← Chapters

နေရောညပါ ချင်းအာအကြောင်း တွေးနေခဲ့တယ်

Vol. 21 Ch. 310

နေရောညပါ ချင်းအာအကြောင်း တွေးနေခဲ့တယ်

Vol. 21 Ch. 310

စူးချင်းက သူမ၏မိဘများကို စီရင်စုရုံးတော်သို့ တိုက်ရိုက်ခေါ်လာခဲ့သည်။ သူမ၏မိဘများက အဆင့်တန်းမြင့်မြင့် နေထိုင်လေ့ရှိကြပြီး အေးစက်နေသည့် ရွှံ့အိမ်နိမ့်နိမ့်လေးတွင် နေနိုင်မည် မဟုတ်ပေ။ သူမကလည်း သူမ၏မိဘများ ဒုက္ခခံနေရမည်ကို မကြည့်ရက်နိုင်ပေ။

သူမက သူမ၏မိဘများကို ရုံးတော်တွင် ခေတ္တနေထိုင်စေပြီး သူတို့အတွက် အိမ်ဆောက်ပေးရန် အကောင်းဆုံးတည်နေရာကို ချက်ချင်း ရှာဖွေရမည် ဖြစ်သည်။

အခု‌တော့ သူမက သူမရဲ့မိဘတွေအတွက် အကောင်းဆုံးဘဝကို ပေးနိုင်ပြီပေါ့။

"စူးချင်း"

ကျိ‌ရွှေရှန့်က အပြုံးဖြင့် ရုံးတော်ထဲသို့ ၀င်လာခဲ့သည်။ သူ နေ့ရောညပါ တမ်းတနေခဲ့ရသည့် သူ့ချင်းအားကို ကြည့်နေသည့် ကျိရွှေရှန့်၏မျက်လုံးများတွင် ကြယ်ရောင်များ လင်းလက်နေပြီး အပြုံးရိပ်များ ပြည့်လျှံနေလေသည်။

သူမကို မတွေ့ရတာ ကြာနေပြီ။ သူမကို တစ်ရက်မတွေ့ရတာက သုံးနှစ်လောက် ဝေးကွာနေတယ်လို့ ခံစားရ‌စေတယ်။ နေ့ခင်းဘက်တွေမှာ သူ အလုပ်များနေလို့ ဘာမှ သိပ်မတွေးနိုင်ပေမယ့် ညဘက် ငြိမ်သက်သွားတိုင်း သူမကို လွမ်းတဲ့စိတ်က ဒီရေတက်သလို တိုးပွားလာတတ်တယ်။

"ရွှေရှန့်"

စူးချင်းကလည်း သူ့ကို တွေ့လိုက်ရသောကြောင့် ဝမ်းသာနေလေသည်။ သူမ ကျိရွှေရှန့်ကို ကြည့်သည့်ပုံက တခြားသူများကို ကြည့်ပုံနှင့် လုံးဝ မတူပေ။ သူမ၏စိတ်ထဲတွင် ကြည်နူးမှုများ ရှိနေသောကြောင့် သူမ၏မျက်လုံးထဲတွင် အပြုံးရိပ်များ ရှိနေခဲ့သည်။

"ပင်ပန်းနေပြီလား?"

ကျိ‌ရွှေရှန့်ကလည်း စူးချင်းကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေပြီး သူမမျက်နှာမှ အကြည့်လွှဲရန် တွန့်ဆုတ်နေပုံဖြင့် စူးစူးစိုက်စိုက် ကြည့်နေလေသည်။ စူးချင်းက ယောက်ျားတစ်ယောက်ကဲ့သို့ ၀တ်ဆင်ထားဆဲဖြစ်သော်လည်း သူ့မျက်လုံးများက မပြောင်းလဲဘဲ လနှင့် ကြယ်များကဲ့သို့ တောက်ပနေလေသည်။

"အင်း၊ နည်းနည်းပေါ့"

စူးချင်းက ခေါင်းညိတ်လိုက်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း သူမ အလုပ်များနေခဲ့ပြီး ဟိုပြေးသည်ပြေး ဖြစ်ခဲ့ရသည်။ လူများကို ကယ်တင်ရသည့်အပြင် ထမင်းချက်‌ရော လှည်းမောင်းသမားပါ လုပ်ခဲ့ရသည်။ ကျိ‌ရွှေရှန့်ကို တွေ့လိုက်ချိန်တွင် သူမ ပင်ပန်းလာသလို ခံစားလိုက်ရသည်။

