ဝမ်းသာအားရ သွားတွေ့မယ်
Vol. 21 Ch. 309
“ဝမ်းကွဲအစ်မ၊ အစ်မက အရမ်းတော်တာပဲ”
လွမ်ဟုန်က စူးချင်းကို သဘောကျစွာ ကြည့်နေပြီး အကျယ်ကြီး အော်ပြောလိုက်သည်။ စူးချင်းကို ကြည့်နေသည့် သူမ၏မျက်ဝန်းတောက်တောက်လေးများက ကျိရှောင်ယင်၏အကြည့်နှင့် အတူတူပင် ဖြစ်နေခဲ့သည်။
"မင်းလည်း မဆိုးပါဘူး"
လွမ်ဟုန်ကို တွေ့လိုက်ရချိန်တွင် စူးချင်းကလည်း ပြုံးနေခဲ့သည်။ သူမက သူမ၏ ဤညီမဝမ်းကွဲလေးကို သဘောကျနေခဲ့သည်။ သူမက အလိုလိုက်ခံ သခင်မလေး အဖြစ် ကြီးပြင်းလာခဲ့ရသော်လည်း မကောင်းသည့်လူများကို သတ်ရဲသည်အထိ သတ္တိရှိနေခဲ့သည်။
“အစ်မဝမ်းကွဲ၊ ကျွန်မကိုလည်း သိုင်းပညာ သင်ပေးပါ။ ကျွန်မလည်း အစ်မလို အစွမ်းထက်ချင်တယ်"
လွမ်ဟုန်က စူးချင်း၏လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်ထားလိုက်ပြီးမှ သူမ ဆီးအိုးကို ကိုင်ထားခဲ့ကြောင်း မှတ်မိသွားပြီး သူမ၏လက်ကို အလျင်အမြန် ပြန်ဆုတ်သွားခဲ့သည်။ သူမက သူမ၏လက်ကို နောက်ကျောဘက်သို့ ပို့လိုက်ပြီး စိတ်လှုပ်ရှားမှုများ ပြည့်နေသည့် မျက်လုံးလှလှလေးများဖြင့် စူးချင်းကို စိုက်ကြည့်နေခဲ့သည်။
“ကောင်းပြီလေ”
စူးချင်းက အလွယ်တကူ သဘောတူလိုက်သည်။
သူမရဲ့ဒီဝမ်းကွဲကို ကောင်းကောင်းလေ့ကျင့်ပေးလိုက်ရင် သူမရဲ့ဝမ်းကွဲက ကျန်းယွိရန်ထက်တောင် ပိုတော်လာလိမ့်မယ်။
“လောလောဆယ် ဒီအကြောင်း မပြောနဲ့ဦး၊ ရှီအာက တစ်ညလုံး ပင်ပန်းနေပြီ။ တစ်ခုခု စားပြီး အနားယူပါစေ"
ယန်ရူရွှယ်က သူမ၏သမီးလေးအတွက် နာကျင်နေပြီး အိမ်ထဲသို့ ဆွဲခေါ်သွားခဲ့သည်။ စူးချင်းကို တွေ့ပြီးကတည်းက သူမက စူးချင်း၏လက်ကို လုံးဝ လွှတ်မပေးဘဲ သူမ၏သမီး ပြန်ထွက်သွားမည်ကို ကြောက်နေပုံရသည်။
“ကောင်းပါပြီ”
စူးချင်းက ခေါင်းညိတ်လိုက်သည်။ သူမက အပြန်လမ်းတွင် ဗိုက်ဆာနေသောကြောင့် မုန့်ပေါင်းနှစ်လုံး စားခဲ့သေးသည်။ သို့သော်လည်း မိခင်ဖြစ်သူထံမှ ဂရုစိုက်ပေးခံရသည့် ခံစားချက်ကို ငြင်းဆန်ရန် ဝန်လေးနေမိသည်။
