အမှောင်ဘဏ္ဍာတိုက်
Vol. 6 Ch. 579
ချန်းဖန်က တောက်ပသော မျက်လုံးများဖြင့် ရတနာ တစ်ခုကို ကောက်ကိုင်လိုက်၏။ ထိုရတနာမှာ ရွှေရောင် သလင်းကျောက် အပိုင်းအစလေး တစ်ခု ဖြစ်သည်။
ထိုရွှေရောင် သလင်းကျောက် ကလေးမှာ လက်ဝါး အရွယ်ခန့် ရှိ၏။ သလင်းကျောက်၏ အတွင်းပိုင်းတွင်မူ ရွှေရောင် တလက်လက် တောက်ပနေသော သင်္ကေတ အချို့ကို ရေးထွင်းထား၏။
အခြားလူများ အနေဖြင့် ထိုရတနာကို မည်သည့် အရာဖြစ်ကြောင်း သိနိုင်မည် မဟုတ်သော်လည်း ချန်းဖန်ကမူ ကောင်းစွာ သိသည်။
"မူလဝိညာဉ် အဆင့်နဲ့ ရွှေအမြုတေ အဆင့်တွေပဲ ဒီလို ကောင်းကင် သလင်းကျောက်ကို ဖန်တီးနိုင်တယ် ... ဒီ သလင်းကျောက်ထဲမှာ တန်ချိန် တစ်ရာလောက် ရှိတဲ့ ဗုံးတစ်လုံးလို ပေါက်ကွဲနိုင်တဲ့ စွမ်းအားတွေ ရှိနေတယ် ..."
ချန်းဖန်က တွေးလိုက်၏။
ကောင်းကင် သလင်းကျောက်များသည် ဝိညာဉ် ကျောက်တုံး၊ ဝိညာဉ် ဆေးဝါးများ ကဲ့သို့ပင် သန့်စင်သည့် ဝိညာဉ်ချီများကို သိုလှောင်ထားနိုင်သော အရာများ ဖြစ်သည်။ ကောင်းကင် သလင်းကျောက်တုံး တစ်ခုတွင် ပါဝင်သော ဝိညာဉ်ချီ ပမာဏမှာ အမတေ စုစည်းခြင်း ဆေးလုံး တစ်ထောင်တွင် ပါဝင်သော ပမာဏနှင့်ပင် ညီမျှသည်။
သို့သော်လည်း ထိုအရာက ချန်းဖန် အတွက် မလုံလောက်ချေ။ မူလဝိညာဉ် အဆင့်သို့ တက်ရောက်ရန် အတွက် ချန်းဖန် အနေဖြင့် ကောင်းကင် သလင်းကျောက် ရာဂဏန်း လိုအပ်သည်။
"ဒီ သလင်းကျောက်ထဲမှာ ဝင်္ကပါ စာလုံးတွေ အများကြီးပဲ ... သူတို့က သလင်းကျောက်ကို အစီအရင်ကြီး တစ်ခုခုရဲ့ လျှို့ဝှက်ချက် အနေနဲ့ သုံးခဲ့တာ ထင်တယ်"
ချန်းဖန်က သလင်းကျောက်ကို သေချာစွာ အကဲခတ်ရင်း ရေရွတ်လိုက်သည်။
"အမှောင်ခုံရုံးမှာ လျှို့ဝှက် ဘဏ္ဍာတိုက် တစ်ခု ရှိရမယ် ... သူတို့က အဲဒီ ဘဏ္ဍာတိုက်ရဲ့ သော့အနေနဲ့ ဒီ သလင်းကျောက်ကို သုံးထားတာပဲ ..."
