ဖခင်ကို ကယ်တင်ရန် စီစဥ်ခြင်း
Vol. 21 Ch. 304
စူးဟန်ရွှမ်က သမီးဖြစ်သူ၏ တည်ငြိမ်ပြီး ရင့်ကျက်ကာ အမြှော်အမြင် ပြည့်ဝနေသည့် မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ သူမ၏ တည်ငြိမ်မှုက ပင်လယ်ကိုပင် တည်ငြိမ်စေနိုင်သော မှော်နှင်တံတစ်ချောင်းကဲ့သို့ ဖြစ်နေပြီး တဖက်လူကို ယုံကြည်မှုများအလိုလို ဖြစ်ပေါ်လာစေခဲ့သည်။ ထို့ကြောင့် စူးဟန်ရွှမ်းက ချက်ချင်း စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။ သူ့၏သမီးက သူတို့၏ အခက်ခဲဆုံးပြဿနာများကို ထိရောက်စွာဖြေရှင်းပေးနိုင်တော့မည်ဟု သူ ခံစားလိုက်ရသည်။
ရှီးချန်တစ်ဝက်(တစ်နာရီ)ကျော်ကြာပြီးနောက် စူးအိမ်တော်ကို စောင့်ကြည့်နေသည့်လူများက စူးအိမ်တော်တံခါးပွင့်လာသည်ကို တွေ့လိုက်ရသည်။ အစိမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် ဒုတိယသခင်ကြီးစူးက လေးနက်သောအမူအရာဖြင့် တံခါးမှ ထွက်လာပြီး သူ့နောက်တွင် အစေခံနှစ်ယောက် ရှိနေသည်။ ထိုအချိန်တွင် ရထားထိန်းက ရထားလုံးကို တံခါးဝဆီသို့ မောင်းလာခဲ့သည်။
သူ ထွက်သွားတော့မှာလား?
သူတို့ကို စောင့်ကြည့်နေသူများက ချက်ချင်း သတိပြန်ဝင်လာပြီး သူတို့ကို သတိအပြည့်ဖြင့် စိုက်ကြည့်နေကြသည်။
"အိမ်တော်ထိန်းချန်၊ သက်တော်စောင့်လုပ်ငန်းကို သွားပြီး သေသေချာချာ ငွေပေးချေခဲ့နော်"
စူးဟန်ရွှမ်က တံခါးဝတွင် ရပ်နေပြီး သူ့အနားရှိ အိမ်တော်ထိန်းကို ညွှန်ကြားနေခဲ့သည်။ အိမ်တော်ထိန်းကလည်း နာနာခံခံဖြင့် ခေါင်းညိတ်တုံ့ပြန်လိုက်ပြီး ထွက်သွားခဲ့သည်။ ပေးချေရမည့်ငွေများကို သယ်ဆောင်သွားပုံရသည့် အစေခံတစ်ယောက်ကလည်း သူ့နောက်မှ လိုက်ပါသွားခဲ့သည်။
စူးဟန်ရွှမ်က အစေခံများယူဆောင်လာသည့် ခုံဖြင့် ရထားလုံးပေါ်သို့ မတက်မီ အိမ်တော်ထိန်း ထွက်သွားသည်ကို စောင့်ဆိုင်းနေခဲ့သည်။ ထို့နောက်မှ သူက ရထားလုံးပေါ် တက်သွားပြီး ရထားထိန်းက မြင်းကို ငေါက်လိုက်ကာ ရထားလုံးကို မောင်းထွက်သွားခဲ့သည်။
စူးဟန်ရွှမ်၏ရထားလုံး ထွက်သွားသည်ကို မြင်လိုက်ချိန်တွင် စူးအိမ်တော်ကို စောင့်ကြည့်နေသော လူများကလည်း သူ့နောက်မှ လိုက်သွားကြသည်။ အထည်ဆိုင်သို့ရောက်သောအခါ ရထားလုံးရပ်သွားသည်ကို သူတို့ တွေ့လိုက်ရပြီး စူးဟန်ရွှမ်က ရထားလုံးပေါ်မှ ဆင်းလာကာ ဆိုင်ထဲသို့ ဝင်သွားပြီး ညမှောင်သည်အထိ ထိုနေရာတွင် ရှိနေခဲ့သည်။
