သူတို့က တကယ့်ကို မိသားစုတစ်ခုပဲ
Vol. 21 Ch. 312
ချိုးယုံခန်းက စူးချင်းကဲ့သို့ မိန်းကလေးမျိုးကို ပြုစုပျိုးထောင်နိုင်ပေးနိုင်ခဲ့သည့် မိဘများကို တွေ့ဖူးချင်နေခဲ့သည်။ သူက အပြုံးဖြင့် ကျိရှောင်ယင်ကို လှမ်းပြောလိုက်သည်။
“ငါလည်း ဦးလေးစူးနဲ့ အဒေါ်စူးကို သွားတွေ့ပြီး နှုတ်ဆက်ရမယ်”
“အဲ့ဒါ ကောင်းတယ်၊ အစ်မစူးချင်းရဲ့ မိဘတွေကို တွေ့လိုက်တာနဲ့ သူတို့က သာမန်မဟုတ်ဘူးဆိုတာ မြင်ရလိမ့်မယ်၊ ဦးလေးစူးကလည်း စိတ်ထားကောင်းပုံပေါ်ပြီး အရမ်း ခံ့ညားတယ်”
ကျိရှောင်ယင်က စူးချင်း၏မိဘများနှင့် ပတ်သက်ပြီး သူမ ခံစားရသမျှကို ချိုးယုံခန်းအား စိတ်လှုပ်ရှားစွာ ပြောပြနေခဲ့သည်။ ချိုးယုံခန်းက ပြုံးရင်း နားထောင်နေကာ သူက ကျိရှောင်ယင်၏စကားပြောပုံကို အလွန်သဘောကျနေခဲ့သည်။ သူမ ရွှင်မြူးနေသည်ကို သူ မြင်နေရပြီး ထိုအပြုံးလေးများ ပျောက်ကွယ်သွားမည်ကို သူ စိုးရိမ်နေမိသည်။
သူတို့ စကားစမြည်ပြောရင်း ရုံးတော်၏အဝင်ဝသို့ ရောက်လာခဲ့ကြသည်။ ထိုနေရာသို့ အရောက်တွင် သတင်းကြားပြီး အမြန်ပြေးလာခဲ့သည့် ချင်ဖုန်းနှင့် တွေ့ဆုံရမည်ဟုတော့ သူတို့ မမျှော်လင့်ထားပေ။ ချိုးယုံခန်းက စိတ်ရှုပ်ထွေးနေသောအမူအရာဖြင့် ချင်ဖုန်းကို လှမ်းကြည့်လိုက်သည်။
သူ၏အထောက်အထားကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့သည့်အတွက် ချင်ဖုန်းက စူးချင်း၏ဖခင်ဖြစ်နေဆဲ ဖြစ်သည်။
အခု အဖေအရင်းနဲ့ အဖေအတု တွေ့ကြပြီး အဆင်မပြေ ဖြစ်လာတော့မှာလား?
“အစ်မစူးချင်းရဲ့ မိဘတွေ ဒီကို ရောက်လာကြပြီ”
ကျိရှောင်ယင်က သူမ၏အဘိုးကို တိုးတိုးလေး ပြောပြလိုက်သည်။ သူမ၏အစ်ကိုက သူမကို “အဖိုး”ဟု ခေါ်ခွင့်မပေးထားခဲ့ပေ။ သူမတို့၏အဘိုးကို ကာကွယ်ပေးနိုင်ရန် အပြင်လူမျာ၏ရှေ့တွင် ဦးလေးစူးဟုသာ ခေါ်ဝေါ်ရန် ညွှန်ကြားထားခဲ့သည်။
"ဟုတ်တယ်၊ ငါ သတင်းကြားလို့ လာကြည့်တာ"
ချင်ဖုန်းက သူ့လက်ထဲတွင် အရက်တစ်အိုး ကိုင်ပြီး ရောက်လာခြင်းဖြစ်ကာ သူက စူးချင်း၏ အရက်ချက်ရုံမှ လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူက အရက်အိုးတစ်အိုး ထုတ်ယူလာခဲ့ခြင်း ဖြစ်သည်။
“...”
