← Chapters

တူညီတဲ့အတွေး

Vol. 22 Ch. 330

တူညီတဲ့အတွေး

Vol. 22 Ch. 330

လော့ချန်သို့ ရောက်လာပြီးနောက်တွင် ထိုနေရာအား အစောင့်အကြပ် ထူထပ်စွာ ချထားကြောင်း ကျိ‌ရွှေရှန့် သိလိုက်ရသည်။ မြို့စောင့်တပ်သားများအားလုံး၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ရှိနေပြီး မြို့တွင်းသို့ ဝင်ထွက်သွားလာသူတိုင်းကို ဂရုတစိုက် စစ်ဆေးနေကြပြီး တစ်ခုခုဖြစ်ခဲ့မှန်း သိသာနေသည်။

ကျိ‌ရွှေရှန့်နှင့် သူ့လူများက ဝမ်မိသားစု၏စစ်ဝတ်စုံများကို ဝတ်ဆင်ထားသည့်အတွက် မြို့စောင့်တပ်သားများက သူတို့ကို မတားဝံ့ကြပေ။ သူတို့ကို တားဆီးရန် မည်သူမျှ သတ္တိမရှိသောကြောင့် သာမန်လူများကဲ့သို့ အစစ်ဆေးခံရန်လည်း မလိုအပ်ကြပေ။ ဝမ်မိသားစုစစ်တပ်၏ စစ်အလံကို မြင်သွားချိန်တွင် မြို့စောင့်တပ်မှူးက အပြုံးအကြီးကြီးဖြင့် သူတို့ကို အလျင်အမြန် လာရောက်နှုတ်ဆက်ကာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့သည်။

“တပ်မှူးကြီး၊ ခင်ဗျားတို့အနေနဲ့ ခက်ခဲတဲ့ ခရီးကို ကြိုးကြိုးစားစား ဖြတ်ကျော်ခဲ့ရတာပဲ။ ကျွန်တော်က လော့ချန်ရဲ့မြို့စောင့်တပ်မှူးပါ"

“ဟုတ်တယ်၊ ငါတို့ကို တည်းခိုစခန်းဆီ ခေါ်သွားပေး။ မင်းတို့ရဲ့ စီရင်စုအမတ်ကို ငါ့ကို တည်းခိုဆောင်စခန်းမှာ လာတွေ့ဖို့ ပြောလိုက်"

ကျိ‌ရွှေရှန့်က မြင်း၏ကျောပေါ်တွင် ခပ်မတ်မတ်ထိုင်နေရင်း မောက်မာအပြည့်ဖြင့် မြို့စောင့်တပ်မှူးအား အမိန့်ပေးလိုက်သည်။

“တပ်မှူးကြီး၊ မနေ့ညနေက လော့ချန်ရဲ့စီရင်စုအမတ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး စီရင်စုအမတ်ရဲ့နေအိမ်လည်း မီးလောင်သွားခဲ့ပါတယ်။ အကျဥ်းထောင်အတွင်းမှာ ရှိနေတဲ့ အကျဉ်းသားတွေအားလုံးလည်း လွတ်မြောက်သွားကြပြီး၊ စပါးကျီထဲက စပါးတွေလည်း ရွှေ့ပြောင်းခံလိုက်ရပါတယ်။ မနေ့ညက တာဝန်ကျတဲ့ မြို့စောင့်တပ်သားတွေ အကုန် သေဆုံးသွားခဲ့ပါတယ်။ တပ်မှူးကြီး ဒီကို ရောက်လာပြီဆိုတော့ ကျွန်တော်တို့ရဲ့ကျောရိုးအဖြစ် လော့ချန်မှာ နေပေးဖို့ တပ်မှူးကြီးကို ဒုက္ခပေးပါရစေ"

လော့ချန်၏မြို့စောင့်တပ်မှူးက စိုးရိမ်တကြီးအမူအရာဖြင့် ကျိ‌ရွှေရှန့်ကို အကဲခတ်နေခဲ့သည်။

လော့ချန်က တစ်ညလုံး ကမောက်ကမ ဖြစ်ခဲ့ပြီး သူက သူ တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်နိုင်ခဲ့ဘူးလေ!