ယန်ကျစ်က စူးချင်း ယူလာသည့် မုန့်ပေါင်းများကို လူတိုင်းဆီ ဝေငှလိုက်ပြီး စားသောက်ပြီးသည်နှင့် အပြင်ထွက်ရန် ပြင်ဆင်ကြရမည် ဖြစ်သည်။
မနေ့ညက အဖျားတက်နေခဲ့သည့် ကလေးနှစ်ယောက်က စူးချင်း၏ဆေးကို သောက်ပြီးနောက် အံ့ဖွယ်အရှိန်ဖြင့် ပြန်လည်သက်သာလာခဲ့ကြသည်။ သူတို့က ယာဂုပူပူတစ်ပန်းကန်သောက်ပြီး မုန်းပေါင်းတစ်ဝက် စားကာ ခြံဝင်းထဲတွင် ရှောင်ချန်နှင့်အတူ တက်တက်ကြွကြွ ကစားနေကြသည်။
ကလေးများနှင့် ခရီးသွားရသည်က အလွန် ဒုက္ခများပြီး ပထမဆုံးအနေဖြင့် သူတို့ထံတွင် ရထားလုံး ရှိရမည် ဖြစ်သည်။ ကလေးများက အကြာကြီး လမ်းလျှောက်နိုင်မည် မဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့် စူးချင်းက သူမနှင့်အတူ ရထားလုံးတစ်စီး ယူဆောင်လာခဲ့ပြီး ယန်ကျစ်ကလည်း သူနှင့်အတူ တစ်စီး ယူဆောင်လာခဲ့သည်။ အရွယ်ရောက်ပြီးသူ ငါးဦးနှင့် ကလေးများက ရထားလုံးနှစ်စီးထဲတွင် တိုးကြိတ်ထိုင်နေကြသည်။
စူးချင်းနှင့် ယန်ကျစ်တို့က ရထားလုံးများကို မော့ချန်သို့ ဦးတည်မောင်းနှင်နေခဲ့ကြသည်။
စူးချင်း တွေးထားသလိုပင် သူမတို့ မော့ချန်သို့ ပြန်ရောက်သည်အထိ ရှာဖွေစစ်ဆေးခံရခြင်း မရှိခဲ့သလို နောက်မှ လိုက်လာသည့်သူများကိုလည်း မတွေ့ခဲ့ကြရပေ။ သူမတို့အားလုံး မော့ချန်သို့ ချောချောမောမော ပြန်လာနိုင်ခဲ့ကြသည်။
စူးဟန်ရွှမ်ကတော့ တလမ်းလုံး အသည်းတယားယား ဖြစ်နေခဲ့သည်။
ဖမ်းမိသွားရင် သူတို့မိသားစုတစ်ခုလုံး ပျက်စီးသွားတော့မှာလေ။
နောက်ဆုံး မော့ချန်သို့ ရောက်လာပြီး ရထားလုံးပေါ်မှ ပြန်ဆင်းနိုင်ချိန်မှ တွဲလောင်းကျနေသည့် စူးဟန်ရွှမ်၏နှလုံးက နေရာမှန် ပြန်ရောက်သွားပြီး စိတ်အေးလက်အေး ဖြစ်သွားတော့သည်။
စူးချင်းနှင့် သူမ ခေါ်ထုတ်သွားသည့်သူများအားလုံး အောင်မြင်စွာ လွတ်မြောက်သွားခဲ့သော်လည်း မြို့တော်ရှိ ဝန်ကြီးချုပ်၏အိမ်တော်ကတော့ ကမောက်ကမဖြစ်နေပြီး ကြမ်းပြင်ပေါ်တွင် ပန်ကန်းများ ခွက်များ ပြန့်ကျဲနေလေသည်။