ညဘက်တွင် စူးဟန်ရွှမ်က စူးအိမ်တော်ဆီသို့ ပြန်လာခဲ့ပြီး စောင့်ကြည့်နေသူများကလည်း သူနှင့်အတူ ပြန်လိုက်လာခဲ့ကြသည်။ စူးဟန်ရွမ်က အိမ်တော်ထဲသို့ ဝင်သွားပြီး အပြင်သို့ ပြန်မထွက်တော့ပေ။ သူ့ဘက်တွင် မည်သည့်သံသယဖြစ်စရာမှ မရှိဘဲ အေးအေးဆေးဆေး ဖြစ်နေကာ စောင့်ကြည့်ရန် တာဝန်ပေးခံထားရသူများကလည်း သူတို့၏တာဝန်အတိုင်း ဆက်လက်စောင့်ကြည့်နေခဲ့ကြသည်။
သို့သော် စူးဟန်ရွှမ်အစစ်ကတော့ မြို့ပြင်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူက အိမ်တော်ထိန်း၏အဝတ်အစားကို ဝတ်ဆင်ထားပြီး သူ့၏မျက်နှာကလည်း အိမ်တော်ထိန်၏မျက်နှာပင် ဖြစ်နေခဲ့သည်။ အစေခံအဖြစ် ၀တ်ဆင်ထားသည့် စူးချင်းက သူမ၏ဖခင်ကို နှုတ်ဆက်လိုက်သည်။
"အဖေ၊ လမ်းမှာ သတိထားနော်"
"ရှီအာ၊ မင်း အဖေနဲ့အတူ မလိုက်ခဲ့ဘူးလား?"
သူ့၏သမီးက ထွက်သွားရန် ရည်ရွယ်မထားသည်ကို မြင်လိုက်ရသောကြောင့် စူးဟန်ရွှမ်က စိုးရိမ်တကြီး ပြန်မေးလိုက်သည်။
“သမီးမှာ လုပ်စရာတွေ ရှိနေသေးတယ်။ ဘယ်သူကမှ သမီးရဲ့အကြောင်းကို မသိသလို ဘယ်သူကမှလည်း သမီးကို ဖမ်းလို့ မရဘူး။ အဖေ စိတ်မပူပါနဲ့။ နောက်သုံးရက်အတွင်း သီလရှင်မှာ ပြန်ဆုံကြမယ်"
စူးချင်း ခေါင်းယမ်းလိုက်သည်။ သူမက သူမ ဘာလုပ်မည်ကို သူမ၏အဖေအား လုံးဝ မပြောပြခဲ့ပေ။ သူမက သူ့ကို သူမ၏အမေနှင့်အတူ သီလရှင်ကျောင်းတွင် စောင့်နေရန်သာ ပြောခဲ့သည်။
စူးဟန်ရွှမ်က သူ့သမီး၏ ပြောင်မြောက်သော ရုပ်ဖျက်စွမ်းရည်ကို မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ သူ့သမီးလေး၏ ထိုအရည်အချင်းကြောင့်သာ မဟုတ်လျှင် သူ မြို့ထဲမှ ချောချောမွေ့မွေ့ ထွက်လာနိုင်မည် မဟုတ်ပေ။
သို့သော် သူက သူ့သမီးလေးအတွက် စိုးရိမ်နေသေးသည်။ သူမက မည်မျှပင် အစွမ်းထက်နေစေကာမူ သူမက အမျိုးသမီးတစ်ဦး ဖြစ်နေဆဲပင်။
"ရှီအာ၊ ဒါက အရေးကြီးတဲ့အချိန်ပဲ။ ဘာပဲဖြစ်ဖြစ် မုန်တိုင်းပြီးလို့ အလင်းရောင်လာတဲ့အချိန်အထိ စောင့်ကြရအောင်"
“ဒီကိစ္စက အရမ်းအရေးကြီးတယ်၊ အခု လုပ်မှ ဖြစ်မှာ၊ အဖေ စိတ်မပူပါနဲ့!"
