မြန်မြန်ဆန်ဆန် လိုက်လျောညီထွေဖြစ်သွားပြီ
Vol. 21 Ch. 308
ယန်ကျစ်နှင့် စူးဟန်ရွှမ်တို့က အပြင်သို့ အပြေးအလွှား ထွက်လာကြပြီး လွမ်ဟုန်က ကလေးတစ်ယောက်အား ပွေ့ချီထားသည်ကို သူတို့ တွေ့လိုက်ရသည်။ ကလေးက တွန့်လိမ်နေပြီး ပါးစပ်မှ အမြှုပ်များထွက်နေကာ သီလရှင်နှစ်ပါးက ဘေးမှ ကူညီပေးနေသော်လည်း အများကြီး ဘာမှ မလုပ်ပေးနိုင်ဘဲ ကူကယ်ရာမဲ့ ဖြစ်နေကြသည်။
"ကျွန်မတို့ ဘာလုပ်သင့်လဲ? ဆေးကုတက်တဲ့သူ မရှိဘူးလား?"
လွမ်ဟုန်က သီလရှင်များကို တောင်းပန်လိုက်သည်။
ကျေးဇူးရှင်ကြီးက ဒီကလေးတွေကို အရမ်းအားစိုက်ထုတ်ပြီး ကယ်တင်ပေးခဲ့တာလေ၊ တစ်ခုခု အမှားအယွင်း ဖြစ်သွားလို့ မရဘူး။
“မြတ်စွာဘုရား ကရုဏာထားတော်မူပါ”
သီလရှင်ကြီးက ဗုဒ္ဓအမည်ကို ရွတ်ဆိုနေကာ လွမ်ဟုန်၏ ရင်ခွင်ထဲမှ ကလေးကို သနားကြင်နာသောမျက်နှာဖြင့် လှမ်းကြည့်လိုက်သည်။ သူမက ထိုကလေး ရန်သူများနှင့် မြီရှင်များထံ ပြန်လည်မွေးဖွားခြင်း မရှိစေရန် သန့်ရှင်းသည့် ပြန်လည်မွေးဖွားခြင်းမန္တန်ကို စတင်ရွတ်ဆိုနေခဲ့သည်။ ထိုအသံက လွမ်ဟုန်ကို သေလုနီးပါးအထိ စိုးရိမ်သွားစေခဲ့သည်။
ကလေးက ဒီလောက်အပြင်းအထန် ဖျားနာနေတာကို ဒီမန္တန်ကို ရွတ်ဆိုရတဲ့ အဓိပ္ပာယ်က ဘာလဲ?
သီလရှင်ကြီးက မန္တန်ကို ပြီးအောင်ရွတ်ဆိုလိုက်ပြီး “ဖျားနာတဲ့အခါ အမွှေးတိုင်ပြာကို ရေနဲ့ ဖျော်ပြီး တိုက်ရတယ်။ မြတ်စွာဘုရားရဲ့ကောင်းကြီးမင်္ဂလာကြောင့် ရောဂါ ပျောက်ကင်းသွားလိမ့်မယ်”
ထိုသို့ပြောပြီးနောက် သူမက အနီးနားရှိ သီလရှင်ငယ်လေးတစ်ဦးကို အမိန့်ပေးလိုက်သည်။
"ထောင်ရှင်း၊ အမွှေးတိုင်ပြာရေ သွားယူလာခဲ့"
“မယူနဲ့”
လွမ်ဟုန်က ထိုသီလရှင်ကြီးကို လေးစားမှု သိပ်မရှိတော့ဘဲ ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်။
ကလေးက အပြင်းအထန် ဖျားနာနေတာလေ။ အမွေးတိုင်ပြာရေကို သောက်လိုက်ရင် အသက်ဆုံးရှုံးသွားမှာပေါ့။
သီလရှင်ကြီးက စိတ်ကသိကအောက်ဖြစ်သွားပုံရပြီး "ငါတို့အားလုံး ဖျားနာနေချိန်မှာ ဒါကို သောက်ပြီး ကျော်ဖြတ်လာခဲ့တာပဲ"
“ရှင်တို့အားလုံးက လူကြီးတွေလေ။ ဒီလိုကလေးက အဲ့ဒါကို ဘယ်လို ခံနိုင်ရည်ရှိမှာလဲ?”