အမျိုးသမီးလီက ချင်ဖုန်းကို အရိုအသေ ပေးလိုက်သော်လည်း သူမက သူ့ကို 'လူအိုကြီး'ဟု မခေါ်ဝံ့သောကြောင့် သူမ၏လေးစားမှုကို ဖော်ပြရန် သေသေချာချာ အရိုအသေပေးရုံသာ တက်နိုင်ခဲ့သည်။
ချင်ဖုန်းကလည်း သူမ၏နှုတ်ဆက်မှုကို တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ချိုးယုံခန်းက သူတို့နောက်မှ တိတ်တဆိတ် လိုက်ပါလာခဲ့ပြီး ရုံးတော်ထဲသို့ ဝင်လာခဲ့ကြသည်။ သူတို့ အထဲသို့ ဝင်လာချိန်တွင် အထဲမှ ကလေးများ၏အော်ဟစ်သံများကို အရင်ကြားလိုက်ရသည်။
ကလေးများက များလွန်းသောကြောင့် တစ်ယောက်က ငိုနေလျှင် တစ်ယောက်က ဆူညံနေလေ့ ရှိပြီး သူတို့က အမြဲတမ်း ကမောက်ကမ ဖြစ်နေတက်သည်။ သူတို့ကို ပြုစုစောင့်ရှောက်ရသည့်အလုပ်က ခက်ခဲသည့်အလုပ်သာ ဖြစ်သည်။
စူးချင်းက ကလေးများကို မချော့တက်ပေ။ သူမက ငိုနေသည့် ကလေးနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး သူတို့၏ဦးခေါင်းများကို တင်းတင်း ပွေ့ဖက်ပေးထားလိုက်သည်။
ဤကလေးများကို ကယ်တင်လာခဲ့ခြင်းက သူမအတွက် လွယ်ကူခဲ့သော်လည်း ယခု သူတို့ကို မည်သို့ဖြေရှင်းရမည်က ပြဿနာ ဖြစ်လာခဲ့သည်။
"ရွှေရှန့်၊ ဒီကလေးတွေကို ဘယ်လိုလုပ်ရမလဲ?"
စူးချင်းက သူမအတွက် ခက်ခဲသည့်ပြဿနာကို ကျိရွှေရှန့်ထံ လွှဲပေးလိုက်သည်။
သူမက လူတွေကို ကယ်တင်ဖို့ တာဝန်ယူပြီးပြီ၊ ရွှေရှန့်က နောက်ဆက်တွဲပြဿနာတွေကို ရှင်းလင်းဖို့ တာဝန်ယူသင့်တယ်။ ခင်ပွန်းဆိုတာ ဇနီးအတွက် ကျောထောက်နောက်ခံပဲ။
ကျိရွှေရှန့်က စူးချင်းကို အပြုံးဖြင့် ကြည့်နေရင်း သူလည်း ကူကယ်ရာမဲ့ ဖြစ်နေခဲ့သည်။
လူကြီးတွေဆိုရင် စီစဉ်ဖို့ လွယ်တယ်။ သူတို့ နေထိုင်ဖို့ အိမ်လွတ် အနည်းငယ် ရှာပေးပြီး လောလောဆယ်အတွက် စားစရာထောက်ပံ့ပေးလိုက်ရင် ရပြီ။
ဒါပေမယ့် အခုက ပြုစုစောင့်ရှောက်ဖို့ လိုအပ်တဲ့ သုံးနှစ်အရွယ်ကလေးတွေလေ၊ သူတို့ကို ကြည့်ရှုပေးမယ့် လူကြီးတွေကို မှီခိုရမယ့်အရွယ်လေးတွေ.... ဒီကလေးတွေကို ကြည့်ရှုစောင့်ရှောက်ပေးမယ့် လူတွေအများကြီးကို သူ ဘယ်လို သွားရှာရမှာလဲ?
