← Chapters

နှစ်လို့ဖွယ်ကောင်းတဲ့ လွမ်ဟုန်

Vol. 21 Ch. 305

နှစ်လို့ဖွယ်ကောင်းတဲ့ လွမ်ဟုန်

Vol. 21 Ch. 305

"စီရင်စုအမတ်လွမ်ရဲ့သမီး လွမ်ဟုန်ကို စစ်ဆေးမေးမြန်းချင်လို့ပါ"

စီရင်စုအမတ်ချင်က သူ့နှာခေါင်းကို သူ ပြန်ထိလိုက်ပြီး သဘာဝမကျသော အမူအရာဖြင့် ပြောလိုက်သည်။

စစ်သည်နှစ်ယောက်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ထိုလူကြီး ဘာလုပ်ချင်သည်ကို သဘောပေါက်သွားကြသည်။ တစ်ယောက်က သူ့ကို မထီမဲ့မြင် လှမ်းကြည့်လိုက်ပြီး သူ့လက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းပြလိုက်သည်။

“သွား!”

“မင်းရဲ့ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်။ ငါ မင်းတို့အတွက် ညလယ်စာ ပြင်ဆင်ပေးထားတယ်၊ ကျေးဇူးပြုပြီး လက်ခံပေးပါဦး"

သူတို့က လွမ်ဟုန်ကို လွှတ်ပေးရန် ဆန္ဒရှိနေကြသည်ကို တွေ့လိုက်ရသဖြင့် စီရင်စုအမတ်ချင်က ဝမ်းသာအားရ ရယ်မောလိုက်သည်။ သူ့က သူ့လက်ထဲ​မှ စားစရာထည့်ထားသည့်ဗူးကို ပို၍ပင် တရိုတသေ ကိုင်ထားကာ ဂရုတစိုက်​ပြုံးနေရင်း သူတို့ကို လက်​​ဆောင်​​ပေးလိုက်​သည်​။

စစ်သည်နှစ်ယောက်က ထိုစားစရာဗူးကို ကြည့်နေရင်း မထီမဲ့မြင် ပြုနေဆဲဖြစ်ကာ မယူဘဲ ငြင်းဆန်လိုက်ကြသည်။ စီရင်စုအမတ်ချင်က ထိုစားစရာပုံးကို ရှက်ရွံ့စွာ ပြန်ချလိုက်သည်။ သူက သူ့၏လက်အောက်ငယ်သားများဖြစ်သည့် ရဲမက်များကို အမိန့်ပေးရန် ပြန်လှည့်လာပြီး သူမျက်လုံးများက ချက်ချင်း အထက်စီးဆန်သည့် အကြည့်များ ဖြစ်သွားခဲ့သည်။

“အပြစ်သားလွမ်ဟုန်ကို ဒီသခင်ကြီးရဲ့အခန်းထဲကို ခေါ်သွားလိုက်။ ဒီသခင်ကြီးက သူ့ကို သေသေချာချာ စစ်ဆေးမေးမြန်းရမယ်”

“ဟုတ်ကဲ့”

ရဲမက်များ စီရင်စုအမတ်လွမ်၏နောက်မှ လိုက်သွားပြီး အကျဥ်းထောင်ထဲသို့ ဝင်သွားကြသည်။ စူးချင်းက ခေါင်မိုးပေါ်တွင် ထိုင်နေပြီး အရာအားလုံးကို ကြားနေရသည်။ သူမက ထိုအဘိုးကြီး၏မကောင်းသော ရည်ရွယ်ချက်ကိုလည်း မှန်းဆနိုင်ခဲ့သည်။

ရဲမက်နှစ်ဦးက လွမ်ဟုန်ကို အကျဥ်းထောင်ထဲမှ တွန်းထိုးထုတ်လာကြသည်။ ကလေးမလေးက သွေးဆူလွယ်သော ပင်ကိုယ်စရိုက် ရှိပြီး သူမက ထိုလူနှစ်ဦးကို ကြိမ်ဖန်များစွာ ရိုက်နှက်ပုတ်ခတ်နေကာ သူတို့နှင့်အတူ လိုက်ခဲ့ရန် ငြင်းဆန်နေခဲ့သည်။

"လွှတ်ပေး၊ ငါ့ကို လွှတ်ပေး... မသွားဘူး... ငါ လုံးဝ မသွားဘူး"

“မင်းက အခု အကျဉ်းသားဖြစ်နေပြီ၊ သခင်မလေး မဟုတ်ဘူး။ မင်းရဲ့မောက်မာမူတွေကို ဖယ်လိုက်တော့!”