စူးချင်းက စကားဆက်ပြောရန် စိတ်မရှည်တော့ပေ။
မြို့တံခါးတွေက ပိတ်တော့မှာလေ.... သူမ နှောင့်နှေးရင် မြို့ထဲကို ပြန်ဝင်နိုင်တော့မှာ မဟုတ်ဘူး။
သူမက သူမ၏အဖေကို ထပ် သတိပေးလိုက်သည်။
“အဖေ၊ လျှို့ဝှက်မြှားအိမ်ကို ဘယ်လိုသုံးရမလဲဆိုတာ သတိရပါ”
"ကျေးဇူးပြုပြီး ရှင်တို့နှစ်ယောက် ကျွန်မ အဖေ့ကို ဘေးကင်းကင်းနဲ့ လိုက်ပို့ပေးပါ"
စူးချင်းက သက်တော်စောင့်နှစ်ယောက်ကို လှမ်းပြောလိုက်သည်။ ဤသက်တော်စောင့်နှစ်ယောက်က ယန်ကျစ်၏ ညီအစ်ကိုကောင်းများ ဖြစ်ကြပြီး သူတို့၏ကိုယ်ရည်ကိုယ်သွေးက ယန်ကျစ်၏ပုံစံနှင့် ဆင်တူသည်။ ထို့ကြောင့် သူတို့နှစ်ဦးစလုံးက လေးစားဖို့ကောင်းပြီး ယုံကြည်ထိုက်သူများဖြစ်သည်။
“ကောင်းပါပြီ”
သက်တော်စောင့်နှစ်ယောက်က လေးနက်စွာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့ကလည်း ဒုတိယသခင်ကြီးစူးနှင့် စူးချင်းကို လေးစားနေသူများ ဖြစ်ကြသည်။
"ကျေးဇူးပြုပြီး ဒီစာကို ခေါင်းဆောင်ယန်ဆီကို ပို့ပေးပါ"
စူးချင်းက သက်တော်စောင့်နှစ်ယောက်ထံသို့ စာတစ်စောင် လှမ်းပေးလိုက်ပြီး စူးဟန်ရွှမ်က သူ့သမီးကို စိတ်ရှုပ်ထွေးစွာ လှမ်းကြည့်လိုက်သည်။
ဘာလို့ အဲ့စာကို သူကနေတဆင့် မပေးတာလဲ? သူ့သမီးလေးရဲ့ နှလုံးသားထဲမှာ သူက ဒီသက်တော်စောင့်နှစ်ယောက်လောက်တောင် ယုံကြည်နိုင်လောက်စရာ မရှိဘူးလား?
စူးချင်းက ဖခင်ဖြစ်သူ၏ရထားလုံး ထွက်ခွာသွားသည်ကို စောင့်ကြည့်နေခဲ့ပြီး မြို့ထဲသို့ အလျင်စလို မပြန်သွားသေးပေ။ ထိုရထားလုံး၏နောက်သို့ မည်သူမျှ မလိုက်သွားကြောင်း သေချာအောင် စောင့်ကြည့်ပြီးမှ မြို့ထဲသို့ ပြန်လာခဲ့သည်။
တောင်ပေါ်ကနေ ကျားကို ဖြားယောင်းခေါ်ထုတ်ခဲ့တဲ့ သူမရဲ့လှည့်ကွက်က ထိရောက်နေတုန်းပဲ။ အဲ့လူတွေက သူမရဲ့ဖခင် စူးအိမ်တော်မှာ နေရှိတုန်းလို့ ထင်နေကြလိမ့်မယ်။
စူးချင်းက မြို့တံခါးများပိတ်ချိန်မှ မြို့ထဲသို့ ဝင်လာခဲ့သည်။ ထိုအချိန်အထိ စစ်သည်များက ကလေးအချို့ကို ဖမ်းဆီးခေါ်ဆောင်နေဆဲဖြစ်ကာ မိဘများ၏ အော်ဟစ်ငိုယိုတောင်းပန်သံများကို ကြားနေရဆံ ဖြစ်သည်။
စူးချင်းက ထိုစစ်သည်များ၏ မလှမ်းမကမ်းမှ နောက်သွားခဲ့ပြီး ကလေးများကို တင်ဆောင်ထားသည့် ရထားလုံးက ရုံးတော်ဆီသို့ မောင်းနှင်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။
ရုံးတော်အဝင်အဝရှိ ကျောက်ခြင်္သေ့နှစ်ကောင်က ဆည်းဆာအောက်တွင် ပါးစပ်ကျယ်ကျယ် ဖွင့်ထားပြီး လူများကို စားသောက်လိုသော ဘီလူးကြီးများကဲ့သို့ ကြောက်မက်ဖွယ်ကောင်းပြီးရင်း ကြောက်မက်ဖွယ်ကောင်းနေပုံရသည်။
