← Chapters

ဧကရာဇ်နှင့် စီးပွားရေး စကားပြောခြင်း

Vol. 22 Ch. 317

ဧကရာဇ်နှင့် စီးပွားရေး စကားပြောခြင်း

Vol. 22 Ch. 317

“ဟား ဟား၊ အံ့ဖွယ်သမားတော်ရဲ့နာမည်ကို ကြားဖူးနေတာ ကြာပြီ။ ဒါပေမယ့် ဒီနေ့မှပဲ သမားတော်ရဲ့မျက်နှာကို ကျန်း မြင်ဖူးတော့တယ်။ အံ့ဖွယ်သမားတော်မှာ အရမ်း ကောင်းမွန်တဲ့ သွင်ပြင်ရှိတာပဲ”

စူးချင်း ဧကရာဇ်ကို ကုသပေးရန် ရောက်လာခဲ့စဥ်က သူက မေ့မြောနေခဲ့သည်။ သူ ပြန်နိုးလာပြီးနောက် သူက သူ့ကို ကယ်တင်ပေးခဲ့သည့် ဤမိန်းမငယ်လေးကို အမြဲတွေ့ချင်နေခဲ့သည်။

အမျိုးသားကဲ့သို့ ဝတ်ဆင်ထားပြီး ရဲရင့်သည့် အမူအရာနှင့် သူရဲကောင်းဆန်လွန်းသည့် အံ့ဖွယ်သမားတော်ကို မြင်ရလိမ့်မည်ဟု ဧကရာဇ်အိုကြီးက ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ပေ။ ထိုအရာက သူ့ကို အလွန်အံ့အားသင့်စေခဲ့သည်။

အံ့ဖွယ်သမားတော်က စစ်သားလို ရဲရင့်တဲ့ မိန်းခလေး မဟုတ်ဘဲ မသေမျိုးတွေလို နူးနူးညံ့ညံ့ သိမ်သိမ့်မွေ့မွေ့နဲ့ ဒဏ္ဍာရီဆန်ဆန် ဖြစ်သင့်တာ မဟုတ်ဘူးလား?

"ဧကရာဇ်မင်းမြတ်ကို နှုတ်ခွန်းဆက်သပါတယ်"

စူးချင်းက ဧကရာဇ်အား လေးလေးနက်နက် ဦးညွှတ်လိုက်သော်လည်း ဒူးမထောက်ခဲ့ပေ။ သူမ၏မာနက သူမအား သူမ၏မိဘများမှလွဲ၍ မည်သူ့ကိုမျှ ဒူးထောက်ခွင့်ပြုမည် မဟုတ်ပေ။

ကျိရှောင်ယင် နှင့် လွမ်ဟုန်တို့က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ သူမတို့ ဒူးထောက်သင့် မသင့် တစ်ယောက်ကို တစ်ယောက် အကြည့်ဖြင့် ပြန်မေးလိုက်သည်။

တာ့ရှားမှာ ဆိုရင်တော့ ဧကရာဇ်ကို မဆိုထားနဲ့ အရာရှိကြီးတစ်ဦးကို တွေ့ရင်တောင် ဒူးထောက်ကြရတယ်။ ဒါပေမဲ့ အခု အစ်မစူးချင်းက ဒူးမထောက်တော့ သူမတို့လည်း ဒူးမထောက်ချင်တော့ဘူး။

သူမတို့က စူးချင်းကို အတုယူကာ ဧကရာဇ်အား လေးလေးနက်နက် ဦးညွှတ်လိုက်ကြသည်။

"ဧကရာဇ်မင်းမြတ်ကို နှုတ်ခွန်းဆက်သပါတယ်"

"ယဉ်ကျေးနေဖို့ မလိုပါဘူး၊ ပြန်ထ ကြပါ"

ဧကရာဇ်၏ နှုတ်ခမ်းထောင့်များက လှုပ်ယမ်းသွားခဲ့သည်။

တာ့ရှားပြည်ထောင်မှာဆိုရင် ဧကရာဇ်ကို ဒူးထောက်ပြီး အရိုအသေ‌ပေး နှုတ်ဆက်ရတာ မဟုတ်ဘူးလား?