"ဘာတွေ ဖြစ်ခဲ့တာလဲ?"

ကျိ‌ရွှေရှန့်က အသံနက်ကြီးဖြင့် ပြန်မေးလိုက်သည်။

သူက စူးချင်းကို ပြန်ခေါ်ဖို့ ဒီနေရာကို ရောက်လာခဲ့တာလေ။ ဒီသတင်းကြားရမယ်လို့တော့ သူ မမျှော်လင့်ထားခဲ့မိဘူး။ သူ ပထမဆုံး တွေးလိုက်မိတာ ဒါတွေကို လုပ်ခဲ့တာက စူးချင်းပဲ ဖြစ်လိမ့်မယ်လို့ပေါ့။

“ကျွန်တော်လည်း သေသေချာချာ မသိပါဘူး။ မနေ့ညက မီးလောင်နေတဲ့ စီရင်စုအမတ်ရဲ့အိမ်တော်ကို တွေ့ရလို့ တပ်သားတွေကို ခေါ်သွားပြီး မီးငြှိမ်းသတ်ဖို့ ညွှန်ကြားခဲ့ပါတယ်။ မီးကို ခက်ခက်ခဲခဲ ငြိမ်းသတ်ပြီးတဲ့နောက်မှာမှ စီရင်စုအမတ်ရဲ့မိသားစုတစ်ခုလုံး မီးလောင်သေဆုံးသွားခဲ့ပြီး ရာဇဝတ်သားတွေ အားလုံး ပျောက်သွားတာကို ကျွန်တော်တို့ သိခဲ့ရတာပါ။ ကျွန်တော်တို့ ရာဇဝတ်သားတွေကို ညတွင်းချင်း လိုက်ဖမ်းပြီး တချို့ကို ပြန်ခေါ်လာနိုင်ခဲ့ပေမယ့် စူးအိမ်တော်က စူးဟန်ရွှမ်နဲ့ သက်တော်စောင့်လုပ်ငန်းက သက်တော်စောင့်တွေကတော့ လွတ်မြောက်သွားပါတယ်။ ဒီကိစ္စက စူးဟန်ရွှမ်နဲ့ သက်ဆိုင်နေတယ်လို့ သံသယရှိပါတယ်"

တစ်ညလုံး ထိတ်လန့်တုန်လှုပ်နေခဲ့ရသော မြို့စောင့်တပ်မှူးက ယခုအချိန်တွင် အမှန်တကယ် ဒေါသထွက်နေလေသည်။ သူက ဒေါသတကြီး အံ့ကြိတ်ကာ သူ့နှုတ်ခမ်းများကို ပြန်ကိုက်ထားသောကြောင့် သူ့နှုတ်ခမ်းများ အက်ကွဲနေပြီး သွေးများထွက်နေကာ သူ့ပါးစပ်တစ်ခုလုံး သွေးများ ပျံ့နှံနေသည်။

သို့သော် သူက လိမ္မာပါးနပ်နေဆဲဖြစ်ပြီး စူးဟန်ရွှမ်နှင့် ပတ်သတ်နိုင်ကြောင်း ချက်ချင်း စဉ်းစားနိုင်သေးသည်။

ထိုအကျဥ်းထောင်ထဲတွင် စူးဟန်ရွှမ်က အချမ်းသာဆုံးလူဖြစ်ပြီး သူက သိုင်းလောကရှိ လူများနှင့် မိတ်ဆွေဖွဲ့ခြင်းကိုလည်း နှစ်သက်သူ ဖြစ်သည်။ သူ့ထံတွင် ထိုသို့ လုပ်နိုင်ရန် ခွန်အားရော အဆက်အသွယ်ပါ ရှိနေခဲ့သည်။

"ဒီကိစ္စတွေကို မင်း ဘယ်လို ကိုင်တွယ်မှာလဲ? တော်ဝင်ရုံးတော်က မင်းလို အမှိုက်ကောင်တွေကို ဆက်ထားနေသေးတာလား?"