ကလေးများက သူတို့၏မိဘများကို တမ်းတကာ အော်ငိုနေကြသော်လည်း စစ်သည်များက ကလေးများအား ရိုက်နှက်ဆူပူကြိမ်းမောင်းနေကြပြီး ရထားလုံးထဲမှ ကြမ်းတမ်းစွာ ဆွဲထုတ်နေကြသည်။ ကလေးငယ်များက ကြောက်ရွံ့မှုနှင့် နာကျင်မှုကို မခံမရပ်နိုင်ဖြစ်လာကြပြီး အသက်ရှုရပ်လုနီးပါး အော်ဟစ်ငိုယိုနေကြသောကြောင့် သူတို့ကို ကြည့်ရသည်မှာ အလွန်သနားစရာကောင်းလှသည်။
စီရင်စုရုံးတော်၏ ပင်မတံခါးကို ပိတ်ထားပြီး ဘေးတံခါးကိုသာ ဖွင့်ထားသည်။ စစ်သည်တော်တော်များများက ကလေးများကို ရုံးတော်ထဲသို့ တွန်းပို့နေကြသည်။
ကလေးမိဘများကလည်း ရုံးတော်ရှေ့အထိ ပြေးလိုက်လာကာ အော်ဟစ်ငိုယို တောင်းပန်နေကြသည်။ သူတို့က မြေပြင်ပေါ်တွင် ဒူးထောက်နေကြပြီး ဦးတိုက်တောင်းပန်နေကာ သူတို့၏သနားစရာကလေးများကို ပြန်လွှတ်ပေးရန် စီရင်စုအမတ်ကို တောင်းပန်နေကြသည်။
စစ်သည်များကတော့ လုံးဝ မတုန်လှုပ်ဘဲ စိတ်မရှည်စွာဖြင့် သူတို့ကို မောင်းထုတ်နေကြသည်။
"ထွက်သွား၊ မင်းတို့ မသွားရင် မင်းတို့ရဲ့အသက်ကို ငါ ယူမယ်"
"သခင်ကြီး၊ ကျေးဇူးပြုပြီး ကလေးကို ကျွန်တော်မျိုးတို့ဆီ ပြန်ပေးပါ"
မိဘများကလည်း သူတို့၏အသက်ကိုပင် ဂရုမစိုက်ဘဲ တောင်းပန်နေကြဆဲဖြစ်သည်။ နောက်ဆုံးမှာတွင် ထိုလူမဆန်သည့် စစ်သည်များက သူတို့ကို မောင်းထုတ်ရန် ကြာပွတ်များကို အသုံးပြုကြတော့သည်။ သူတို့က သာမန်ပြည်သူများကို သွေးထွက်သံယိုဖြစ်အောင် ရိုက်နှက်နေကြပြီး ကလေးများ၏ငိုသံများက ပို၍ပင် သနားစဖွယ်ဖြစ်လာခဲ့သည်။
အစိုးရရုံး၏အ၀င်ဝ၌ လူများပိုများလာချိန်တွင် ရုံးတော်၏ ပင်မတံခါးပွင့်လာပြီး တရားဝင်အရာရှိ ၀တ်စုံကို ဝတ်ထားသည့် စီရင်စုအမတ် ထွက်လာခဲ့သည်။ သူ၏ အဝါရောင်မျက်လုံးများက သူ့၏မျက်လုံးအိမ်များအတွင်း အကြိမ်အနည်းငယ် လှုပ်ခတ်သွားပြီး သူက ပြည်သူများကို ရိုက်နှက်နေသည့် စစ်သည်များကို တားဆီးရန် ရောက်လာပုံဖြင့် လူကောင်းတစ်ဦးဟန်ဆောင်ကာ ကျောက်လှေကားများအတိုင်း ဆင်းလာခဲ့သည်။
“မရိုက်နဲ့၊ မရိုက်ကြနဲ့။ ငါ သူတို့ကို သေသေချာချာ ပြောပြလိုက်မယ်”
စီရင်စုအမတ် ရောက်လာသည်ကို မြင်လိုက်ရသောကြောင့် သာမန်အရပ်သားများအားလုံးက ဒူးထောက်လိုက်ကြပြီး "ကျွန်တော်မျိုးတို့ဆီ ကလေးတွေကို ပြန်ပေးဖို့ စီရင်စုအမတ်ကို တောင်းပန်ပါတယ်"
"မင်းတို့ ဘာတွေ လုပ်နေတာလဲ? ဒီအမတ်မင်းက မင်းတို့ရဲ့ကလေးတွေအတွက် တောက်ပတဲ့လမ်းကြောင်းကို ရှာဖွေပေးဖို့ ကြိုးစားနေတာလေ။ တော်ဝင်ကြင်ယာတော်က မင်းတို့ရဲ့ကလေးကို မွေးစားသားအဖြစ် လက်ခံလိုက်ရင် ကလေးက ဘုန်းကျက်သရေအပြည့် စည်းစိမ်ဥစ္စာအပြည့်နဲ့ တစ်သက်လုံး ပျော်ပျော်နေရလိမ့်မယ်။ မင်းတို့က မင်းတို့အတွက် ဘာကကောင်းတယ်ဆိုတာကို မသိကြဘူးလား? မင်းတို့ရဲ့သားသမီးတွေကို တစ်သက်လုံး မင်းတို့လို ကျွန်ဖြစ်စေချင်တာလား?"