ထားလိုက်ပါတော့၊ သူက သူမတို့ တိုင်းပြည်က ဧကရာဇ် မဟုတ်ဘူး။ ဒါကြောင့် သူမတို့က ဒူးထောက် အရိုအသေ‌ပေးချင်မှာ မဟုတ်ဘူး။

ကြာင်ယာတော်လီက စူးချင်းနှင့် အကြိမ်ကြိမ် တွေ့ဆုံခဲ့ပြီး စူးချင်းကို သူမ၏သားတော်အတွက် ကိုယ်လုပ်တော်အဖြစ် ထိမ်းမြားပေးရန် ရည်ရွယ်ခဲ့သော်လည်း နောက်ပိုင်းတွင် စူးချင်းက ပေါင်းသင်းရန် မလွယ်ကူကြောင်း သူမ နားလည်လာခဲ့ရသည်။ သူမက မာနကြီးလွန်းသည့်အပြင် အေးစက်လွန်းပြီး တခြားသူများကို လီထောင်ချီအဝေးမှပင် ငြင်းပယ်နေပုံရသည်။ ထိုသို့သောစရိုက်က တော်ဝင်နန်းတော်အတွက် မသင့်လျော်ပေ။

ယောက္ခမနှင့် ချွေးမ မဖြစ်နိုင်တော့သော်လည်း ကြင်ယာတော်လီက စူးချင်းကို အလွန်လေးစားနေဆဲဖြစ်ပြီး သူမက မတ်တပ်ထရပ်ကာ အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။ “သခင်မလေးစူး၊ နေကောင်းရဲ့လား?”

"လီမေးမယ်မယ်၊ မယ်မယ် နေကောင်းသွားပြီလို့ ကျွန်မ ယုံကြည်တယ်။ မယ်မယ်ရဲ့သွေးခုန်နှုန်းကို ထပ်စစ်ဆေးပေးပါရစေ"

စူးချင်းက သူမကို ဦးညွှတ်လိုက်သည်။ သမားတော်တစ်ယောက်အနေဖြင့် ကိုယ့်လူနာကို တွေ့သည့်အခါ ပထမဆုံး ဂရုစိုက်မိသည်က လူနာ၏ပြန်လည်ကောင်းမွန်လာရန်သာ ဖြစ်သည်။

“ကောင်းပါပြီ”

ကြင်ယာ‌တော်လီက သူမ၏သွေးခုန်နှုန်းအား စစ်ဆေးပေးရန် စူးချင်းထံတွင် တောင်းဆိုတော့မည် ဖြစ်ပြီး စူးချင်းက အရင်တောင်းဆိုလိုက်သည့်အတွက် သူမ ပျော်ရွှင်သွားခဲ့သည်။

စူးချင်းက ကြင်ယာတော်လီ၏သွေးခုန်နှုန်းကို စစ်ဆေးနေချိန်တွင် ဧကရာဇ်က သူမတို့ကို စိတ်ဝင်တစား ကြည့်ရှုနေခဲ့သည်။ ကျိရှောင်ယင်နှင့်လွမ်ဟုန်တို့က စူးချင်းကို တလေးတစား စိုက်ကြည့်နေကြသည်။

အစ်မစူးချင်းက အရမ်း အံ့သြစရာကောင်းတယ်။ ဧကရာဇ်ကိုတောင် ဆေးကုပေးဖူးတယ်တဲ့။

"ခမည်းတော်၊ ဒီနှစ်ယောက်က သခင်မလေးစူးရဲ့မိတ်ဆွေတွေပါ"

ဧကရာဇ်က ထိုမိန်းခလေးနှစ်ယောက်အတွက် နေရာမပေးသည်ကို မြင်လိုက်ရသောကြောင့် ယဲ့လွီချွမ်းက သူ့ခမည်းတော်ကို သတိပေးလိုက်သည်။