ရဲမက်နှစ်ယောက်က အလွန်ဒေါသထွက်နေပုံဖြင့် လွမ်ဟုန်ကို ပါးရိုက်လိုက်ပြီး အချုပ်ခန်း၏တံခါးဆီသို့ ဆောင့်တွန်းပစ်လိုက်သည်။ လွမ်ဟုန်က သူမ၏မျက်နှာကို အုပ်ထားရင်း ရဲမက်နှစ်ယောက်ကို စိုက်ကြည့်နေကာ ကျိန်ဆဲလိုက်တော့သည်။

"ငါ့အဖေ စီရင်စုအမတ် ဖြစ်နေတုန်းက နင်တို့က အောက်ဆွဲခွေးလို‌ကောင်တွေပဲ။ အခု ငါ့အဖေက ဒုက္ခရောက်နေတော့ နင်တို့က သူ့ကို နင်းခြေချင်နေကြတယ်။ နင်တို့က ဒီချင်မျိုးရိုးနဲ့ အတူတူပဲ"

လွမ်ဟုန်၏ကြိမ်းမောင်းခြင်းကို ခံလိုက်ရသောကြောင့် စီရင်စုအမတ်ချင်၏မျက်နှာက မည်းမှောင်သွားခဲ့သည်။

သနားစရာ သခင်မလေး... မင်း ဘယ်လောက်ကြာကြာ ဒီလိုမျိုး ဆူပူနိုင်မလဲ ကြည့်ရအောင်....

သူက အေးစက်စက်ဖြင့် အမိန့်ထပ်ပေးလိုက်သည်။

“သူ(မ)ကို ခေါ်ထုတ်သွားလိုက်။ မနာခံရင် ထပ်ရိုက်ကြ”

“ကျေးဇူးကန်းတဲ့ အယုတ်တမာ ချင်မျိုးရိုး၊ ငါ့အဖေသာ နင့်ကို မကယ်တင်ခဲ့ရင် နင်က လမ်းပေါ်မှာ ခွေးတစ်ကောင်လို အေးခဲပြီး သေသွားတာ ကြာနေလောက်ပြီ။ ငါ့အဖေက နင့်အသက်ကို ကယ်ခဲ့ပြီး ရုံးတော်ရဲ့အကြံပေးဖြစ်လာအောင် ကူညီပေးခဲ့တယ်။ ဒါပေမယ့် နင်က သူ့ကို သစ္စာဖောက်ပြီး အမြင့်ကို တက်ဖို့ ငါ့အဖေကို ချနင်းခဲ့တယ်၊ လူယုတ်မာ၊ နင့်အတွက် လက်စားချေမှုက မကြာခင် ရောက်လာလိမ့်မယ်”

လွမ်ဟုန်၏ပါးစပ်က ဓားကဲ့သို့ ထက်ရှလွန်းလှသည်။ သူမက ကျယ်လောင်စွာ အော်ဟစ် ဆူပူနေပြီး စီရင်စုအမတ်ချင်ကို အဆက်မပြတ် ကြိမ်းမောင်းနေခဲ့သည်။ စီရင်စုအမတ်ချင်၏မျက်နှာက ပြာနှမ်းလာပြီး နောက်ဆုံးတွင် ဖြူဖပ်ဖြူရော် ဖြစ်လာခဲ့သည်။ သူ့ရင်ဘတ်က တဟုန်ထိုး မောက်တက်လာပြီး ဒေါသကြောင့် သူ့ရင်ဘတ်ကြီး ပေါက်ကွဲလုနီးပါး ဖြစ်လာလေသည်။

သူက အံကြိတ်လိုက်ပြီး မှုန်ကုပ်ကုပ်ဖြင့် “သူ(မ)ကို ခေါ်သွားစမ်း။ သူ(မ) ဘယ်လောက်ကြာကြာ ခေါင်းမာနိုင်မလဲဆိုတာ ငါ ကြည့်ချင်တယ်"

"ငါ့ကို လွှတ်စမ်း"

