← Chapters

သော့

Vol. 22 Ch. 322

သော့

Vol. 22 Ch. 322

စီရင်စုရုံးတော်၏ အစည်းအဝေးခန်းမ၌....

ချင်ဖုန်းက ပင်မထိုင်ခုံတွင် ထိုင်နေပြီး ချန်ယွိက သူ့၏ဘယ်ဘက်အောက် နေရာရှိ ထိုင်ခုံတွင် ထိုင်‌နေခဲ့သည်။ ကျိရွှေ့ရှန့်က စိတ်အ‌နှောက်အယှက်ဖြစ်နေပုံဖြင့် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျောက်နေလေသည်။

“ငါလည်း ဒီအိမ်ထောင်ရေးအကြောင်းကို အများကြီး မသိဘူး။ ဘုရင်မင်းမြတ်က မင်းအဖေကို စပြီး ဖိအားပေးတဲ့နေ့မှာ မင်းအဖေက ငါ့ကို အဲ့အကြောင်း နည်းနည်း ပြောပြခဲ့တယ်။ မင်းအဖေ ပြောခဲ့တာက လမ်းမှာ သူ ကုန်သည်တစ်ဦးကို ကယ်တင်ခဲ့ပြီး အဲ့ကုန်သည်က သူရဲ့ အသက်ကယ် ကျေးဇူးအတွက် ကျေးဇူးဆပ်ဖို့ သားသမီးချင်း ထိမ်းမြားဖို့ စီစဉ်ချင်ခဲ့တယ်။ မင်းအဖေကလည်း သဘောတူခဲ့ပြီး စေ့စပ်ကြောင်းလမ်းသင်္ကေတအဖြစ် သေတ္တာကို ဖွင့်နိုင်မယ့် သော့ကို ပေးထားခဲ့တယ် တဲ့၊ အဲ့တော့ မင်းရဲ့စေ့စပ်ထားသူကို ရှာရမယ်”

ချင်ဖုန်းက သူ့မြေး၏နှလုံးသားထဲတွင် စူးချင်းတွင် ရှိနေသည်ကို သိထားခဲ့ပြီး သူက ထိုအိမ်ထောင်ရေးကို သူ့ဗိုက်ထဲတွင်သာ ပုပ်သိုးဆွေ့မြေ့စေမည်ဟု အစကတည်းက တွေးထားပြီးသား ဖြစ်သည်။ ရှောင်းဟမ်က သေဆုံးသွားခဲ့သည့်အပြင် တိုင်းပြည်ကလည်း ဖရိုဖရဲ ဖြစ်ခဲ့သောကြာင့် ထိုကုန်သည်ကို ရှာတွေ့နိုင်ရန် မလွယ်တော့ပေ။

ထို့အပြင် သူမကို ရှာတွေ့လျှင်ပင် ထိုမိန်းခလေးက အိမ်ထောင်ပြုပြီးသား ဖြစ်နေနိုင်သေးသည်။ သို့သော် ယခုအချိန်တွင် ဤအကြောင်းကို ပြောပြရန်ကလွဲပြီး သူ့ထံတွင် ရွေးချယ်စရာ မရှိတော့ပေ။

ကျင့်ရှီလျိုမြောင်ကို စောင့်ကြပ်နေသည့် ရှောင်းမိသားစုစစ်တပ်၏တပ်မှူးက လူကို မဟုတ်ဘဲ ကျားတံဆိပ်ကိုသာ အသိအမှတ်ပြုနိုင်မည်ဟု ရှင်းရှင်းလင်းလင်း အကြောင်းပြန်ခဲ့သည်။ ကျားတံဆိပ်မရှိလျှင် သူတို့က ကျိ‌ရွှေရှန့်၏လက်အောက်သို ဝင်ရောက်လာမည် မဟုတ်ပေ။ မကြာသေးမီရက်များအတွင်း ချန်ယွိ ဆက်သွယ်ခဲ့သော ရှောင်းမိသားစုစစ်တပ်၏လက်အောက်ခံ စစ်သည်ဟောင်းများထဲတွင် အနည်းငယ်ကသာ ပူးပေါင်းရန် ရောက်ရှိလာကြပြီး အခြားတပ်များကလည်း ကျားတံဆိပ်မပါဘဲ ပူးပေါင်းရန် ငြင်းဆိုကာ အလားတူ တောင်းဆိုခဲ့ကြသည်။