စူးဟန်ရွှမ်က ဖုန်များ ပေလူးနေသည့်မျက်နှာဖြင့် ရထားလုံးပေါ်မှ ဆင်းလာခဲ့ပြီး သူလည်း အနည်းငယ် ပင်ပန်းနေပုံရသည်။ မည်သို့ပင်ဖြစ်စေ သူက ငယ်ရွယ်သူများထက် အသက်ကြီးပြီး ခရီးရှည်ကြီးကို ဖြတ်ကျော်လာပြီးနောက် သူ၏အရိုးအိုများက တောင့်ခံနိုင်ခြင်း မရှိတော့ပေ။

စူးဟန်ရွှမ်က ကျိ‌ရွှေရှန့်တစ်ယောက် သူ့သမီးလေးအား ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ကြည့်နေသည်ကို သတိပြုမိသွားပြီး သူ့သမီးလေး၏စေ့စပ်ကြောင်းလမ်းမှုကို ပြန်တွေးမိသွားတော့သည်။

သူက ကျိ‌ရွှေရှန့်ကို အရမ်းသဘောကျပေမယ့် သူ့စကားကိုတော့ ပြန်ပြင်ဖို့ မဖြစ်နိုင်ဘူး။ ကံကြမ္မာက လူတွေကို လှည့်စားနေတာလို့ပဲ သူ ပြောနိုင်တော့တယ်။

"ရွှေရှန့်"

စူးဟန်ရွှမ်က ကျိ‌ရွှေရှန့်နှင့် သူ့သမီးကြားတွင် တည်တည်ငြိမ်ငြိမ် ဝင်ရပ်လိုက်ပြီး သူ့ကို ပြုံးပြကာ နှုတ်ဆက်လိုက်သည်။

"ဒုတိယသခင်ကြီးစူး"

ဒုတိယသခင်ကြီးစူးကို မြင်လိုက်ရသောကြောင့် ကျိ‌ရွှေရှန့်၏မျက်လုံးများက တောက်ပလာပြီး သူ့ကို စိတ်လှုပ်ရှားစွာ နှုတ်ဆက်လိုက်သည်။ သူက လော့ချန်တွင် ဒုတိယသခင်ကြီးစူးနှင့် တစ်ရက်သာ တွေ့ဆုံခဲ့ရသော်လည်း သူတို့က နှစ်ပေါင်းများစွာ သိကျွမ်းခဲ့ကြသည့် သူငယ်ချင်းကောင်းများကဲ့သို့ တစ်ယောက်ကို တစ်ယောက် လေးစားခင်မင်ခဲ့ကြသည်။

ဒုတိယသခင်ကြီးစူး မော့ချန်ကို ရောက်လာတာ အရမ်းကောင်းတယ်။ သူတို့ အတူတူ အေးအေးဆေးဆေး သောက်လို့ရပြီ။

ကျိ‌ရွှေရှန့်၏ စိတ်အားထက်သန်နေသော မျက်လုံးများကို မြင်လိုက်ရချိန်တွင် စူးဟန်ရွှမ်လည်း အနည်းငယ် ဝမ်းနည်းသွားခဲ့သည်။

သူ့သမီးလေးသာ မစေ့စပ်ထားခဲ့ရင် ရွှေရှန့်က သူ့သမီးလေးကို အပ်နှင်းသင့်တဲ့ လူကောင်းတစ်ယောက် ဖြစ်မှာ အသေအချာပဲ။ အခုတော့ စိတ်မကောင်းစရာပဲ။

လွမ်ဟုန်နှင့် သူမ၏မိဘများလည်း ရထားလုံးပေါ်မှ ဆင်းလာခဲ့ကြသည်။ ယန်ကျစ်က ကလေးများ ရထားလုံးပေါ်မှ ဆင်းနိုင်ရန် ကူညီပေးနေခဲ့သည်။ ထိုမြင်ကွင်းက အလွန်ကြီးကျယ်ခမ်းနားနေပြီး ကလေးဆယ်ယောက်ကျော်က ခြံဝင်းထဲတွင် ရပ်နေကာ လွမ်ဟုန်၏နောက်တွင် ပုန်းနေရင်း ကျိ‌ရွှေရှန့်ကို ချောင်းကြည့်နေကြသည်။ ရှက်ကြောက်တတ်သူတချို့က လွမ်ဟုန်၏အဝတ်အစားများကိုပင် တင်းတင်းကြပ်ကြပ် ဆွဲထားကြသည်။