လွမ်ဟုန်က တောကြောင်ရိုင်းကလေးနှင့် ဆင်တူနေပြီး ကိုက်ဖဲ့ ကိုက်ခြစ်နေကာ ရဲမက်နှစ်ယောက်ကို အလုပ်ရှုပ်သွားစေခဲ့သည်။ ထိုအတောအတွင်း သူတို့က သူမကို နှစ်ကြိမ်ခန့် ပါးရိုက်ခဲ့သော်လည်း လွမ်ဟုန်က အရိုက်ခံရလေလေ ပိုသွေးဆူလာလေလေ ဖြစ်နေခဲ့သည်။ သူမက သူတို့ကို မကြောက်ရုံသာမကဘဲ ပို၍ပင် ကြမ်းတမ်းလာခဲ့သည်။

အစပိုင်းတွင် ဝမ်မိသားစုတပ်မတော်မှ စစ်သည်နှစ်ဦးက မျက်တောင်မခတ်ဘဲ အကျဥ်းထောင်ကိုသာ စောင့်ကြပ်နေနိုင်ကြသေးသည်။ လွမ်ဟုန်က အလွန်ရိုင်းပျသည်ကို ကြားလိုက်ရချိန်တွင် သူတို့လည်း ဆက်မထိန်းနိုင်တော့ဘဲ သူမတို့ဘက်သို့ နောက်ထပ်အကြည့်အနည်းငယ် ရောက်သွားပြီး စူးစမ်းနေမိကြသည်။

ထိုအခိုက်အတန့်တွင် စူးချင်းက ခေါင်မိုးပေါ်ကနေ ခုန်ချလိုက်ပြီး မြေပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ဆင်သက်လာခဲ့သည်။ သူမ၏လက်ကောက်ဝတ်ရှိ မြှားတံများက စစ်သည်နှစ်ဦးဆီသို့ တိုးဝင်သွားခဲ့သည်။ သူတို့ သူမ ဆင်းသက်လာသည့် ခြေသံကို ကြားလိုက်ရချိန်တွင် လျှို့ဝှက်မြှားအိမ်ထဲမှ မြှားတိုလေးများက သူတို့ကို ထိမှန်နေပြီ ဖြစ်သည်။ ထိုမြှားများတွင် အဆိပ်များ လိမ်းကျံထားသောကြောင့် သူတို့ အသံပင် မထွက်နိုင်ဘဲ လဲကျသေဆုံးသွားကြသည်။

စစ်သည်နှစ်ဦး လဲကျသည်ကို မြင်လိုက်ရသောကြောင့် စီရင်စုအမတ်ချင်လည်း ထိတ်လန့်တုန်လှုပ်သွားရသည်။ ဖြစ်ပျက်နေသည်များကို သူ နားမလည်နိုင်သေးခင် စူးချင်းက သူ့ကို ရိုက်ချလိုက်ပြီး သူလည်း လောကကြီးနှင့် အဆက်အသွယ် ပျက်သွားခဲ့သည်။

လွမ်ဟုန်၏ တွန်းထိုးရိုက်နှက်မှုကြောင့် ပြဿနာတက်နေသည့် ရဲမက်နှစ်ဦးကတော့ ထိုအခြေအနေကို သတိမပြုမိကြသေးပေ။ စူးချင်းက သူတို့ဆီသို့ လျှောက်သွားလိုက်ပြီး တစ်ယောက်ပြီး တစ်ယောက် ဓားဖြင့် ထိုးသတ်လိုက်သည်။

စူးချင်း ရဲမက်နှစ်ယောက်ကို သတ်လိုက်ချိန်တွင် လွမ်ဟုန်က အလွန်အမင်း အံ့အားသင့်သွားခဲ့သော်လည်း သူမက ချက်ချင်း သတိပြန်ဝင်လာပြီး စူးချင်းကို ဦးညွှတ်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

“ကျေးဇူးပါပဲ၊ ဒီခွေးနှစ်ကောင်ကို ကျွန်မအတွက် သတ်ပေးလို့ ကျေးဇူးတင်ပါတယ်”

စူးချင်းက ဓားကို လွမ်ဟုန်ဆီသို့ လှမ်းပေးလိုက်ပြီး သူမ ရိုက်ချထားခဲ့သည့် စီရင်စုအမတ်ချင်ကို ညွှန်ပြလိုက်သည်။

"သွားပြီးတော့ လက်စားချေ!"

