ဘယ်သူမှ မသိလိုက်ဘဲ လူတွေကို ကယ်တင်သွားခြင်း
Vol. 21 Ch. 306
.
လွမ်ချင်းရှန်က ပြင်းထန်စွာ အရိုက်ခံထားရပြီး မတ်တပ်ရပ်ရန်ပင် ခွန်အားမရှိတော့သောကြောင့် ဇနီးဖြစ်သူ၏အကူအညီဖြင့်သာ မတ်တတ်ရပ်နိုင်ခဲ့သည်။ သူက သူ့သမီးကို အားနည်းသောလေသံဖြင့် လှမ်းခေါ်နေခဲ့ပြီး ချင်မျိုးရိုး၏ လှည့်စားမှုထဲသို့ တိုးမဝင်ဘဲ အကျဉ်းခန်းသို့ ပြန်သွားရန် လှမ်းပြောနေခဲ့သည်။
လွမ်ဟုန်က ကလေးများကို အကျဉ်းခန်းထဲမှ ထုတ်ပေးနေပြီး ဖခင်ဖြစ်သူ၏စကားကို ကြားသွားခဲ့ပြီး ပွင့်ပွင့်လင်းလင်း ပြန်ရှင်းပြလိုက်သည်။
"အဖေ၊ အဲ့ချင်မျိုးရိုး လူယုတ်မာကောင်ကို အဖေရဲ့သမီးက သတ်ခဲ့ပြီးပြီ။ တော်ဝင်ရုံးတော်က ခန့်အပ်ထားတဲ့ အရာရှိတစ်ဦးကို သတ်လိုက်တာက ဘယ်လို ရာဇဝတ်မှုဆိုတာကို အဖေသိတယ်မလား? အခု သမီးတို့မှာ နောက်ပြန်လှည့်စရာလမ်း မရှိတော့ဘူး။ သမီးတို့ ဒီကနေ ထွက်သွားရင် သမီးတို့ ရှင်သန်နိုင်ချင်မှ ရှင်သန်နိုင်မယ်၊ ဒါပေမယ့် သမီးတို့ ဒီမှာ ဆက်နေရင် သေရမှာ အသေအချာပဲ"
သူ့သမီး၏စကားကို ကြားလိုက်ချိန်တွင် လွမ်ချင်းရှန် အလွန်အမင်း အံ့သြသွားခဲ့သည်။
တော်ဝင်ရုံးတော်က အရာရှိတစ်ဦးကို သတ်ဖြတ်တာက ကြီးလေးတဲ့ ရာဇ၀တ်မှုပဲ။ သူ့ရဲ့သမီးက ရဲတင်းလွန်းတယ်။
သူက သူ့သမီးအတွက် အလွန်စိတ်ပူသွားပြီး ခြေဆောင့်လိုက်ကာ "မင်း သူ့ကို ဘာလို့ သတ်လိုက်ရတာလဲ?"
