ပုန်ကန်မှု
Vol. 22 Ch. 320
နောက်ဆုံးတွင် သူတို့ကို အသက်ပေး ကာကွယ်ပေးမည့် စစ်သည်ဒါဇင်အနည်းငယ်မျှသာ ကျန်ရှိနေတော့ပြီး ကျန်စစ်သည်များအားလုံးက နေရာအနှံ့သို့ ထွက်ပြေးသွားကြသည်။ ပုန်ကန်မှုကဲ့သို့သော ရာဇဝတ်မှုက မိသားစုတစ်ခုလုံးကို သေဒဏ်ပေးနိုင်မည့် ရာဇ၀တ်မှုတစ်ခုဖြစ်ပြီး ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်လာချိန်တွင် မည်သူကမျှ ဧကရီအတွက် အလုပ် မလုပ်ချင်ကြတော့ပေ။
ဧကရာဇ်က ထိတ်လန့်တုန်လှုပ်နေသည့် ဧကရီနှင့် ဒုတိယမင်းသားကို မှိုင်းညို့သောအမူအရာဖြင့် ကြည့်နေကာ လေသံမာမာဖြင့် အမိန့်ပေးလိုက်သည်။
"လာကြစမ်း၊ ဧကရီနဲ့ ဒုတိယမင်းသားကို ဖမ်းလိုက်ကြစမ်း"
"အရှင်မင်းမြတ်၊ ချန်ချဲ့နဲ့ ဒုတိယမင်းသားက အရှင်မင်းမြတ်ကို ကယ်တင်ဖို့ ဒီကို ရောက်လာခဲ့တာပါ၊ အရှင်မင်းမြတ်က ချန်ချဲ့တို့ကို နားလည်ပေးဖို့ ချန်ချဲ့ မျှော်လင့်ပါတယ်"
အခြေအနေက မျှော်လင့်ချက်မရှိသည်ကို မြင်လိုက်သောအချိန်တွင် ဧကရီက မြင်းပေါ်မှ ဆင်းလာပြီး မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။ သူ့မယ်တော် ဒူးထောက်လိုက်သည်ကို မြင်လိုက်သောကြောင့် ဒုတိယမင်းသားကလည်း ကမန်းကတန်း ဒူးထောက်လိုက်သည်။ သို့သော် သူက ဧကရီလောက် ငြိမ်သက်နေနိုင်ခြင်း မရှိပေ။ သူက အလွန်ကြောက်လန့်နေခဲ့ပြီး စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။
"ကျန်းကို ကယ်တင်ဖို့တဲ့လား? ဒီနေ့ ဒီနေရာမှာ မိန်းခလေးစူး မရှိခဲ့ရင် ကျန်းက မင်း သတ်တာကို ခံလိုက်ရမှာ သေချာတယ်။ မင်းက ဘာလို့ ဒီလောက် ရက်စက်နိုင်ရတာလဲ?"