"ဟုတ်တယ် ... အမှောင်ခုံရုံးက ကမ္ဘာကို ရာစုနှစ် သုံးခုလောက် စိုးမိုး နိုင်ခဲ့တဲ့ အဖွဲ့အစည်းကြီးပဲဟာ ... သူတို့မှာ ဒီဆေးဝါး အချို့နဲ့ ရတနာ အချို့လောက်ပဲ ရှိတယ် ဆိုတာ မဖြစ်နိုင်ဘူး ... ပိုကောင်းတဲ့ ရတနာတွေကို သူတို့က ဘဏ္ဍာတိုက်ထဲမှာ ဝှက်ထားတာပဲ ဖြစ်ရမယ်"
ချန်းဖန်က တွေးရင်း အမှောင် ကိုယ်ရံတော် အဖွဲ့၏ ကပ္ပတိန် ဟီလိုကို ဆင့်ခေါ်လိုက်သည်။
အမှောင် ကိုယ်ရံတော် အဖွဲ့သည် အမှောင်ခုံရုံးတွင် ခုံသမာဓိကြီးများ၊ စီရင်သူများထက် ရာထူး တစ်ဆင့်နိမ့်သော အဖွဲ့ ဖြစ်သည်။ သို့သော်လည်း အမှောင်ခုံရုံး အတွက် အလုပ် လုပ်ပေးနေသော ကိုယ်ရံတော်မှာ တစ်သောင်းခန့်ပင် ရှိသည်။
အမှောင် ကိုယ်ရံတော် အဖွဲ့၏ ကပ္ပတိန် ဟီလိုမှာ တန်ခိုးရှင် အဆင့်သို့ ရောက်လုနီးနီး ဖြစ်နေသော ပညာရှင် တစ်ယောက် ဖြစ်သည်။ သို့သော်လည်း သူသည် ချန်းဖန်၏ ရှေ့တွင်မူ အညံ့ခံရန်သာ တတ်နိုင်ခဲ့၏။
"အရှင် ..."
ဟီလိုက ဒူးထောက်ရင်း ချန်းဖန်အား အရိုအသေ ပြုလိုက်သည်။
"အမှောင်ခုံရုံးထဲမှာ ဘဏ္ဍာတိုက် တစ်ခုတော့ ရှိရမယ် ... အဲဒါက ဘယ်မှာ ရှိသလဲ မင်း သိလား"
ချန်းဖန်က ကောင်းကင် သလင်းကျောက်ကို လက်ဖြင့် ဆော့ကစားရင်း ဟီလိုကို စိုက်ကြည့်လိုက်၏။
"မင်းအနေနဲ့ မပြောဖို့ ရွေးချယ်မယ် ဆိုလည်း ရတယ်နော် ... ဒါပေမဲ့ ငါက အဲဒီ နေရာကို အနှေးနဲ့အမြန် ရှာတွေ့မှာပဲ ..."
ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံသည် တစ်ဆယ် ကီလိုမီတာ ပတ်ဝန်းကျင် အထိ ဖြန့်ကြက် နေနိုင်ပြီ ဖြစ်သည်။ ထိုပမာဏသည် လန်ဒန် တစ်မြို့လုံးကိုပင် ဖုံးလွှမ်းရန် လုံလောက်၏။
အကယ်၍ အမှောင်ခုံရုံး၏ ဘဏ္ဍာတိုက်သာ အင်္ဂလန် အတွင်း တည်ရှိပါက ချန်းဖန် အတွက် ရှာဖွေရန် အချိန်သိပ်ယူရမည် မဟုတ်ချေ။
"အရှင် ... ခုံသမာဓိကြီး ငါးယောက်က လျှို့ဝှက်ခန်း တစ်ခုကို ဆောင်းရာသီ နန်းတော်ရဲ့ အောက် မီတာတစ်ရာလောက်မှာ တကယ်ပဲ ဆောက်ခဲ့ပါတယ် ... ဒါပေမဲ့ အဲဒီ နေရာက မဖွင့်တာ ဆယ်စုနှစ်နဲ့ချီ ကြာနေပါပြီ"
ဟီလိုက ကြောက်ကြောက် လန့်လန့်ဖြင့် ပြောလိုက်သည်။
"မြေအောက် မီတာ တစ်ရာ ..."