"လာကြစမ်း၊ မိန်းခလေးနှစ်ယောက်အတွက် ထိုင်ဖို့နေရာ ပြင်ပေးလိုက်ကြစမ်း"

ထိုမှသာလျှင် ဧကရာဇ်က ကျိရှောင်ယင်နှင့် လွမ်ဟုန်တို့ဆီသို့ အကြည့်ရောက်သွား ခဲ့သည်။ အလယ်ပိုင်းလွင်ပြင်မှ အမျိုးသမီးလေးများက အလွန်လှပပြီး ဉာဏ်ရည်ထက်မြက်ပုံရသည့် မျက်လုံးတောက်တောက်လေးများနှင့် သေးသွယ်ပြီး ချစ်စရာကောင်းသော အသွင်အပြင်များ ရှိကြောင်း သူ တွေ့ရှိခဲ့ရသည်။ ထိုနေရာတွင် သူမတို့နှစ်ယောက် အဆင်မပြေစွာ ရပ်နေသည်ကိုလည်း သူ မြင်သွားခဲ့ပြီး မိန်းမစိုးများအား သူမတိုအတွက် ထိုင်ခုံနေရာ ပြင်ဆင်ပေးရန် အမိန့်ပေးလိုက်သည်။

“လီဖေးမယ်မယ်က နေပြန် ကောင်းလာပါပြီ။ မယ်မယ် ပြန်လည်အားဖြည့်နိုင်ဖို့ အခြားဆေးညွှန်းတစ်ခု ပေးခဲ့ပါမယ်။ တစ်လကြာပြီးရင် ဆေးသောက်တာကို ရပ်လိုက်လို့ရပါပြီ”

ကြင်ယာတော်လီ၏သွေးခုန်နှုန်းကို စစ်ဆေးပြီးနောက် စူးချင်းက မိန်းမစိုးအား စုတ်တံနှင့် စာရွက် ယူဆောင်ပေးရန် တောင်းဆိုလိုက်ပြီး ဆေးညွှန်းကို စရေးလိုက်သည်။

သူမ၏ဆေးပညာ ကျွမ်းကျင်မှုများက တိုးတက်လာပြီ ဖြစ်သောကြောင့် သူမက ချီစွမ်းအင်ကို မြင်နိုင်သည့် အဆင့်သို့ ရောက်ရှိလာခဲ့သည်။ သူမက လူ့ခန္ဓာကိုယ်ရှိ အကြောဆုံမှတ်များ အားလုံးကို မြင်နိုင်ပြီး ရောဂါရှိသည့်နေရာကိုလည်း မြင်နိုင်နေပြီ ဖြစ်သည်။ သူမက သွေးခုန်နှုန်းကိုပင် မစစ်ဆေးဘဲ ရောဂါကို ကုသနိုင်နေပြီ ဖြစ်သည်။

ဆေးညွှန်းရေးရခြင်းက ပို၍ပင် လွယ်ကုနေပြီး လူနာကို ကြည့်လိုက်သည်နှင့် ဆေးညွှန်းက သူမ၏စိတ်ထဲတွင် ပေါ်လာနိုင်သည်။ သူမအနေဖြင့် လိုအပ်သော ဆေးများ၊ ဆေးများ၏ပမာဏနှင့် အတိုင်းအတာကို တိကျစွာ ချရေးရုံသာ လုပ်ရတော့သည်။

လွမ်ဟုန်နှင့်ကျိရှောင်ယင်တို့က စားပွဲရှည်ကြီးတစ်လုံး၏နောက်တွင် ထိုင်နေကြပြီး မိန်းမစိုးတစ်ယောက်က သူမတို့အတွက် နို့လက်ဖက်ရည်နှင့် မုန့်များ ယူလာပေးခဲ့သည်။ သူမတို့က နို့လက်ဖက်ရည်ကို ပထမဆုံးအကြိမ် သောက်ဖူးခြင်း ဖြစ်ပြီး မသောက်တက်ကျပေ။ ထို့နောက် တစ်ငုံသာ သောက်ပြီး စားပွဲပေါ်သို့ ပြန်တင်ထားလိုက်ကြသည်။