ဧကရာဇ်က ဒေါသအလွန်ထွက်နေပြီး အံကြိတ်ကာ လက်သီးကို တင်းတင်းဆုပ်ထားခဲ့သည်။
တတယ်တော့ သူက ဧကရာဇ်ဖြစ်ပြီး မိန်းမတွေအပေါ်ကို ကြင်နာမှုတွေ အများကြီး မပေးခဲ့သင့်ဘူး။ အရင်တုန်းက ဧကရီက သူနဲ့အတူ စစ်မြေပြင်ကို လိုက်ပါပေးခဲ့တာတွေကို သူ မျှတ်မိနေသေးပြီး သူမကို ငဲ့ညှာတဲ့အနေနဲ့ သူမ ကောင်းကောင်းမွန်မွန် နေသရွေ့ ဧကရီဖြစ်ခွင့်ပေးထားမယ်လို့ သူ ဆုံးဖြတ်ထားခဲ့တယ်။
ဒါပေမယ့် ဒီအမျိုးသမီးက အဆိပ်ပြင်းလွန်းပြီး ကင်းမြီးကောက်နဲ့တောင် တူနေပြီ။ သူက သူမအပေါ် ကြင်နာမှုပေးခဲ့သလောက် သူမကတော့ သူ့အပေါ် ရက်စက်လွန်းတယ်။ သူမက သူ့ကို ဒုက္ခပေးဖို့ အချိန်တိုင်းတွေးနေခဲ့တယ်။
“အရှင်မင်းမြတ်၊ အရှင်မင်းမြတ်က ချန်ချဲ့ကို အထင်လွဲနေတာပါ။ အရှင်မင်းမြတ် ရှင်းရှင်းလင်းလင်း မြင်အောင်ကြည့်ဖို့ ချန်ချဲ့ တောင်းပန်ပါတယ်။ ချန်ချဲ့က မရေရာ မသေချာတဲ့ သတင်းတွေကို ကြားမိပြီး အရှင်မင်းမြတ်ကို ကယ်တင်ဖို့ ပြေးလာမိတာပါ၊ ချန်ချဲ့ရဲ့သစ္စာရှိတဲ့ နှလုံးသားက အရှင်မင်းမြတ်အတွက်ပါပဲ"
ဧကရီက ပြင်းထန်စွာ ငိုကြွေးနေပြီး သူမ၏မျက်ရည်များက နေရာအနှံ့ ပျံ့ကျဲနေခဲ့သည်။ သူမက သူမ ရိုးသားကြောင်း ပြောဆိုနေခဲ့ပြီး စွပ်စွဲချက်များအားလုံးကို ပယ်ချနေခဲ့သည်။
“ခမည်းတော်ဧကရာဇ်၊ ဒီသားတော်က ခမည်းတော်ကို ကယ်တင်ဖို့ ဒီနေရာကို ရောက်လာတာပါ”
ဒုတိယမင်းသားက ဧကရီ၏ စကားကို အတုယူကာ ဧကရာဇ်ကို ဦးညွှတ်တောင်းပန်နေခဲ့သည်။
ခုနတုန်းက သူ စကားတစ်ခွန်းမှ ဝင်မပြောခဲ့တဲ့အတွက် ဝမ်းသာနေမိတယ်။ ဒီလိုမှမဟုတ်ရင် သူ့ရဲ့ခမည်းတော်က သူ့ကို ခွင့်လွှတ်တော့မှာ မဟုတ်ဘူး။
“ဧကရီက တိုင်းပြည်ရဲ့မိခင်ဖြစ်ပြီး သီလရှိသင့်တယ်။ ဒါပေမယ့် ဧကရီက စိတ်သဘောထားကျဉ်းမြောင်းပြီး ရက်စက်ကြမ်းကြုတ်တယ်။ သူ(မ)က တိုင်းပြည်ရဲ့မိခင်ဖြစ်ဖို့ မထိုက်တန်တော့ဘူး။ ဧကရီရဲ့ ဖီးနစ်သရဖူကို ဖယ်ရှားပြီး ဖီးနစ်တံဆိပ်တော်ကို ပြန်သိမ်းယူလိုက်ကြတော့၊ သူမကို အအေးနန်းဆောင်ထဲ နှင်ထုတ်ဖို့ အမိန့်တော်တစ်ခု ချမှတ်ပေးမယ်၊ သူ(မ)ကို သာမာန်လူအနေနဲ့ အဆင့်ချလိုက်ပြီ”
ဧကရာဇ်၏မျက်နှာက ရေသေအိုင်ကဲ့သို့ မည်းမှောင်နေပြီး သူက သူမတို့ကို ကရုဏာ မထားတော့ပေ။ သူမ၏တံဆိပ်တုံးကို ပြန်သိမ်းယူပြီး သူမအား အအေးနန်းဆောင်ဆီသို့ ပို့လိုက်ကြောင်း ကြားလိုက်ချိန်တွင် ဧကရီက သူမ၏ တစ်ကိုယ်လုံး အေးခဲသွားသလို ခံစားလိုက်ရသည်။ သူမက ဒူးထောက်မနေတော့ဘဲ မတ်တပ်ထရပ်ကာ ဧကရာဇ်မင်းအား ဝမ်းနည်းဒေါသ အပြည့်ဖြင့် ပြန်ကြိမ်းမောင်းလိုက်သည်။
“အရှင်မင်းကြီး၊ ရှင့် အဲလောက် နှလုံးသားမဲ့လို့ မရဘူး။ ကျွန်မက ရှင့်ရဲ့မိန်းမပဲ၊ ရှင် ကျွန်မကို ဒီလို ဆက်ဆံလို့ မရဘူး၊ ရှင်က ရှင့်ရဲ့ပထမဇနီးကို ဒီလို ဆက်ဆံနေရင် ရှင် လူတွေကို ဘယ်လိုဆွဲဆောင်စည်းရုံးနိုင်တော့မှာလဲ?”