ချန်းဖန်က မျက်မှောင်ကြုတ် လိုက်သည်။
"ငါ့ကို အဲဒီနေရာကို ခေါ်သွားပေး ..."
ချန်းဖန်က အမိန့်ပေးရင်း ထိုင်ရာမှ ထရပ်လိုက်သည်။
ထို့နောက် ဟီလို၏ ဦးဆောင်မှုဖြင့် ချန်းဖန်တို့ တံခါး တစ်ခု ရှိရာသို့ ရောက်လာခဲ့သည်။ ထိုတံခါးသည် သိပ်သည်းသော သတ္တု တစ်မျိုးဖြင့် ပြုလုပ်ထားကာ တန်ချိန် ဆယ်ဂဏန်း အထိ လေးသည်။ ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံပင်လျှင် ထို တံခါးကို မနည်း တိုးပေါက်ရသည်။
"ဒီတံခါး တစ်ခုတည်းကတင် အရမ်း အဖိုးထိုက်တန် နေပြီ ... အထဲမှာ ဆိုရင် ဘယ်လို ရတနာတွေတောင် ရှိနေမယ် မသိဘူး ..."
ချန်းဖန်က ပြုံးလိုက်၏။
ထိုတံခါးကို ဖွင့်ရန် အခြားလူများ အတွက် သော့လိုအပ်သော်လည်း ချန်းဖန် အတွက်မူ မလိုအပ်ချေ။ ချန်းဖန်၏ ခန္ဓာကိုယ်သည် စကြဝဠာ၏ အစွမ်း အထက်ဆုံး အဇူရာ သက်ရှည် ခန္ဓာ ဖြစ်သည်။ ထိုခန္ဓာကိုယ်ဖြင့် ချန်းဖန်သည် တံခါးသော့ကို တိုက်ရိုက်ပင် ဖျက်ဆီးနိုင်သည်။
"ဘုန်း ..."
ချန်းဖန်က လက်ကို ဝှေ့ယမ်း၍ တံခါး၌ အပေါက် တစ်ခုကို ဖောက်လိုက်၏။
"သွားကြမယ် ..."
ချန်းဖန်က ပြောရင်း လက်နှစ်ဖက်ကို နောက်ပစ်ကာ တံခါး အတွင်းသို့ ဦးဆောင် ဝင်လိုက်၏။
အခြားလူများက ချွေးစေးများကို သုတ်ရင်း ချန်းဖန်၏ နောက်မှ လိုက်ကာ ဝင်လိုက်ကြသည်။
ထိုသတ္တု တံခါးသည် နျူကလိယ ဗုံးဒဏ်ကိုပင် ခံနိုင်ရည် ရှိစေရန် အတွက် အထူး သတ္တု တစ်မျိုးဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ သို့သော်လည်း ချန်းဖန်ကမူ ထိုတံခါးကို သူ၏ လက်ဖြင့်ပင် ချိုးဖျက် နိုင်ခဲ့သည်။
သူ၏ ခန္ဓာကိုယ်က မည်မျှအထိ မာကျောနေ သနည်း။ ထိမေးခွန်းအား ချန်းဖန် ကိုယ်တိုင်သာ သိပေလိမ့်မည်။
ထို့နောက် သူတို့သည် လေးပေခန့် အမြင့်ရှိသော ဥမင် တစ်ခုဆီသို့ ရောက်လာခဲ့ကြ၏။ ထိုဥမင်၏ ဘေးတစ်ဖက် တစ်ချက်တွင်မူ ထူထပ်သော သတ္တုပြားများဖြင့် ကာရံထားကာ အစီအရင်များ ရေးဆွဲထားသည်။
တန်ခိုးရှင် တစ်ယောက်၏ နတ်ဘုရား ဝိညာဉ်ပင်လျှင် ထိုသတ္တုပြားကို ဖြတ်၍ အတွင်းသို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။