ထိုလူက စူးဟန်ရွှမ်ကို သံသယရှိနေကြောင်း ကြားလိုက်သည်နှင့် ကျိ‌ရွှေရှန့်က ထိုညံ့ဖျင်းသည့်မြို့စောင့်တပ်မှူးကို ကန်ထုတ်လိုက်ပြီး မြေပေါ်သို့ လဲကျသွားစေခဲ့သည်။ ဝမ်မိသားစုစစ်တပ်မှ လူများက ထိုကဲ့သို့ မောက်မာလေ့ရှိသောကြောင့် မြို့စောင့်တပ်မှူးအနေဖြင့် ဒေါသထွက်သွားသည့်တိုင် ထိုလူက မကျေနပ်သည့်အမူအရာကို မပြရဲခဲ့ပေ။ သူက မြေကြီးပေါ်တွင် အလျင်အမြန် ဒူးထောက်လိုက်ကာ သူ့အမှားကို ဝန်ခံနေခဲ့သည်။

"ဟုတ်ပါတယ်၊ ကျွန်တော် မှားသွားခဲ့ပါတယ်။ ကျေးဇူးပြုပြီး လူကြီးမင်းက လမ်းပြပေးပါ"

“စပါးကျီကို လုယက်ခဲ့တယ်လို့ မင်း ပြောခဲ့တယ် မဟုတ်ဘူးလား? အကျဥ်းထောင်ထဲမှာ တောင်ဓားပြတွေ ရှိ၊ မရှိ သွားစစ်ဆေးလေ။ ပြီးတော့ ကပ်ဘေးဒုက္ခသည်တွေရော ရှိနေသေးလား? မကြာသေးမီက သံသယဖြစ်ဖို့ကောင်းတဲ့လူတွေ မြို့ထဲကို ဝင်လာသေးလား? အရင်ကလည်း လျန်ချန်မှာ လူတွေက စပါးကျီထဲက ရိက္ခာတွေကို လုယက်ဖို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးကို သေဆုံးစေခဲ့တဲ့ ဘေးအန္တရာယ်တစ်ခု ဖြစ်ပွားခဲ့တယ်။ လမ်းမှားကို လိုက်ပြီး အချိန်ဖြုန်း မနေနဲ့"

ကျိ‌ရွှေရှန့်၏မျက်နှာက ရေသေကန်ကဲ့သို့ မည်းမှောင်နေပြီး သူ့၏နက်မှောင်နက်ရှိုင်းသော မျက်လုံးများက မြို့စောင့်တပ်မှူးကို အေးစက်စွာ စိုက်ကြည့်နေလေသည်။ မြို့စောင့်တပ်မှူးကလည်း သူ့စကားကြောင့် အံ့အားသင့်သွားပြီး လက်သီးအုပ်ကာ ချက်ချင်း ပြန်ဖြေလာခဲ့သည်။

"ဟုတ်ကဲ့၊ ကျွန်တော် အခု သွားစုံစမ်းလိုက်ပါ့မယ်"

“ကောင်းပြီ၊ ဒီတပ်မှူးမှာ အရေးတကြီး လုပ်စရာ ရှိနေသေးတယ်။ ငါတို့အတွက် စားစရာ ပြင်ဆင်ပေး၊ စားပြီးတာနဲ့ ချက်ချင်း ပြန်ထွက်သွားမယ်”

စူးချင်းက လော့ချန်တွင် မရှိတော့သည့်အပြင် သူမက အိမ်တော်ထိန်းနှင့် သက်တော်စောင့်များကိုပါ ကယ်ဆယ်သွားခဲ့သောကြောင့် ကျိ‌ရွှေရှန့်အတွက် လော့ချန်တွင် နေစရာအကြောင်း မရှိတော့ပေ။ နောက်တစ်နေရာသို့ ပြန်မထွက်ခွာခင် ဗိုက်ပြည့်အောင် စားသောက်ရုံသာ ရှိတော့သည်။