"မင်း လီဖေးကို အဆိပ်ခတ်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ ပုန်ကုန်ဖို့ တပ်ဖွဲ့ဝင်တွေကို ဦးဆောင်လာတယ်ဆိုတဲ့ အချက်တွေပေါ် အခြေခံလိုက်ရင် ကျန်းက မင်းတို့ မိသားစုတစ်ခုလုံးကို သုတ်သင်ပစ်လိုက်တာတောင် ဘယ်သူကမှ ချဲ့ကားတယ်လို့ ပြောရဲမှာ မဟုတ်ဘူး။ ကျန်းက မင်းရဲ့မျက်နှာကို ထောက်ထားပေးလို့ မင်းရဲ့မျိုးနွယ်စုကို ထိခိုက်အောင် မလုပ်တော့ဘူး။ ဒါကိုမှ မင်း နောင်တ မရသေးဘူးဆိုရင်တော့ လင်နဲ့မယားကြားက ချစ်ခြင်းမေတ္တာကို မစဉ်းစားဘူးလို့ ကျန်းကို အပြစ်မတင်နဲ့”
ဧကရာဇ်က သူ့၏အင်္ကျီလက်အနားစများကို ဆွဲတင်လိုက်ရင်း ရေသေကန်ကဲ့သို့ နက်မှောင်သော မျက်နှာဖြင့် ဧကရီကို စိုက်ကြည့်နေခဲ့သည်။ သူ့မျက်လုံးများထဲတွင် နွေးထွေးမှု အရိပ်အယောင်များ မရှိတော့ဘဲ သူ့၏ဒေါသက ပေါက်ကွဲလုနီးပါး မီးတောင်သဖွယ်ဖြစ်နေပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။
ဧကရီက မြေပြင်ပေါ်သို့ ပြန်လဲကျသွားပြီး ငိုကြွေးနေပြန်သည်။
ပြီးသွားပြီ။ အခုတော့ အားလုံး ပြီးသွားပြီ။ ဖီးနစ်သရဖူနဲ့ တံဆိပ်တုံးကို ပြန်အသိမ်းခံလိုက်ရတဲ့အပြင် သူမရဲ့နှလုံးသားကိုပါ ဆွဲထုတ်ခံလိုက်ရပြီ။
အအေးနန်းဆောင်တွင် ကျေးကျွန်များထံမှ အနိုင်ကျင့်ခံရင်း တစ်သက်လုံး နေထိုင်ရတော့မည်ကို တွေးလိုက်ချိန်တွင် ဧကရီ၏မျက်လုံးများထဲမှ ဆုံးဖြတ်ချက်ပြတ်သားမှုကြောင့် ပေါ်လာသည့် အလင်းတန်းများ တောက်ပလာခဲ့သည်။
ထို့နောက် ဧကရီက သူမ၏ဘေးနားတွင် တုန်လှုပ်စွာ ဒူးထောက်နေသည့် ဒုတိယမင်းသားကို တစ်ချက်ကြည့်လိုက်ပြီး သူမမျက်လုံးများတွင် တွန့်ဆုတ်မှုများ ပြည့်နှက်လာပြန်သည်။ သူမက ကြီးမားသော မျက်ရည်စက်များက သူမ၏ပါးပြင်ပေါ်သို့ လိမ့်ဆင်းလာပြီး သူမက ဒူးပြန်ထောက်ကာ ဧကရာဇ်အား တောင်းပန်လိုက်သည်။
“အရှင်မင်းမြတ်၊ ဒုတိယမင်းသားကို ချန်ချဲ့က လာခိုင်းခဲ့တာပါ၊ ဒါက သူ့ရဲ့ရည်ရွယ်ချက် မဟုတ်ပါဘူး။ အရှင်မင်းမြတ်က သွေးသားတော်စပ်မှုကို တွေးတောဆင်ခြင်ပြီး ဒုတိယမင်းသားကို အပြစ်မတင်ဖို့ ချန်ချဲ့ တောင်းဆိုပါတယ်”