"သူတို့က အခြေအနေ အရပ်ရပ်ကို တွက်ဆပြီး သေချာ တည်ဆောက်ထားတာပဲ ... သာမန် တန်ခိုးရှင် တစ်ယောက်ဆို ဘယ်လိုမှ ဝင်နိုင်မှာ မဟုတ်ဘူး"
ချန်းဖန်က မှတ်ချက်ချ လိုက်မိသည်။
ထို့နောက် သူတို့သည် နတ်ဆိုး ပုံသဏ္ဌာန် အရုပ် ရေးထိုးထားသော ကြေးတံခါး တစ်ခုဆီသို့ ရောက်လာခဲ့ကြ၏။
ထိုကြေးတံခါး၏ တစ်ဖက် တစ်ချက်တွင်မူ မီးလင်းဖိုများကို နေရာချထားသည်။ ထို မီးလင်းဖိုများသည် ပင်လယ် ပမာဏ ရှိသော လောင်စာဆီကို ရရှိထားသည့် အလား နှစ်ရာချီ ကြာသည့်တိုင် ငြိမ်းသေသွားခြင်း မရှိသေးချေ။
"ဆရာ ... ကျွန်မ ဖွင့်လိုက်ရ မလား"
အားရှို့က သူမ၏ နတ်ဘုရားသတ်ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း မေးလိုက်သည်။
"ဟင့်အင်း ... ကြေးတံခါးက အထဲမှာ ရှိတဲ့ ဘဏ္ဍာတိုက်နဲ့ တိုက်ရိုက် ဆက်သွယ်ထားတာ ... ကြေးတံခါးကိုသာ ဖျက်ဆီးလိုက်မယ် ဆိုရင် အထဲက ဘဏ္ဍာတိုက် တစ်ခုလုံးပါ ပျက်စီး သွားလိမ့်မယ်"
ချန်းဖန်က ခေါင်းကို ခါလိုက်၏။
သူသည် ဘဏ္ဍာတိုက်ကို နတ်ဘုရား စိတ်အာရုံဖြင့် ကြည့်ရှုခဲ့ပြီး ဖြစ်သည်။ ဘဏ္ဍာတိုက်သည် တစ်ဆယ် မီတာ ပတ်လည်ခန့် ကျယ်ဝန်းသည့် အခန်းတစ်ခု ဖြစ်ကာ ၎င်း၏ နံရံများကို အထူး သတ္တုများဖြင့် ကာရံထားသည်။ ထိုနံရံများတွင် များစွာသော သင်္ကေတများ ရေးဆွဲထားကာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်၍ အစီအရင်ကြီး တစ်ခု အဖြစ် ပုံဖော်ထားသည်။ ထိုအခန်းအား ဖျက်ဆီးရန် အတွက် အမြောက်များ၊ မိုင်းများ ပင်လျှင် တတ်နိုင်မည် မဟုတ်ချေ။
ထိုကဲ့သို့သော အစီအရင်ကို ခင်းကျင်းရန်မှာ မြေကမ္ဘာ အဆင့်သာလျှင် တတ်နိုင်သော အရာ ဖြစ်သည်။ ထိုဘဏ္ဍာတိုက်မျိုးအား အမှောင်မြို့စား ကဲ့သို့သော တန်ခိုးရှင် အဆင့် တစ်ယောက်က တည်ဆောက်နိုင်မည် မဟုတ်ချေ။
"အမှောင်မြို့စားနဲ့ သူ့လူတွေက သွေးမျိုးဆက်ရဲ့ ဘဏ္ဍာတိုက်ကို စောင့်ရှောက် ပေးရတာ ဖြစ်မယ် ထင်တယ် ..."
ချန်းဖန်က တွေးရင်း ကောင်းကင် သလင်းကျောက်ကို ထုတ်ယူကာ တံခါးပေါ်ရှိ နတ်ဆိုး၏ ပါးစပ် အတွင်းသို့ ထည့်လိုက်သည်။
"ဘုန်း ..."