လွမ်ဟုန်က သီလရှင်ကြီးကို ဒေါသတကြီး ခွန်းတုံ့ပြန်လိုက်သော်လည်း သီလရှင်ကြီးက တခြားဘာမှ ထပ်မပြောဝံ့တော့ပေ။ သူမတို့၏သီလရှင်ကျောင်းက ဒုတိယသခင်ကြီးစူး၏ ငွေကြေးပံ့ပိုးမှုကြောင့် ယခုအချိန်အထိ တည်တံ့နေနိုင်ခြင်း ဖြစ်သည်။
"ရှီအာက ဆေးပညာ တက်ကျွမ်းပေမယ့် ပြန်မလာသေးဘူး"
စူးဟန်ရွှမ်က သူ့သမီးအတွက်လည်း အလွန်စိုးရိမ်နေခဲ့သည်။
သူ့သမီးလေး ဘေးကင်းကင်းနဲ့ ပြန်လာတာကို မမြင်ရသေးသရွေ့တော့ သူ စိတ်အေးအေးထားနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ သူ့သမီးလေးသာ ရှိနေရင် သူမရဲ့ဆေးပညာကျွမ်းကျင်မှုကြောင့် ဒီကလေးကို ကယ်တင်ပေးဖို့က ပြဿနာ မဟုတ်ဘူး။
“ဒုတိယအစ်ကို၊ ကျုပ် ရှီအာကို သွားကြိုလိုက်မယ်"
စူးဟန်ရွှမ် စိတ်ပူနေသည်ကို မြင်နေရသောကြောင့် ယန်ကျစ်က စူးချင်းကို သွားကြိုရန် တောင်ပေါ်မှ ဆင်းဖို့ ကမ်းလှမ်းလိုက်သည်။ စူးဟန်ရွှမ်က ယန်ကျစ်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး ကျေးဇူးတင်စကားပြောလိုက်သည်။
"ကျေးဇူးပဲ"
"ရပါတယ်ဗျာ"
ယန်ကျစ်က သူ့စကားကို တုန့်ပြန်လိုက်ပြီး သီလရှင်ကျောင်းထဲမှ ထွက်ခွာလာခဲ့သည်။
ယန်ရူရွှယ်ကလည်း သူမ၏သမီးအတွက် စိတ်ပူနေပြီး အနားယူရန် ငြင်းဆန်နေခဲ့သည်။ သူမက သီလရှင်ကျောင်း၏တံခါးဝတွင် ရပ်နေကာ သူမဖြစ်သူကို စောင့်မျှော်နေခဲ့သည်။ စူးဟန်ရွှမ်က သူမ၏ဝတ်ရုံကို ဝတ်ဆင်ပေးလိုက်ပြီး သမီးဖြစ်သူ ပြန်လာမည့်အချိန်ကို ဇနီးသည်နှင့်အတူ စောင့်ဆိုင်းနေခဲ့သည်။
ထို့ကြောင့် ရှောင်ချီ လိုက်ထွက်လာသည်ကို မည်သူမျှ သတိမထားမိကြပေ။
ယန်ရုပင်းနှင့် လွမ်ဟုန်တို့က ဖျားနေသည့်ကလေးကို ပြုစုစောင့်ရှောက်ပေးနေခဲ့ပြီး ရှောင်ချန်က ကလေးငိုသံကြောင့် နိုးလာခဲ့သည်။ သူက သူ့မျက်လုံးကို ဖွင့်လိုက်ပြီး ရှောင်ချီကို ထိရန် သူ့လက်ကို ဆန့်လိုက်သည်။ သို့သော် ရှောင်ချီကို မစမ်းမိသောကြောင့် သူ ချက်ချင်း ထထိုင်လိုက်သည်။ သူက သူ၏ လက်ဖောင်းဖောင်းလေးနှစ်ဘက်ဖြင့် သူ့မျက်လုံးများကို ပွတ်သပ်နေရင်း နိုးတစ်ဝက်ဖြင့် သူ့အမေကို လှမ်းခေါ်လိုက်သည်။
"ရှောင်ချန်"
သူမ၏တူလေး နိုးလာသည်ကို မြင်လိုက်ချိန်တွင် ယန်ရုပင်းက သူ့ကို ကြည့်ရှုပေးရန် အလျင်စလို ပြေးသွားလိုက်သည်။ သူမနှင့်လွမ်ချင်းရှန်က ရှောင်ချန်ကို သူမတို့၏သားအရင်းကဲ့သို့ ဆက်ဆံခဲ့ကြသည်။