ဧကရီက သူ့အတွက် အသနားခံပေးနေသည်ကို မြင်လိုက်ရချိန်တွင် ဒုတိယမင်းသား၏နှလုံးသားထဲမှ မျှော်လင့်ချက်များက ပြန်တိုးလာခဲ့ပြီး သူလည်း ဝင်ပြောလိုက်သည်။
“ခမည်းတော်၊ မယ်တော်က ခမည်းတော်ကို လာကယ်ပေးဖို့ တောင်းဆိုလို့ ဒီသားတော် လိုက်လာခဲ့တာပါ၊ ဒီသားတော်က တခြားဘာမှ မသိပါဘူး။ ဒီသားတော်ကို ခွင့်လွတ်ပေးပါ"
သားဖြစ်သူ၏ စကားကို ကြားလိုက်ချိန်တွင် ဧကရီ၏မျက်လုံးများထဲမှ ဝမ်းနည်းမှုရိပ်များ ထွက်ပေါ်လာပြီး သူမက သူမကိုယ်သူမ လှောင်ပြောင်ရယ်မောလိုက်သည်။
ထားလိုက်ပါတော့....သူမရဲ့သား အသက်ရှင်နေသမျှ ကာလပတ်လုံး သူမတို့အတွက် လက်စားချေဖို့ အခွင့်အရေး ရှိနေဦးမှာပဲ။
“မင်းက သေရမှာ ကြောက်တဲ့ကောင်ပဲ၊ မင်းက ကျန်းရဲ့သားတော် ဖြစ်ဖို့ မထိုက်တန်ဘူး"
ဧကရာဇ်မင်းက ဒုတိယမင်းသားကို ဒေါသတကြီး စိုက်ကြည့်နေပြန်သည်။
သူက သူ့မယ်တော်အတွက်ကို တောင်းပန်ပေးပြီး သူ့ကျောရိုးကို မတ်မတ် ထားနိုင်ခဲ့ရင် ဧကရာဇ်ဖြစ်တဲ့ သူက ဖခင်တစ်ယောက်အနေနဲ့ သူ့သားတော်ကို ကရုဏာထားမိလိမ့်မယ်။ အနည်းဆုံးတော့ သူ့သားတော်က သူ့နှလုံးသားထဲမှာ မိသားစုအပေါ် ချစ်ခင်ကြင်နာမှုနဲ့ သားတစ်ယောက်ရဲ့တာဝန်တွေကို သိတက်နေဆဲပဲလို့ သူ သတ်မှတ်နိုင်လိမ့်မယ်။
“ကျန်းရဲ့အမိန့်ကို နာခံကြလော့။ ဒုတိယမင်းသားကို မင်းသားရာထူးကနေ ဖယ်ရှားပြီး သာမန်လူအဖြစ် ရာထူးချမယ်၊ ပြီးရင် ချင်ကျိုးမှာ အကျဥ်းချထားဖို့ နှုတ်မိန့်ချလိုက်ပြီ”
ဧကရာဇ်၏ အေးစက်သောအသံက ဧကရီနှင့် ဒုတိယမင်းသား၏နားထဲသို့ မိုးခြိမ်းသံကဲ့သို့ ဝင်ရောက်လာခဲ့သည်။ သားအမိနှစ်ယောက်လုံး မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားပြီး ဒုတိယမင်းသားက အော်ဟစ်အသနားခံရင်း ဒူးထောက်လျက်ဖြင့် ဧကရာဇ်မင်းထံသို့ တိုးသွားခဲ့သည်။
"ခမည်းတော်၊ သားတော်ကို ငဲ့ညှာပေးတော်မူပါ"
"သူ့ကို ခေါ်သွားတော့"
ဧကရာဇ်က ဒုတိယမင်းသားကိုပင် မကြည့်တော့ဘဲ သူ့လက်ကို ဝှေ့ယမ်းပြီး ဒုတိယမင်းသားကို ခေါ်သွားခိုင်းလိုက်သည်။
သူ ဒီလို ယုတ်မာတဲ့ သားကို မတွေ့ချင်တော့ဘူး။