စူးချင်းက ဤစျေးပေါသောညီမဝမ်းကွဲလေးကို သဘောကျနေခဲ့သည်။ သူမက တိုက်ခိုက်ရန် စိတ်အားထက်သန်မှုရှိပြီး အမျိုးသမီးများကြားမှ သူရဲကောင်းတစ်ဦး ဖြစ်သည်။ စီရင်စုအမတ်ချင်ကို သတ်ရန် လွမ်ဟုန်ထံတွင် သတ္တိရှိ မရှိ သူမ သိချင်နေမိသည်။

"ကောင်းပြီ ဒီအတွက်လည်း ကျေးဇူးတင်ပါတယ်၊ ကျေးဇူးရှင်ကြီး"

လွမ်ဟုန်က စူးချင်း၏လက်ထဲမှ ဓားကို လှမ်းယူလိုက်ပြီး စီရင်စုအမတ်ချင်ဆီသို့ လျှောက်သွားကာ ဓားကို မဆိုင်းမတွ မြှောက်လိုက်ပြီး ခုတ်ချလိုက်သည်။ သူမ၏မျက်နှာပေါ်သို့ သွေးများ လွင့်စင်လာချိန်တွင်လည်း သူမက မဆိုင်းမတွပင် သူမ၏အင်္ကျီလက်ဖြင့် သုတ်လိုက်ပြီး ဓားကို ပြန်ဆွဲထုတ်လိုက်ကာ နောက်တစ်ကြိမ် ဓားဖြင့် ထပ်ထိုးလိုက်သည်။

စူးချင်း၏မျက်လုံးများထဲမှ သဘောကျမှုအရိပ်အယောင်က ပိုတိုးလာခဲ့သည်။ စီရင်စုအမတ်ချင်ကို သတ်ပြီးနောက် လွမ်ဟုန်က စူးချင်းထံသို့ ပြန်ရောက်လာကာ ဓားကို သူမထံ ပြန်ပေးလိုက်သည်။ ထို့နောက် သူမက မြေပြင်ပေါ်သို့ ဒူးထောက်ထိုင်ချလိုက်ကာ စူးချင်းကို ဦးညွှတ်လိုက်သည်။

"ကျွန်မရဲ့ရန်သူကို သတ်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"အကျဥ်းထောင်မှာ နောက်ထပ်အစောင့်တွေ ရှိသေးလား?"

စူးချင်းက သူမ၏ကြီးမားသော အရိုအသေပေးမှုကို လက်မခံဘဲ လွမ်ဟုန်ကို မြေပြင်ပေါ်မှ ပြန်ဆွဲမကာ အကျဥ်းထောင်အတွင်းမှ အခြေအနေကို မေးမြန်းလိုက်သည်။

လွမ်ဟုန်၏မျက်နှာလေးတွင် လက်ဖဝါးရာ ဖုံးလွှမ်းနေဆဲ ဖြစ်ပြီး သူမ၏လှပသော ပါးပြင်လေးများက ရောင်ရမ်းနေပြီ ဖြစ်သည်။ တစ်စုံတစ်ယောက်ကို သတ်ရခြင်းက သူမအတွက် ပထမဆုံးအကြိမ်သောကြောင့် သူမ၏နှလုံးက အခုန်မြန်နေခဲ့သည်။ သို့သော် သူမက တခြားအမျိုးသမီးများကဲ့သို့ ကြောက်လန့်ပြီး စကားမပြောရဲခြင်းမျိုး မရှိဘဲ ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။

"နောက်ထပ် လူနှစ်ယောက်ရှိသေးတယ်"

စူးချင်းက ခေါင်းညိတ်လိုက်သည်။

နှစ်ယောက်တည်းဆိုရင်တော့ ဖြေရှင်းဖို့ မခက်ခဲဘူး။

သူမက လွမ်ဟုန်ကို သူမနောက်မှ လိုက်ခိုင်းခဲ့ပြီး သူမက ကျန်အစောင့်နှစ်ယောက်ကို ဖယ်ရှားရန် အရင်ဝင်သွားခဲ့သည်။ ထို့နောက် ထိုအစောင့်များထံမှ ရှာတွေ့လာခဲ့သည့် သော့ကို လွမ်ဟုန်အား လှမ်းပေးလိုက်သည်။

