← Chapters

အခြေချနေထိုင်ခြင်း

Vol. 21 Ch. 313

အခြေချနေထိုင်ခြင်း

Vol. 21 Ch. 313

“ကျွန်တော်တို့ ဦးလေးစူးကို ကွယ်ဝှက်ထားမှာ မဟုတ်ပါဘူး။ ရိုးရိုးသားသား ပြောရရင် ကျွန်တော်တို့ အရင်က ကျင့်ရှီလျိုမြောင်ကို သွားချင်ပေမယ့် မော့ချန်ကို ဖြတ်သွားတဲ့အခါ ဒီနေရာက အခြေချနေထိုင်ဖို့ နေရာကောင်းတစ်ခုလို့ ထင်လို့ ဒီမှာ နေနေ ကြတာပါ”

စူးဟန်ရွှမ်က စူးချင်း၏ဖခင် ဖြစ်ကြောင်း သိခဲ့ပြီးချိန်တွင် ကျိ‌ရွှေရှန့်က စူးဟန်ရွှမ်နှင့် စကားပြောသည့်အခါတိုင်း လော့ချန်မှာသကဲ့သို့ လွတ်လပ်ပေါ့ပါးနေခြင်း မရှိတော့ဘဲ ပိုသတိထား၍ စကားပြောလာခဲ့သည်။

"ဒါက မဆိုးဘူးလား?"

စူးဟန်ရွှမ်က အံ့သြသွားခဲ့သည်။

မြို့ထဲကို ဝင်လာတုန်းက သူ ရထားလုံးရဲ့ကန့်လန့်ကာကို မတင်ပြီး မြို့ရဲ့ပတ်ဝန်းကျင် အခြေအနေကို စူးစမ်းခဲ့သေးတယ်။ လမ်းရဲ့ဘေးနှစ်ဘက်စလုံးမှာ စီးပွားရေးလုပ်ငန်းတွေ မရှိသလောက်ပဲ။ လမ်းသွားလမ်းလာ အနည်းငယ်ပဲ ရှိပြီး အိမ်တွေကလည်း စွန့်ပစ်ခံခဲ့ထားရတယ်။ တချို့ရွှံအိမ်လေးတွေဆိုရင် ပြိုတောင် ပြိုကျနေပြီ။ ကျိ‌ရွှေရှန့်က မဆိုးဘူးလို့ ဘယ်လိုပြောနိုင်ရတာလဲ?

“ကျွန်တော်တို့အတွက်တော့ မော့ချန်က မဆိုးဘူးလို့ပဲ ပြောရတော့မယ်။ ကျွန်တော်တို့က သဘာဝကပ်ဘေးကြောင့် မွေးရပ်မြေကို စွန့်ခွာပြီး ထွက်ပြေးလာရတာလေ၊ ကျွန်တော်တို့အတွက်က အသက်ရှင်နေထိုင်ဖို့ နေရာတစ်နေရာကို ရနိုင်ဖို့ပဲ ဆန္ဒရှိကြတာပါ။ တခြားတောင်းဆိုချက်တွေကို မတောင်းဆိုဝံ့ပါဘူး”

ချိုးယုံခန်းက အပြုံးဖြင့် ဝင်ပြောလိုက်သည်။ သူထံတွင် ကျိ‌ရွှေရှန့်ကဲ့သို့ ဝန်ထုပ်ဝန်ပိုးမရှိဘဲ စူးဟန်ရွှမ်အား သူပြောချင်သမျှ ပြောနိုင်လေသည်။

"ဟုတ်သားပဲ၊ လေနဲ့မိုးကို ခိုဖို့ နေရာရှိပြီး စားစရာနဲ့ အနွေးထည်အလုံအလောက်ရှိနေတာက တကယ်ကို မဆိုးဘူးပဲ”