တတိယမင်းသား ယဲ့လွီချွမ်းက ဘေးတွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။
ဒီအချိန်မှာ သူ စကားဝင် မပြောတာ အကောင်းဆုံးပါပဲ။ သူက ဧကရီအတွက် တောင်းပန်ပေးရမှာလား? နောက်ဆုံးတော့ ကြင်နာမှုအတွက် ကြင်နာမှုကိုပဲ ပြန်ပေးဆပ်နိုင်တယ်လေ။ အကြင်နာကင်းမဲ့မှုအတွက်ကတော့.....
ဒါဆို ပြုတ်ကျသွားတဲ့လူကို ထပ်ပြီး ကန်ထုတ်ရမှာလား? ဒါက သူ့ခမည်းတော်ကို သံသယဖြစ်အောင် လုပ်မိစေလိမ့်မယ်။ အကောင်းဆုံးနည်းလမ်းကတော့ ဘာထင်မြင်ယူဆချက်မှ မပေးဘဲ ဝင်မပါဖို့ပဲ။
ကြင်ယာတော်လီကလည်း ဘာမှ ဝင်မပြောခဲ့ပေ။ သူမက သူမကို သေသည့်ထက်ဆိုးသည့်ဘဝနှင့် ဆယ်နှစ်ကျော် နေထိုင်ရအောင် လုပ်ခဲ့သည့် ဧကရီကို အလွန်မုန်းတီးခဲ့သည်။ ယနေ့တွင် ဧကရီက ပိုမောက်မာလာပြီး ပုန်ကန်ရန်ပင် ကြံစည်လာခဲ့သည်။ ထို့ကြောင့် သူမက ဤမိန်းမကို မည်သည့်နည်းနှင့်မျှ ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။
ဧကရီ၏ ဒေါသူပုန်ထနေသည့် ကျိန်ဆဲသံများနှင့် ဒုတိယမင်းသား၏ ကရုဏာထားပေးရန် အော်ဟစ်တောင်းပန်သံများအောက်တွင် သက်တော်စောင့်များနှင့် မိန်းမစိုးများက သူတို့ကို ဆွဲထုတ်သွားခဲ့သည်။
ဧကရီ၏ကျန်သက်တော်စောင့်များက အလွန်ထိတ်လန့်နေပြီး မြေပြင်ပေါ်တွင် ဒူးထောက်နေကြသည်။ ဧကရာဇ်က သူ့လက်ကို ဝှေ့ယမ်းကာ အမိန့်ပေးလိုက်ပြီး သူ၏အသံက တည်ငြိမ်နေသော်လည်း ထိုလူများ၏ ခန္ဓာကိုယ်ကို အေးခဲသွားစေခဲ့သည်။
“မြင်းငါးကောင်နဲ့ ဆွဲပြီး အပိုင်းပိုင်းဖြတ်စေ”
ပုန်ကန်သူတွေကို မိုးကြိုးမပစ်ဘူးဆိုပေမယ့် တခြားသူတွေကို ကြောက်အောင် မလုပ်နိုင်ရင် သူတို့ကို အတုယူမယ့်သူတွေ ရှိလာမှာပဲ။
ထိုအတွေးကြောင့် ဧကရာဇ်က အရက်စက်ဆုံး သေဒဏ်ကို ချမှတ်ခဲ့သည်။
အသက်ကို ချမ်းသာပေးရန် တောင်းဆိုနေသံများကြားထဲတွင် ထိုသက်တော်စောင့်များလည်း ဆွဲထုတ်ခံလိုက်ရသည်။ တောင်တန်းပြာတွေ့ဆုံပွဲတွင် ပါဝင်သူများက ဧကရာဇ်မင်းအား ကြောက်လန့်တကြား ကြည့်နေကြပြီး စိတ်မသက်မသာ ဖြစ်နေပုံရသည်။
ဧကရာဇ်က သူတို့ကိုလည်း ဧကရီရဲ့ဘက်တော်သားတွေလို့ သတ်မှတ်လိုက်မှာလား?