ထိုသို့မဟုတ်ပါက လွမ်ချင်းရှန်က ကလေးများ၏ မွေးဇာတာကို ပြောင်းလဲပစ်ရန် ကြီးကြီးမားမား စွန့်စားခဲ့မည် မဟုတ်ပေ။ ထိုကိစ္စက သူတို့အားလုံးကို သတ်စေနိုင်သော အန္တရာယ်မျိုး ကျရောက်စေနိုင်သည်။
သို့သော် ယန်ရုပင်းက ထိုကိစ္စအတွက် လုံးဝ နောင်တမရခဲ့ပေ။ သူမ၏ညီမနှင့် မတ်ကလေးအား ရှောင်ချန်ကို ခေါ်ကာ စောစောစီးစီး ထွက်မသွားခိုင်းခဲ့သည့် ကလေးလေး အများကြီး ဒုက္ခရောက်ခဲ့သည်ဟု သူမ တွေးခဲ့သည်။ ထို့ကြောင့် သူမက အပြစ်မကင်းသလို ခံစားနေရပြီး ရှောင်ချန်အတွက် စိတ်မကောင်းဖြစ်ခဲ့ရသည်။
"အဒေါ်"
ရှောင်ချန်က သူ့အဒေါ်ကို မြင်သွားပြီး ဝမ်းသာအားရ အော်ခေါ်လိုက်သည်။ သူက သူ့၏လက်မောင်းတုတ်တုတ်လေးများကို ဖွင့်ထားပြီး အဒေါ်ဖြစ်သူကို ဆီးကြို ပွေ့ဖက်ထားလိုက်သည်။ ယန်ရုပင်းက ကောင်လေးကို ပွေ့ချီကာ အနမ်းပေးလိုက်သည်။
"ဟေး၊ ကော်ဇီ၊ စွန်းဖျင်၊ ရှောင်ချမ်း၊ ဟွားဟွား..."
အခန်းထဲတွင် ရေနံဆီမီးခွက်တစ်ခု ရှိနေပြီး အလင်းရောင် ရနေသောကြောင့် ရှောင်ချန်က ကုတင်ပေါ်တွင် အိပ်နေသော ကလေးများကို မြင်သွားခဲ့သည်။ သူက တချက်ကြည့်ရုံဖြင့် သူနှင့်အတူ ခေါ်ဆောင်သွားခံရသည့် ကလေးများကို မှတ်မိသွားပြီး သူတို့၏အမည်များကို ဝမ်းသာအားရ ခေါ်လိုက်သည်။
နံနက်ပိုင်းတွင် သီလရှင်များက သက်သတ်လွတ် စားစရာများကို ချက်ပြုတ်ကြပြီး ကလေးများ စားရန် ထမင်းဖြူတစ်ဇလုံစာနှင့် ဆားနယ်ထားသော ဟင်းသီးဟင်းရွက်တစ်ပန်းကန် ယူလာပေးခဲ့သည်။
ရှောင်ချန်က စူးချင်း ချန်ထားပေးခဲ့သည့်မုန့်များကို ထုတ်ယူလာပြီး တခြားကလေးများကို ဝေပေးလိုက်သည်။ သူက မိဘများကို တမ်းတကာ ငိုကြွေးနေသည့်ကလေးများကို နှစ်သိမ့်ပေးခဲ့ပြီး ယန်ရုပင်းနှင့် လွမ်ဟုန်တို့ကို အများကြီး ကူညီပေးခဲ့သည်။
ယန်ကျစ်က တောင်ပေါ်မှ ဆင်းလာခဲ့ပြီး လော့ချန်မှ ပြန်လာနေသည့် စူးချင်းနှင့် လမ်းတွင် တွေ့ဆုံခဲ့သည်။ သူမ ဘေးကင်းစွာ ပြန်ရောက်လာသည်ကို မြင်လိုက်ရသောကြောင့် ယန်ကျစ်၏နှလုံးခုန်သံလည်း ငြိမ်သက်သွားခဲ့သည်။ စူးချင်းက သူ့ကို အစ်ကိုယန်ဟု မခေါ်ခင် သူက သူမကို ပြုံးကာ နှုတ်ဆက်လိုက်သည်။
"အကြီးဆုံး တူမ"
စူးချင်းက မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။
"ရှင် သိသွားပြီလား?"