ယန်ရုပင်းကတော့ တဟုန်းဟုန်းတောက်လောင်နေသော မီးကဲ့သို့ဖြစ်နေပြီး ဘာကိုမှ မကြောက်ပုံရသည်။ သူမက ခင်ပွန်းဖြစ်သူ၏ဖြူဖျော့ဖျော့မျက်နှာကို ကြည့်လိုက်ပြီး မောက်မောက်မာမာ ဝင်ပြောလိုက်သည်။
“ဒါဆို သူ့ကို မသတ်ရဘူးလား? သူက ရှောင်ဟုန်ကို ထိခိုက်စေရင် ဘယ်လိုလုပ်မလဲ? အဲ့လိုဖြစ်လာရင် ရှောင်ဟုန်အတွက် အသက်သာဆုံးအခြေအနေက သေခြင်းတရားပဲ၊ ဘာကို ကြောက်နေရမှာလဲ? သတ်လိုက်တာ ကောင်းတယ်"
လွမ်ချင်းရှန်က ခဏတာမျှ တွေဝေသွားခဲ့ပြီး နောက်ဆုံးတွင် ခါးခါးသီးသီး ပြုံးလိုက်သည်။
“ရှင်မ ပြောတာ မှန်ပါတယ်။ အနည်းဆုံးတော့ ငါတို့လည်း သေရမှာပဲလေ။ ငါတို့ အတူတူသေသွားရင် အောက်အရပ်ကို တစ်မိသားစုလုံး အတူတူ သွားနိုင်ပြီး အထီးကျန်မှာ မဟုတ်တော့ဘူး”
“မဟုတ်ဘူး၊ သမီးတို့ မသေနိုင်ဘူး။ သမီးတို့ကို ကယ်ပေးခဲ့တဲ့ ကျေးဇူးရှင်က အရမ်းအံ့ဩဖို့ကောင်းအောင် အစွမ်းထက်လွန်းတယ်၊ သမီးတို့ အသက်ရှင်မှာ သေချာတယ်"
လွမ်ဟုန်က ယုံကြည်မှုများ ပြည့်လျှံနေပြီး သူမက သူမအား ကယ်တင်ပေးခဲ့သည့် စူးချင်းကို အလွန်ယုံကြည်နေခဲ့သည်။
"ထားလိုက်ပါတော့။ ဖြစ်ရမယ့်အရာတွေက ဖြစ်လာပြီဆိုမှတော့ ကိုယ့်ကိုကိုယ် တောင့်ခံပြီး ရှေ့ကို ဆက်သွားနိုင်ရမယ်၊ တစ်ရက်ပိုပြီး အသက်ရှင်နိုင်ရင်လည်း တစ်ရက်စာ အကျိုးအမြတ်ပဲပေါ့”
သူ့ဇနီးနှင့်သမီးက မည်သည့်အရာကိုမှ ဂရုမစိုက်ကြောင်း လွမ်ချင်းရှန် နားလည်လိုက်ပြီး စိတ်သက်သာရာရသွားခဲ့သည်။
မိသားစုနဲ့အတူတကွ ရှိနေနိုင်သရွေ့ သူကလည်း ရှင်ခြင်းသေခြင်းတွေ ဂရုမစိုက်ပါဘူး။ ဒီအချိန်မှတောင် သူ ကြောက်နေသေးရင် သူက တကယ့်ယောကျာ်းဖြစ်လာမှာ မဟုတ်တော့ဘူး။
ကလေးများထဲမှ ကလေးငယ်နှစ်ဦးက အလွန်အမင်း ကြောက်ရွံ့မှုကြောင့် အဖျားကြီးပြီး သတိလစ်နေပြီ ဖြစ်သည်။ လွမ်ဟုန်က ထိုနှစ်ယောက်ကို သူမ၏လက်တစ်ဖက်စီတွင် ပွေ့ချီထားပြီး အခြားကလေးများကို သူမနောက်မှ အနီးကပ် လိုက်လာရန် ပြောလိုက်သည်။ ကလေးငယ်များ၏ အော်ဟစ်သံများက ဝမ်မိသားစုစစ်တပ်မှ စစ်သည်များအား ဆွဲဆောင်မိမည်ကို လွမ်ဟုန်က စိုးရွံ့နေပြီး သူမက သူတို့ကို ကြိုပြောထားလိုက်သည်။