ဝန်ကြီးချုပ်ဝမ်က အတွင်းခန်းအတွင်း၌ ဒေါသတကြီးထိုင်နေပြီး စုံစမ်းစစ်ဆေးရန် သွားခဲ့သော အိမ်တော်ထိန်းနှင့် သူလျှိုများက တုန်တုန်ယင်ယင်ဖြင့် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေကြသည်။ အခြားအစေခံများကလည်း အလွန်ထိတ်လန့်နေပြီး ကျယ်လောင်စွာပင် အသက်မရှုဝံ့ကြတော့ပေ။
ဝန်ကြီးချုပ်ဝမ်က အခန်းအတွင်းရှိ အရာအားလုံးကို ပေါက်ခွဲဖျက်ဆီးထားခဲ့ပြီး သူခါးက ပြင်းပြင်းထန်ထန် နာကျင်လာသောကြောင့် လက်တင်ကုလားထိုင်ပေါ်တွင် ပြန်ထိုင်နေခဲ့ည်။ သူက ဒေါသထွက်နေသလို ကြောက်လည်းကြောက်နေခဲ့သည်။
ဂုဏ်သိက္ခာရှိသော တော်ဝင်ကြင်ယာတော်က အစောင့်အကြပ် ထူထပ်သော နန်းဆောင်ထဲတွင် အန်းမိသားစုမှ ဒုတိယသားဖြစ်သူ၏လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ သူမ၏သက်တော်စောင့်များနှင့် သူမ၏နန်းဆောင်မှ အစေအပါးများ အားလုံး သေဆုံးခဲ့ကြပြီး အန်းမိသားစုမှ ဒုတိယသားကလည်း အဖမ်းမခံဘဲ ပြန်ခုခံသောကြောင့် တော်ဝင်သက်တော်စောင့်များ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ အားလုံးသေဆုံးသွားကြပြီး သက်သေတစ်ခုပင် မကျန်တော့ပေ။
ဤကိစ္စက ဧကရာဇ်မင်းနှင့် သက်ဆိုင်ကြောင်း သူ သိနေသော်လည်း သူ၏သမီးက ကြင်ယာတော်အန်းကို အရင်သတ်ပစ်လိုက်ခြင်း ဖြစ်သည်။ ဧကရာဇ်က သူ့သမီးကို သတ်ခဲ့လျှင်ပင် သူ နားလည်ပေးနိုင်ရမည် ဖြစ်သည်။ လက်ရှိတွင် မြို့တော်က ဧကရာဇ်၏ကမ္ဘာဖြစ်ပြီး သူ့သားက နယ်စပ်တွင် ရှိနေကာ မြို့တော်နှင့် အလှမ်းဝေးကွာနေခဲ့သည်။ သူ ဧကရာဇ်ကို အတင်းအကျပ် စိန်ခေါ်မိလျှင် ဧကရာဇ်က သူ့ကို သတ်ပစ်ရန် တွန်းအားပေးသလို ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ဝန်ကြီးချုပ်ဝမ်က ဤဒေါသကို ခေတ္တမျှ မျိုချထားရုံသာ တက်နိုင်ခဲ့သည်။
ထို့ကြောင့် သူက လူသတ်လက်နက်ကြီးအပေါ် မျှော်လင့်ချက် ပုံအောထားခဲ့သည်။ သူ့ထံတွင် ထိုလူသတ်လက်နက်ကြီးရှိနေသရွေ့ အောင်ပွဲခံနိုင်ရန် သေချာစေမည့် မှော်လက်နက်တစ်ခု ရှိနေမည်ဖြစ်သည်။ သူက သူ့သားကို စစ်တပ်နှင့်အတူ ချက်ချင်း ပြန်လာခိုင်းပြီး ပုန်ကန်စေမည် ဖြစ်သည်။