ကလေးများ၏အမြင်တွင် လွမ်ဟုန်က ​​ယုံကြည်ရဆုံးသူ ဖြစ်ပြီး သူမက သူတို့ကို အကျဥ်းထောင်ထဲမှ ခေါ်ထုတ်ပေးခဲ့သူဖြစ်သည်။

ယန်ရူရွှယ်နှင့် ရှောင်ချန်တို့က ရထားလုံးထဲမှ နောက်ဆုံးမှ ထွက်လာခဲ့ကြသည်။ ရှောင်ချန်က အခြားကလေးများထက် ရဲရင့်ပြီး ကျိ‌ရွှေရှန့်က သူ့အဖေနှင့် စကားပြောနေသည်ကို မြင်လိုက်ချိန်တွင် သူက ခြေတိုတိုလေးများဖြင့် ပြေးလာပြီး ကျိ‌ရွှေရှန့်ကို ကြည့်ရန် သူ့ခေါင်းလေးကို ရှေ့ထုတ်လိုက်သည်။ သူ့၏တောက်ပနေသော မျက်လုံးလေးများတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေပြီး သူက ချစ်စရာကောင်းသော အသံလေးဖြင့် ချစ်စဖွယ် လှမ်းမေးလိုက်သည်။

"မင်းက ဘယ်သူလဲ?"

"ဟား ဟား၊ ငါက မင်းရဲ့အကိုကြီးပါ!"

ကျိ‌ရွှေရှန့်ကလည်း ဖြူစင်သော မျက်လုံးကြီးများနှင့် ကြွေရုပ်ကဲ့သို့ ချစ်စဖွယ် မျက်နှာရှိသည့် ချောမောသော ကောင်လေးကို လှမ်းကြည့်ကာ ပြန်ပြုံးပြလိုက်သည်။

ဒါက ဘယ်သူ့ကလေးလဲ? နှစ်သစ်ကူးပန်းချီကားတွေထဲက ကလေးတွေထက်တောင် ပိုချစ်စရာကောင်းနေသေးတယ်။

"အစ်ကိုကြီး"

ရှောင်ချန်က သူ့ကို သူစိမ်းတစ်ယောက်ဟု မတွေးခဲ့ပေ။ ကျိ‌ရွှေရှန့်က သူ့ကို သဘောကျနေကြောင်း သူ နားလည်နိုင်ပြီး “အစ်ကိုကြီး”ဟု ချိုချိုသာသာ ပြန်ခေါ်လိုက်သည်။

ယန်ရူရွှယ်က အပြင်းအထန် နေမကောင်း ဖြစ်ခဲ့ရာမှ ပြန်လည်သက်သာလာစဖြစ်ပြီး ခရီးအကွာအဝေးကြောင့် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ စူးချင်းက မိခင်ဖြစ်သူ၏ ပင်ပန်းနွမ်းနယ်နေသည့်အမူအရာကို မြင်လိုက်ပြီး သူမကို ကူတွဲကာ အကြံပေးလိုက်သည်။

"အမေ၊ အထဲဝင်ပြီး အနားယူလိုက်ပါလား?"

စူးချင်းထံမှ ‘အမေ’ ဟူသော ခေါ်သံကို ကြားလိုက်ရချိန်တွင် ကျိ‌ရွှေရှန့်၏မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။ သို့သော် သူက သူ့အမူအရာကို ချက်ချင်းပြန်ထိန်းလိုက်သည်။

ထို 'အမေ' ဟူသော စကားလုံးက အဘယ်ကြောင့် ဖြစ်တည်လာမှန်း သူ မသိသော်လည်း စူးချင်းက သူမ၏အမေအပေါ် ချစ်ခင်တွယ်တာသည့် ခံစားချက်များ ရှိနေသည်ကို သူ မြင်နေရပြီး ထိုအမျိုးသမီးက စူးချင်း၏အမေ ဖြစ်ကြောင်း သူ နားလည်သွားခဲ့သည်။