ရုတ်တရက် ကောင်းပင် သလင်းကျောက်မှ ရွှေရောင် အလင်းများ ပေါက်ကွဲထွက်လာကာ တံခါး တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ထို့နောက် ရွှေရောင် အလင်းက ဘဏ္ဍာတိုက်၏ နံရံများ အထိ ဆက်လက် ပျံ့နှံသွား၏။
"ကလန့် ..."
ကြေးတံခါးကြီးက အလယ်မှ နှစ်ပိုင်းကွဲကာ ဘေး တစ်ဖက် တစ်ချက်သို့ တိုးဝင် သွားသည်။ နောက်ဆုံး၌ ရတနာသိုက်ကြီးကား လူတိုင်း၏ ရှေ့တွင် မျက်ဝါးထင်ထင် ပေါ်လာခဲ့ပြီ ဖြစ်လေသည်။
"ဟင်း ..."
အထဲတွင် ရှိနေသော အရာများကို ကြည့်ရင်း ဟီလို၊ ယူကီရှီရိုဆာနှင့် အခြားလူများသည် ပင့်သက် ရှိုက်လိုက်မိကြ၏။
ဘဏ္ဍာတိုက် အတွင်း၌မူ တလက်လက် တောက်ပနေသော ရတနာ တစ်ဒါဇင်ခန့် ရှိပြီး ထိုရတနာ တစ်ခုချင်းစီက ဝိညာဉ်လက်နက် တစ်ခုချင်းစီကို ကိုယ်စားပြုသည်။
"ဒါက ... စစ်ဝံပုလွေ ဘုရင်ရဲ့ ဝံပုလွေနတ်ဘုရား လက်သည်း ပါလား ... ဒီ လက်သည်း မြေကမ္ဘာ အဆင့်ကိုတောက် ပိုင်းဖြတ်နိုင်တဲ့ အထိ မာကျောတယ်လို့ ကြားဖူးတယ်"
"ဒီတစ်ခုက အရှေ့တိုင်း ဓမ္မရာဇာ စက္ကရဲ့ အပိုလို သပိတ် ဖြစ်ရမယ် ... ဒီသပိတ်ကို နေရောင်ရတဲ့ နေရာမှာ ထားရင် အပိုလို နှင်းစက်တွေ ထုတ်ပေးတယ်တဲ့ ... အဲဒီ နှင်းစက်တွေက သေမျိုးတွေရဲ့ အသက်ကို ဆွဲဆန့် ပေးနိုင်တယ်တဲ့"
"ဒီတစ်ခုက ..."
ဟီလိုမှာ အံ့ဩတကြီးဖြင့် ဝိညာဉ်လက်နက် တစ်ခုချင်းစီကို ကြည့်ကာ ရေရွတ်နေမိသည်။
ထိုရတနာ တစ်ခုချင်းစီကား အမှောင်ခုံရုံး နှစ်ရာချီအောင် စုစည်းထားသည့် အဖိုး အထိုက်တန်ဆုံးသော ရတနာများ ဖြစ်ကြသည်။ ထိုအထဲ၌ ပျောက်ကွယ် သွားပြီဟု မျှော်လင့်ထားသည့် ရတနာများပင် ပါဝင်နေ၏။
"နောက်ပြီးတော့ ... ဒီတစ်ခုက စပိန် ကာဒီနယ် အန်တိုနီယိုရဲ့ သူတော်စင် နှလုံးသား မလား ... ကောလာဟလတွေ အရဆို အန်တိုနီယိုက မြင့်မြတ်တဲ့ အမှတ်အသားတွေ အပြင် သူတော်စင် နှလုံးသားနဲ့ မွေးဖွားလာတာတဲ့ ... နောက်ဆုံး သူသေသွားတော့ ကလော့ဒီက သူ့ ရင်ဘတ်ကို ခွဲပြီး နှလုံးသားကို ထုတ်ယူခဲ့တယ်လို့ ကြားဖူးတယ် ... အဲဒီ နှလုံးသားက တကယ်ပဲ ဒီကို ရောက်နေမယ်လို့ လုံးဝ မထင်မိဘူး ..."