သူနဲ့ သူ့ရဲ့ချင်းအာတို့မှာ အမြဲတမ်း တူညီတဲ့အတွေးတွေ ရှိတတ်ကြတယ်။ သူက ဝမ်မိသားစုစစ်တပ်ကို အကာအကွယ်အဖြစ်သုံးပြီး မြို့အသီးသီးက စပါးကျီတွေကို လုယူဖို့ ရောက်လာခဲ့တာလေ။ ပြီးရင် ရလာတဲ့ကောက်နှံတွေနဲ့ စားနပ်ရိက္ခာတွေကို သူ့ရဲ့စစ်သည်တွေကို ကျွေးမွေးဖို့ မော့ချန်ကို ပြန်ပို့ဖို့ စီစဉ်ထားပြီးပြီ။

ဒါပေမယ့် သူရဲ့ချင်းအာက သူ့ထက် ခြေတစ်လှမ်းသာနေမယ်လို့တော့ သူ မမျှော်လင့်ထားခဲ့မိဘူး။ သူက သူမကို ချက်ချင်း တွေ့ချင်နေပြီး သူနဲ့ဘာကြောင့် ရုတ်တရက် ခွဲခွာချင်နေတာလဲလို့ မေးချင်နေပြီ။

စူးချင်း၏အကြောင်းကို တွေးလိုက်မိချိန်တွင် ကျိ‌ရွှေရှန့်၏မျက်လုံးများမှ အေးစက်မှုများက နူးညံ့သိမ်မွေ့မှုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်။ သူ့ကိုယ်သူပင် မထိန်းနိုင်ခင် သူ့နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးညွတ်သွားသေးသည်။

သူ့စိတ်များက ကပြောင်းကပြန် ဖြစ်နေခဲ့ပြီး သူ့အတွေးများအားလုံးက စူးချင်းနောက်သို့ လိုက်ပါနေခဲ့သည်။

မြို့စောင့်တပ်မှူးက ကျိ‌ရွှေရှန့်နှင့် သူ့လူများကို တည်းခိုစခန်းသို့ အမြန် ခေါ်ဆောင်သွားခဲ့ပြီး သူတို့ကို ကောင်းမွန်စွာ ဧည့်ခံခဲ့သည်။ သူတို့ ပြန်မထွက်ခွာခင် သူတို့ လမ်းတွင် စားနိုင်ရန် ရိက္ခာခြောက်များပင် ပြင်ဆင်ပေးခဲ့သေးသည်။ ကျိ‌ရွှေရှန့်က ဝန်ကြီးချုပ်ဝမ်၏ရှေ့တွင် သူ့အတွက် ကောင်းမွန်သော စကားများ ပြောပေးစေရန် ကျိ‌ရွှေရှန့်၏ လက်ထဲသို့ ငွေလျန်တစ်ရာ ထည့်ပေးလိုက်သေးသည်။

"မင်းက ငါ့ရဲ့စကားကောင်းတွေကို လျန်တစ်ရာလောက်နဲ့ ဝယ်ယူချင်နေတာလား?"

ကျိ‌ရွှေရှန့်က မထီမဲ့မြင်အမူအရာဖြင့် ပြောလိုက်ပြီးမှ ထိုငွေစက္ကူများကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ကျိ‌ရွှေရှန့်၏ ထိုအပြုအမူကို မြင်လိုက်ရချိန်တွင် မြို့စောင့်တပ်မှူးက ထိတ်လန့်သွားပြီး လျန်ငါးရာတန်ဖိုးရှိသည့် ငွေလက်မှတ်တစ်ရွက်ကို သူ့လက်နှစ်ဖက်ဖြင့် တရိုတသေ ပေးအပ်လိုက်သည်။

ထိုမှသာ ကျိ‌ရွှေရှန့်က ထိုငွေလက်မှတ်ကို ကျေကျေနပ်နပ် လက်ခံလိုက်သည်။ သာမန်ပြည်သူများရှေ့တွင် ရက်စက်ကြမ်းကြုတ်စွာ ပြုမူလေ့ရှိသည့် ဤအကျင့်ပျက် အရာရှိများကို ကျေးကျွန်သဖွယ် ခိုင်းစေနေရခြင်းက ကျေနပ်ဖွယ် ကောင်းလှသည်။ ထိုလူများက မိမိကိုယ်ကို လေးစားမှုဟူသည့် စကားကို နားလည်ရန် လိုအပ်နေသူများ ဖြစ်ကြသည်။ ဝမ်မိသားစုစစ်တပ်၏ စစ်သည်များအဖြစ် ဟန်ဆောင်လိုက်ခြင်းက အကြံကောင်းတစ်ခုဖြစ်သည်ဟု ကျိ‌ရွှေရှန့် ခံစားနေရသည်။