"ဂီတနဲ့ဆက် ဖျော်ဖြေပြီး ပျော်ပျော်ပါးပါး ဆက်ကကြပါ"
ဧကရာဇ်က အေးစက်စွာ လှည့်ပတ်ကြည့်လိုက်ပြီး ဤလူများအားလုံးကို စူးချင်းက ကယ်တင်ပေးခဲ့ရသောကြောင့် သူတို့က ဧကရီဘက်မှ မဖြစ်နိုင်တော့ပေ။ ယနေ့တွင် ဧည့်သည်တော်များကို ဖျော်ဖြေရန် လိုအပ်နေသေးပြီး သူက လေထုကို အေးစက်အောင် မလုပ်ချင်တော့ပေ။
သီချင်းသံများ ပြန်ထွက်ပေါ်လာပြီး ဧကရာဇ်က စူးချင်းကို ကြည့်ကာ လှမ်းမေးလိုက်သည်။
“မိန်းခလေးစူး၊ မင်းက ကျန်းကို ထပ်ပြီး ကယ်တင်လိုက်ပြန်ပြီ။ ကျန်းကို ပြောပါ၊ မင်း ဘာဆုလိုချင်လဲ?"
စူးချင်းက သူ့ကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ပေးခဲ့သောကြောင့် ဧကရာဇ်က သူမအပေါ် ကျေးဇူးကြွေးတင်နေခဲ့ပြီး ယခု သူမက ခရိုင်တစ်ခုတောင်းဆိုလျှင်ပင် သူ သဘောတူလိုက်မည် ဖြစ်သည်။
“ဧကရာဇ်မင်းမြတ်၊ ကျွန်မ ဧကရာဇ်မင်းမြတ်ကို ကယ်တင်ပေးခဲ့တာက ဆုလာဘ်အတွက် မဟုတ်ပါဘူး၊ ဒါပေမယ့် ဧကရာဇ်မင်းမြတ်က ကြင်ကြင်နာနာနဲ့ ဆုချချင်ရင်တော့ ကျွန်မက မငြင်းပယ်ဝံ့ပါဘူး၊ ဒါကြောင့် ကျွန်မ နောင်တစ်ချိန်မှာ အကူအညီလိုတဲ့အခါ ဧကရာဇ်မင်းမြတ်က ကျွန်မအတွက် ရပ်တည်ပေးမယ်လို့ ကတိပေးဖို့ တောင်းဆိုချင်ပါတယ်”
စူးချင်းက ထိုအကြောင်းကို တွေးထားပြီး ဖြစ်သည်။
လက်ရှိအချိန်မှာ သူမအတွက် ဘာမှ တောင်းစရာ မရှိသေးဘူး။ ဒါပေမယ့် နောင်မှာ တာ့ရှားပြည်ထောင်ကို သိမ်းပိုက်ဖို့အတွက် သူမက ရွှေရှန့်နဲ့အတူ လိုက်သွားရမှာလေ။ သူမ အကူအညီလိုတဲ့အချိန် ရှိလာလိမ့်မယ်။
သို့သော် ရှင်းရှင်းလင်းလင်း ပြောရန် မသင့်လျော်သေးသည့်အတွက် သူမက ဧကရာဇ်မင်းအား ကတိတစ်ခုသာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
“ကောင်းပါပြီ၊ ကျန်း မင်းကို ဒီကတိပေးမယ်။ တကယ်လို့ နောင်တစ်ချိန်မှာ မိန်းခလေးစူး အကူအညီ လိုအပ်ခဲ့ရင် တာ့ထန်ပြည်ထောင်က မီးနဲ့ရေကို ကျော်ဖြတ်ဖို့တောင် တွန့်ဆုတ်နေမှာ မဟုတ်ဘူး”
စူးချင်းက အလွန်အကျွံတောင်းဆိုမှု ပြုလုပ်ခဲ့သည်ဟု ဧကရာဇ်က မထင်ခဲ့ပေ။
ဒီနေ့ ဒီနေရာမှာ သူမ မရှိခဲ့ရင် သူက သူ့အသက်ကို ဆုံးရှုံးပြီးနေလောက်ပြီ။ သူ့အသက်ထက် ဘယ်အရာက ပိုအရေးကြီးနိုင်တော့မှာလဲ?