စူးဟန်ရွှမ်က သူတို့၏မိသားစုအကြောင်း ပြန်တွေးနေမိသည်။

သူတို့က ထွက်ပြေးတိမ်းရှောင်လာရုံတင်မကဘဲ ရာဇဝတ်မှုတွေ ရှိနေခဲ့သေးတယ်။ ရိုးရိုး ကပ်ဘေးဒုက္ခသည်တွေထက်တောင် ဘဝက ပိုခက်ခဲသေးတယ်။

စူးဟန်ရွှမ်က သူ့စိတ်ထဲမှ သက်ပြင်းချလိုက်မိပြန်သည်။

သူ့ကို တစ်စုံတစ်ဦးက ဒီနေရာအထိ ခေါ်ဆောင်လာပေးပြီး ဝဝလင်လင် စားနိုင်ရုံသာမက နွေးထွေးတဲ့ အိမ်တစ်လုံးမှာလည်း နေထိုင်ခွင့်ရခဲ့သေးတယ်။ ဒါက သူ့အတွက် ကောင်းချီးတစ်ခုပဲ။ ဒါတွေအားလုံးအတွက် သူ့သမီးလေးကိုပဲ ကျေးဇူးတင်ရတော့မယ်။

ချင်ဖုန်းက အချိန်အတော်ကြာအောင် စောင့်နေခဲ့သော်လည်း မည်သူကမျှ သူ့ကို မိတ်ဆက်ပေးခြင်း မရှိပေ။ အဖိုးအိုက ဒေါသအလွန်ထွက်နေပြီး မြေးဖြစ်သူကို စိုက်ကြည့်နေခဲ့သည်။ ကျိ‌ရွှေရှန့်က သူ့အဘိုး၏ မကျေမနပ်အကြည့်ကို ခံစားမိလိုက်ပြီး သူ့အဘိုးကို ဧည့်သည်များနှင့် မိတ်ဆက်ပေးရန် မေ့နေခဲ့ကြောင်း တွေးမိသွားခဲ့သည်။

ချင်ဖုန်းက သူ့မြေး မိတ်ဆက်ပေးသည်ကို စောင့်မနေနိုင်တော့ပေ။ သူက နွေဦးလေပြေကဲသို့ ပြုံးလိုက်ပြီး စူးဟန်ရွှမ်ကို နွေးနွေးထွေးထွေး နှုတ်ဆက်လိုက်သည်။

"ဒီအဖိုးကြီးက ချင်ဖုန်းပါ၊ ကျိ‌ရွှေရှန့်ရဲ့ အဖိုးပေါ့"

နှစ်ဖက်မိဘများ တွေ့ဆုံကြသောအချိန်တွင် သူက သူ့၏ လက်ရှိအထောက်အထားအတုကို အသုံးမပြုနိုင်တော့ပေ။ ထိုသို့မဟုတ်လျှင် ဝါစဥ်ကွာခြားမှု ပြသနာများ ရှိလာပေလိမ့်မည်။

“အိုး... တွေ့ရတာ ဝမ်းသာပါတယ်၊ အဖိုး”

စူးဟန်ရွှမ်က အဘိုးအိုအား အလျင်အမြန် ဦးညွှတ်လိုက်သည်။ ထိုအဘိုးအိုက လယ်သမားကြီးတစ်ယောက်ကဲ့သို့ ၀တ်ဆင်ထားသော်လည်း သူ၏ဟန်ပန်သွင်ပြင်က သာမန်မဟုတ်ပေ။

ချင်ဖုန်းဟူသော အမည်ကို ကြားလိုက်ချိန်တွင် လွမ်ချင်းရှန်၏နှလုံးခုန်သံ မြန်ဆန်လာခဲ့သည်။ သူက တစ်ချိန်က စီရင်စုအမတ်ဖြစ်ခဲ့ပြီး ဖမ်းဝရမ်းထုတ်ထားသည့် ရာဇဝတ်သားများကို အကဲဆတ်ဆုံး ဖြစ်သည်။ ဧကရာဇ်မင်းမြတ်၏ မင်းဆရာကိုလည်း ချင်ဖုန်းဟု ခေါ်ပြီး သူ့ကို အချိန်အတော်ကြာ ဝရမ်းထုတ်ထားခဲ့သည်ကို သူ သိထားပြီး ဖြစ်သည်။