စူးချင်းက ကျိရွှေရှန့်၏စိုးရိမ်သောက ရောက်နေသည့် အမူအရာကို မြင်သွားပြီး သူ့ကို အကြံပေးရန် ကြိုးစားလိုက်သည်။
“အဆင်မပြေရင် မိသားစုတိုင်းကို ကလေးတစ်ယောက် ပေးလိုက်ကြမလား? သူတို့ကို ပိုက်ဆံနည်းနည်းလည်း ပေးလိုက်မယ်လေ၊ ရှင် ဘယ်လို ထင်လဲ”
ကျိရွှေရှန့်က သူ့နဖူးကို ပြန်ကိုင်လိုက်ရင်း သူမကို စိုက်ကြည့်လိုက်သည်။
ဒါက ကောင်းတဲ့အကြံတော့ မဟုတ်ဘူးလေ။ သိုးနဲ့ အစားအစာ ဝေငှပေးရင် လူတိုင်း ပျော်ရွှင်ကြမှာ သေချာတယ်။ ဒီကလေးငယ်တွေကတော့ ဝန်ထုပ်ဝန်ပိုး ဖြစ်စေလိမ့်မယ်။ သူတို့က စားရုံပဲ စားနိုင်ပြီး အလုပ်မလုပ်နိုင်တဲ့အပြင် သူတို့ကို ပြုစုစောင့်ရှောက်ဖို့လည်း လိုအပ်နေသေးတယ်။ သူတို့ကို ဘယ်သူကမှ လိုချင်မှာ မဟုတ်ဘူး။ ပိုက်ဆံပေးရင်တောင် ဘယ်သူကမှ ဒုက္ခရှာချင်မှာ မဟုတ်ဘူး။
ဒါပေမယ့် ဒီလိုမလုပ်ရင် ဘယ်လို စီစဉ်နိုင်ဦးမလဲ?
ကျိရွှေရှန့်က မျက်မှောင်ကြုတ်ကာ တွေးတောနေရင်း ရုတ်တရက် အကြံကောင်းတစ်ခု ရလာခဲ့သည်။
"ဒီလိုဆိုရင်ရောက ဘယ်လိုလဲ? အိမ်အလွတ်တစ်လုံး ရှာပြီး ကျောင်းဖွင့်နိုင်ဖို့ သန့်ရှင်းရေး လုပ်ခိုင်းလိုက်မယ်။ နေ့ခင်းဘက်မှာ ကလေးတွေကို စာသင်ပေးဖို့ ဆရာတစ်ယောက် ငှားပြီး ညဘက်မှာ ကလေးတွေရဲ့အိပ်ဆောင်ကို စောင့်ရှောက်ပေးဖို့ အမျိုးသမီးနှစ်ယောက် ငှားလို့ ရတယ်"
ထိုစကားကို ကြားလိုက်ချိန်တွင် စူးချင်း၏မျက်လုံးများက တောက်ပလာသည်။
ဒါက ခေတ်သစ်က ဘော်ဒါကျောင်းနဲ့ တူနေတာမဟုတ်ဘူးလား? ကလေးတွေကို ပြုစုစောင့်ရှောက်နိုင်ရုံသာမက အသိပညာဗဟုသုတတွေ ရရှိစေဖို့လည်း လေ့ကျင့်ပေးနိုင်လိမ့်မယ်။ အနာဂတ်မှာ ကလေးတွေကို မိဘတွေဆီ ပြန်ပို့ရင်လည်း ကလေးတွေရဲ့ စာပေသင်ကြားမှုကို အဟန့်အတားမဖြစ်ဘဲ ရှင်းပြဖို့ ပိုလွယ်ကူသွားလိမ့်မယ်။
"ရွှေရှန့်၊ အဲ့ဒါက အကြံကောင်းပဲ"
လွမ်ချင်းရှန်က ကျိရွှေရှန့်ကို လေးလေးစားစား ကြည့်နေခဲ့သည်။ သူလည်း သိုးသားမုန့်ပေါင်များကို စားခဲ့ပြီး စကားပြောရန် ခွန်အားများ ပြန်ရလာပြီ ဖြစ်သည်။
“ရွှေရှန့်ရဲ့အကြံဉာဏ်က တော်တော်ကောင်းတယ်။ ငါလည်း ဒီမှာ ဘာမှ လုပ်စရာမရှိ မရှိတော့ ဆရာကို ငှားဖို့ ပိုက်ဆံအကုန်ခံနေစရာ မလိုပါဘူး။ ကလေးတွေ စာဖတ်တတ်အောင် ငါ သင်ပေးပါ့မယ်"
သူ့သမီးကို ထောက်ပံ့ရန် အမြဲတွေးနေသည့် စူးဟန်ရွှမ်က စေတနာ့ဝန်ထမ်းလုပ်ရန် တောင်းဆိုလိုက်သည်။ သူ့ယောက်ဖက သူ့ထက် ခြေတစ်လှမ်း ဦးသွားသည်ကို နားလည်လိုက်သော လွမ်ချင်းရှန်က အမြန် ဝင်ပြောလိုက်သည်။