“အသံမထွက်ကြနဲ့။ ဒီအစ်မကြီးက မင်းတို့ကို ကယ်တင်ပေးပြီး မင်းတို့ရဲ့မိဘတွေဆီ ပြန်ခေါ်သွားပေးမယ်"
ကလေးများအားလုံးက စစ်သည်များ၏ ကြမ်းတမ်းမှုကြောင့် ထိတ်လန့်နေခဲ့ကြသည်။ သို့သော် ယခု ဤအစ်မကြီးက အလွန်နူးညံ့သိမ်မွေ့သည်ဟု သူတို့ ခံစားနေရသောကြောင့် နာနာခံခံ ခေါင်းညိတ်လိုက်ကြသည်။ ကလေးများ၏မျက်နှာလေးများပေါ်မှာ မျက်ရည်များ ရှိနေသေးသော်လည်း မည်သူကမျှ ထပ်မငိုတော့ပေ။
ယန်ရုပင်းက လွမ်ချင်းရှန်ကို ကူတွဲပေးထားပြီး လွမ်ဟုန်က ဖျားပြီး သတိလစ်နေသည့်ကလေးနှစ်ယောက်ကို သယ်ဆောင်ကာ အခြားကလေးများကို စောင့်ခေါ်လာခဲ့သည်။ နောက်ဆုံးတွင် သူတို့အားလုံး အကျဥ်းထောင်ထဲမှ ထွက်လာနိုင်ကြသည်။
မြေပြင်ပေါ်ရှိ အလောင်းများ ပျောက်ကွယ်သွားသည်ကိုသာ တွေ့လိုက်ရပြီး သူမ၏ကျေးဇူးရှင်ကို မတွေ့ရတော့သောကြောင့် လွမ်ဟုန်၏နှလုံးသားက ရုတ်တရက် အခုန်မြန်လာပြီး ဤအန္တရာယ်ရှိသည့်နေရာမှ ထွက်သွားရန် သူမ၏မိဘများနှင့် ကလေးများကို အမြန်ဦးဆောင်လိုက်သည်။
သူမတို့ မိသားစုက စီရင်စုရုံးတော်တွင် နေထိုင်သောကြောင့် လွမ်ဟုန်က မည်သည့်နေရာတွင် ပုန်းနိုင်မည်ကို အတိအကျ သိထားခဲ့သည်။ သူမက ကလေးများကို ခေါ်ဆောင်ရင်း သူမ၏မိဘများနှင့်အတူ သူမဖခင်၏စာဖတ်ခန်းသို့ ဦးတည်လိုက်သည်။ ထိုနေရာတွင် သူမဖခင်၏အရှေ့မှ တာဝန်ထမ်းဆောင်သွားသူ တည်ဆောက်ထားခဲ့သည့် လျှို့ဝှက်ခန်း ရှိနေပြီး သူမက ယန္တရားခလုတ်အား နှိပ်ကာ ထိုအခန်းကို ဖွင့်လိုက်ပြီး ကလေးငယ်များကို တိတ်တဆိတ် ခေါ်ဆောင်သွားခဲ့သည်။
လွမ်ဟုန်တစ်ယောက် ကလေးများကို အကျဥ်းထောင်ထဲမှ ခေါ်ထုတ်နိုင်ရန် ကြိုးပမ်းနေချိန်တွင် စူးချင်းက ကင်းအလှည့်ပြောင်းရန် ရောက်လာသည့် စစ်သည်များကို ထပ်သတ်လိုက်ပြီး အိမ်နောက်ဖေးဘက်သို့ အေးအေးဆေးဆေး လျှောက်သွားလိုက်သည်။
စီရင်စုရုံးတော်တွင် တာဝန်ကျနေသည့် ရဲမက်များအတွက် ဘေးခန်းများနှင့် ဧည့်ခန်းများ ရှိပြီး လက်ရှိ ထိုဧည့်ခန်းများတွင် တည်းခိုနေသူများမှာ ဝမ်မိသားစုစစ်တပ်မှ စစ်သည်များ ဖြစ်သည်။