သို့သော်လည်း ယခင်က သူ စေလွှတ်လိုက်သော လူများ မရောက်ရှိသေးကြောင်းနှင့် လူသတ်လက်နက်ကြီးများကို ဖန်တီးခဲ့သူများ ပြန်ထွက်ခွာပြီ ဖြစ်ကြောင်း လျှို့ဝှက်သတင်းတစ်ခုကို သူ လက်ခံရရှိခဲ့သည်။ ထိုသတင်းက ဝန်ကြီးချုပ်ဝမ်ကို အလွန်ဒေါသထွက်စေခဲ့သည်။ သူက အမှန်တရားကို ရှာဖွေရန် သူ့လူများကို မော့ချန်သို့ စေလွှတ်ပြီး ထပ်မံစုံစမ်းခိုင်းခဲ့သည်။
ရလဒ်အနေဖြင့် သူ လူသတ်လက်နက်ကြီးကို ရှာဖွေရန် မော့ချန်သို့ ထပ်မံစေလွှတ်လိုက်သူများက ကျင့်ချန်၏တရားဝင်လမ်းပေါ်တွင် သေဆုံးနေကြပြီး သူတို့၏အလောင်းများကိုသာ ပြန်တွေ့ခဲ့ရသည်။ ကောင်းစွာလေ့ကျင့်ထားသော ဝမ်မိသားစု၏စစ်သည် နှစ်ဆယ်ကျော်က ထိုကဲ့သို့ အသတ်ခံခဲ့ရသည်။
သို့သော် ထိုကိစ္စကို သူ့ကို ကြောက်လန့်စေရန် မလုံလောက်ပေ။ သူ့ကို ကြောက်လန့်စေသည့်အရာက လော့ချန်မှ အဖြစ်အပျက် ဖြစ်သည်။
တစ်ညထဲတွင် သူ အသစ်ခန့်အပ်ထားသော စီရင်စုအမတ်နှင့် ကလေးများကို ဖမ်းဆီးရန် သူ စေလွှတ်ခဲ့သော ဝမ်မိသားစုစစ်တပ်မှ လက်ရွေးစင်စစ်သည်သုံးဆယ်ကျော် ပျောက်ကွယ်သွားခဲ့သည်။ သူတို့ သေသည် ရှင်သည်ကိုပင် မသိနိုင်ဘဲ မြို့စောင့်တပ်ဖွဲ့များကလည်း သူတို့ ပြန်ထွက်သွားသည်ကို မတွေ့လိုက်ကြပေ။ သူတို့က တစ်မြို့လုံးကို ဇောက်ထိုးလှန်ပြီး ရှာဖွေခဲ့ကြသော်လည်း အလောင်းများကိုပင် ရှာမတွေ့ခဲ့ပေ။
ထိုအချိန်တွင် ဧကရာဇ်က သူ၏လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေပြီး ဧကရာဇ်ထံတွင် မည်သူမျှမသိဘဲ လူများကိုသတ်နိုင်သည့် လျှို့ဝှက်တပ်ဖွဲ့တစ်ခုရှိနေနိုင်သည်ဟု သူ သံသယဝင်လာခဲ့သည်။
ယင်းက ဝန်ကြီးချုပ်ဝမ်ကို အလွန်အမင်း ထိတ်လန့်စေခဲ့သည်။
တကယ်လို့ ဧကရာဇ်က အဲ့လိုထိပ်တန်းအင်အားတစ်ခု မြှင့်တင်ထားနိုင်ပြီ ဆိုရင် ဧကရာဇ်အနေနဲ့ သူကို သတ်ဖို့က လက်ဖဝါးကို လှန်လိုက်သလို လွယ်ကူနေမှာ မဟုတ်ဘူးလား?