"သခင်မလေးစူးကို ဧည့်ခံဖို့ တော်ဝင်စားတော်ပွဲ ပြင်ဆင်လိုက်ကြတော့"

ဧကရာဇ်က သူ့၏မိန်းမစိုးများအား တော်ဝင်စားတော်ပွဲ ယူဆောင်လာရန် အမိန့်ပေးခဲ့သည်။ တာ့ထန်ပြည်ထောင်တွင် ဖိတ်ကြားခံ ဧည့်သည်တော်များအတွက် အဆင့်အမြင့်ဆုံးအစားအစာမှာ သိုးသားကောင်လုံးကင် ဖြစ်သည်။ ထို့အပြင် တာ့ထန်တိုင်းပြည်၏ရိုးရာစားသောက်ဖွယ်ရာအချို့လည်း ရှိနေခဲ့သည်။

စူးချင်းက အားနာနေခြင်း မရှိပေ။ ဧကရာဇ်က သူမအား ထိုသို့ ဧည့်ခံခြင်းမှာ သူမ၏စွမ်းရည်ကြောင့် ဖြစ်သည်။

ယဲ့လွီချွမ်းက သူ့ခမည်းတော်၏အနားသို့ တိုးကပ်သွားပြီး တစ်ခုခု ပြောလိုက်ပုံရသည်။ သူ ဘာပြောလိုက်မှန်း မသိနိုင်သော်လည်း ဧကရာဇ်က ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားပုံရကာ စူးချင်းကို လှမ်းကြည့်လိုက်သည်။ သူက အံ့ဖွယ်သမားတော်ကို ဆေးကုခ အကြွေးတင်နိုင်ကြောင်း ပြန်သတိရသွားခြင်း ဖြစ်ပြီး ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

“လာကြစမ်း၊ သခင်မလေးစူးကို ရွှေလျန်တစ်ရာ၊ မြင်းကောင်းဆယ်ကောင်နဲ့ ဆူဖြိုးတဲ့ သိုးအကောင်တစ်ရာ ဆုချစေ”

ဧကရာဇ်၏ဆုလာဘ်က ရက်ရောလွန်းလှသည်။ ပုံမှန်အားဖြင့် ဧကရာဇ်မင်းမြတ်က ဆုတော်ပေးသည့်အခါ ထိုဆုလာဘ်အတွက် ကျေးဇူးတင်ရန် ဒူးထောက်ရသော်လည်း စူးချင်းက သူမ၏ကျေးဇူးတင်ကြောင်းကို ဖော်ပြရန် လေးလေးနက်နက် ဦးညွှတ်လိုက်ဆဲဖြစ်သည်။

ညနေပိုင်းတွင် စူးချင်းတို့ကို ဧည်ခံရန် တောင်တန်းပြာတွေ့ဆုံပွဲကို ကျင်းပပေးခဲ့သည်။ တာ့ထန်များက နပန်းကစားခြင်းကို နှစ်သက်ပြီး တာ့ထန်၏ စစ်သည်တော်များအားလုံးက နပန်းသမားကောင်းများ ဖြစ်ကြသည်။

ကျိရှောင်ယင်က ထိုပွဲကို အလွန်စိတ်ဝင်စားနေပြီး သိုးခြေထောက်ကင်ကိုပင် စိတ်မဝင်စားနိုင်တော့ပေ။

ဒါက အစ်မစူးချင်း လုပ်ထားတာလောက် အရသာ မရှိဘူး။ အဲ့တော့ နပန်းပွဲကြည့်ရတာကမှ ပိုစိတ်ဝင်စားစရာကောင်းနေသေးတယ်။

လွမ်ဟုန်၏အတွေးလည်း ကျိရှောင်ယင်နှင့်အတူတူသာ ဖြစ်သည်။ သူမက ကျိရှောင်ယင်ထက် ပို၍ပွင့်လင်းပြီး ရံဖန်ရံခါတွင် စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်ပင် တီးနေသေးသည်။

