← Chapters

ညအိပ်ညနေ

Vol. 22 Ch. 321

ညအိပ်ညနေ

Vol. 22 Ch. 321

စူးချင်းက လွမ်ဟုန်အား သူမကို ကယ်တင်ပေးခဲ့သည့်လူ မည်သည့်နေရာသို့ ရောက်သွားကြောင်း မေးမြန်းလိုက်သည်။ တတိယမင်းသားက ကျိရှောင်ယင်ကို ကယ်တင်ပေးခဲ့ပြီး သူမက တတိယမင်းသား၏မယ်တော်နှင့် ဧကရာဇ်တို့ကို ကယ်တင်ပေးခြင်းဖြင့် သူ့၏ကျေးဇူးကို ပြန်ပေးဆပ်ပြီး ဖြစ်သည်။ သို့သော် လွမ်ဟုန်ကို ကယ်တင်ခဲ့သည့် သခင်လေးကို ကျေးဇူးမတင်ရသေးပေ။ သူမက ဧကရီကို ကိုင်တွယ်ဖြေရှင်းရန် အလုပ်များနေခဲ့ပြီး ထိုသခင်လေးဘက်ကို အာရုံစိုက်ရန် အချိန် မရှိခဲ့ပေ။ ယခု သူ့ကို မည်သည့်နေရာတွင်မှ ရှာမတွေ့တော့ပေ။

“အဲဒီသခင်လေးက ထွက်သွားပြီ”

လွမ်ဟုန်ကလည်း ထိုသခင်လေးကို ကျေးဇူးတင်ချင်နေခဲ့သည်။ သူက သူမကို ကာကွယ်ပေးခဲ့ပြီး ဒဏ်ရာရသွားခဲ့သော်လည်း နှုတ်မဆက်ဘဲ ပြန်ထွက်ခွာသွားခဲ့သည်။ သူ ဘယ်လိုပုံစံရှိသည်ကိုပင် သူမ သေသေချာချာ မမြင်လိုက်ရဘဲ သူ့ကို ပြန်တွေ့လျှင်ပင် သူမ သူ့ကို မှတ်မိနိုင်တော့မည် မဟုတ်ပေ။

“....”

စူးချင်းက လူအုပ်ထဲသို့ လှည့်ပတ်ကြည့်လိုက်သည်။ ထိုအချိန်တွင် လွမ်ဟုန်ကို ကယ်တင်ခဲ့သည်ကို သူမ သတိပြုမိလိုက်သော်လည်း သူ့နောက်ကျောကိုသာ သူမ လှမ်းမြင်လိုက်ရသည်။

လုပ်ကြံသတ်ဖြတ်မှုကြီးတစ်ခု ဖြစ်ပွားခဲ့သောကြောင့် အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။ သီချင်းသံများ ဆက်လက်ထွက်ပေါ်နေသေးသော်လည်း လူအများ ကခုန်ရန် စိတ်မပါကြတော့ပေ။ အားလုံးက ဤနေရာမှ အမြန်ဆုံး ထွက်ခွာနိုင်ရန် စိတ်အားထက်သန်နေကြသည်။

"ဧကရာဇ်မင်းမြတ်၊ အချိန်လည်း နောက်ကျနေပြီဆိုတော့ ကျွန်မတို့ကို ပြန်ခွင့်ပြုပါ"

ကျိရှောင်ယင်နှင့် လွမ်ဟုန်တို့က ထိတ်လန့်နေကြပြီး စိတ်မသက်မသာဖြစ်နေသည်ကို မြင်လိုက်ရသောကြောင့် စူးချင်းက သူမတို့ ပြန်ထွက်ခွာရန် ဧကရာဇ်အား တောင်းဆိုလိုက်သည်။

"သားတော် မိန်းခလေးစူး နေဖို့ နေရာ စီစဉ်ပေးလိုက်ပါ"

ဧကရာဇ်ကလည်း အလွန်ပင်ပန်းနွမ်းနယ်နေပြီး အနားယူချင်နေပြီ ဖြစ်သည်။ သို့သော်လည်း ဧည့်သည်များရှိနေသောကြောင့် သူက ဤနေရာတွင် ဆက်နေနေခြင်း ဖြစ်သည်။ စူးချင်းက အနားယူရန် ခွင့်တောင်းလာသောကြောင့် ဧကရာဇ်က စူးချင်းတို့ တည်းခိုနိုင်ရန် နေရာတစ်ခု စီစဉ်ပေးဖို့ ယဲ့လွီချွမ်းကို ချက်ချင်း စီစဥ်ခိုင်းလိုက်သည်။