ယခု သူတို့ထံတွင် ငွေနှင့် သံသတ္ထုရိုင်းများ ရှိနေပြီး လက်နက်များ ထုလုပ်နေပြီ ဖြစ်သည်။ ရှောင်းမိသားစုစစ်တပ်ကို စောစီးစွာ စုဆောင်းနိုင်လေလေ၊ စောစောစီးစီး လေ့ကျင့်နိုင်လေဖြစ်သည်။ ကျိ‌ရွှေရှန့်နှင့် ရှောင်းမိသားစုစစ်တပ်မှ စစ်သည်များ အချင်းချင်း ရင်းနှီးရန် အချိန်လည်း လိုအပ်နေသေးသောကြောင့် စစ်သူကြီးရှောင်း၏ ကျားတံဆိပ်ကို အမြန် ထုတ်ယူနိုင်ရန် အရေးကြီးလှသည်။

"အဖိုး၊ ကျွန်တော်ရဲ့ဇနီးလောင်းက ဘယ်မြို့ကလဲ? သူ့ရဲ့မျိုးရိုးနာမည်က ဘာလဲ? အဖိုး သိလား?"

ကျိ‌ရွှေရှန့်က သူ့အဘိုးကို ပြန်မေးလိုက်သည်။ သူက သူ့မိဘများအတွက် သွေးကြွေးဆပ်ချင်သောကြောင့် ရှောင်းမိသားစုစစ်တပ်ကို ပြန်လည်အသက်သွင်းချင်ခဲ့သည်။ စစ်သူကြီး၏ကျားတံဆိပ်ကို လိုချင်လျှင် သူ့အဖေ စေ့စပ်ပေးခဲ့သူ၏လက်ထဲမှ စေ့စပ်လက်ဆောင်ကို ပြန်ယူရန် လိုအပ်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူက သူမကို သွားရှာရန် တွေးလိုက်မိသည်။

စူးချင်းရောက်လာသည့် အချိန်က ကျိ‌ရွှေရှန့် ထိုစကားကို ပြောလိုက်သည့်အချိန်ဖြစ်ပြီး ထိုစကားကို ကြားလိုက်သည်နှင့် စူးချင်းက အခန်းအပြင်ဘက်တွင် ရပ်တန့်လိုက်ကာ သူမ၏နှလုံးသားကို ကျောက်တုံးဖြင့် ဖိလိုက်သလို ခံစားလိုက်ရသည်။ စူးချင်းက ကျိ‌ရွှေရှန့်၏စကားများကို ဆက်နားမထောင်ချင်တော့ဘဲ ပြန်လှည့်ထွက်လာခဲ့သည်။

"မိန်းခလေးစူး၊ ဘာလို့ ပြန်ထွက်လာတာလဲ?"

ချိုးယုံခန်းကလည်း ကျိ‌ရွှေရှန့်ကို သတင်းပို့စရာ ရှိသောကြောင့် ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူ ဝင်လာချိန်တွင် စူးချင်းက အေးစက်သောအမူအရာဖြင့် ပြန်ထွက်သွားသည်ကို သူ တွေ့လိုက်ရပြီး သူက သူမကို လှမ်းမေးသော်လည်း သူမက သူ့အသံကို မကြားသလို တွေဝေငေးမောနေသောမျက်နှာဖြင့် သူ့ကို ဖြတ်ကျော်သွားခဲ့သည်။

ချိုးယုံခန်းက သူ့ခြေလှမ်းများကို ရပ်လိုက်ပြီး စူးချင်း၏နောက်ကျောကို လိုက်ကြည့်နေခဲ့သည်။ ထို့နောက် သူက အစည်းအဝေးခန်းမကို ပြန်လှည့်ကြည့်လိုက်ပြီး သံသယမျက်လုံးများဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