ယနေ့ညတွင် သူတို့က တာ့ထန်၏ မြင်းနို့အရက်ကို မသောက်ကြဘဲ စူးချင်း ယူလာသည့် ကျန့်နန်ချွန်းနှင့် အပြင်းစားအရက်များကို တည်ခင်းထားကြသည်။ အရက်ပြင်းတစ်ပန်းကန် သောက်ပြီးနောက်တွင် ဧကရာဇ်က စားပွဲကို လက်ဖြင့် ရိုက်ကာ ချီးကျူးလိုက်သည်။

"ကောင်းလိုက်တဲ့ အရက်၊ အရသာရှိလိုက်တဲ့ အရက်"

"ကျေးဇူးပြုပြီး ကျန့်နန်ချွန်းကို ထပ်မြည်းစမ်းကြည့်ပါဦး"

စူးချင်းက အရက်အိုးကို ကောက်ယူလိုက်ပြီး ဧကရာဇ်အိုကြီးအတွက် အရက် လောင်းထည့်ပေးလိုက်သည်။ ဘေးနားရှိ အမတ်များက သူမအား စူးစူးစိုက်စိုက် ကြည့်နေကြသည်။ မိန်းမစိုးတစ်ဦးက အဆိပ်စမ်းသပ်ရန် ငွေအပ်တစ်ချောင်းနှင့် ရောက်လာခဲ့သော်လည်း ဧကရာဇ်အိုကြီးက မည်းမှောင်သောအမူအရာဖြင့် မောင်းထုတ်လိုက်သည်။

"သွားစမ်း။ အံ့ဖွယ်သမားတော်ရဲ့အလေးအမြတ်ပြုမှုကို စမ်းသပ်ဖို့ မလိုအပ်ဘူး၊ ကျန်း ဒီတိုင်းသောက်မယ်”

ထိုအရာက စူးချင်းအပေါ်ထားသည့် သူ့၏ကြီးမားသော ယုံကြည်မှုတစ်ခုသာ ဖြစ်သည်။ နောက်ဆုံးတွင် သူမက တာ့ရှားပြည်ထောင်မှ လူဖြစ်ပြီး သူမ အရက်ကို အဆိပ်ခတ်ထားလျှင် အကျိုးဆက်က မတွေးရဲစရာ ဖြစ်လာပေလိမ့်မည်။

သို့သော်လည်း ဧကရာဇ်အိုကြီးက သူ့ခွက်ကို မြှောက်လိုက်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

စူးချင်းက သူ့ကို လှမ်းမေးလိုက်သည်။

“ဧကရာဇ်မင်းမြတ်၊ ဘယ်အရက်က ပိုကောင်းတယ် ထင်လဲ?”

“ဒီအရက်လည်း မဆိုးပါဘူး။ နည်းနည်းပျော့ပေမယ့် အရသာ အရမ်းကောင်းတယ်။ ဒါပေမယ့် ကျန်းက အဲ့ဒိတစ်ခုကို ပိုကြိုက်တယ်။ မြက်ခင်းပြင်က လူတွေအားလုံးက အရက်ပြင်းပြင်း သောက်ရတာကို ကြိုက်ကြတယ်”

ဧကရာဇ်အိုကြီးက သူ့နှုတ်ခမ်းကို လက်ဖြင့်သုတ်ကာ ပိုပြင်းသောအရက်အိုးကို ညွှန်ပြလိုက်သည်။ ထိုအရက်ပြင်းကို သောက်ပြီးနောက် သူ၏သွေးများ ပူနွေးလာပြီး တစ်ကိုယ်လုံး သက်တောင့်သက်သာရှိလာသလို ခံစားလိုက်ရသည်။

“ကောင်းပါပြီ၊ ဒါဆိုရင် ကျွန်မတို့ အရက်ရဲ့ပြင်းအားကို ပိုတိုးပေးမယ်။ ဒီအရက်အတွက် နာမည် မပေးရသေးဘူး။ ကျေးဇူးပြုပြီး အရှင်မင်းကြီးက နာမည်ကောင်းတစ်ခုလောက် ပေးသနာတော်မူပါ"