ရတနာများကို ကြည့်ရင်း ဟီလို၏ နှလုံးသားကား ကဆုန်ပေါက် နေပြီ ဖြစ်သည်။
အမှောင် ဘဏ္ဍာတိုက်ထဲ၌ ဝိညာဉ်လက်နက် တစ်ဒါဇင်ခန့် ရှိသည်။ ဟီလိုသည် ထိုအထဲမှ အချို့ကို သိသော်လည်း သူမသိသေးသော အရာများလည်း ရှိသေး၏။
"ဒါတွေက သွေးမျိုးဆက်ရဲ့ ရတနာတွေပေါ့ ..."
ချန်းဖန်က တွေးရင်း မေးစေ့ကို ပွတ်လိုက်သည်။
အကယ်၍ သွေးမျိုးဆက် သခင်ကြီးသာ အသက်ရှင် နေသေးပါက အသက် ထောင်ချီ ရှိနေလောက်ပြီ ဖြစ်သည်။ ထို့ကြောင့် သူ ရှာဖွေ စုဆောင်းထားသည့် ရတနာများမှာ အမှောင်ခုံရုံး နှစ်သုံးရာခန့် စုဆောင်း ထားသည်ထက် ပိုမို ကောင်းမွန်မည်မှာ သေချာ၏။
"နေဦး ... ဒါက ..."
ချန်းဖန်၏ မျက်လုံးများက ဘဏ္ဍာတိုက် ထောင့်တစ်နေရာသို့ ကျရောက်ကာ ပြူးကျယ် သွားသည်။
ထိုနေရာတွင်မူ ရွှေရောင်များ တလက်လက် တောက်ပနေသည့် အရာများ ရှိနေ၏။
"ကောင်းကင် သလင်းကျောက်တွေ ..."
"အနည်းဆုံး တစ်ရာလောက် ရှိမှာပဲ ..."
ချန်းဖန်ကား အလွန်ပင် ပျော်ရွှင် နေခဲ့ပြီ ဖြစ်သည်။
ကောင်းကင် သလင်းကျောက်များသည် ချီစွမ်းအင်ကို ပိုမို သန့်စင်စွာ သိုလှောင်ထားနိုင်ရာ သာမန် ဝိညာဉ်ကျောက်တုံးများ၊ ဝိညာဉ် ဆေးဝါးများထက်ပင် ပိုမို အဖိုးတန်သည်။ အရည်အသွေးမြင့် ဝိညာဉ် ကျောက်တုံးများသာ ကောင်းကောင် သလင်းကျောက်များနှင့် နှိုင်းယှဉ်နိုင်သည်။
"ဝိညာဉ် သလင်းကျောက် တစ်ခုက ငါ့အတွက် အသုံးမဝင်ဘူး ဆိုပေမဲ့ ဝိညာဉ် သလင်းကျောက် တစ်ရာလောက်က ဓားလျှို့ဝှက်ချက်ရဲ့ ဂူထဲမှာ ရှိတဲ့ ဝိညာဉ် ရေတွေနဲ့တောင် နှိုင်းယှဉ်နိုင်တယ် ... ဒီဟာတွေနဲ့ ဆိုရင် မူလဝိညာဉ် အဆင့်ကို မရောက်ရင်တောင် သိပ်ဝေးတော့မှာ မဟုတ်ဘူး"
ချန်းဖန်က လောဘတကြီးပင် ကောင်းကင် သလင်းကျောက်များကို ဓားအားဖြည့် ကျောက်မျက် အတွင်း ထည့်သွင်း သိမ်းဆည်းလိုက်သည်။