စူးချင်းက လော့ချန်သို့ စစ်သည်မည်မျှ ရောက်လာခဲ့ကြောင်း သူမ၏ဖခင်အား မေးမြန်းထားခဲ့သည်။ သူတို့က အယောက် ၃၀ ခန့် ရှိမည်ဟု သူမ၏အဖေက ပြောပြခဲ့ပြီး အချို့မှာ ရုံးတော်တွင် နေထိုင်ကြပြီး အချို့က တည်းခိုနားနေဆောင်တွင် နေထိုင်ကြသည်ကို သူမ သိခဲ့ရသည်။
စူးချင်း လုပ်ချင်သည့်အရာက စီရင်စုရုံးတော်တွင် နေထိုင်သည့် ဝမ်မိသားစုစစ်တပ်မှ လူများကို ရှင်းပစ်ရန် ဖြစ်သည်။
သူတို့က လူဆိုးတွေကို ကူညီပေးနေတဲ့အတွက် သေသင့်တယ်။ သူတို့ထဲက ဘယ်သူ့ကိုမှ မသနားသင့်ဘူး။
သို့သော်လည်း သူမက လွမ်အိမ်တော်ဝန်းအတွင်း နေထိုင်သည့် အစေခံများနှင့် ကျေးကျွန်များကို မသတ်ခဲ့ပေ။ ထိုအစား သူမက သူတို့ကို ကိုင်တွယ်ရန် ဆေးမှုန့် အမြောက်အမြားကို အသုံးပြုခဲ့သည်။ ဤဆေးပမာဏက လူတစ်ဦးကို တစ်ရက်နှင့်တစ်ည သတိမေ့သွားစေရန် လုံလောက်သောကြောင့် သူမ၏အကြံအစည်များကို ပျက်ပြားစေမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
ထိုလူများအားလုံးကို ကိုင်တွယ်ဖြေရှင်းပြီးနောက် စူးချင်းက ခြေရာလက်ရာ မကျန်အောင် ဂရုတစိုက် စစ်ဆေးနေခဲ့ပြီး တစ်ရှီးချန်လောက်(နှစ်နာရီလောက်) အချိန်ယူခဲ့သေးသည်။
ထိုနေရာတွင် မည်သည့်သဲလွန်စမှ မကျန်တော့ကြောင်း သေချာအောင် စစ်ဆေးပြီးနောက်တွင် စူးချင်းက စီရင်စုအမတ်၏ရထားလုံးကို ယူရန် အိမ်နောက်ဖေးသို့ ဝင်သွားခဲ့သည်။ ကလေးများ ရှိနေသောကြောင့် ရထားလုံး မပါဘဲ ထွက်ခွာသွားရန် မဖြစ်နိုင်ပေ။
အကျဉ်းထောင်ဘက်သို့ ပြန်မရောက်ခင် စူးချင်းက ‘တကူးကူး’ဟု သုံးကြိမ် အော်လိုက်သည်။ ဤသည်မှာ သူမနှင့် လွမ်ဟုန်တို့ သဘောတူထားသည့် လျှို့ဝှက်ကုဒ် ဖြစ်သည်။
လွမ်ဟုန်က အမှောင်ထဲတွင် ပုန်းနေပြီး စူးချင်းကို စောင့်ဆိုင်းနေခဲ့သည်။ အသံကို ကြားလိုက်ပြီးနောက် သူမက သစ်ပင်နောက်ကွယ်မှ သူမ၏ခေါင်းကို ဂရုတစိုက် ထုတ်ကာ စူးချင်းကို အသံအုပ်အုပ်ဖြင့် လှမ်းခေါ်လိုက်သည်။
"ကျေးဇူးရှင်ကြီး၊ ကျွန်မ ဒီမှာ"
"ကလေးတွေ ဘယ်မှာလဲ?"