"အင်း ငါ သိပြီးပြီ၊ တူမလေး အဆင်ပြေရဲ့လား? အန္တရာယ်တစ်ခုခု ကြုံခဲ့သေးလား?"
ယန်ကျစ်က လူကြီးတစ်ဦး၏ လေသံဖြင့် စိုးရိမ်တကြီး မေးလိုက်သည်။
“အဆင်ပြေပါတယ်။ ရထားလုံးပေါ်မှာ စားစရာတွေ ရှိတယ်"
စူးချင်းက ခေါင်းယမ်းကာ ရထားလုံး၏ ကန့်လန့်ကာကို ဖွင့်ပြီး ဦးလေးယန်ကို ကူသယ်ပေးရန် မတောင်းဆိုမီ စနစ်ထဲမှ မုန့်ပေါင်းများကို အရင် ပြန်ထုတ်ထားလိုက်သည်။
"အခုမှ အိုးထဲက ထွက်လာပုံပဲ"
ယန်ကျစ်က အငွေ့များ ထွက်နေဆဲဖြစ်သည့် မုန့်ပေါင်းများကို တွေ့သွားပြီး အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ဒီလောက်အေးတဲ့နေ့မှာ လော့ချန်ကနေ တောင်ပေါ်ကို ရောက်လာတာတောင် မအေးသွားသေးဘူးလား?
“ဟုတ်တယ်၊ ရထားလုံးထဲမှာက နွေးထွေးတယ်လေ။ တောင်ပေါ်တက်ကြရအောင်!"
စူးချင်းက ဘာသိဘာသာ ဆင်ခြေပေးလိုက်ပြီး တောင်ပေါ်တက်ရန် မုန့်ပေါင်းတောင်းကို ကျောပေါ်တင်လိုက်သည်။ ယန်ကျစ်က ထိုတောင်းကို လုယူလိုက်ပြီး "ဦးလေးယန် သယ်ပေးမယ်"
စူးချင်း၏ နှုတ်ခမ်းထောင့်က လှုပ်ယမ်းသွားသည်။ ယန်ကျစ်က အစ်ကိုယန်မှ ဦးလေးယန်သို့ အလွန်လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။
တောင်တက်လမ်းတွင် ယန်ကျစ်က စူးချင်း ဘာလုပ်ခဲ့သည်ကို မေးမြန်းလိုက်သည်။
စူးချင်းက ခပ်ပေါ့ပေါ့သာ ပြန်ဖြေလိုက်သည်။
"ကျွန်မ ပြဿနာတစ်ခု ဖြေရှင်းဖို့ သွားခဲ့တာ"
သူမ ဘယ်လို ပြသနာမျိုးကို ကြုံခဲ့ရတာလဲ?