တာဝန်ရှိသူတစ်ဦးအနေဖြင့် လွမ်ချင်းရှန်က အမှန်အမှားများကို ရှင်းရှင်းလင်းလင်း သိချင်လေ့ရှိပြီး ယခုလည်း သူက လက်သီးအုပ်ကာ ချင်ဖုန်းကို လှမ်းမေးလိုက်သည်။

"ကျွန်တော့်ကို မေးခွင့်ပြုပါ၊ အဖိုးနဲ့ မင်းဆရာချင်ဖုန်းက ဆက်စပ်မှုရှိလားလို့ မေးပါရစေ"

ချင်ဖုန်း၏မျက်နှာပေါ်ရှိ အပြုံးက ရုတ်တရက် ပျောက်ကွယ်သွားပြီး သူက လွမ်ချင်းရှန်ကို သတိဖြင့် စိုက်ကြည့်လိုက်သည်။ အကြည့်တစ်ချက်ဖြင့်ပင် ချင်ဖုန်းက သူ့ကို မှတ်မိလိုက်သည်။ လွမ်ချင်းရှန် တော်ဝင်စာမေးပွဲတွင် ပါဝင်ခဲ့စဉ်က ချင်ဖုန်းက သူ့ကို မြင်ဖူးထားခဲ့ခြင်း ဖြစ်သည်။ သူက ထူးချွန်သော ပညာရှင်တစ်ယောက်ဖြစ်ပြီး ဧကရာဇ်မင်းမြတ်က သူ့ကို လော့ချန်၏စီရင်စုအမတ်အဖြစ် တာဝန်ထမ်းဆောင်စေခဲ့သည်။

ချင်ဖုန်းက လွမ်ချင်းရှန်ကို မှတ်မိသွားသော်လည်း သူ၏သရုပ်အစစ်အမှန်ကို ထုတ်ဖော်ရဲခြင်း မရှိသေးဘဲ ငြင်းဆိုလိုက်သည်။

“မင်း ပြောနေတာက ဘယ်သူလဲဆိုတာ ငါ မသိဘူး”

"အိုး၊ ဒါဆို ကျွန်တော် မှားသွားတာပါ"

ချင်ဖုန်း၏အပြောအဆိုအရ သူ့ရှေ့မှ လူက တော်ဝင်မင်းဆရာချင်ဖုန်းဖြစ်ကြောင့် လွမ်ချင်းရှန် ရိပ်မိသွားခဲ့သည်။

ဒီအဘိုးကြီးက ဝန်မခံချင်လို့ မသိဟန်ဆောင်နေတာ....

သူ့အဘိုးက လွမ်ချင်းရှန်အား သတိထားနေသည်ကို ကျိ‌ရွှေရှန့်က မြင်သွားပြီး သူ့အဘိုးကို ဘေးသို့ ဆွဲခေါ်ကာ လွမ်ချင်းရှန်၏အခြေအနေကို ရှင်းပြရင်း မိတ်ဆက်ပေးလိုက်သည်။

"အဖိုး၊ ဒါက လော့ချန်ရဲ့ စီရင်စုအမတ်ပါ။ သူက ကလေးတွေကို ကယ်တင်ဖို့ ဝန်ကြီးချုပ်ဝမ်ကို အပစ်ပြုမိလို့ပြီး ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတယ်။ အခု သူက အဖိုးလိုပဲ တော်ဝင်ရုံးတော်ရဲ့တရားခံပြေး ဖြစ်နေပြီ”

"အဲ့လိုလား? ဒါဆိုရင်တော့ ငါ စိတ်သက်သာရာရသွားပါပြီ"