သူကိုယ်သူ အမြဲတမ်း ယုံကြည်မှုရှိနေခဲ့သည့် ကျိ‌ရွှေရှန့်က ​​သူ့၏ယုံကြည်မှုကို ပထမဆုံးအကြိမ် ဆုံးရှုံးသွားခဲ့သည်။

သူ စူးချင်းရဲ့အမေနဲ့ ရုတ်တရက် တွေ့ဆုံဖို့ လုံးဝ အဆင်သင့် မဖြစ်သေးဘူး။ သူ့ရဲ့အနာဂတ်ယောက္ခမက သူ့ကို သဘောမကျမှာကို သူ စိုးရိမ်တယ်။

“ကောင်းသားပဲ”

ယန်ရူရွှယ်က လမ်းလျှောက်ရန်ပင် ခွန်အား မရှိတော့ပေ။ ဤလေးငါးရက်အတွင်း သူမက ရထားလုံးပေါ်တွင် ထိုင်၍ဖြစ်စေ တောထဲ၌ စခန်းချ၍ဖြစ်စေ ခရီးဆက်ခဲ့ရပြီး သူမအတွက် အလွန်ခက်ခဲခဲ့သည်။

ယန်ရူရွှယ်၏ ခန္ဓာကိုယ်က အားနည်းနေဆဲဖြစ်ပြီး အအေးမိရန် လွယ်ကူသလို အအေးဒဏ်ကိုလည်း မခံနိုင်ပေ။ စူးချင်းက မိခင်ဖြစ်သူ၏လက်များ ရေခဲကဲ့သို့ အေးစက်နေသည်ဟု ခံစားနေရပြီး သိုးမွှေးစောင်အနည်းငယ်ကို ကုတင်ပေါ်တွင် အမြန် ဖြန့်ခင်းလိုက်ပြီးမှ သူမ၏အမေနှင့် အဒေါ်ကို ထိုင်ခိုင်းလိုက်သည်။ သူမက မြေခွေးသားမွေးဖြင် ပြုလုပ်ထားသော အင်္ကျီများကိုလည်း ရှာဖွေထုတ်ယူလာခဲ့သည်။ ထိုအင်္ကျီများက လော့ချန်တွင် ရောင်းချရန် စူးချင်း ပုံစံထုတ်ကာ ကနဦး ချုပ်လုပ်ထားသော အထည်များ ဖြစ်သည်။ ယခုအချိန်တွင် ထိုအထည်များက သူမ အမေနှင့် အဒေါ်တို့အတွက် အရင် အသုံးဝင်သွားခဲ့သည်။

စူးဟန်ရွှမ်က စူးချင်း၏ဖခင်ဖြစ်နိုင်ကြောင်း တွေးမိသွားချိန်တွင် ကျိ‌ရွှေရှန့်က သူ့ကို ပို၍ပင် လေးစားလာခဲ့သည်။ အရှေ့ဘက်ခန်းတွင် လူများပြည့်နေသဖြင့် သူက စူးဟန်ရွှမ်နှင့် လွမ်ချင်းရှန်တို့ကို အနောက်ဘက်အခန်းသို့ ဖိတ်ခေါ်လာခဲ့သည်။

လွမ်ချင်းရှန်က ဤခရီးတစ်လျောက်လုံး ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို ခံစားနေခဲ့ရသည်။

တကယ်လို့ သူ ဒီလိုပုံစံနဲ့ လွတ်မြောက်လာနိုင်ခဲ့ရင်တောင် သူက ပြည်ပြေးဖြစ်ပြီ၊ သူ ဘယ်တော့မှ အရာရှိဘဝကို ပြန်သွားနိုင်မှာ မဟုတ်တော့ဘူးလို့ သူ တွေးခဲ့မိတယ်။

ဒါပေမယ့် မော့ချန်ကို ရောက်တာနဲ့ စီရင်စုရုံးတော်မှာ နေရမယ်လို့ သူ မမျှော်လင့်ခဲ့မိထားဘူး။ သူ ပိုပြီး စိတ်မသက်မသာ ဖြစ်လာပြီ။ ဒါကို ပုန်ကန်မှုလို့ ယူဆလို့ ရနေပြီ မဟုတ်ဘူးလား?