"ဒါတွေက ... အမှောင်ခုံရုံးရဲ့ ရတနာတွေ မဖြစ်နိုင်ဘူး ... သွေးမျိုးဆက် သခင်ကြီးရဲ့ ရတနာတွေပဲ ဖြစ်မယ် ... သွေးမျိုးဆက် သခင်ကြီးလို လူကပဲ ဒီလောက်များတဲ့ ကောင်းကင် သလင်းကျောက်တွေကို စုစည်းနိုင်မှာ ... နောက်ပြီး ဒီလို ရာချီတဲ့ ကောင်းကင် သလင်းကျောက်တွေ စုဆောင်းဖို့ ဆိုရင် မြေကမ္ဘာ အဆင့်ရဲ့ စွမ်းအားနဲ့မှ ဖြစ်နိုင်မယ်"
သွေးမျိုးဆက် သခင်ကြီး အတွက်ပင် ထိုမျှ များပြားသော ကောင်းကင် သလင်းကျောက်များကို စုစည်းရန် အတွက် နှစ်ပေါင်းများစွာ အချိန်ပေးရန် လိုအပ်သည်။
ထိုသလင်းကျောက်များကို ယူဆောင်သွားခြင်းက ခုံသမာဓိ ငါးယောက်ကို သတ်ပစ်လိုက်ခြင်းထက် သွေးမျိုးဆက် သခင်ကြီးအား ပိုမို ရင်နာ စေလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ချန်းဖန်ကမူ သူ့အား ကြောက်လန့်နေမည် မဟုတ်ချေ။
"ဒီ ကောင်းကင် သလင်းကျောက်တွေက ငါ့ကို မူလဝိညာဉ် အဆင့်နဲ့ ပိုပြီး နီးကပ်စေလိမ့်မယ် ... ငါသာ မူလဝိညာဉ် အဆင့်ကို ရောက်ရင် သွေးမျိုးဆက် ဆယ်ယောက် လာရင်တောင် အေးအေးဆေးဆေး သတ်နိုင်ပြီ"
ချန်းဖန်၏ မျက်လုံးများက တလက်လက် တောက်ပနေသည်။
ထို့နောက် သူက ဘဏ္ဍာတိုက် အတွင်းရှိ ရှေးဟောင်း စာအုပ်များ၊ လျှို့ဝှက် ကျမ်းစာများ၊ ထူးဆန်းသော လက်နက်များ ... အစရှိသဖြင့် အရာအားလုံးကို ဓားအားဖြည့် ကျောက်မျက် အတွင်း သိမ်းကျုံးကာ ထည့်လိုက်သည်။ အမှောင်မြို့စား အတွက် တစ်ခုခု ချန်ရစ်ထားရန် ချန်းဖန်တွင် အစီအစဉ် မရှိချေ။
ဘဏ္ဍာတိုက်ထဲမှ ပြန်ထွက်လာချိန်၌ ချန်းဖန်တို့ အားလုံး၏ မျက်နှားက ပျော်တပြုံးပြုံး ဖြစ်နေခဲ့ကြတော့၏။
ဝိညာဉ်လက်နက်များမှာ မြေကမ္ဘာ အဆင့်များ အတွက်ပင် အဖိုးတန်သော ရတနာများ ဖြစ်သော်လည်း ချန်းဖန် အတွက်မူ ထိုအရာများက သိပ်မသုံးမဝင်လှချေ။ ထို့ကြောင့် ချန်းဖန်က ထိုဝိညာဉ် လက်နက်များကို သူ၏ လူများအား ပေးရန်နှင့် ကိုယ်ပိုင် ဓမ္မရတနာ တစ်ခု ဖန်တီးရန် ဆုံးဖြတ်လိုက်သည်။
"အခု အစစ်အမှန် ရတနာတစ်ခု လုပ်ဖို့ အချိန် ရောက်ပြီ ..."
***