လွမ်ချင်းရှန်က သူ့ကဲ့သို့ တော်ဝင်ရုံးတော်၏တရားခံပြေး ဖြစ်နေသည်ကို ကြားလိုက်ရချိန်တွင် ချင်ဖုန်းက သက်ပြင်းချလိုက်ပြီး ချက်ချင်း ပြန်လည်တက်ကြွသွားတော့သည်။ သူက စူးဟန်ရွှမ်နှင့် လွမ်ချင်းရှန်တို့အား အပြုံးဖြင့် ဖိတ်ခေါ်လိုက်သည်။

“လာ၊ လာပါ၊ အဝေးက လာတဲ့ မိတ်ဆွေတွေနဲ့ တွေ့ရတာ ဝမ်းသာစရာပဲ။ ဒီလူအိုကြီးက အိမ်ရှင်အဖြစ် ဧည့်ဝတ်ကျေပွန်ကြောင်း ပြသဖို့ စူးချင်းရဲ့အရက်တစ်ချို့ကို ခဏ ချေးယူလိုက်မယ်"

"ရှီအာ... အခု သမီးကို စူးချင်းလို့ ခေါ်တာလား?"

ယန်ရူရွှယ်က တခြားသူများ သူမ၏သမီးကို စူးချင်းဟု တစ်ကြိမ်ထက်ပို၍ ခေါ်နေသည်ကို ကြားသွားပြီး မမေးဘဲ မနေနိုင်တော့ပေ။

"ဟုတ်တယ် အမေ၊ သမီးကို အခု စူးချင်းလို့ ခေါ်တယ်"

စူးချင်းက ခေါင်းညိတ်လိုက်သည်။ ယန်ရူရွှယ်က သူမ၏သမီးကို တခြားသူ၏အမည် မသုံးစေချင်သည့်အတွက် စူးချင်းအား အကြံပေးလိုက်သည်။

"အခု သမီးရဲ့ဘိုးဘေးတွေနဲ့ မျိုးနွယ်ကို အသိအမှတ် ပြုပြီးပြီလေ၊ ဒါကြောင့် သမီးရဲ့ မူရင်းနာမည်ကို ပြန်ပြောင်းရမယ်"

“အမေ၊ သမီး ဒီစူးချင်းဆိုတဲ့ နာမည်ကို အရမ်း ကြိုက်တယ်၊ အဲဒါကို မပြောင်းချင်တော့ဘူး။ ရှီအာဆိုတာကို သမီးရဲ့ငယ်နာမည်လို့ သတ်မှတ်လိုက်ပါ!”

စူးချင်းက သူမ၏အမည်အရင်းကိုသာ သဘောကျပြီး ရှီအာဟူသော အမည်ကို မူလပိုင်ရှင်၏အပိုင်အဖြစ် သတ်မှာကာ မသိမ်းပိုက်ချင်တော့ပေ။

"ဒါက..."

ယန်ရူရွှယ်က သူမ၏သမီးကို စည်းရုံးချင်နေသော်လည်း စူးဟန်ရွှမ်က သူမကို လှမ်းတားလိုက်သည်။

"သမီးလေးက ကြိုက်တယ်ဆိုရင် စူးချင်းလို့ပဲ ခေါ်ကြရအောင်။ စိမ်းလန်းတဲ့မြက်ပင်လေးတွေက သန်မာပြီး စိတ်ကို လန်းဆန်းစေတယ်။ ဒါက နာမည်ကောင်းတစ်ခုပဲ”

ခင်ပွန်းဖြစ်သူ၏စကားကို ကြားပြီးနောက် ယန်ရူရွှယ်က စူးချင်း၏အမည်ကို ပြန်ပြောင်းရန် တိုက်တွန်းခြင်း မရှိတော့ပေ။

သူမရဲ့သမီးလေး သဘောကျတယ်ဆိုရင် အဆင်ပြေပါပြီ!