သို့သော်လည်း စူးချင်းက သူမ မည်သည့်ပြသနာကို ဖြေရှင်းခဲ့ကြောင်း စကားတစ်ခွန်းမှ မဟခဲ့ပေ။
သူတို့နှစ်ယောက် သီလရှင်ကျောင်းသို့ ပြန်ရောက်လာချိန်တွင် စူးချင်းက သူမ၏မိဘများ အပြင်တွင် ရပ်နေပြီး တောင်အောက်သို့ လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။ ဆွေမျိုးများထံမှ လွမ်းဆွတ်ခံရသည့် ခံစားချက်က သူမ၏မျက်လုံးများကို အနည်းငယ် မို့ဖောင်းလာစေပြီး သူမ၏နှလုံးသားကို နွေးထွေးသွားစေခဲ့သည်။
“ရှီအာ"
သူမ ပြန်လာသည်ကို မြင်သွားချိန်တွင် ယန်ရူရွှယ်ကလည်း သူမ၏သမီးဆီသို့ ပြေးသွားခဲ့သည်။ စူးဟန်ရွှမ်က သူမ ပြုတ်ကျမည်ကို စိုးရိမ်သွားပြီး သူမကို ကာကွယ်ပေးထားလိုက်သည်။
“အဖေ၊ အမေ”
စူးချင်း၏ လျစ်လျူရှုတတ်သော မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး သူမ၏မိဘများကို လှမ်းခေါ်လိုက်သည့် သူမ၏အသံက မည်မျှချိုမြိန်နေမှန်း သူမကိုယ်တိုင် မသိလိုက်ပေ။
"လာ... အမေ့ကို ကြည့်ခွင့်ပေးပါဦး"
ယန်ရုပင်းက စူးချင်းကို လှမ်းဆွဲကာ ဦးခေါင်းမှ ခြေဖျားအထိ သေသေချာချာ ကြည့်နေပြီး စူးချင်းထံတွင် ထိခိုက်ဒဏ်ရာ မရှိကြောင်း အတည်ပြုပြီးမှ သမီးဖြစ်သူကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။
"အမေက တစ်ညလုံး စိတ်ပူနေတာ"
"သမီးက အဖေနဲ့အမေကို စိတ်ပူအောင်လုပ်ခဲ့မိပါတယ်၊ သမီးက မကောင်းတဲ့သမီးပါ"
စူးချင်းက သူ့အမေကို တောင်းပန်လိုက်ပြီး စူးဟန်ရွှမ်က သူ့သမီးလေးကို ချစ်ခင်မှုအပြည့်ဖြင့် လှမ်းပြောလိုက်သည်။
“သမီးက မကောင်းတဲ့သမီး မဟုတ်ပါဘူး။ အဖေနဲ့ အမေက သမီးအတွက် ဂုဏ်ယူတယ်”
ယန်ရုပင်းနှင့် စူးဟန်ရွှမ်တို့က ရှောင်ချီကို ပိတ်ဆို့ထားခဲ့ပြီး စူးချင်းက ရှောင်ချီ၏ ခေါင်းဖြူဖြူလေး ပေါ်လိုက် ပျောက်လိုက် ဖြစ်နေသည်ကို လှမ်းမြင်လိုက်ရသည်။ ရှောင်ချီက သူမ၏သခင်ကို မြင်နိုင်ရန် စိတ်စောနေပြီး ခုန်ဆွခုန်ဆွ ဖြစ်နေသောကြောင့် စူးချင်းက သူမကို ကြည့်ကာ ရယ်မောလိုက်သည်။
"ရှောင်ချီ၊ ရှောင်ချန်ကို ကာကွယ်ဖို့ နင့်ကို ငါ တောင်းဆိုခဲ့တာ မဟုတ်ဘူးလား?"
သို့သော်လည်း သူမက တည့်တည့်မျက်နှာထားဖြင့် ရှောင်ချီကို တမင်တကာ သင်ကြားပြသပေးလိုက်သည်။ ရှောင်ချီက သူမ၏တောက်ပသော မျက်လုံးကြီးများကို အောက်စိုက်လိုက်ပြီး အပြစ်ရှိနေသည့်အမူအရာလေးဖြင့် ခေါင်းငုံ့ချလိုက်သည်။ သူမက သူမ၏ကြီးမားဖွံ့ဖြိုးသော လက်နှစ်ချောင်းကို လက်ပိုက်ထားပြီး သခင်ဖြစ်သူကို စိတ်ထဲမှ လှမ်းပြောနေခဲ့သည်။
"ရှောင်ချီက သခင့်ကို လွမ်းနေပြီ"
“နောက်တစ်ခါ အဲ့လို မဖြစ်စေနဲ့”
အကောင်ငယ်လေး၏ အပြစ်မကင်း ဖြစ်နေသည့် မျက်ဝန်းများကို မြင်လိုက်ရသောကြောင့် စူးချင်း၏ နှလုံးသားလည်း နာကျင်သွားရသည်။ သို့သော်လည်း သူမက တစ်ခုခု ထပ်ပြောလိုက်သေးသည်။
ရှောင်ချီက သူမရဲ့အမှားကို နားလည်သွားမှ ဖြစ်လိမ့်မယ်။ သူမနဲ့ဝေးနေချိန်မှာ ရှောင်ချန် အန္တရာယ်ရှိလာရင် ဘယ်လိုလုပ်မလဲ?