“ကျွန်တော်မျိုးတို့ရဲ့ သားသမီးတွေက ချမ်းသာပြီး အာဏာရှိဖို့ မလိုအပ်ပါဘူး။ ကျွန်တော်မျိုးတို့ရဲ့ သားသမီးတွေကို ကျွန်တော်မျိုးတို့ရဲ့အနားမှာပဲ ထားချင်တယ်။ ကလေးတွေကို ကျွန်တော်မျိုးတို့ဆီပြန်ပေးဖို့ စီရင်စုအမတ်ကို တောင်းပန်ပါတယ်”
သာမန်ပြည်သူများက သူတို့၏သားသမီးများအတွက် ငိုကြွေးရင် တောင်းပန်နေကြဆဲ ဖြစ်သည်။
တော်ဝင်ကြင်ယာတော်က သားတစ်ယောက်မွေးစားတယ်လို့ ပြောတာက နားထောင်လို့ ကောင်းပေမယ့် သူမ လိုချင်တာနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေလည်း ရှိနေသေးတယ်။ ကလေးတွေက သေရင်တောင် လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူးဆိုတာကို လူတိုင်းနားလည်နေကြပြီ။
“မင်းတို့က အဖိုးတန်တဲ့အရာကို ငြင်းဆန်နေကတာပဲ။ ဒီစီရင်စုအမတ်က မင်းတို့ကို ကောင်းကောင်း မွန်မွန်ပြောနေတာ၊ မင်းတို့က ဒီမှာလာပြီး ပြဿနာ ရှာနေကြတုန်းပဲလား? ငါ့ရဲ့အကြံဥာဏ်ကို နားမထောင်တဲ့သူတွေ သေတဲ့အထိ ရိုက်နှက်ခံရလိမ့်မယ်”
စီရင်စုအမတ်၏အမူအရာက ချက်ချင်းပြောင်းလဲသွားပြီး သူက အုံ့မှိုင်းသောမျက်နှာဖြင့် ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။ ရုံးတော်အတွင်းရှိ ရဲမက်များက တုတ်များဖြင့် ပြေးထွက်လာပြီး သူတို့ကို ကြည့်ရသည်မှာ လူသတ်ရန် အဆင်သင့်ဖြစ်နေကြပုံပေါ်သည်။
အချို့သော သက်ကြီးရွယ်အိုများက အခြေအနေတစ်ခုလုံး မှားယွင်းနေကြောင်း သိမြင်သွားကြပြီး ထိုသေးဘေးကို ရှောင်ရှားရန် ၎င်းတို့၏သားသမီးများကို အမြန် ပြန်ဆွဲခေါ်နေကြသည်။
လူအများ ထိတ်လန့်သွားသည်ကိုမြင်လိုက်ရချိန်တွင် စီရင်စုအမတ်ချင်က သူ့၏ကြွက်မုတ်ဆိတ်မွေးကို ဆွဲနေကာ ကျေနပ်ပီတိဖြစ်နေပုံရသည်။ လူတိုင်းက သူ့ကို ကြောက်လန့်တကြား ကြည့်နေကြသည်ကို မြင်လိုက်ရသည့်အတွက် သူ အလွန်ဂုဏ်ယူနေပုံရသည်။
အရာရှိ ဖြစ်ရတာ အရမ်းကောင်းတယ်။ လူတိုင်းက သူ့ကို ကြောက်ကြတယ်။
လူတိုင်းကို ကြောက်ရွံ့စေပြီးနောက် စီရင်စုအမတ်ချင်က စစ်သည်များကို အမိန့်ထပ်ပေးလိုက်သည်။
"ကလေးတွေကို ခေါ်သွားပြီး အရသာရှိတဲ့ အစားအစာတွေ ပေးလိုက်"