“မင်းရဲ့မိဘတွေနဲ့ ကလေးတွေကို ခေါ်သွားပြီး ပုန်းအောင်းဖို့ လုံခြုံတဲ့နေရာကို ရှာလိုက်။ ငါ ဒီမှာ လုပ်စရာတွေ ကျန်နေသေးတယ်”

စူးချင်းထံတွင် သူမကို အသေးစိတ်ရှင်းပြရန် အချိန်မရှိပေ။ လွမ်ဟုန်က အရေးကြီးသောအလုပ်တစ်ခုကို အပ်နှင်းခံရလောက်သည်အထိ သတ္တိရှိသူ ဖြစ်သည်။ ထို့ကြောင့် သူမ သော့ကို လွမ်ဟုန်အား ပေးလိုက်ခြင်းပင်။

လွမ်ဟုန်က စူးချင်းတစ်ယောက် မျက်တောင်မခတ်ဘဲ နောက်ထပ်လူနှစ်ယောက်ကို သတ်ပစ်နေသည်ကို စိုက်ကြည့်နေခဲ့သည်။ ကြည့်နေရင်းဖြင့် သူမ၏နှလုံးသားတစ်ခုလုံး နာကျင်လာပြီး ကြောက်ရွံ့မှုများကြောင့် သူမ၏ လက်ဖျားများပင် အေးစက်နေခဲ့သည်။ စူးချင်းက သူမ၏မိဘများနှင့် ထိုကလေးများကို ကယ်တင်လိုကြောင်း ပြောလိုက်ချိန်တွင် သူမ၏မျက်လုံးများ နီရဲသွားလာခဲ့သည်။ ကလေးမလေးက ကြင်နာမှုကို မည်သို့ ပြန်ဆပ်ရမှန်းသိသူလည်း ဖြစ်နေသေးသည်။ သူမက ဒူးထောက်ပြီး စူးချင်းကို ဦးညွှတ်လိုက်ကာ "ကျေးဇူးတင်ပါတယ် ကျေးဇူးရှင်ကြီး၊ ကျွန်မ ကျေးဇူးရှင်ကြီးအတွက် ဘာမဆို လုပ်ပေးဖို့ ဆန္ဒရှိပါတယ်"

စူးချင်းက သူမ၏အရိုအသေပေးမှုကို နောက်တစ်ကြိမ် ရှောင်လိုက်ပြီး အသံနက်ကြီးဖြင့် အမိန့်ပေးလိုက်သည်။

“အသုံးမကျတဲ့အရာတွေကို ပြောမနေနဲ့တော့၊ လူသွားကယ်လိုက်တော့”

လွမ်ဟုန်က သူမ၏ပါးပြင်မှ မျက်ရည်များကို အမြန်သုတ်လိုက်ပြီး သော့ကို ယူကာ မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် သူမ၏မိဘများ ရှိနေသည့် အချုပ်ခန်းသို့ ပြေးသွားတော့သည်။

စူးချင်းက လွမ်ဟုန် ထွက်သွားသည်ကို ကြည့်နေခဲ့ပြီး သူမက အချုပ်ခန်းထဲတွင် အကြာကြီးမနေဘဲ ပြန်ထွက်လာခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ကင်းအလှည့်အပြောင်းချိန် မဟုတ်သောကြောင့် ထိုနေရာတွင် တစ်စုံတစ်ယောက် သေဆုံးသွားသည်ကို မည်သူမျှ မသိလိုက်ကြပေ။ စူးချင်းက အလောင်းများကို အကျဥ်းခန်းတစ်ခုထဲသို့ အရင် ဆွဲသွင်းလိုက်ပြီး ထိုအလောင်းများကို ဖြေရှင်းရန် အလောင်းပျော်စေမှုန့်များ ဖြန်းချလိုက်သည်။

လွမ်ဟုန်က သူမ၏မိဘများ ရှိနေသည့် အချုပ်ခန်းတံခါးကို ပြန်ဖွင့်နေခဲ့ပြီး ယန်ရုပင်းက သမီးဖြစ်သူကို ပွေ့ဖက်ရန် အကျဉ်းခန်းမှ အမြန်ထွက်လာခဲ့သည်။