"ရှောင်ချီ နားလည်ပါပြီ"
ရှောင်ချီက လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး သူမ၏သခင်ကို ကြည့်ကာ စိတ်ရင်းဖြင့် တောင်းပန်နေလေသည်။
"ရှောင်ချီက ရှောင်ချီရဲ့အမှားကို သိပါပြီ"
သူမ၏အမှားကို ဝန်ခံနေသည့် ချစ်စဖွယ်အကောင်ပေါက်လေးကို မည်သူမျှ တင်းခံနိုင်မည် မဟုတ်ပေ။ စူးချင်းက ရှေ့သို့ တိုးသွားလိုက်ပြီး အကောင်ငယ်လေး၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ ရှောင်ချီ၏ မျက်လုံးကြီးများက ချက်ချင်း တောက်ပလာပြီး စူးချင်းကို ဝမ်းသာအားရ မော့ကြည့်လိုက်သည်။
“အဖေ၊ အမေ၊ အမြန်ထုပ်ပိုးလိုက်။ ကျွန်မတို့ ချက်ချင်း ထွက်သွားရမယ်”
စူးချင်းက ခေါင်းမော့လိုက်ပြီး သူမ၏အဖေကို လေးနက်သည့် အမူအရာဖြင့် ကြည့်လိုက်ပြီး သတိပေးလိုက်သည်။ သူမက အရာအားလုံးကို တွက်ချက်ခဲ့ပြီး အကျဉ်းသားများနှင့် စီရင်စုအမတ် ပျောက်ကွယ်သွားကြောင်း ရဲမက်များ တွေ့ရှိသွားပါက မြို့စောင့်တပ်ဖွဲ့ထံသို့ သတင်းပို့မည် ဖြစ်သည်။ မြို့စောင့်များက မြို့ကို ပိတ်ဆို့ကာ ရှာဖွေကြမည်ဖြစ်ပြီ တစ်မြို့လုံးကို ရှာဖွေရန် အနည်းဆုံး နှစ်ရက်လောက် အချိန်ယူရမည် ဖြစ်သည်။ ဝန်ကြီးချုပ်ဝမ်ထံ အစီရင်ခံရန်လည်း ရက်အနည်းငယ်ကြာမည် ဖြစ်ပြီး ဝန်ကြီးချုပ်ဝမ်က နောက်ထပ်လူများ ထပ်လွှတ်ရန်လည်း နောက်ထပ်ရက်အနည်းငယ်ကြာဦးမည် ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရလျှင် သူမတို့ မော့ချန်သို့ ပြန်ရောက်သည်အထိ မည်သည့်အတားအဆီးမျှ မကြုံတွေ့နိုင်ပေ။
သို့သော် ဤသည်မှာ သာမာန်သဘောဖြင့် ခွဲခြမ်းစိတ်ဖြာခြင်းသာဖြစ်ပြီး မြို့စောင့်တပ်ဖွဲ့တွင် အခြားအကြံများ ရှိနေလျှင်ဟု တွေးကာ ကြိုတင်ပြင်ဆင်ထားသင့်သည်။
“ကောင်းပြီလေ”
စူးဟန်ရွှမ်က သမီးဖြစ်သူ၏ အကြံပြုချက်ကို သဘောတူလိုက်သည်။
သူတို့ လော့ချန်ကနေ အမြန်ဆုံးထွက်ခွာမှ ဖြစ်မယ်။
ယန်ရူရွှယ်၏အခန်းထဲမှ ကျင်ငယ်ရည်အိုးကို ကိုင်ရင်း ထွက်လာသည့် လွမ်ဟုန်၏မျက်လုံးများက နီရဲနေလေသည်။ စူးချင်း ခြံဝင်းထဲတွင် ရပ်နေသည်ကို သူမ မြင်လိုက်ချိန်တွင် သူမ စိတ်လှုပ်ရှားစွာဖြင့် ဆီးအိုးကို ဘေးသို့ ပစ်ချကာ စူးချင်းဆီသို့ ပြေးလာခဲ့သည်။