သူမ ထင်ထားသည့်အတိုင်း ဧကရာဇ်အိုကြီးက အရက်ပြင်းပြင်းသောက်ရခြင်းကို နှစ်သက်နေသည်အား မြင်လိုက်ရသောကြောင့် စူးချင်းက သူမ၏အရက်အတွက် နာမည်ပေးရန် ဧကရာဇ်အိုကြီးကို တောင်းဆိုလိုက်သည်။ ဧကရာဇ်ကိုယ်တိုင် အမည်ပေးသည့် အရက်က တာ့ထန်တွင် ကျော်ကြားလာမည်ဖြစ်သည်။

"ပါးဝမ်ဆွေ့"

ဧကရာဇ်မင်းက စူးချင်းကို မော့မကြည့်မီ ခဏလောက်စဥ်းစားနေပြီးမှ သူ့ဘာသာသူ တိုတိုတုတ်တုတ် ရေရွတ်လိုက်သည်။

"ပါးဝမ်ဆွေ့? ကောင်းတယ်... ဒီနာမည်က အရမ်းကောင်းတယ်။ နာမည်တစ်ခု ပေးအပ်တဲ့အတွက် အရှင်မင်းမြတ်ကို ကျေးဇူးတင်ပါတယ်”

စူးချင်းက ထိုအမည်ကို ရေရွတ်ကြည့်လိုက်ပြီး သူမ အလွန်နှစ်သက်သွားခဲ့သည်။

ဘုရင်ကိုတောင် မူးအောင်လုပ်နိုင်တဲ့ အရက်ကို ဘယ်သူက မမြည်းစမ်းကြည့်ချင်မှာလဲ?

ဧကရာဇ်အိုကြီးက စူးချင်းကို လက်ဆောင်ကြီးကြီးပေးခဲ့ပြီး စူးချင်း ချက်လုပ်နိုင်သရွေ့ သူက တာ့ထန်နိုင်ငံအတွက် ပါးဝမ်ဆွေ့အရက်အိုး အများအပြားကို တောင်းဆိုပေလိမ့်မည်။ စူးချင်းအတွက် အရောင်းဈေးကွက်က ချက်ချင်းပွင့်လာခဲ့သည်။

တစ်ဘက်တွင် ဧကရာဇ်က စူးချင်းတို့အား ဧည့်ခံရန် တောင်တန်းပြာစုဝေးပွဲကိုပင် ကျင်းပပေးနေခဲ့ပြီး ကွင်းအတွင်းရှိ နပန်းသမားများက ၎င်းတို့၏ပြိုင်ဘက်များကို ကိုင်ပေါက်ရန် အစွမ်းကုန် ကြိုးစားနေကြသည်။ ထွန်းညှိထားသည့် မီးရောင်များက ညကိုပင် နေ့ဘက်အဖြစ် ပြောင်းလဲနေစေသည်။ စူးချင်းကလည်း ကျိရှောင်ယင်တို့နှင့်အတူ အားပေးနေခဲ့သည်။

တစ်ဖက်မှ စည်ကားသက်ဝင်လွန်းသော ဧကရာဇ်၏နန်းတော်နှင် နှိုင်းယှဥ်လျှင် ဧကရီ၏ အိပ်ခန်းက ဆိတ်ငြိမ်လွန်းလှသည်။

ဧကရီက ဘုရားခန်းမဆောင်တွင် ဒူးထောက်ကာ သစ်သားငါးကို ခေါက်နေရင်း ကျမ်းဂန်များ ရွတ်ဆိုနေခဲ့သည်။ ဒုတိယမင်းသားက ဘုရားခန်းမဆောင်အတွင်း ပိတ်မိနေသော သားရဲတစ်ကောင်ကဲ့သို့ လှည့်ပတ်သွားလာနေခဲ့သည်။