မျိုးဆက်အငယ်ဖြစ်သည့် ကျိ‌ရွှေရှန့်က အသက်ကြီးသူများအတွက် အရက်ငဲ့ပေးရန် တာဝန်ယူထားရသည်။ သူက အရက်အိုးကို ကိုင်ကာ လူတိုင်းအတွက် အရက် ငဲ့ပေးနေခဲ့သည်။ မော့ချန်စီရင်စုအမတ်၏အိမ်တွင် အရက်ခွက်များ ရှိသော်လည်း ၎င်းတို့က လက်ရာမြောက်သောခွက်များတော့ မဟုတ်ပေ။

ပုံမှန်အားဖြင့် ကျိ‌ရွှေရှန့်နှင့် အခြားသူများက အရက်သောက်ရန်အတွက် ပန်းကန်လုံးအကြီးကြီးများကို သုံးလေ့ရှိသော်လည်း စူးဟန်ရွှမ်နှင့် လွမ်ချင်းရှန်တို့က လေးစားခံပုဂ္ဂိုလ်များ ဖြစ်ကြပြီး သူတို့ ပန်းကန်လုံးကြီးများဖြင့် သောက်နေခြင်းက မသင့်တော်သည့်အတွက် အရက်ခွက်လေးများကို သုံးကာ ဧည့်ခံနေခြင်း ဖြစ်သည်။

အရက်ဖြူက မြေအောက်ခန်းထဲတွင် ကြာကြာသိမ်းထားလေလေ ပိုချိုလေလေ ဖြစ်သည်။ ထို့ကြောင့် ဤအရက်က စူးချင်း ချက်ပြီးခါစထက် ပို၍ အရသာ ရှိနေခဲ့သည်။ အရက်ကို လောင်းထည့်လိုက်သည်နှင့် တစ်ခန်းလုံး မွှေးရနံ့များ ပြည့်လျှံလာလေသည်။

"အရက်ကောင်းပဲ!"

စူးဟန်ရွှမ်က စီးပွားရေးသမားဖြစ်ပြီး အခွင့်အလမ်းများကို အကောင်းဆုံးမြင်နိုင်သည့် လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ ခွက်ထဲရှိ ဖောက်ထွင်းမြင်နိုင်အောင် ကြည့်လင်နေသည့် အရက်က သင်းရနံ့ကြွယ်ဝပြီး ချိုမြိန်ပုံပေါ်နေလေသည်။ သူ ယခင်က ကောင်းမွန်သည့် အရက်များစွာကို သောက်ဖူးခဲ့ပြီး ဤအရက်က သူ သောက်ဖူးသမျှ အရက်များထက် ပိုကောင်းကြောင်း သူ ချက်ချင်း ပြောပြနိုင်ခဲ့သည်။

"မင်းရဲ့သမီး ချက်ထားတာ"

ချင်ဖုန်းက စူးဟန်ရွှမ်ကို ခပ်ပြုံးပြုံး ပြောပြလိုက်သည်။ သူ အိမ်ထဲသို့ ဝင်လာချိန်တွင် သူက အိမ်ရှင်အဖြစ် ဧည့်ဝတ်ကျေပွန်ကြောင်းပြသရန် စူးချင်း၏အရက်ကို ချေးငှားမည်ဟု ပြောခဲ့သည်။ သို့သော် ထိုအချိန်တွင် စူးဟန်ရွှမ်က သတိမထားမိခဲ့ပေ။

ချင်ဖုန်း ထပ်ပြောလိုက်သည်ကို ကြားလိုက်ရမှ စူးဟန်ရွှမ်က သူ့သမီးကို မယုံကြည်နိုင်စွာ လှမ်းကြည့်လိုက်သည်။

"ရှီအာ၊ သမီးက အရက်ချက်နည်းကို သိတာလား?"

“ဟုတ်ကဲ့”

စူးချင်းက ခေါင်းညိတ်ပြလာသောကြောင့် စူးဟန်ရွှမ်တစ်ယောက် စိတ်လှုပ်ရှားသွားရပြန်သည်။

သူ့သမီးက ရတနာလေးပဲ။ သူမက ရောဂါတွေကို ပျောက်ကင်းအောင် ကုသပေးနိုင်ပြီး အရက်လည်း ချက်နိုင်တယ်။ သူ့သမီးလေးမှာ သူ မသိသေးတဲ့ တခြားအရည်အချင်းတွေ ဘယ်လောက်များ ရှိနေဦးမလဲ?