အခန်းထဲတွင် မီးဖိုတစ်ခုသာ ရှိသော်လည်း ကျိ‌ရွှေရှန့်က တွေးတောတက်ပြီး အခန်းနှစ်ခန်းလုံး၏ အုတ်ကုတင်များကို အပူပေးထားခဲ့သည်။ ထို့ကြောင့် အခန်းများက နွေဦးကဲ့သို့ နွေးထွေးနေပြီး ယန်ရူရွှယ်က ပူနွေးသော အုတ်ကုတင်ပေါ်တွင် ထိုင်နေကာ ပို၍နွေးထွေးစေရန် သကြားညိုထည့်ထားသည့် ရေနွေးပူပူကို သောက်နေခဲ့သည်။

“အစ်မစူးချင်း၊ ကျွန်မ မုန့်ပေါင်းတွေ လုပ်ထားတယ်။ မုန့်ပေါင်းတွေက ပူနေတုန်းပဲ!"

ကျိရှောင်ယင်က စူးချင်းကြိုတင်ပို့ထားသည့် စာကို ရရှိပြီးကတည်းက ဤနေရသို့ ပြန်ပြောင်းလာကာ အခြေချနေထိုင်ခဲ့ခြင်း ဖြစ်သည်။ ဧည့်သည်များ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် သူမက လတ်လတ်ဆတ်ဆတ် ပေါင်းထားသော သိုးသားမုန့်ပေါင်းများကို သယ်ဆောင်လာရင်း ဝမ်းသာအားရ အော်ပြောလိုက်သည်။ သိုသော် မြင့်မြတ်သော သခင်မနှစ်ယောက်ဖြစ်သည့် ယန်ရူရွှယ်နှင့် ယန်ရုပင်းတို့နှင့်အတူ မီးတောက်လေးကဲ့သို့ တောက်ပနေသော လွမ်ဟုန်ကို တွေ့လိုက်ရချိန်တွင် ကျိရှောင်ယင်က ချက်ချင်း သတိအနေအထား ဖြစ်သွားခဲ့သည်။

သူမက ဒီလို မြင့်မြတ်တဲ့ အဒေါ်တွေကို တစ်ခါမှ မတွေ့ဖူးဘူးလေ။ သူမ မြင်တွေ့ဖူးသမျှက အဒေါ်လီနဲ့ အဒေါ်ချိုးတို့လို သာမန်အမျိုးသမီးတွေပဲ။

ကျိရှောင်ယင်က အထဲသို့ ဝင်ရမလား ထွက်သွားရမလား မသိဖြစ်နေခဲ့ပြီး သူမက စူးချင်းကို မဝံ့မရဲ လှမ်းမေးလိုက်သည်။

"အစ်မ၊ ဒီလူတွေက ဘယ်သူတွေလဲ?"

“ငါ့ရဲ့အမေ၊ အဖေ၊ ဦးလေး၊ အဒေါ်၊ ဝမ်းကွဲညီမ”

စူးချင်းက ကျိရှောင်ယင်ကို သူမ၏မိသားစုနှင့် မိတ်ဆက်ပေးလိုက်သည်။ ကျိရှောင်ယင်က အလွန်အကျွံ အံ့အားသင့်သွားပြီး သူမ၏ပါးစပ်လေးက ‘ဝ’ ပုံသဏ္ဍန် ဖြစ်သွားခဲ့သည်။

အစ်မစူးချင်းက သူမရဲ့ နောက်ခံအကြောင်း ပြောဖို့ တွန့်ဆုတ်နေတာကြောင့် အစ်မစူးချင်းက သူမတို့လို သာမန်မိသားစုမှာပဲ ကြီးပြင်းလာတယ်လို့ သူမ အမြဲထင်နေခဲ့မိတာ။

အခု အစ်မစူးချင်းက ချမ်းသာတဲ့ မိသားစုက သမီးလေး ဖြစ်နေတာလား? အစ်မရဲ့အမေကလည်း အရမ်းလှပြီး ကြော့ရှင်းနေတာပဲ။ တချက်ကြည့်လိုက်တာနဲ့ သာမန်လူတွေ လက်လှမ်းမမီနိုင်တဲ့ အဆင့်အတန်းမြင့်တဲ့သခင်မမှန်း သိသာနေတယ်။

"ဒါဆို ကျွန်မ သူတို့ကို ဘယ်လို ခေါ်ရမလဲ?"