ယဲ့လွီချွမ်းက မိန်းကသုံးယောက်အား အခြားတိုင်းပြည်မှ သံတမန်များ တည်းခိုလေ့ရှိသည့် ဇိမ်ခံတဲနန်းတစ်လုံးဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

စူးချင်းတို့ သုံးယောက်က သာမန်လူများ ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ထိုနေရာတွင် နေထိုင်ခွင့် မရှိပေ။ သို့သော်လည်း ဧကရာဇ်နှင့် ယဲ့လွီချွမ်းတို့က စူးချင်းအား တိုင်းတပါးသံတမန်များကဲ့သို့ တလေးတစား ဆက်ဆံသင့်သည်ဟု အတိအလင်း ညွှန်ပြနေခြင်း ဖြစ်သည်။

"သခင်မလေးစူး စောစောအနားယူပါ"

ယဲ့လွီချွမ်းက စူးချင်းကို လက်ခုပ်အုပ် နှုတ်ဆက်လိုက်သည်။ တာ့ရှားပြည်ထောင်က အမျိုးသားနှင့် အမျိုးသမီးကြားမှ ကွာခြားမှုကို အလေးပေးသောကြောင့် သူ ညဘက်တွင် ထိုနေရာ၌ မနေသင့်တော့ပေ။

"သခင်လေးယဲ့လွီချွမ်း၊ ကျွန်မကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်"

ကျိရှောင်ယင်က ယဲ့လွီချွမ်းကို ကျေးဇူးတင်စကား ထပ်ပြောလိုက်သည်။ သူ သူမကို ပထမဆုံးကယ်တင်ပေးခဲ့စဥ်ကပင် သူမက သူ့ကို ကျေးဇူးတင်နေခဲ့မိသည်။ ဤတစ်ကြိမ်တွင် ယဲ့လွီချွမ်းက သူမကို ထပ်မံကယ်တင်ပေးခဲ့ခြင်းကြောင့် ကျိရှောင်ယင်က ထူးဆန်းသောခံစားချက်တစ်ခုကို ခံစားနေခဲ့ရသည်။ ယဲ့လွီချွမ်းကို မြင်နေရသည့်အခိုက်အတန့်တွင် သူမ၏နှလုံးခုန်သံက မြန်ဆန်လာတက်ပြီး သူမ သူ့ကို ကြည့်ရန်ပင် မဝံ့ရဲတော့ပေ။

ယဲ့လွီချွမ်းက ကျိရှောင်ယင်ကို ကြည့်ကာ ပြုံးပြလိုက်သည်။

"မင်း ငါ့ကို ကျေးဇူးတင်ပြီးသွားပြီလေ"

သူ့အသံက ရေခဲများကို လွင့်စင်သွားစေနိုင်သည့် နွေဦးမြစ်ကဲ့သို့ နွေးထွေးနေပြီး နားထောင်ရသည်မှာ နားဝင်ချိုလှသည်။ ကျိရှောင်ယင်၏ နှလုံးခုန်နှုန်းက ပိုမြန်လာပြီး သူမ၏မျက်နှာက နီရဲလာကာ သူမ ဘာပြောရမှန်းမသိ ဖြစ်နေခဲ့သည်။

ကျိရှောင်ယင်၏ ရှက်ရွံ့သော အသွင်အပြင်ကို မြင်လိုက်ရချိန်တွင် တတိယမင်းသား၏နှုတ်ခမ်းပေါ်ရှိ အပြုံးက ပို၍ ကျယ်ပြန့်လာသည်။ သူက ပျော်ရွှင်နေသည့်အသံဖြင့် စူးချင်းကို ထပ်နှုတ်ဆက်လိုက်သည်။

“မင်းတို့ အနားယူကြပါ။ ဒီမင်းသားက အခု ပြန်ထွက်သွားတော့မယ်"