ဧကရာဇ်နှင့် စကားပြောပြီးနောက် စူးချင်းက ကျိရှောင်ယင်နှင့် လွမ်ဟုန်တို့ကို သွားတွေ့လိုက်ရသည်။ လွမ်ဟုန်ကို ကယ်တင်ပေးခဲ့သည့် လူငယ်လေးက ပြန်ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ ကျိရှောင်ယင်နှင့် လွမ်ဟုန်တို့က ထိတ်လန့်နေကာ မကခုန်ရဲကြတော့ဘဲ စူးချင်း၏ဘေးတွင်သာ ကပ်နေကြတော့သည်။
လွမ်ဟုန်က စူးချင်းကို လေးစားမှုအဖြစ် ဖော်ပြ၍မရသော အကြည့်ဖြင့် ကြည့်နေခဲ့ပြီး ၎င်းက အရူးအမူး လေးစားခြင်းသာ ဖြစ်သည်။
သူမရဲ့ဝမ်းကွဲက အရမ်းတော်လွန်းတယ်။ အစ်မစူးချင်းရဲ့ဝမ်းကွဲဖြစ်ရတာကို သူမ ဂုဏ်ယူတယ်။
"အစ်မစူးချင်း၊ ကျွန်မ စစ်နတ်ဘုရားစွမ်းရည် သင်ပေးနိုင်မလား?"
ကျိရှောင်ယင်က တောက်ပသော မျက်လုံးများဖြင့် စူးချင်းကို ကြည့်နေပြီး သူမက စူးချင်း၏လက်ကို အားတက်သရော ဆုပ်ကိုင်ရန် ရှေ့တိုးလာခဲ့သည်။ ထိုကလေးမလေးက သူမ၏အစ်မစူးချင်းကို အမြဲလေးစားသဘောကျနေခဲ့ပြီး စူးချင်း တိုက်ခိုက်သည်ကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်းတော့ မဟုတ်ပေ။ သို့သော် ယနေ့က သူမအတွက် မျက်စိပွင့်စေခဲ့ပြီး အစ်မစူးချင်း၏ စစ်နတ်ဘုရားစွမ်းရည်က သူမကို အရူးအမူး စွဲလမ်းသွားစေခဲ့သည်။
"ဒါက မင်း လျောက်ရမယ့်လမ်း မဟုတ်ဘူး"
စူးချင်း၏မျက်နှာတွင် အနက်ရောင်မျဉ်းများ ပြည့်နှက်နေခဲ့သည်။
သူမတောင်မှ စနစ်က ပေးတဲ့ မစ်ရှင်တွေကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးမှ သူမရဲ့မူလစစ်နတ်ဘုရားစွမ်းရည်ကို ပြန်အဆင့်မြှင့်တင်နေရတာလေ။ စနစ်မရှိတဲ့ ကျိရှောင်ယင်က ဘယ်လိုသင်ယူနိုင်မှာလဲ?
စူးချင်းက သူမဘေးမှ လွမ်ဟုန်ကို တစ်ချက်ကြည့်ကာ မေးမြန်းလိုက်သည်။
"လွမ်ဟုန်၊ မင်းကို ကယ်ခဲ့တဲ့ သခင်ငယ်လေး ဘယ်မှာလဲ?"