လူသတ်လက်နက်ကို လုပ်တဲ့ လူတွေ ပျောက်ကွယ်သွားပြီလို့ မော့ချန်က သူလျှိုက အစီရင်ခံခဲ့တယ်။ အခု တွေးကြည့်လိုက်တော့ ဧကရာဇ်က အဲ့လူကို ထိန်းသိမ်းသွားတာတောင် ဖြစ်နိုင်သေးတယ်။
ထိုသို့ ခံစားလိုက်မိချိန်တွင် ဝန်ကြီးချုပ်ဝမ်က ဧကရာဇ်၏လက်ထဲ၌ ဤမျှအစွမ်းထက်သောလက်နက်ရှိမည်ကို တွေးကာ ထိတ်လန့်နေပြီ ဖြစ်သည်။
မဟုတ်ဘူး... မဖြစ်သေးဘူး... ဧကရာဇ်ဘက်မှာ လက်နက်ကြီးတွေ မလုပ်နိုင်ခင် သူ့သားကို ပုန်ကန်ခိုင်းရမယ်။ သူ မစောင့်နိုင်တော့ဘူး။ ကြာကြာစောင့်နေရရင် ပိုဒုက္ခရောက်လိမ့်မယ်။
နောက်တစ်နေ့တွင် ဝန်ကြီးချုပ်ဝမ်က သူ၏ဖခင် အတွက် နှစ်ပတ်လည်ပွဲ ကျင်းပရန်နှင့် စုတောင်းပွဲ ပြုလုပ်ရန် ဘုရင်မင်းမြတ်ထံ တောင်းဆိုခဲ့သည်။
တာ့ရှားပြည်ထောင်က သားသမီးဝတ်ကို အလွန်တန်ဖိုးထားခဲ့ပြီး လူကြီးသူမတစ်ဦး ဆုံးပါးသွားပါက အငယ်များက မည်မျှကြီးကျယ်ခမ်းနားနေသည်ဖြစ်စေ ဝတ်ကြီးဝတ်ငယ်အပြည့်ဖြင့် ကိုးကွယ်မှုကို သုံးနှစ်ကြာအောင် ထိန်းထားရမည် ဖြစ်သည်။ ယေဘူယျအားဖြင့် ဧကရာဇ်က သူ့၏ထွက်ခွာခွင့်ကို အကြောင်းပြချက်မရှိ သဘောတူရမည် ဖြစ်သည်။
ဤသည်မှာ ဝန်ကြီးချုပ်ဝမ်၏ဦးနှောက်မှ ဖျစ်ညှစ်ထုတ်ထားသည့် နည်းလမ်းလည်း ဖြစ်သည်။ ဧကရာဇ်အနေဖြင့် အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံး၏ ရှေ့မှောက်တွင် သူ့ကို သဘောမတူဘဲ ငြင်းဆိုပါက ဝေဖန်မှုကို ဆွဲဆောင်နိုင်မည့်ဖြစ်သည်။
ဧကရာဇ်က ဝန်ကြီးချုပ်ဝမ်ကို မှုင်းညို့သောအမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။ တော်ဝင်ကြင်ယာတော်ဝမ်ကို သတ်လိုက်စဥ်ကတည်းက ဧကရာဇ်က ဝမ်မိသားစု ပုန်ကန်မည်ကို စိုးရိမ်နေပြီး ဝန်ကြီးချုပ်ဝမ်၏ လှုပ်ရှားမှုတိုင်းကို တိတ်တဆိတ် စောင့်ကြည့်ခဲ့သည်။
သူက ဝန်ကြီးချုပ်ဝမ်ကို ဝမ်ယွိလင်ထံ သတင်းပိုခွင့်မပြုနိုင်ပေ။ စာပို့ခိုများ ဝမ်မျိုးနွယ်၏နယ်နမိတ်မှ ပျံသန်းလာသရွေ့ ၎င်းကို ကြားဖြတ်ရန် သူ့လူများကို စေလွှတ်ထားပြီး ဖြစ်သည်။
မနေ့ညက ကြားဖြတ်ဖမ်းယူနိုင်ခဲ့သည့် သတင်းက အမှန်တကယ် သူ တွေးထားသည့်အတိုင်းဖြစ်နေပြီး ဝမ်မျိုးရိုးက ပုန်ကန်ရန် မစောင့်နိုင်တော့ပေ။
ထို့ကြောင့် သူက ဝန်ကြီးချုပ်ဝမ်ကို မည်သိုနည်းနှင့်မျှ မြို့တော်မှ ထွက်ခွာခွင့်မပေးနိုင်ပေ။
ဝန်ကြီးချုပ်ဝမ် သူ့လက်ထဲတွင် ရှိနေသရွေ့ ဝမ်ယွိလင်က ပုန်ကန်ဝံ့မည် မဟုတ်ပေ။