ထိုသို့ အမိန့်ပေးပြီးနောက် သူက စစ်သည်များလက်ထဲမှ ကလေးများကို ပြုံးပြလိုက်ကာ “နောင်ဆိုရင် မင်းတို့က စည်းစိမ်တံခါးဝကို ဝင်ရတော့မှာ၊ မငိုကြနဲ့"
ဆည်းဆာရောင်အောက်မှ သူ့အပြုံးက တံခါးနားမှ ကျောက်ခြင်္သေ့ကြီးနှစ်ကောင်ထက်ပင် ပိုကြောက်စရာကောင်းနေပြီး ကလေးများက ကြောက်လန့်တကြား နောက်ပြန်ဆုတ်သွားခဲ့သည်။
နောက်ဆုံးတွင် ကလေးများကို ရုံးတော်ထဲကို ခေါ်ဆောင်သွားခဲ့ပြီး တံခါးမကြီး အသံမြည်အောင် ပြန်ပိတ်သွားခဲ့သည်။ ကလေးငယ်များ၏ မိဘများကတော့ မြေပြင်ပေါ်တွင် ငိုယိုကာ သူတို့၏ သားသမီးများနှင့် သူတို့ကို ခွဲခြားထားသည့် တံခါးကြီးကို စိတ်ပျက်လက်ပျက် ငေးကြည့်နေကြသည်။ သူတို့က ရုံးတော်ကို အချိန်အကြာကြီး ဝိုင်းရံထားကာ ထွက်သွားရန် ဆန္ဒမရှိကြပုံပေါ်သည်။
စူးချင်းက သူမ၏ ဒေါသကို ထိန်းထားခဲ့သည်။ သူမက သူမ စီစဥ်ထားသည့်အတိုင်း ရုံးတော်၏ခေါင်မိုးပေါ်မှ ခုန်တက်ပြီး အနောက်ဘက်သို့ သွားရန် ကောင်းကင်ကြီး မှောင်မိုက်သွားသည်အထိ စိတ်ရှည်ရှည် စောင့်ဆိုင်းနေခဲ့သည်။
သူမ စူးအိမ်တော်တွင် ရှိနေစဉ်အတွင်း ဤစီရင်စုရုံးတော်၏အတွင်းပိုင်းမြေပုံကို သူမ၏ဖခင်ထံမှ တောင်းယူလာခဲ့ခြင်း ဖြစ်သည်။ စူးဟန်ရွှမ်က ရုံးတော်သို့ မကြာခဏရောက်လာပြီး အတွင်းပိုင်းဖွဲ့စည်းပုံနှင့် ရင်းနှီးသူ ဖြစ်သည်။
စူးချင်းက မြေပုံပေါ်ရှိ အမှတ်အသားအရ အကျဥ်းထောင်၏တည်နေရာကို တွေ့ရှိခဲ့သည်။ ထိုနေရာကို ရဲမက်များအစား ဝမ်မိသားစုစစ်တပ်မှ အစောင့်များနှင့် အစားထိုးထားသည်ကို သူမ တွေ့လိုက်ရသည်။ သူမ သူတို့ကို ဆေးခပ်ခါနီးတွင် စီရင်စုအမတ်ချင်က ချော့မော့သော အပြုံးဖြင့် ထိုအစောင့်နှစ်ယောက်အား ဦးညွှတ်လိုက်သည်ကို သူမ မြင်လိုက်ရပြန်သည်။
“မင်းတို့ရဲ့ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်။ ငါ အကျဉ်းသားတစ်ယောက်ကို စစ်ဆေးမေးမြန်းချင်လို့ပါ”
ထိုစစ်သည်နှစ်ယောက်က စီရင်စုအမတ်ချင်၏အကျင့်စရိုက်ကို မကြိုက်သောကြောင့် သူ့ကို မျက်နှာသာမပေးဘဲ အသံမာမာဖြင့် ပြန်မေးလိုက်ကြသည်။
"ဘယ်သူ့ကို စစ်ဆေးမေးမြန်းချင်တာလဲ?"