“မယ်တော်၊ ဒီလိုပဲ အရှုံးပေးလိုက်တော့မှာလား? ခမည်းတော်ဧကရာဇ်နဲ့ လီဖေးတို့က သူတို့ကို ကုသပေးခဲ့တဲ့ အံ့ဖွယ်သမားတော်အတွက် တော်ဝင်နန်းဆောင်မှာ ဧည့်ခံပွဲကျင်းပနေတယ်ကို သားတော် ကြားခဲ့တယ်။ ဒါတွေအားလုံးက အဲ့ဒီမိုက်မဲတဲ့ သမားတော်ကြောင့်ပဲ၊ သူ့ကြောင့် သားတော်တို့ နောက်ဆုံးအဆင့်မှာ ကျရှုံးခဲ့တာဘဲ? ဒါကို လက်စားမချေနိုင်ရင် ဒီသားတော်က လူ မလုပ်တော့ဘူးလို့ ကတိပေးတယ်”

ထိုအချိန်တွင် တင်းတင်းကြပ်ကြ ပ်မှိတ်ထားခဲ့သည့် ဧကရီ၏မျက်လုံးများက ရုတ်တရက် ပွင့်လာခဲ့သည်။ ဗုဒ္ဓဘာသာ ကျမ်းဂန်များကို အချိန်အတော်ကြာ ရွတ်ဆိုနေသော်ငြားလည်း သူမ၏ နှလုံးသားထဲမှ ရက်စက်ကြမ်းကြုတ်မှုကို မချိုးနှိမ်နိုင်ခဲ့ပေ။

သူမ၏အာဏာက အထွတ်အထိပ်သို့ ရောက်ခါနီး ဖြစ်သော်လည်း နတ်ဆေးဆရာငယ်လေးက ၎င်းကို ဖျက်ဆီးပစ်ခဲ့သည်။ သူမ ထိုဒေါသကို မမြိုသိပ်နိုင်သည်မှာ သဘာဝကျလှသည်။

"အဲဒီခွေးကျွန် ယဲ့ချန်းရှန်က ဘယ်ရောက်သွားမှန်း မသိဘူး။ သူ့ကို ရအောင် ရှာ၊ မြေကို သုံးကျန်းလောက် တူးရရင်တောင် သူ့ကို တွေ့အောင် ရှာရမယ်။ သူ့ကို ရှာနိုင်သရွေ့ ငါတို့ မရှုံးနိုင်ဘူး။ အဲ့တော့ လီဖေးကို ရက်အနည်းငယ်လောက် ကျေနပ်အောင် ပျော်ခိုင်းလိုက်မယ်။ ပန်ကုန်း ပြန်သွားနိုင်တာနဲ့ အဲ့သားအမိနှစ်ယောက်လုံး သေရလိမ့်မယ်”

ဧကရီက သစ်သားငါးလေးကို ပစ်ချလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။ သူမက ကရုဏာကြီးမားစွာ ပြုံးနေသော ဘုရားဆင်းတု တစ်ချက်ကြည့်လိုက်ပြီး သူမ၏ အင်္ကျီလက်ကို ခါကာ ဝတ်ပြုဆောင်ထဲမှ ထွက်ခွာသွားခဲ့သည်။

“အဲဒီ ဆေးဆရာ ဘယ်ကလဲ? သူ မနက်ဖြန် ထွက်သွားမယ်လို့ သားတော် ကြားတယ်။ မယ်တော်က သူ့ကို လွယ်လွယ်နဲ့ ထွက်သွားခိုင်းမှာလား?"

ဒုတိယမင်းသားက ဧကရီနောက်သို့ လိုက်လာပြီး မေးမြန်းနေခဲ့သည်။ ဧကရီက သူမ၏ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး သူမ၏ စူးရှသော မျက်လုံးများကို အနည်းငယ် မှေးကျဥ်းလိုက်သည်။

“ဟုတ်တယ်၊ ပန်ကုန်းက သူ့ကို ဒီအတိုင်း ထွက်သွားခွင့် မပေးနိုင်ဘူး။ ပန်ကုန်းရဲ့အကြံအစည်တွေကို ဖျက်စီးဖို့ သတ္တိရှိတဲ့သူက သူ့ရဲ့အသက်နဲ့ ပြန်ပေးဆပ်သင့်တာပေါ့"

All Chapters