ကျိရှောင်ယင်က ယန်ရူရွှယ်ကို မည်သို့နှုတ်ဆက်ရမည် မသိဖြစ်နေပြီး စူးချင်းကို အကူအညီတောင်းလိုက်သည်။

“အဒေါ်လို့ ခေါ်လို့ရတယ်”

စူးချင်းက ခဏတာ စဉ်းစားနေပြီးမှ အဒေါ်ဟု ခေါ်ခိုင်းသည်က ပိုသင့်တော်သည်ဟု ဆုံးဖြတ်လိုက်သည်။

"ကောင်းပြီ၊ ဒါဆို ကျွန်မ အဒေါ်လို့ ခေါ်လိုက်မယ်"

ကျိရှောင်ယင်က အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူမက အမြဲတမ်း အပြစ်ကင်းစင်စွာဖြင့် ချစ်စဖွယ်ဖြစ်အောင် နေတက်သော်လည်း ယန်ရူရွှယ်၏ရှေ့တွင် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သူမက သိုးသားမုန့်ပေါင်းများကို စားပွဲပေါ်သို့ သေသေချာချာ တင်ပြီးမှ တလေးတစား ဖိတ်ခေါ်လိုက်သည်။

"အ‌ဒေါ်တို့ မုန့်စားကြပါ!"

ထိုသခင်မနှစ်ယောက်က သူမအား ရိုင်းစိုင်းသည်ဟု ထင်မြင်သွားမည်ကို စိုးရိမ်သောကြောင့် ကျိရှောင်ယင်က စကားပင် ကျယ်ကျယ်မပြောဝံ့ပေ။

ယန်ရုပင်းက ရှက်ရွံ့နေသော ကျိရှောင်ယင်ကို ပြုံးပြလိုက်သည်။ ယန်ရူရွှယ်ကတော့ ပိုရင်းနှီးသော လေသံဖြင့် "ကျေးဇူးပါပဲကွယ်”

သူမ၏အသံက စမ်းရေကဲ့သို့ နူးညံ့ညင်သာနေပြီး ထိုစကားသံက ကျိရှောင်ယင်ကို စိတ်လှုပ်ရှားစေခဲ့သည်။ သူမက ယန်ရူရွှယ်ကို နီရဲသောမျက်နှာဖြင့် ကြည့်နေခဲ့သည်။

အစ်မစူးချင်းရဲ့အမေက အရမ်းနူးညံ့တာပဲ။ သူမမှာလည်း ဒီလိုအမေမျိုးရှိရင် ဘယ်လောက်ကောင်းလိမ့်မလဲ?

သူမ မမြင်ဖူးသော သူမမိခင်၏အကြောင်းကို တွေးမိချိန်တွင် ကျိရှောင်ယင်၏မျက်လုံးများက မှိန်ဖျော့သွားခဲ့သည်။

စူးချင်းက သူမ၏အမေနှင့် အဒေါ်အတွက် ရေနွေးယူလာပေးပြီး သူမတို့ လက်ဆေးနိုင်ရန် ပြင်ဆင်ပေးလိုက်သည်။ ဤသည်မှာ မူလပိုင်ရှင်အတွက် သူမ၏ ဝတ္တရားကျေးပွန်မှုဖြစ်ပြီး သူမ ယခင်က မည်သူ့ကိုမှ ဂရုစိုက်မပေးဖူးသောကြောင့် အနည်းငယ် တောင့်တင်းနေသေးသည်။

“အမေ၊ အဒေါ်၊ စားလိုက်ကြဦး”

စူးချင်းက သူမ၏အမေနှင့် အဒေါ် လက်ဆေးပြီးသွားသည်ကို မြင်လိုက်ပြီး မုန့်ပေါင်းများကို ယူလာပြီး သူမတို့ထံ ကမ်းပေးလိုက်သည်။

သူမတို့အားလုံးကို မုန့်ပေါင်းကို လက်ဖြင့်သာ စားကြသောကြောင့် စူးချင်းက ဤအရာနှင့် ပတ်သက်၍ အမှားအယွင်းရှိနေသည်ဟု မတွေးခဲ့ပေ။

All Chapters