားရှာပေးပါ့မယ်"
အိမ်တော်ထိန်းက စူးချင်းအား စူးဟန်ရွှမ်၏တည်နေရာကို မပြောပြဘဲ သူ့ကို သွားရှာပေးမည်ဟုသာ ပြောခဲ့သည်။
စူးချင်းတစ်ယောက် အိမ်ထဲတွင် စောင့်ဆိုင်းရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။ အိမ်တော်ထိန်းက အစေခံမိန်းကလေးအား စားစရာများ ယူလာပေးရန် အမိန့်ပေးလိုက်သည်။ အိမ်တော်ထိန်း စီစဥ်ပေးသည့် မုန့်များက ရွှေပိုးမျှင်မုန့် မဟုတ်ဘဲ သာမန်မုန့်များဖြစ်ကြောင်း သူမ သိလိုက်ရသည်။
အိမ်တော်ထိန်း ထွက်သွားပြီးနောက် စူးချင်းက အစေခံများအား ဝါးနှင့် တောခုတ်ဓား ရှာခိုင်းလိုက်ပြီး သူမက စနစ်ထဲမှ နွားအရွတ်များကို ရှာဖွေလိုက်သည်။ သူမက သူမ၏ဖခင် ပြန်မလာခင် အင်္ကျီလက်ဝထဲတွင် ဝှက်ထားနိုင်မည့် လက်နက်ပုန်းနှစ်ခုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ တစ်ခုက သူမ၏ဖခင် သူ့ကိုယ်သူ ကာကွယ်နိုင်ရန် ဖြစ်ပြီး နောက်တစ်ခုက သူမ သုံးရန် ဖြစ်သည်။
စူးချင်းက လျှို့ဝှက်မြှားအိမ်များကို ပြုလုပ်ရန် အာရုံစိုက်နေခဲ့ပြီး အချိန်က လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။ နောက်ထပ် ရှီးချန်တစ်ဝက်ခန့်တွင် အခန်းအပြင်ဘက်မှ ခြေသံများကို သူမ ကြားလိုက်ရသည်။