သူမ၏မျက်နှာနှင့် ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာများ ဖုံးလွှမ်းနေခဲ့သည်။ ရဲမက်နှစ်ယောက်က လွမ်ဟုန် တစ်ယောက်တည်းကို လာခေါ်သည့်အချိန်တွင် လွမ်ချင်းရှန်နှင့် ယန်ရုပင်းတို့က ကောင်းသည့်ကိစ္စ မဟုတ်မှန်း နားလည်နေကြသည်။ ထို့ကြောင့် သူတို့က သူတို့၏သမီးလေးကို ကယ်တင်ရန် အသည်းအသန် ကြိုးစားခဲ့ကြသော်လည်း ရိုက်နှက်ခ့ရပြီး အချုပ်ခန်းထဲ ပြန်ထည့်ခံခဲ့ကြရသည်။

ယန်ရုပင်းက မတ်တတ်ထရပ်ပြီး လမ်းလျှောက်နိုင်နေသေးသော်လည်း လွမ်ချင်းရှန်က မတ်တပ်ရပ်ရန် ခွန်အားပင် မရှိတော့ပေ။ လွမ်ဟုန်က သူမ၏မိဘများ ရိုက်နှက်ခံထားရသည်ကို အခုမှ မြင်သွားခဲ့ပြီး နာကျင်စွာ အော်ငိုလိုက်သည်။

"မငိုနဲ့... မငိုပါနဲ့ အမေ့ကလေးလေးရယ်... သော့ကို ဘယ်လို ရခဲ့တာလဲ?"

ယန်ရုပင်းက တည်ငြိမ်နေဆဲ ဖြစ်ကာ သမီးဖြစ်သူ၏မျက်ရည်များကို သုတ်ပေးရင်း သမီးဖြစ်သူကို ချော့မော့မေးမြန်းလိုက်သည်။

“ကျေးဇူးရှင်တစ်ယောက်က သမီးကို ကယ်ခဲ့တယ်။ သူက သမီးကို သော့ပေးလိုက်ပြီး ကလေးတွေနဲ့အတူ ပုန်းနေဖို့ ပြောတယ်”

လွမ်ဟုန်က အကြာကြီး ဝမ်းနည်းမနေတော့ဘဲ သူမ၏မျက်ရည်များကို သုတ်လိုက်သည်။ သူမ ကယ်တင်ပေးမှာကို စောင့်မျှော်နေတဲ့ ကလေးတွေ ရှိနေသေးတယ်။ အခုက ငိုရမယ့်အချိန် မဟုတ်သေးဘူး။

သူမက ကလေးများ ရှိနေသည့် အကျဥ်းခန်းကို ဖွင့်ပေးရန် သော့ယူသွားလိုက်ပြီး ငိုနေသည့် ကလေးများကို ပြောလိုက်သည်။

“ကလေးတွေ၊ မငိုကြနဲ့တော့။ အစ်မကြီးနောက်ကို လိုက်ခဲ့ကြ၊ အစ်မကြီးက မင်းတို့ရဲ့မိဘတွေကို ရှာဖို့ မင်းတို့ကို ခေါ်သွားပေးမယ်"

ယန်ရုပင်းက သူ့သမီး၏စကားကို ကြားနေရသော်လည်း အလွန်အမင်း စဉ်းစားနေခြင်း မရှိဘဲ သိပ်ဂရုမစိုက်တော့ပေ။ သူမက အကျဥ်းထောင်ထဲမှ အရင်ထွက်လာခဲ့ပြီးမှ သူမ၏သမီးက ကလေးများအား ကယ်တင်နေသည်ကို မြင်လိုက်ရသောကြောင့် လွမ်ချင်းရှန်ကို ကူညီရန် အကျဉ်းခန်းထဲ့သို့ ပြန်ဝင်လာခဲ့သည်။

"ချင်းရှန်... သွားကြရအောင်!"

“ငါတို့ ဒီက ထွက်သွားတာနဲ့ ထောင်ပြေးတွေ ဖြစ်သွားတော့မယ်။ ပြန်လှည့်ဖို့ အခွင့်အလမ်း မရှိတော့ဘူး။ ဒါက ချင်မျိုးရိုးရဲ့ အစီအစဥ်လည်း ဖြစ်နိုင်တယ်၊ သူ့ဆီကနေ အရူးလုပ်မခံနဲ့"

All Chapters