“ငါလည်း ကလေးတွေကို စာသင်ပေးနိုင်ပါတယ်၊ ဒါပေမယ့် ညဘက်မှာတော့ ကလေးတွေကို ဂရုစိုက်မပေးတက်ဘူး”
"ညဘက်မှာ သူတို့ကို ကျွန်မ ပြုစုစောင့်ရှောက်ပေးပါ့မယ်"
အမျိုးသမီးလီက အိမ်ထဲသို့ ၀င်လာရင်း အဆိုပြုလိုက်သည်။ သူမက ကလေးများကို နှစ်သက်ပြီး သူမထ့တွင် နေ့စဉ်လုပ်စရာ အလုပ်မရှိသောကြောင့် သူမက စူးချင်းနှင့် ကျိရွှေရှန့်တို့၏ စိုးရိမ်ပူပန်မှုများ သက်သာရာရစေရန် ကူညီပေးချင်နေခဲ့သည်။ ထို့အပြင် သူမကိုယ်သူမ အနည်းငယ် အသုံးဝင်နေသည်ဟုလည်း ခံစားနိုင်လိမ့်မည်။
“ကျွန်မလည်း သူတို့ကို ပြုစုစောင့်ရှောက်ပေးလို့ ရပါတယ်”
လွမ်ဟုန်ကလည်း ကလေးများကို ပြုစုစောင့်ရှောက်ရန် စေတနာဖြင့် ပါဝင်လာခဲ့သည်။ သူမက သူတို့နှင့်အတူ ရက်အနည်းငယ်ကြာ နေခဲ့ရပြီး သူမက ဤချစ်စရာကောင်းသော ကလေးများကို ချစ်မိသွားခဲ့ပြီ ဖြစ်သည်။
ယခု ပြဿနာများအားလုံး ပြေလည်သွားပြီ ဖြစ်ကာ ကလေးများအတွက် နေ့ရောညပါ စောင့်ရှောက်ပေးမည့်သူများ ရှိလာပြီ ဖြစ်သည်။ စူးချင်းက ပြုံးလိုက်ပြီး သူမ၏မွေးစားအမေကို လှမ်းခေါ်လိုက်သည်။
“မွေးစားအမေ”
ယန်ရူရွှယ်က သူမ၏သမီးထံမှ ခေါ်သံကို ကြားလိုက်ပြီး အမျိုးသမီးလီကို လှမ်းကြည့်လိုက်သည်။ တည်ငြိမ်သော စိတ်ထားရှိပုံရပြီး လှပ၍ ဂုဏ်သိက္ခာဟန်တူသော သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးကို သူမ တွေ့လိုက်ရပြီး ထိုအမျိုးသမီးက သူမ၏သမီးလေးကို ကြင်နာသောအကြည့်ဖြင့် ကြည့်နေခဲ့သည်။
"စူးချင်း၊ ရှောင်ယင်က မင်းရဲ့မိဘတွေ ဒီကိုရောက် နေတယ်လို့ ပြောတယ်"
အမျိုးသမီးလီကလည်း အခန်းထဲသို့ ဝင်ဝင်ချင်း မွန်မြတ်သောဟန်ပန်ရှိသည့် အမျိုးသမီးနှစ်ယောက် ထိုင်နေကြသည်ကို တွေ့သွားခဲ့သည်။ သူမတို့က ကျိရှောင်ယင် ပြောခဲ့သည့်အတိုင်း ချမ်းသာသောမိသားစုမှ မြင့်မြတ်သောအမျိုးသမီးများ ဖြစ်ကြသည်။ သူမတို့က ပိုးဖဲအ၀တ်များကို မဝတ်ဆင်ထားသော်လည်း သူမတို့၏ နူးညံ့သိမ်မွေ့သော စိတ်နေသဘောထားက သူမတို့၏ကျက်သရေကို အပြည့်အဝ ဖော်ပြနေခဲ့သည်။
တစ်ယောက်က ဇီးပန်းပွင့်လေးကဲ့သို့ ကျော့ရှင်းပြေပြစ်ပြီး နောက်တစ်ယောက်က မီးတောက်ကဲ့သို့ လင်းလက်ပြီး တင့်တယ်နေသည်။ သို့သော်လည်း စူးချင်း၏မိခင်က မည်သူဖြစ်သည်ကို သူမ မခွဲခြားနိုင်ခဲ့ပေ။
“မွေးစားအမေ၊ ဒါက ကျွန်မအမေ၊ ဒါက ကျွန်မအဒေါ်”