“ကျန်းရဲ့လေးစားရတဲ့ အမတ်ကြီး၊ ကျန်းက အမတ်ကြီးရဲ့ ဝတ်ပြုဆုတောင်းချင်စိတ်နဲ့ ရိုသေမှုကို နားလည်ပါတယ်၊ ဒါပေမယ့် မကြာသေးခင်ကပဲ ညီလာခံမှာ တိုင်းရေးပြည်ရေးတွေနဲ့ ရှုပ်ပွနေပြီး ကျန်းက အမတ်ကြီးရဲ့အကူအညီကို မဖြစ်မနေ လိုအပ်နေသေးတယ်၊ ဝန်ကြီးချုပ်ဖြစ်တဲ့ အမတ်ကြီးက တိုင်းပြည်ရဲ့အရေးကို ဦးစားပေးဆောင်ရွက်မယ်လို့ ကျန်း မျှော်လင့်မိတယ်၊ နောက်နှစ်မှာ ဆုတောင်းပွဲကို သွားလည်း အရမ်းနောက်ကျမှာ မဟုတ်ပါဘူး”
ဧကရာဇ်မင်းက တိုင်းရေးပြည်ရာများ ရှုပ်ထွေးနေသည်ဟု အကြောင်းပြကာ သူ့ကို ငြင်းပယ်နေသောကြောင့် ဝန်ကြီးဝမ်က ပို၍ပင် ထိတ်လန့်နေခဲ့သည်။ ဧကရာဇ်မင်းမြတ်က သူ့ကို ချုပ်နှောင်ထားပြီး ဓားစာခံအဖြစ် အသုံးပြုရန် ဆုံးဖြတ်ထားပုံရသည်။
“တိုင်းပြည် ရှုပ်ထွေးနေအချိန်မှာ ဒီအရာရှိက ဧကရာဇ်မင်းမြတ်ရဲ့စိုးရိမ်မှုကို မျှဝေပေးသင့်ပါတယ်၊ ဒါပေမယ့် မနေ့ညက အိပ်မက်ထဲမှာ အဖေက ဘာလို့ မတွေ့ရတာကြာနေတာလဲလို့ မေးခဲ့တယ်။ ဒီအရာရှိအိုကြီးရဲ့ နှလုံးသားက မခံမရပ်နိုင်အောင် ဝမ်နည်းနေမိပါတယ်။ အဲ့တာကြောင့် ဧကရာဇ်မင်းမြတ်က ဒီအရာရှိအိုကြီးရဲ့ ဝတ်ပြုကိုးကွယ်မှုကို လက်ခံနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ထိုသို့ပြောပြီးသည်နှင့် ဝန်ကြီးချုပ်ဝမ်က ညီလာခံရှိ သူယုံကြည်ရသော လက်အောက်ငယ်သားများကို ဘေးတိုက်ကြည့်လိုက်သည်။ ထိုလူများက ချက်ချင်း နားလည်နိုင်ကြပြီး ဝန်ကြီးချုပ်ဝမ်ကို ကူညီရန် ခြေလှမ်းပြင်လိုက်ကြသည်။
“အရှင်မင်းမြတ်၊ ဝတ်ပြုကိုးကွယ်မှုက တာ့ရှားပြည်ထောင်ရဲ့အရေးကြီးဆုံးအရာပါ။ ကျေးဇူးပြုပြီး ဝန်ကြီးချုပ်ဝမ်ရဲ့ ကြည်ညိုလေးစားမှုကို ဖြည့်ဆည်းပေးပါ”
"အရှင်မင်းမြတ်၊ ဝန်ကြီးချုပ်ဝမ်ရဲ့ ကြည်ညိုလေးစားမှုကို ဖြည့်ဆည်းပေးပါ"
တစ်စုံတစ်ယောက်က စပြောလိုက်သည်နှင့် ကျန်လူများက ဝန်ကြီးချုပ်အား အပြစ်ပြုမိမည်ကို စိုးရိမ်ပြီး အတူတကွ လျောက်တင်ကြတော့သည်။
ဧကရာဇ်က သူ့ဘက်တွင် မရှိသည့် သူ့၏အမှုထမ်းမျာကို ကြည့်နေပြီး သူ့၏အမူအရာက မည်းမှောင်လာခဲ့သည်။
သူတို့က သူတို့ရဲ့အကျိုးအမြတ်အတွက် တရားမျှတမှုကို စွန့်ပယ်ချင်နေကြတာလား? တော်ဝင်တရားရုံးရဲ့ လစာကို စားနေရင်းနဲ့ ရွံရှာဖွယ်ကောင်းတဲ့ ဒီလူအိုကြီး ဝမ်ရှန်းချန် သူ့ကို ဆန့်ကျင်ဖို့ ကြိုးစားနေတာကို ကူညီပေးနေကြတာလား?