စူးချင်းက လွမ်ဟုန်တစ်ယောက်တည်းကိုသာ မြင်လိုက်ပြီး သူမ ကလေးများကို အပြင်သို့ မခေါ်လာနိုင်မည်ကို စိုးရိမ်သောကြောင့် ချက်ချင်း မေးမြန်းလိုက်သည်။
“သူတို့အားလုံး ပုန်းနေကြတယ်။ ကျွန်မ သူတို့ကို သွားခေါ်လိုက်မယ်"
စူးချင်းက ရထားလုံး ဆွဲလာသည်ကို မြင်လိုက်ရသောကြောင့် လွမ်ဟုန်၏မျက်လုံးများက တောက်ပလာသည်။ သူမက သူတို့ကို ဤနေရာမှ မည်သို့ ကယ်ထုတ်သွားရမည်ကို စိုးရိမ်နေခဲ့ပြီး သူမ၏ကျေးဇူးရှင်က အမြှော်အမြင် ရှိလွန်းလှသည်။
သူမက စာဖတ်ခန်းဆိသို့ ပြန်ပြေးသွားပြီး သူမ၏ မိဘများနှင့် ကလေးများကို အပြင်သို့ ခေါ်ဆောင်လာခဲ့သည်။ ကလေးများက ထိတ်လန့်နေပြီး လွမ်ဟုန်နောက်မှ အနီးကပ်လိုက်ပါလာကြသည်။ စူးချင်းကို တွေ့လိုက်ချိန်တွင် ကလေးများက လွမ်ဟုန်၏နောက်သို့ ဝင်ပုန်းနေပြီး ထွက်ပင် မပြေးရဲကြပေ။
"ရထားလုံးပေါ်တက်ကြ!"
စူးချင်းက လွမ်ချင်းရှန်ကို တွဲပေးထားရသည့် ယန်ရုပင်းကိုလည်း လှမ်းမြင်လိုက်သေးသည်။ အခြေအနေက ကြည့်လိုက်ရုံဖြင့် သူဒဏ်ရာက ပြင်းထန်ကြောင်း သေချာနေခဲ့သည်။
သူတို့အားလုံးက အသက်ကြီးတဲ့သူတွေ၊ အားနည်းတဲ့သူတွေ၊ ဖျားနာတဲ့သူတွေ၊ မသန်စွမ်းတဲ့သူတွေ၊ ကလေးတွေ ဖြစ်နေကြပြီး သူတို့အားလုံးက ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်လာမှာ သေချာတယ်။
ဒါပေမယ့် သူမ သူတို့ကို ကယ်တင်ပေးဖို့ ဆုံးဖြတ်ခဲ့မှတော့ လမ်းတစ်ဝက်မှာ စွန့်ပစ်ခဲ့စရာ အကြောင်း မရှိဘူး။
စူးချင်းက ကလေးများကို ကူသယ်ပေးချင်သော်လည်း ကလေးများက ကြောက်လန့်တကြား စငိုကြတော့သည်။ နောက်ဆုံးတွင် လွမ်ဟုန်က သူတို့ကို ချော့မော့ကာ ရထားလုံးပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် တင်ပေးလိုက်သည်။
လွမ်ဟုန်ကိုယ်တိုင်လည်း အလိုလိုက်ခံထားခဲ့ရသည့် မိန်းမပျိုလေးတစ်ယောက်ဖြစ်ပြီး သူမလည်း တစ်ညလုံး ထိတ်လန့်နေခဲ့ကာ အလွန်အမင်း ကြောက်ရွံ့နေခဲ့သည်။ ယခု သူမ ကလေးဆယ်ယောက်ကျော်ကို ဆက်တိုက်ပွေ့ချီနေရသောကြောင့် သူမ အလွန်ပင်ပန်းနွမ်းနယ်နေပြီး လဲကျလုနီးပါး ဖြစ်နေခဲ့သည်။