ကျိ‌ရွှေရှန့်က ရှောင်းမိသားစု၏စစ်တပ်ကို ဦးဆောင်ရင်း လော့ချန်မှ ကျင်းချန်သို့ တည့်တည့် ဦးတည်လိုက်သည်။ ကျင်းချန်မှ မြို့စောင့်တပ်သားများက ဝမ်မိသားစု၏ စစ်အလံကို အဝေးမှ လှမ်းမြင်ပြီးဖြစ်ကာ သူတို့ကို ကြိုဆိုရန် မြို့ပြင်သို့ ထွက်လာကြသည်။

ကျိ‌ရွှေရှန့်က စားနပ်ရိက္ခာများ စုဆောင်းရန် ကျင်းချန်တွင် ဝမ်မိသားစုစစ်တပ်မှ ဒုတပ်မှူးအဖြစ် ဟန်ဆောင်နေချိန်တွင် မော့ချန်မှ စူးချင်းက အိမ်တော်ထိန်းအတွက် ကြိုဆိုပွဲ လုပ်ပေးပြီးပြီ ဖြစ်သည်။ ညဘက်တွင် သူမက သူမ၏မောင်လေး၊ ရှောင်ချီတို့နှင့်အတူ အနောက်ဘက်အဆောင်တွင် အိပ်နေခဲ့သည်။

ရှောင်ချန်က အရုပ်လေးတစ်ရုပ်ကို ပွေ့ဖက်ထားသကဲ့သို့ ရှောင်ချီကို တင်းကျပ်စွာ ပွေ့ဖက်ထားခဲ့သည်။ ရှောင်ချီက ရှောင်ချန်ထံမှ ချုပ်နှောင်ခံထားရပြီး ပထမဆုံးအကြိမ်အဖြစ် သူမ အသက်ရှင်နေထိုင်ရန် ဘာမှမကျန်တော့သလို ခံစားနေရပြီး မျှော်လင့်ချက်မဲ့နေခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူမ ကျင့်သားရလာကာ သူမကလည်း ချစ်စရာ ရှောင်ချန်လေးကို ပြန်ပွေ့ဖက်ထားပြီး သူမက ထိုကလေးလေးနှင့်အတူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်သည်ကို သူမ တွေ့ရှိသွားခဲ့သည်။

စူးချင်းက သူတို့ဘေးတွင် လှဲနေပြီး ရှောင်ချန်ကို ကြည့်နေခဲ့သည်။

သူမရဲ့မောင်လေးက အိပ်နေတဲ့အချိန်မှာ နတ်သားလေးလိုပဲ။

စူးချင်းက နေ့ခင်းဘက်တွင် သူမ ကြားခဲ့သည့် မိခင်ဖြစ်သူ၏စကားများကို ပြန်တွေးနေမိသည်။

သူမရဲ့အဖေက သူမအတွက် စီစဥ်ပေးထားတဲ့ ခင်ပွန်းလောင်းကို သူမ စိတ်မဝင်စားဘူး။ ဘာပဲဖြစ်ဖြစ် သူမက အမြဲတစေ ပုန်ကန်တတ်တဲ့သူပဲ။ သူမ တစ်ခုခုကို လုပ်ချင်စိတ် မရှိသရွေ့ ဘယ်သူကမှ သူမကို အတင်းအကြပ်လုပ်ခိုင်းလို့ မရဘူး။

ပြီးတော့ သူမမှာ ခင်ပွန်းလောင်း ရှိနေတာကို ကျိ‌ရွှေရှန့် သိသွားရင် သူ ဘယ်လို ခံစားရမလဲ? သူလည်း သူမလိုမျိုး အဆင်မပြေ ဖြစ်နေမှာလား?