စူးချင်းက သူမ၏ မွေးစားအမေကို သူမ၏အမေနှင့် အဒေါ်တို့အား မိတ်ဆက်ပေးလိုက်သည်။ ယန်ရူရွှယ်က အမျိုးသမီးလီကို လေးစားကြောင်းပြသရန် အုတ်ကုတင်ပေါ်မှ အမြန်ထရပ်လိုက်သည်။ သူမက အမျိုးသမီးလီကို ကျေးဇူးတင်သေ အကြည့်များဖြင့် ကြည့်နေပြီး "အစ်မ၊ ကျွန်မတို့ရဲ့ရှီအာကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်"
“ညီမ၊ ညီမက ယဉ်ကျေးလွန်းနေပါပြီ။ ငါက စူးချင်းကို အများကြီး ဂရုမစိုက်ပေးနိုင်ခဲ့ပါဘူး။ စူးချင်းက ငါ့မျက်လုံးတွေကို ကုသပေးခဲ့ပြီး ငါ့ကို နည်းအမျိုးမျိုးနဲ့ ဂရုစိုက်ပေးခဲ့တယ်။ တစ်ယောက်ယောက်ကို ကျေးဇူးတင်ချင်တယ်ဆိုရင်တော့ ဒီလိုထူးချွန်တဲ့သမီးလေးကို မွေးဖွားပေးခဲ့တဲ့အတွက် မင်းကိုယ်မင်းပဲ ကျေးဇူးတင်ရတော့မှာပါပဲ”
အမျိုးသမီးလီက ယန်ရူရွှယ်ကို သေသေချာချာ အပြည့်အဝ အရိုအသေ ပေးလိုက်သည်။ ဤသည်မှာ သူမ ယဉ်ကျေးဖြင်း မဟုတ်ဘဲ သူမ၏ကျေးဇူးတင်မှုကို ဖော်ပြလိုက်ခြင်းဖြစ်သည်။
စူးချင်း ကြောင့်သာ မဟုတ်ရင် သူမက မျက်ကန်းဘဝနဲ့ အမှောင်ထဲမှာ ပိတ်မိနေပြီး ကူကယ်ရာမဲ့ ထိတ်လန့်နေရတဲ့ ဘဝကနေ ရုန်းထွက်နိုင်ခဲ့မှာ မဟုတ်ဘူး။
"အစ်မက ယဥ်ကျေးလွန်းနေပါပြီ"
အမျိုးသမီးလီက စူးချင်းကို ချီးကျူးစကား ပြောနေသည့်အတွက် ယန်ရူရွှယ်က အလွန် ပျော်ရွှင်သွားသော်လည်း သူမက ယဉ်ယဉ်ကျေးကျေး ပြောဆိုနေဆဲ ဖြစ်သည်။
“မင်္ဂလာပါ အစ်မ။ ကျွန်မက ရှီအာရဲ့အဒေါ်ပါ။ အခုကစပြီး နောက်နောင်မှာ ညီအစ်မတွေလို ခေါ်ပြောလို့ရမလား”
ယန်ရုပင်းကလည်း အမျိုးသမီးလီကို နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။ သူမက သာမန်အမျိုးသမီးတစ်ယောက်ကဲ့သို့ ပုဝါစကို ပေါင်းထားပြီး အထည်ကြမ်းဝတ်စုံကို ၀တ်ထားသော်လည်း သူမ၏ဟန်ပန်က တောင်ပေါ်ရွာမှ အမျိုးသမီးတစ်ယောက်၏အသွင်အပြင်မျိုး မဟုတ်ပေ။ သူမက ပညာတတ်မိသားစုမှ အမျိုးသမီးတစ်ဦး ဖြစ်သည်။ အမျိုးသမီးလီ အိမ်ထဲသို့ ဝင်လာစဥ်ကတည်းက သူမက ဤချောမောလှပသည့်အမျိုးသမီးကို သလောကျနေခဲ့ခြင်း ဖြစ်သည်။
“သခင်မက စိတ်မဆိုးဘူးဆိုရင် ဒီအမျိုးသမီးက လေးလေးစားစား နာခံမှာပါ”
အမျိုးသမီးလီက ယန်ရုပင်း၏ အကြံပြုချက်ကို ပျော်ရွှင်စွာ သဘောတူလိုက်သည်။
"အဒေါ့်ကို နှုတ်ခွန်းဆက်သပါတယ်"
လွမ်ဟုန်က ရှေ့တိုးလာပြီး အမျိုးသမီးလီကို နှုတ်ဆက်လိုက်သည်။ အမျိုးသမီးလီက ထိုတောက်ပပြီး ပွင့်လင်းပုံရသော ကောင်မလေးကိုလည်း သဘောကျနေကာ အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"တွေ့ရတာ ဝမ်းသာပါတယ် သခင်မလေး"