ယန်ရုပင်းက စူးချင်းအား ကျေးဇူးတင်နေပြီး ကျေးဇူတင်စကား ခဏခဏ ပြောနေခဲ့သည်။ လွမ်ချင်းရှန်ကလည်း သူမကို ကျေးဇူးတင်ကြောင်း ဖော်ပြရန် လက်ခုပ်အုပ်ကာ လေးစားမှုကို ပြသခဲ့သည်။
"ငါတို့ မိုးမလင်းခင် ထွက်သွားရမယ်"
စူးချင်းကတော့ သူတို့ကို ရထားလုံးထဲသို့ မြန်မြန်ဝင်ရန် တိုက်တွန်းနေပြီး သူမ၏မျက်နှာက ဘာမှ မထူးခြားပေ။ ထိုလူငယ်လေးက အေးစက်ပြီး မှုန်မှိုင်းနေသည်ကို မြင်လိုက်ရသောကြောင့် ယန်ရုပင်းက ယခုအချိန်တွင် ကျေးဇူးတင်မနေသင့်တော့ကြောင်း နားလည်လိုက်သည်။ သူမက လွမ်ချင်းရှန် ရထားလုံးပေါ်တက်နိုင်ရန် ကူညီပေးလိုက်သည်။
ရထားလုံးပေါ်တွင် လူကြီးသုံးယောက်နှင့် ကလေးတစ်ဒါဇင် ရှိနေပြီး ပြည့်ကျပ်နေလေသည်။
စူးချင်းက ရထားလုံးလှည်းကို အနောက်ဘက် အပေါက်မှ မောင်းထွက်လာခဲ့သည်။ သန်းခေါင်ကျော်နေပြီ ဖြစ်သောကြောင့် အိမ်နောက်ဖေးလမ်းကြားက တိတ်ဆိတ်နေပြီး စူးချင်းက ရထားလုံးကို ရုံးတော်၏အနောက်ဘက်မှ မောင်းနှင်လာပြီး လမ်းမကြီးပေါ်သို့ ဦးတည်လိုက်သည်။ သားသမီးများကို ဆုံးရှုံးခဲ့ရသည့် မိဘများက အစိုးရရုံးအပြင်ဘက်တွင် စောင့်ဆိုင်းနေကြဆဲဖြစ်ကြောင်း သူမ တွေ့ခဲ့ရသည်။
သူမက သူတို့ကို သတိပေးခြင်းမျိုး မလုပ်ချင်ခဲ့ပေ။ သာမန်ပြည်သူများက ကြောက်ရွံ့တက်ကြသောကြောင့် ယခုကလေးများကို ပြန်ပေးလိုက်လျှင်ပင် အသုံးမဝင်မည် မဟုတ်ပေ။ မြို့ပြင်သို့ မခေါ်သွားနိုင်ဘဲ စစ်သည်များထံတွင် ပြန်အဖမ်းခံရမည် ဖြစ်သည်။ သူမက ကလေးများကို အရင် ကယ်တင်သွားပြီး နောက်ပိုင်းမှ အခြားကိစ္စများကို ဆက်လက်ဆောင်ရွက်ရန် တွေးထားခဲ့သည်။
"မြို့ထဲမှာ ကင်းလှည့်နေတဲ့အစောင့် ဘယ်လောက်ရှိလဲ?"
စူးချင်းက ရထားလုံးထဲမှ လွမ်ချင်းရှန်ကို လှမ်းမေးလိုက်သည်။ စီရင်စုအမတ်တစ်ယောက် အနေဖြင့် လွမ်ချင်းရှန်က မြို့ကို အစောင့်မည်မျှ စောင့်ကြပ်နေကြောင်း သဘာဝကျကျ သိနိုင်သည်။ သူတို့၏ကျေးဇူးရှင်က အဘယ်ကြောင့် ထိုသို့မေးမြန်းသည်ကို သူ ပြန်မမေးရဲသော်လည်း သူက အမှန်အတိုင်း ပြန်ဖြေလိုက်သေးသည်။
“ညဘက် မြို့တံခါးကို စောင့်နေတဲ့ အဖွဲ့ငယ်လေးတစ်ဖွဲ့ ရှိတယ်။ စုစုပေါင်း ဆယ့်ငါးယောက်ရှိတယ်”