စူးချင်းက စိတ်ပျက်လက်ပျက်ဖြင့် ဘေးသို့ ပြန်လှည့်လိုက်ပြီး သူမ၏ ချစ်စရာမောင်လေးကို ကြည့်နေရချိန်တွင်ပင် သူမ၏ပူပန်နေသည့်စိတ်က မသက်သာသွားနိုင်ကြောင်း သတိပြုမိလိုက်သည်။

ထို့နောက် မော့ခန်၏လက်ရှိအခြေအနေများကို တွေးတောနေရင်း သူမ၏အတွေးများ လွင့်ပျံသွားပြန်သည်။

လူသတ်လက်နက်ကြီးကို ဖန်တီးတဲ့သူတွေ မော့ချန်ကနေ ထွက်သွားပြီလို့ သူမတို့ ဝန်ကြီးချုပ်ဝမ်ဆီကို လျှို့ဝှက်သတင်းစကား ပေးပို့ခဲ့တာတောင် သူတို့ဘက်က လက်မ‌လျော့ကြသေးဘူး။

ဒီကိစ္စက အန္တရာယ်များလွန်းတယ်။ သူမက သူမ မိဘတွေရဲ့အနားမှာ နေ့တိုင်း မနေနိုင်ဘူး။ နောက်တစ်ကြိမ်မှာ ဒီလောက်ချောချောမွေ့မွေ့ ဖြတ်သန်းနိုင်မယ်လို့ ဘယ်သူက အာမခံနိုင်လို့လဲ?

အခု မော့ချန်က လူအများ စောင့်ကြည့်နေတဲ့ ပစ်မှတ်ဖြစ်နေပြီ။ တော်ဝင်ရုံးတော်နဲ့ ဝန်ကြီးချုပ်ဝမ်တို့ကလည်း လူသတ်လက်နက်ကြီးကို ရယူရန် ဆုံးဖြတ်ထားပုံပဲ။

အရင်တုန်းကဆိုရင် ဧကရီနဲ့ တာ့ထန်တိုင်းပြည်ရဲ့အကြီးဆုံးမင်းသားကလည်း ဒီလူသတ်လက်နက်ကြီးကို လုယူချင်ခဲ့ကြတယ်။ အခု ဧကရာဇ်အိုကြီး ဒါမှမဟုတ် တတိယမင်းသားကလည်း ဒီလက်နက်ကြီးတွေအတွက် စိတ်ကူးနေတာမျိုး ရှိ မရှိကို ဘယ်သူက ကြိုသိနိုင်မှာလဲ? အပေါ်ယံမှာ သူတို့က တာ့ထန်ပြည်ထောင်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပုံရပေမယ့် သူတို့ရဲအတွင်းစိတ်နဲ့ ရည်ရွယ်ချက်အမှန်ကို သိရှိဖို့ကတော့ ခက်ခဲလွန်းတယ်။

ရတနာတစ်ခုကို ပိုင်ဆိုင်ထားတာက ကပ်ဘေးကို ဆင့်ခေါ်နေတာနဲ့ တူပြီး အဲဒါတွေ တွေးနေတဲ့သူတွေကလည်း အရမ်းများတယ်။

ပြီးတော့ သူမရဲ့အဖေနဲ့ ဦးလေးတို့နှစ်ယောက်စလုံးကလည်း ပြင်းထန်တဲ့ ရာဇဝတ်မှုတွေ ရှိနေသေးတယ်။ တခြားသူတွေ ရိပ်မိသွားရင် အန္တရာယ် ရှိလာလိမ့်မယ်။

ထွက်သွားဖို့ အချိန်တန်နေပြီ။

သို့သော်လည်း မည့်သည့်အကြောင်းကြောင့်ဟု မသိနိုင်သော်လည်း မော့ချန်နှင့် ကျိ‌ရွှေရှန့်တို့ကို စွန့်ခွာရန် အတွေးက စူးချင်း၏နှလုံးသားကို ဓားဖြင့် ထိုးနေသလိုမျိုး ခံစားရစေခဲ့သည်။