သူ ထွက်သွားပြီးနောက် ကျိရှောင်ယင်က ခြံတံခါးအထိ လိုက်ကြည့်နေခဲ့သည်။ သူ့၏နောက်ကျောကို မမြင်နိုင်တော့သည့်အချိန်တွင် သူမ အနည်းငယ် စိတ်ပျက်သွားပုံရသည်။

"သခင်မလေးစူး၊ ကျွန်မတို့ ရေပူလာပို့ ပေးတာပါ"

နန်းတွင်းအစေခံတစ်ယောက်၏အသံက ခြံဝင်းအပြင်မှ ထွက်ပေါ်လာပြီး ယဲ့လွီချွမ်းက သူမတို့ ဆက်သွယ်ပြောဆိုရ လွယ်ကူစေရန် တာ့ရှားဘာသာစကားကို နားလည်သည့် အစေခံကို စေလွှတ်ပေးခဲ့သည်။ ထိုအစေခံ ဦးဆောင်လာသည့် အစေခံများက သူမတို့ ရေချိုးနိုင်ရန် သစ်သားစည်သုံးလုံး ပြင်ဆင်ပေးခဲ့သည်။

အခြောက်လှန်းထားသော ပန်းပွင့်ချပ်များက ရေနွေးငွေ့ထဲတွင် ပြန့်ကျဲနေပြီး တဲနန်းကြီးတစ်ခုလုံးက မိန်းမပျိုလေးတစ်ယောက်၏ အတွင်းဆောင်ကဲ့သို့ ချက်ခြင်း မွှေးပျံလာခဲ့သည်။

တဲအတွင်းတွင် မီးဖိုတစ်လုံးလည်း ရှိနေပြီး ကျောက်မီးသွေးများ နီရဲနေအောင် မီးထည့်ထည့်သောကြောင့် လုံးဝ မအေးပေ။ မိန်းကလေးသုံးယောက်က ပန်းပွင့်များ ဖုံးလွှမ်းနေသည့်ရေနွေးထဲတွင် သက်တောင့်သက်သာ ရေစိမ်နေကြသည်။

ရေချိုးသန့်စင်ပြီးနောက် မိန်းခလေးသုံးယောက်က ကော်ဇောပေါ် လှဲချလိုက်ကြသည်။ ကော်ဇောပေါ်တွင် အိပ်ရသည်မှာ မယုံနိုင်လောက်အောင်ကို သက်တောင့်သက်သာရှိနေခဲ့သည်။ တာ့ထန်က သိုးများ ပေါကြွယ်ဝပြီး သိုးမွေးကို အလွယ်တကူ ရနိုင်သည့်အပြင် ကျွမ်းကျင်သော လက်မှုပညာရှင်အချို့လည်း ရှိနေသောကြောင့် လှပသော ကော်ဇောများကို ယက်လုပ်နိုင်ကြသည်။

စူးချင်းက ထိုကောဇောများကို မျက်စိကျနေခဲ့သည်။ သူမတို့ ကုန်စည်လဲလှယ်ရာတွင် သိုးမွှေးများအစား ကော်ဇောများကို ပြောင်းလဲရန်ပင် သူမ တွေးနေခဲ့သည်။ သူမတို့ကိုယ်တိုင် ချည်ငင်ရပြီး ရက်လုပ်ရသည့်လုပ်ငန်းစဥ်က ခက်ခဲပြီး ပင်ပန်းလွန်းလှသည်။

စူးချင်းနှင့် ကောင်မလေးများက ကောင်းစွာ အိပ်မောကျသွားခဲ့ကြပြီး နောက်တစ်နေ့တွင် လန်းဆန်းတက်ကြွစွာ ပြန်နိုးလာခဲ့ကြသည်။

“ထုပ်ပိုးပြီး ပြန်ဖို့ ပြင်ဆင်ကြတော့”

စူးချင်းက ကျိရှောင်ယင်နှင့် လွမ်ဟုန်တို့အား ကုန်စည်လဲလှယ်သည့်ကိစ္စ မနေ့က ပြီးသွားကြောင်းနှင့် ယနေ့ အိမ်ပြန်နိုင်ပြီဖြစ်ကြောင်း ပြောပြလိုက်သည်။

"သခင်မလေးစူး"

ထိုအချိန်တွင် ခြံအပြင်ဘက်မှ အသံတိုးတိုးလေးတစ်ခု ထွက်ပေါ်လာပြီး မနေ့က ဦးဆောင်ကာ ခစားခဲ့သည့် နန်းတွင်းအစေခံ ဖြစ်ပုံရသည်။