"အဖေ၊ ဒီအရက်ကို တာ့ရှားမှာ ရောင်းနိုင်မယ်လို့ အဖေ ထင်လား?"

စူးချင်းက ဖခင်ဖြစ်သူ၏ထင်မြင်ချက်ကို တောင်းလိုက်သည်။ သူမက သူမ ချက်ထားသည့်အရက်ကို အလွန်ယုံကြည်သော်လည်း တိုင်းပြည်အတွင်းမှ လက်ရှိဈေးကွက်ကို မသိသေးသည့်အတွက် သူမအဖေ၏စိတ်ကူးကို နားထောင်ရန် လိုအပ်နေသေးသည်။

“ရတာပေါ့၊ ဒါပေမယ့် ရောင်းလိုအားက ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး။ အဖေက သမီး စျေးကွက်ဖွင့်နိုင်ဖို့ ကူညီပေးမယ်။ အရက်တွေ အများကြီး ရောင်းကောင်းချင်ရင် နာမည်ကောင်းတော့ ရှိဖို့ လိုတယ်”

ခဏလေးအတွင်းမှာပင် စူးဟန်ရွှမ်က ဤအရက်အား မည်သို့ ရောင်းရမည်ကို တွေးနေခဲ့ပြီ ဖြစ်သည်။

အရင်ဆုံး ကောင်းမွန်တဲ့ နာမည်တစ်ခုရှိရမယ်။ နာမည်ပိုကြီးလာတာနဲအမျှ ပိုတန်ဖိုးကြီးလာပြီး စျေးကွက်ချဲ့ထွင်ဖို့ ပိုလွယ်လာလိမ့်မယ်၊ နောက်ဆုံးမှာ ဒီအရက်ကို သောက်ရတာက ဂုဏ်ယူစရာတစ်ခုလိုမျိုး ချမ်းသာတဲ့သူတွေ ခံစားမိလာအောင် လုပ်နိုင်ရမယ်။ အဲ့လိုမှ သူတို့က ငွေအမြောက်အမြားသုံးစွဲဖို့ ဆန္ဒရှိကြမှာလေ။

"ရှီဖုန့်ဆိုရင် ဘယ်လိုလဲ?"

စူးချင်းက နာမည်ကြီးအရက်အချို့၏အမည်များကို သိထားပြီး 'ဖုန့်' ဟူသောစကားလုံးက မွန်မြတ်သည်ဟု ယူဆမိသောကြောင့် ထိုအမည်ကို အကြံပြုလိုက်သည်။

"မရဘူး၊ ‘ဖုန့်’ ဆိုတာက လက်ရှိမင်းဆက်ရဲ့ဧကရီကို ရည်ညွှမ်းတယ်၊ ငါတို့ စော်ကားလို့ မရဘူး"

ချင်ဖုန်းက ချက်ချင်း ကန့်ကွက်လိုက်သည်။

'နဂါး' နဲ့ 'ဖီးနစ်' ဆိုတဲ့စကားလုံးနှစ်လုံးက တော်ဝင်မိသားစုရဲ့သင်္ကေတလေ... ဒါကို နာမည်တစ်ခုအနေနဲ့ သုံးဝံ့ရင် သေခြင်းတရားကို ဆွဲဆောင်မိမှာ မဟုတ်ဘူးလား?

(နဂါး -လုံ။ ဖီးနစ်- ဖုန့်)

"ကျန့်နန်ချွန်းဆိုရင်ရော ဘယ်လိုလဲ?"