ကဲ.... အိပ်မပျော်မှတော့ ထပြီး ပဲပိစပ်စိမ် လိုက်တော့မယ်။ နက်ဖြန်မနက် အမေ့အတွက် ပဲနို့ကြိတ်ပေးပြီး၊ သူ့အဖေနဲ့ သူ့ဦးလေးအတွက် တို့ဟူးပူတင်းလုပ်ပေးမယ်၊ ပြီးရင် တို့ဟူးခြောက်တွေ လုပ်မယ်။

နေ့တိုင်း သိုးသားစားတာက လူတွေကို ဒေါသ၊ မောဟတွေ များလာစေလိမ့်မယ်။ သူမရဲ့အမေက ကျမ်းဂန်ရွတ်ဆိုနေတုန်းဆိုတော့ သက်သတ်လွတ်စားတာ ပိုကောင်းလိမ့်မယ်။ အများကြီး လုပ်ထားလိုက်တာ ပိုကောင်းတယ်။ စားလို့မကုန်ရင်တောင် အေးခဲထားလို့ ရသေးတယ်။ အေးခဲထားတဲ့ တို့ဟူးက အသားထက်တောင် ပိုမွှေးသေးတယ်။

‌နောက်ဆုံးတွင် စူးချင်းက အတွေးများကို ရပ်လိုက်ပြီး ပဲများကို ရေစိပ်နေခဲ့သည်။ ထိုနောက် သူမက သိုးမွေးများကို ချည်ငင်ရန် ဆက်ပြင်ဆင်နေခဲ့သည်။ သူမက သူမ၏မိခင် မြောက်ဘက်မှ အအေးဒဏ်ကို ခံနိုင်ရည်ရှိစေရန် သူမ၏မိခင်အတွက် သိုးမွေးအင်္ကျီတစ်ထည် ပြုလုပ်ပေးရန် တွေးထားခဲ့သည်။

အလုပ်လုပ် နေရခြင်းက ကောင်းမွန်းလှပြီး အလုပ်လုပ်နေချိန်တွင် သူမ၏ပူပန်စရာများ ပျောက်ကွယ်သွားခဲ့သည်။

စူးချင်းက မိုးလင်းသည်အထိ အလုပ်လုပ်နေခဲ့ပြီး အိပ်ပင် မငိုက်ခဲ့ပေ။ ရေစိမ်ထားသော ပဲပိစပ်များ အဆင်သင့်ဖြစ်သွားချိန်တွင် သူမက ထိုပဲပိစပ်ဇလုံကြီးကို အိမ်ဝင်းထဲသို့ သယ်သွားပြီး ပဲပိစပ်ကို ကျောက်စက်ဖြင့် ကြိတ်ချေလိုက်သည်။

စူးဟန်ရွှမ်က အစောကြီးနိုးထလေ့ရှိသည်။ သူက ယခင် စီးပွားရေးလုပ်ချိန်တွင် သန်းခေါင်ကျော်မှ အိပ်ရပြီး မနက်အာရုံတက်ခင် အိပ်ယာမှ ပြန်ထခဲ့ရသည်။ ထိုစဥ်က နေ့တိုင်းနေ့တိုင်း အိပ်ချိန်မလုံလောက်သောကြောင့် သူက တစ်ရက်ကို နှစ်ရက်ကဲ့သို့ အသက်ရှင်နေထိုင်ခဲ့ရသည်။

ချမ်းအေးသော နံနက်ခင်းတွင် သူ့သမီးလေး တစ်ယောက်တည်း ပဲကြိတ်နေသည်ကို မြင်လိုက်ရသဖြင့် စူးဟန်ရွှမ်က သမီးဖြစ်သူဆီသို့ အပြေးအလွှားသွားကာ စိုးရိမ်တကြီး မေးလိုက်သည်။

"ချင်းအာ၊ သမီး စိတ်ထဲမှာ တစ်ခုခု ရှိနေလို့လား?"

"အဖေ၊ အမေ ပြောတာက အဖေက သမီးအတွက် အိမ်ထောင်ဖက် စီစဉ်ပေးထားခဲ့တယ်တဲ့...အဲ့ဒါ ဟုတ်လား?"

All Chapters