“ဝင်ခဲ့ပါ”

စူးချင်းက ပြန်အော်လိုက်သည်။ ထိုနန်းတွင်းအစေခံက သန့်ရှင်းရေးသုံးပစ္စည်းများကို ပို့ရန် ရောက်လာခြင်း ဖြစ်ကြောင်း သူမ ခန့်မှန်းလိုက်သည်။

သူမ မျှော်လင်းထားသည့်အတိုင်း မနေ့ညက သူမတို့ကို ခစားခဲ့သည့် နန်းတွင်းအစေခံက တခြားနန်းတွင်းအစေခံတချို့နှင့်အတူ ၀င်လာပြီး သူမတို့၏လက်ထဲတွင် ရွှေ‌ရောင်ရေအင်တုံကို ကိုင်ထားကာ ချည်ပုဝါအသစ်တစ်ထည်ကို ယူဆောင်လာခဲ့သည်။

စူးချင်းက မမျှော်လင့်ထားသည့်အရာက သူမတို့အတွက် အနီရောင်မျက်နှာချေမှုန့်များ ပို့ပေးခဲ့ခြင်း ဖြစ်သည်။ တတိယမင်းသားက အလွန်အမင်း တွေးပေးတတ်သူ ဖြစ်သည်။

စူးချင်းက များသောအားဖြင့် မိတ်ကပ်လိမ်းလေ့မရှိဘဲ ထိုအနီရောင်မျက်နှာချေမှုန့်များကို စိတ်မဝင်စားပေ။ သူမက သူမ၏မျက်နှာကို ရေဖြင့် သန့်စင်အောင် ဆေးကြောရုံသာ ပြုလုပ်လေ့ရှိသည်။

ကျိရှောင်ယင်က အလှအပကို နှစ်သက်ပြီး ဤအရာများကို အလွန်နှစ်သက်သော မိန်းကလေး ဖြစ်သည်။ သူမက သူမ၏နူးညံ့သိမ်မွေ့သောမျက်နှာလေးကို ပေါ်တွင် အနီရောင်မျက်နှာချေမှုန့်များ လိမ်းရန် အလုပ်များနေခဲ့သည်။

လွမ်ဟုန်ကတော့ သူမ၏ပါးပြင်ကို အနည်းငယ်သာ လိမ်းခြယ်ထားပြီး နှုတ်ခမ်းကို အနည်းငယ်နီနေအောင် ပြင်ဆင်ထားခဲ့သည်။ သူမ၏မိုးမခရွက်လေးများကဲ့သို့ ကွေးနေသည့် မျက်ခုံးမွှေးများက သဘာဝအတိုင်း ကောင်းမွန်နေသောကြောင့် သူမ၏မျက်ခုံးမွှေးကို မျက်ခုံးမွှေးဆွဲခြင်းမျိုး မလုပ်ထားခဲ့ပေ။

သူမတို့ ရေချိုးပြီးချိန်တွင် နန်းတွင်းအစေခံများက မနက်စာ ယူဆောင်ပေးခဲ့သည်။ ထိုနံနက်စာက အရသာရှိသော နံနက်စာဖြစ်ပြီး နို့လက်ဖက်ရည်၊ အရသာရှိသော နို့ကိတ်မုန့်များနှင့် တာ့ထန်၏ နေ့စဉ်စားဖွယ်ဖြစ်သော ဒိန်ခဲနှင့် ကြည်လင်သည်အထိ ချက်ပြုတ်ထားသော သိုးသားတစ်အိုးလည်း ပါဝင်သည်။

နံနက်စာ စားပြီးသောအခါ ယဲ့လွီချွမ်းက ယမန်နေ့က ဧကရာဇ် စူးချင်းအား ချီးမြှင့်ပေးသနားသော ရွှေလျန်တစ်ရာ၊ မြင်းများနှင့် သိုးကြီးများကို ယူဆောင်ကာ ရောက်လာခဲ့သည်။

"သခင်မလေးစူး၊ ရှောင်ယင်၊ လွမ်မိန်းခလေး၊ မင်္ဂလာနံနက်ခင်းပါ"