ချိုးယုံခန်း အစည်းအဝေးခန်းမ၏တံခါးဝသို့ ရောက်သွားချိန်တွင် အတွင်းမှ ချင်ဖုန်း၏အသံကို သူ ကြားလိုက်ရသည်။

“မင်းဇနီးလောင်းရဲ့အခြေအနေကို ငါလည်း အတိအကျ မသိဘူး။ မင်းအဖေက စကား နည်းနည်း ပြောပြီးတာနဲ့ အမြန် ပြန်ထွက်သွားခဲ့တာ။ အဲ့လူက မြို့တော်ကို ပိုးထည်တွေ လာရောင်းတဲ့ ပိုးကုန်သည်ဆိုတာပဲ သိခဲ့ရတယ်”

"ဒါဆို ဒီသဲလွန်စနဲ့ သူတို့ကို ဘယ်လိုရှာရမှာလဲ?"

ကျိ‌ရွှေရှန့်က မျက်မှောင်ကြုတ်လိုက်သည်။

သူက သေတ္တာကို အမြန် ဖွင့်ပြီး ကျားတံဆိပ်ကို အမြန်ထုတ်ယူဖို့ စိတ်အားထက်သန်နေပြီ။ အခု သူ့အတွက် စေ့စပ်ထားတဲ့သူက ရုတ်တရက် ပေါ်လာပြီး ဒီလိုလူ ရှိနေတယ်ဆိုတာကို သူ သိလိုက်ရပေမယ့် သူမရဲ့မျိုးရိုးကိုတောင် မသိနိုင်သေးဘူး။ သူက သူမကို ဘယ်မှာ သွားရှာရမှာလဲ?

ထိုစကားကို ကြားလိုက်ချိန်တွင် ချိုးယုံခန်းက တံခါးကို တွန်းဖွင့်ပြီး အတွင်းသို့ ၀င်သွားခဲ့သည်။ ကျိ‌ရွှေရှန့်က တံခါးဖွင့်သံကြောင့် မော့ကြည့်လာခဲ့ပြီး ချိုးယုံခန်းကို တွေ့လိုက်သောကြောင့် နှုတ်ဆက်လိုက်သည်။

"ယုံခန်း.... လာ"

"ရွှေရှန့်၊ ငါ မင်းနဲ့ ဆွေးနွေးစရာတစ်ခု ရှိတယ်။ စူးချင်းက ရာနဲ့ချီတဲ့ သိုးတွေ ပြန်ယူလာခဲ့တယ်။ ခေါင်းဆောင်ယန်က မနက်ဖြန် ပြန်ထွက်ခွာမယ့်လို့ ပြောပေမယ့် ဒီတစ်ခါ သူ့လူတွေကို မခေါ်လာခဲ့ဘူး၊ သူရဲ့လမ်းခရီးက မလုံခြုံမှာကို ငါ စိုးရိမ်မိတယ်။ ငါတို့ ဘာလုပ်သင့်တယ်လို့ မင်း ထင်လဲ?”

"စူးချင်း ပြန်ရောက်ပြီလား?"

စူးချင်း ပြန်လာကြောင်းကြားလိုက်ချိန်တွင် ကျိ‌ရွှေရှန့်၏မျက်လုံးများက တောက်ပလာသည်။

ချိုးယုံခန်းက ခေါင်းညိတ်လိုက်ပြီး “အဲတော့ ငါတွေးမိတာက ငါတို့ သူ့နဲ့အတူ လိုက်သွားပြီး လော့ချန်ရဲ့အခြေအနေကို သွားစုံစမ်းသင့်တယ်”

"ကောင်းပြီလေ၊ ငါ မနက်ဖြန် လူနှစ်ယောက် ခေါ်ပြီး သူနဲ့အတူ လိုက်သွားပေးမယ်"