“ဝန်ကြီးချုပ်ဝမ်ရဲ့ ဝတ်ပြုဆုတောင်းမှုကို ဖြည့်ဆည်းပေးဖို့ မင်းတို့က ကျန်းကို ဆက်တိုက် တောင်းဆိုနေကြတယ်။ ကောင်းပြီလေ၊ ပုန်ကန်တဲ့ ကပ်ဘေးဒုက္ခသည်တွေရဲ့ ပြဿနာကို ဘယ်သူက ဖြေရှင်းပေးမှာလဲ? ဟူလူမျိုးတွေနဲ့ တာ့တန်တွေ ကျူးကျော်မှုပြဿနာကို ဘယ်သူက ဖြေရှင်းပေးနိုင်မှာလဲ? မိုးခေါင်မှုကြောင့်ဖြစ်နေတဲ့ ကောက်ပဲသီးနှံတွေ ပျက်ဆီးမှုပြဿနာကို ဘယ်သူက ဖြေရှင်းပေးနိုင်မှာလဲ? မောင်မင်းတို့က ကျန်းရဲ့စိုးရိမ်မှုတွေကို ကူညီဖြေရှင်းပေးနိုင်ရင် ကျန်းက ဝန်ကြီးချုပ်ဝမ်ကို လွှတ်ပေးနိုင်ပါတယ်”
ဧကရာဇ်က ထိုသို့ ပြောလိုက်သည်နှင့် ညီလာခံတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားပြီး အပ်ကျသံကိုပင် ကြားနိုင်လောက်သည်။
“အမိန့်တော် ချမှတ်မယ်၊ ကျန်းက တော်ဝင်ရုံးတော်မှာ အသုံးမကျတဲ့လူတွေကို ချန်ထားခမှာ မဟုတ်ဘူး။ ဝန်ထမ်းရေးရာဝန်ကြီး ကျန်းချောင်ဟိုင်နဲ့ လက်ထောက် လီဖေးတို့က အရည်အချင်း မရှိဘူး။ တိုင်းသူပြည်သားတွေရဲ့ပူပန်မှုတွေကို မမျှဝေပေးနိုင်သလို ပြည်သူတွေကို အကာအကွယ်မပေးနိုင်ကြဘူး၊ သူတို့ကို ရာထူးကနေ ထုတ်ပယ်ပြီး နောက်ဘယ်တော့မှ ရာထူးပြန်မခန့်တော့ဘူး”
ဧကရာဇ်က ဝမ်ရှန်းချန်၏စွမ်းဆောင်ရည်ရှိသော လက်အောက်ငယ်သားနှစ်ဦးကို အာဏာပြကာ ဖြုတ်ချလိုက်သောကြောင့် ညီလာခံရှိ အရာရှိများအားလုံး ကြောက်လန့်တကြား နှုတ်ဆိတ်သွားကာ ဝမ်ရှန်းချန်ကို ပွင့်ပွင့်လင်းလင်း မကူညီဝံ့ကြတော့ပေ။
တော်ဝင်နန်းတွင်းအတွင်း ပွင့်လင်းမြင်သာစွာ ငြင်းခုန်နေကြချိန်တွင် စူးချင်းက သူမ၏မိဘများနှင့် ကလေးများကို မော့ချန်သို့ ဘေးကင်းကင်းဖြင့် ခေါ်ဆောင်သွားနိုင်ခဲ့သည်။ စူးချင်း ပြန်လာကြောင်း ကျိရွှေရှန့် သိသွားခဲ့ပြီး သူမကို တွေ့ရန် ဝမ်းသာအားရ ပြေးထွက်လာခဲ့သည်။