ယဲ့လွီချွမ်းက ပြုံးနေသောမျက်နှာဖြင့် ခြံထဲသို့ ဝင်လာခဲ့သည်။ ယခုအချိန်တွင် ရာဇပလ္လင်အတွက် မယှဉ်နိုင်သူ မရှိတော့ဘဲ သူ စိတ်ဓာတ် တက်ကြွရမည့် အချိန် ဖြစ်သည်။

“မင်္ဂလာနံနက်ခင်းပါ”

စူးချင်းက သူမ၏ပန်းကန်လုံးထဲမှာ နို့လက်ဖက်ရည်ကို လက်စသတ်လိုက်သည်။ သူက ထိုအရသာကို သိပ်မကြိုက်သည့်အတိုင် အကုန်စားလိုက်သေးသည်။ သူမထံတွင် အစားအစာကို ဖြုန်းတီးတတ်သည့် အလေ့အကျင့် မရှိပေ။

ယဲ့လွီချွမ်းက မျက်နှာကို လိမ်းခြယ်ထားသည့် ကျိရှောင်ယင်ကို မြင်သွားပြီး မျက်လုံး မခွာနိုင်တော့ပေ။ ကျိရှောင်ယင်က နူးညံ့သိမ်မွေ့သော ပန်းတစ်ပွင့်ကဲ့သို့ လှပလွန်းသည်ဟု သူ ခံစားနေမိသည်။ သူမကို မြင်လိုက်ရချိန်တိုင်း အမျိုးသမီးများအတွက် ရေးဖွဲ့ပုံဖော်ထားသည့် ကဗျာလှလှလေးများကို သူ တွေးနေမိသည်။

"မိန်းခလေးကျိ၊ ဒီမှာ နေရတာ အဆင်ပြေရဲ့လား?"

ယဲ့လွီချွမ်းက ကျိရှောင်ယင်ကို အပြုံးဖြင့် လှမ်းမေးလိုက်သည်။ ယဲ့လွီချွမ်း ဝင်လာစဥ်ကတည်းက ကျိရှောင်ယင်၏မျက်နာက နီရဲလာခဲ့ပြီး သူမ၏ ရွှမ်းစိုနေသည့် မျက်လုံးကြီးများတွင် ရှက်ရွံ့နေသည့်အရိပ်အယောင်လေးများ ရှိနေခဲ့သည်။

ယဲ့လွီချွမ်းက သူမ၏အမည်ကို ခေါ်လိုက်ချိန်တွင် သူမ၏ပခုံးလေးများ လှုပ်ခါသွားပြီး သူမ၏နှလုံးက အခုန်မြန်လွန်းသောကြောင့် လည်ချောင်းထဲမှ ခုန်ထွက်တော့မည်ဟု သူမ ထင်နေခဲ့သည်။ သူမ၏မျက်နှာလေး ကောင်းကင်၏ဆည်းဆာရောင်ထက်ပင် ပိုနီနေလေသည်။

"တတိယမင်းသား၊ ကျွန်မတို့ အခု ပြန်သွားတော့မယ်။ ရှင့်ရဲ့ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ်"

စူးချင်း၏အသံက ယဲ့လွီချွမ်း၏ အာရုံကို ပြန်ဆွဲခေါ်နိုင်ခဲ့ပြီး သူ အနည်းငယ် ဝမ်းနည်းသွားသလို ခံစားလိုက်ရသည်။

"မင်းတို့ နောက်ထပ် နှစ်ရက်နေမှာ မဟုတ်ဘူးလား? ခမည်းတော်ကလည်း မင်းတို့ မနေ့ညက ထိတ်လန့်ခဲ့တာကြောင့် ဒီနေ့ နားစေချင်တယ်လို့ ပြောခဲ့တယ်။ ခမည်းတော်က ညနေမှာ ဧည့်ခံပွဲထပ်လုပ်ပေးဖို့ စီစဥ်နေတယ်”

“ကျွန်မ ဒီနေ့ ပြန်မှ ဖြစ်မယ်၊ ကျွန်မတို့ နေ့ချင်း ပြန်လာမယ်လို့ ကျွန်မတို့ရဲ့မိသားစုဝင်တွေကို ပြောခဲ့တာ။ နောက်တစ်ခေါက်မှ ကြာကြာနေပါ့မယ်”