စူးချင်းက စူးဟန်ရွှမ်ကို သူမ၏မွေးစားအမေနှင့် ထပ်မိတ်ဆက်ပေးလိုက်သည်။
“မွေးစားအမေ၊ ဒါ ကျွန်မအဖေ”
စူးဟန်ရွှမ်က အမျိုးသမီးလီကို ကျေးဇူးတင်သည့်အကြည့်ဖြင့် ကြည့်နေပြီး ခေါင်းညိတ်ပြလိုက်သည်။ အမျိုးသမီးလီက သူ့ကို နှုတ်ခွန်းဆက်သတဲ့ အမူအရာဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်သည်။
ချိုးယုံခန်းက စူးချင်းတစ်ယောက် စူးဟန်ရွှမ်ကို အမျိုးသမီးလီနှင့် မိတ်ဆက်ပေးနေသည်ကို ကြားလိုက်ရသည်။ စူးဟန်ရွှမ်က စူးချင်း၏ဖခင်ဖြစ်နေမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူ ထိတ်လန့်သွားခဲ့သော်လည်း သူ့မျက်နှာက ရေကန်သေကဲ့သို့ ငြိမ်သက်နေသေးသည်။ သူက သိုးခြေထောက်နှင့် သိုးသားမုန့်ပေါင်းများကို စားပွဲပေါ်တင်လိုက်ပြီး စူးဟန်ရွှမ်အား တလေးတစား ဦးညွှတ်လိုက်သည်။
"ဒုတိယသခင်ကြီးစူး၊ ကျမ်းမာပါရဲ့လား?"
စူးဟန်ရွှမ်ကလည်း ချိုးယုံခန်းကို သိထားပြီး ဖြစ်သည်။ သူနှင့် ကျိရွှေရှန့်တို့က ချည်သားအ၀တ်အစားများ မှာယူရန် အထည်ဆိုင်သို့ အတူတူ သွားခဲ့ကြပြီး စူးဟန်ရွှမ်က ထိုလူငယ်လေးအပေါ် အမြင်ကောင်းရှိခဲ့သည်။
ဒီလူငယ်လေးက စီးပွားရေးသမားနဲ့ လုံးဝ မတူဘူး။ သူ့ကို ကြည့်ရတာ သန့်စင်တဲ့ ပညာရှင်တစ်ယောက်လိုပါပဲ။ သူက ထက်မြက်ပေမယ့် စိတ်အေးလက်အေးဖြစ်နေပုံရတာကြောင့် လူတွေက သူ့ကို အလွယ်တကူ သဘောကျမိကြတယ်။
စူးဟန်ရွှမ်က ပြုံးလိုက်ပြီး ချိုးယုံခန်းကို လှမ်းပြောလိုက်သည်။
"ချိုးယုံခန်း... ဟုတ်တယ်နော်... ငါ မှတ်မိတာ မှန်တယ်မလား?"
“ဦးလေးစူးက မှတ်ဉာဏ် အရမ်းကောင်းတယ်”
ချိုးယုံခန်းက ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။
ဒုတိယသခင်ကြီးစူးက သူ့ကို မှတ်မိနေမယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။ စူးချင်းမှာ ဒီလိုအဖေမျိုးရှိတာ ကံကောင်းလိုက်တယ်။
ချိုးယုံခန်းက သူ့စိတ်ထဲမှ ကျေနပ်နေခဲ့သည်။
ထိုအချိန်တွင် စူးဟန်ရွှမ်က တစ်ခုခု မှားနေသည်ကို ရုတ်တရက် တွေးမိသွားပြီး ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့ကို မေးမြန်းလိုက်သည်။
"ရွှေရှန့်၊ ယုံခန်း၊ မင်းတို့က ကျင့်ရှီလျိုမြောင်မှာ စီးပွားရေးလုပ်တယ်လို့ ပြောခဲ့ကြတာ မဟုတ်ဘူးလား? မင်းတို့ ဘာလို့ မော့ချန်မှာ ရှိနေကြတာလဲ?"