ကျိ‌ရွှေရှန့်က အကြံပြုလိုက်သောကြောင့် စူးချင်းက သူ့ကို စိုက်ကြည့်လိုက်သည်။ ကျိ‌ရွှေရှန့်က ရှေးကျသောလူတစ်ဦး ဖြစ်နေသည်ကို သူမ မသိခဲ့ပါက သူက ခေတ်သစ်ကမ္ဘာမှ ကူးပြောင်းလာသည်ဟု သူမ ထင်မိပေလိမ့်မည်။

အဲ့လိုမှ မဟုတ်ရင် သူက ဘာလို့ ဒီအရက်ကို အဲ့လို နာမည်ပေးရမှာလဲ? ကျန့်နန်ချွန်းက ဒီဘက်ခေတ်မှာ နာမည်ကြီးတဲ့အရက်တစ်မျိုးလေ။ ရှေးခေတ်ကလူတွေက ဒါကို မသိနိုင်ဘူး။

“ကောင်းတယ်၊ ဒီနာမည်က အရမ်း ကောင်းတယ်။ ကျန့်နန်ဆိုတဲ့စကားလုံးက ကျယ်ပြောလှသော ထိုက်ဖူလွင်ပြင်နဲ့ ထူးချွန်တဲ့လူတွေရဲ့ သူရဲကောင်းဆန်တဲ့ စိတ်ဓာတ်ကို အမှတ်ရစေတယ်။ တစ်နှစ်တာရဲ့ရာသီလေးခုက နွေဦးက စတင်ပြီး နွေဦးရာသီက ရာသီလေးခုထဲမှာ ပထမဆုံးတစ်ခုပဲ။ ဆိုလိုတာက ဒီအရက်က အရက်တွေရဲ့ဘုရင်လို့ အဓိပ္ပာယ်ရတယ်”

ကျိ‌ရွှေရှန့်က ၎င်းကို ကျန့်နန်ချွန်းဟု ခေါ်သင့်ကြောင်း အကြံပြုခဲ့သည်။ စူးဟန်ရွှမ်နှင့် လွမ်ချင်းရှန်တို့က ချက်ချင်းပင် စိတ်လှုပ်ရှားလာကြပြီး ပညာရှင်များက အမြဲတမ်း အတွေးလွန်တက်သောကြောင့် သူတို့က ကျန့်နန်ချွန်း၏ပကတိအဓိပ္ပါယ်ကို ခွဲခြမ်းစိတ်ဖြာကာ အများကြီး ပြောနေကြသည်။

စူးချင်းက ခေါင်းငုံ့နေကာ တိတ်တိတ်လေး ရယ်မောနေခဲ့သည်။ ထိုအရာက ကျန့်နန်ချွန်း၏ မူလဇစ်မြစ်ဖြစ်လာသည်ဟု သူမ သံသယရှိနေခဲ့ပြီး တည်ထောင်သူကတော့ ပြောင်းလဲသွားတော့မည် ဖြစ်သည်။

အရက်၏အမည်ကို ဆုံးဖြတ်လိုက်ပြီးနောက် အမျိုးသားများအားလုံးက ပျော်ရွှင်သွားကြပြီး စိတ်ကျေနပ်သည်အထိ သောက်နေကြတော့သည်။ စူးချင်းက ကျိ‌ရွှေရှန့်၏လွမ်တောင်ကို ယူကာ သိုးခြေထောက် ဖြတ်ရန် ကူညီပေးနေခဲ့သည်။ ချွန်ထက်သော လွမ်တောင်က သိုးသားကို ပါးပါးလှီးဖြတ်ပြီး အရက်နှင့်တွဲကာ စားသောက်ရန် အကောင်းဆုံး ဖြစ်စေခဲ့သည်။

စူးဟန်ရွှမ်အစစ်က မော့ချန်တွင် သူ့သမီးနှင့် ပြန်လည်ဆုံတွေ့နေခဲ့ပြီး လော့ချန်တွင်တော့ စူးအိမ်တော်တစ်ခုလုံး တော်ဝင်ရုံးတော်မှ စစ်သားများ၏ဝိုင်းရံခြင်းကို ခံထားရသည်။

All Chapters