စူးချင်းက ယဉ်ကျေးစွာ ငြင်းဆိုလိုက်သည်။ သူမက ဧကရာဇ်ထံမှ သူမ၏ဆေးကုခနှင့် ကျောက်မီးသွေးနှင့် ဒူလာလိမ်းဆေးရောင်းချရာမှ ပြန်ရရှိသော သားရေလှည်းငါးစီးနှင့် သိုးငါးရာကို ယူဆောင်ကာ မော့ချန်သို့ ပြန်လာခဲ့သည်။

မော့ချန်၏မြို့စောင့်တပ်သားများက ထိုသိုးအုပ်ကို အဝေးမှပင် လှမ်းမြင်နိုင်ခဲ့ကြသည်။ သူတို့၏ရိတ်သိမ်းမှုက တိုးလာသောကြောင့် ယခုအချိန်တွင် မေ့ချန်က အစာအစား မလုံလောက်ခြင်း သို့မဟုတ် အနွေးထည်မရှိခြင်းတို့အတွက် စိတ်ပူစရာ မလိုတော့ပေ။

စူးချင်းက မြို့ထဲသို့ ဝင်လာခဲ့ပြီး သူမ၏ဖခင် စိတ်လုံခြုံစေရန်အတွက် သူမ၏ဆေးကုသခကို သူမ၏ဖခင်အား ပေးလိုက်သည်။ စူးဟန်ရွှမ်က သူ့သမီး၏ ငွေရှာနိုင်စွမ်းကြောင့် အံ့အားသင့်နေခဲ့သည်။

ခရီးတစ်ခုကနေ ရွှေလျန်တစ်ရာ ပြန်ယူနိုင်ခဲ့တာလား? သူ နှစ်အတော်ကြာအောင် စီးပွားရေးလုပ်ခဲ့ပေမယ့် သူ့သမီးလို ငွေမရှာနိုင်ခဲ့ဘူး။

ဧကရာဇ်က စူးချင်းအတွက် ရွှေလျန်တစ်ရာ၊ မြင်းဆယ်ကောင်နှင့် သိုးအကောင်တစ်ရာ ဆုချီးမြှင့်ခဲ့သည်။ ထိုကြောင့် သူမက ထိုသိုးများကို လူတိုင်းအတွက် မပေးခဲ့ပေ။ ဆီမွှေးများ ရောင်းချခြင်းမှ ရရှိလာသည့် သိုးများကို အများပိုင်အဖြစ် ပေးလိုက်ခြင်းကပင် သူမ၏ကိုယ်ကျိုးမဖက်မှု ဖြစ်သည်။ သာမန်အားဖြင့် ဤအရာက သူမ၏ကိုယ်ပိုင်ပစ္စည်းသာ ဖြစ်သင့်ပေသည်။

သူမ၏အဖေ ဤနေရာသို့ ရောက်ရှိလာကတည်းက စူးချင်းက ရုံးတော်နှင့် သူမ၏စီးပွားရေးများကို ခွဲခြားထားသင့်ပြီဟု ခံစားခဲ့ရသည်။

တကယ်တော့ သူမ ရသင့်တာတွေကို ဖြုန်းတီးပစ်စရာ မလိုဘူးလေ။ ကျောက်မီးသွေးနဲ့ လဲလှယ်နိုင်တဲ့ ထောက်ပံ့ရေး ပစ္စည်းတွေက အများပြည်သူအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ လုံလောက်နေပြီ။

ထို့ကြောင့် စူးချင်းက မြင်းဆယ်ကောင်ကိုသာ ယူဆောင်လာခဲ့ပြီး ချန်ယွိကို သွားရှာလိုက်သည်။ တာ့ထန်၏မြင်းများက ဆူဖြိုးပြီး သန်မာသောကြောင့် စစ်တပ်အတွက် စစ်မြင်းများအဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။

စူးချင်းက မြင်းဆယ်ကောင်ကို ချန်ယွိ၏စစ်သည်များထံသို့ လွှဲပေးလိုက်ပြီး သူ့ကို သတင်းပေးရန် ဝင်သွားခဲ့သည်။ သို့သော် သူမ မထင်မှတ်ထားသည့် အရာတစ်ခုကို ကြားလိုက်ရမည်ဟုတော့ သူမ တွေးပင်မတွေးမိခဲ့ပေ။

All Chapters