စူးချင်းက ခေါင်းညိတ်ပြလိုက်ပြီး မြို့တံခါးကို စောင့်ကြပ်နေသည့်တပ်သားများအားလုံးကို သတ်ပစ်ရန် တွေးကြည့်လိုက်သည်။ သို့သော် တကွဲတပြား ရှိနေသည့် လူဆယ်ယောက်ကျော်ကို တပြိုင်နက် သတ်ရန်က မဖြစ်နိုင်ပေ။ တစ်ယောက်ယောက်က မောင်းထုပြီး မြို့ထဲမှ အစောင့်များကို အချက်ပေးလိုက်လျှင် မည်သူမျှ သတိမထားမိဘဲ ကလေးများကို မြို့ပြင်သို့ ခေါ်သွားနိုင်မည် မဟုတ်ပေ။
နောက်ဆုံးတွင် စူးချင်းက သူမ ယန်ကျစ်ထံသို့ သတင်းပို့ထားသည့်နည်းလမ်းကိုသာ သုံးရန် ဆုံးဖြတ်လိုက်သည်။
သူမက ရထားလုံးကို အရှေ့ဘက်မြို့ရိုးဆီသို့ မောင်းသွားခဲ့သည်။ မြို့ရိုး၏ထိုနေရာတွင် အစောင့်နှစ်ယောက်သာရှိပြီး အလှည့်ကျ ကင်းလှည့်နေကြသည်။ စူးချင်းက သူတို့နှစ်ယောက်ကို မြှားနှစ်ချောင်းဖြင့် ပစ်သတ်လိုက်သည်။
သူမက ဥသြငှက်၏အသံကို တုပကာ မြို့ပြင်ဘက်သို့ အချက်ပေးလိုက်ပြီး ငြိမ်သက်စွာ နားစွင့်နေခဲ့သည်။
ခဏအကြာတွင် မြို့ပြင်ဘက်မှ ဥသြငှက်၏တွန်သံ သုံးကြိမ်ခန့် ပြန်ကြားလိုက်ရသည်။ ယန်ကျစ် ရောက်ရှိနေပြီ ဖြစ်ကြောင်း အတည်ပြုပြီးနောက် စူးချင်းက ငါးချောင်းချိတ်ကို မြို့ရိုးပေါ်သို့ ပစ်တင်ကာ အမြန် တွယ်တက်လာခဲ့သည်။
မြို့ရိုးအပြင်ဘက်မှ ယန်ကျစ်က လှေကားရှည်တစ်ခု ထောင်ထားပြီး ဖြစ်သည်။ စူးချင်းက ယန်ရုပင်းနှင့် လွမ်ချင်းရှန်တို့ကို လှေကားပေါ်မှတဆင့် မြို့ရိုးပေါ်သို့ တက်နိုင်ရန် ထိုလှေခါးရှည်ကို အတွင်းဘက်သို့ နေရာရွှေ့လိုက်သည်။
လွမ်ချင်းရှန်က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားခဲ့သော်လည်း သူက အံကြိတ်ကာ မြို့ရိုးပေါ်သို့ တက်လာခဲ့သည်။ အပေါ်သို့ ရောက်လာပြီးနောက် သူက မတ်တပ်ပင်မရပ်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
စူးချင်းက ကလေးတစ်ယောက်ကို ပွေ့ချီကာ နောက်ကလေးတစ်ယောက်ကို ကျောပိုးပြီး မြို့ရိုးပေါ်သို့ တက်လာခဲ့သည်။ ကျန်ကလေးများကို စောင့်ရှောက်ရန် လွမ်ဟုန်ကို စောင့်ခိုင်းထားခဲ့သည်။
ကလေးရှစ်ယောက်ကို ဆက်တိုက် ပို့ဆောင်ပေးပြီးနောက် ကျန်ကလေးငယ်လေးဦးသာ ကျန်နေတော့ကြောင်း သူမ တွေ့လိုက်ရသည်။
ထိုအချိန်တွင် ကင်းလှည့်နေသည့် တပ်သားနှစ်ယောက်က သူတို့ဆီသို့ ပြေးလာပြီး အော်မေးလိုက်သည်။
“ဘယ်သူတွေလဲ? ဆင်းခဲ့ကြစမ်း.."