ကျိ‌ရွှေရှန့်က လော့ချန်မှ အရောင်းအဝယ်ကို အလွယ်တကူ အဆုံးအရှုံး မခံနိုင်သောကြောင့် သူကိုယ်တိုင် ခရီးထွက်ရန် ဆုံးဖြတ်လိုက်သည်။ ထို့အပြင် လမ်းခရီးက မငြိမ်းချမ်းသောကြောင့် ယန်ကျစ်ကို တစ်ယောက်တည်း ပြန်လွှတ်ရန် မဖြစ်နိုင်ပေ။

"ကောင်းပြီလေ၊ ဒါဆို ငါ ခေါင်းဆောင်ယန်ကို သွားပြောထားလိုက်မယ်"

ချိုးယုံခန်းက အလွယ်တကူ သဘောတူလိုက်ပြီး ဘာမှ ထပ်မပြောဘဲ ပြန်ထွက်သွားခဲ့သည်။

"အဖိုး၊ ကျွန်တော် စူးချင်းကို အရင်သွားတွေ့လိုက်ဦးမယ်၊ ခနနေမှ ပြန်လာမယ်"

ကျိ‌ရွှေရှန့်၏နှလုံးသားက မြက်ပင်လေးများ ပေါက်နေသလို ခံစားရနေရပြီး သူက စူးချင်းကို တွေ့ရန် စိတ်စောနေခဲ့သည်။ မည်သည့်နေရာမှ ပေါ်လာမှန်း မသိသည့် သူ့၏ဇနီးလောင်းကို အတတ်နိုင်ဆုံး ရှာဖွေရမည်ဖြစ်ပြီး သူမကို ရှာမတွေ့လျှင် သေတ္တာကို ဖွင့်ရန် တခြားနည်းလမ်းကို သူ စဉ်းစားရဦးမည် ဖြစ်သည်။

သူ့မြေးဖြစ်သူက စူးချင်းကို အရူးအမူး သဘောကျနေကြောင်း နားလည်နေသည့် ချင်ဖုန်းက သက်ပြင်းချလိုက်သည်။

ရွှေရှန့်နဲ့ စေ့စပ်ထားတဲ့ မိန်းကလေးကို ရှာတွေ့ရင် ရွှေရှန့်က သူမကို လက်ထပ်ရလိမ့်မယ်။ မိဘတွေနဲ့ အောင်သွယ်ပေးသူများတွေရဲ့ အစီအစဥ်က တရားဝင်အိမ်ထောင်ရေးပဲ။ ဒါပေမယ့် စူးချင်းရဲ့စရိုက်အရတော့ သူမက ရွှေရှန့်ကို တခြားသူနဲ့မျှဝေနိုင်မှာ မဟုတ်ဘူး။

ဒါက တကယ်ကို့ ကိုင်တွယ်ရခက်တဲ့ ကိစ္စပဲ။ အခုအချိန်မှာ ရွှေရှန့်ရဲ့ဇနီးလောင်းက အိမ်ထောင်ကျနေပြီးသားဖြစ်ဖို့ သူ မျှော်လင့်တယ်။ အဲ့ဒါဆိုရင် သူတို့ဘက်က စေ့စပ်ကြောင်းလမ်းမှုကို တရားမျှတမှု ရှိရှိနဲ့ ဖျက်သိမ်းနိုင်လိမ့်မယ်။

ကျိ‌ရွှေရှန့်က စူးချင်းကို ရှာဖွေရန် ရုံးတော်၏အနောက်ဘက်သို့ သွားခဲ့သော်လည်း စူးဟန်ရွှမ်ပင်လျှင် သူ့သမီး ပြန်လာသည်ကို မသိခဲ့ပေ။

"ဒါဆို သူ(မ)က အရက်ချက်ရုံမှာ ရှိနိုင်တယ်"

စူးချင်း အိမ်မှာ မရှိလျှင် သူမ အရက်ချက်ရုံ၌ ရှိနိုင်လိမ့်မည်ဟု ကျိ‌ရွှေရှန့်က တွေးလိုက်သည်။ စူးချင်းက အရက်ချက်လုပ်ငန်းကို အလွန်အလေးထားသောကြောင့် အရက်စည်များကို သွားကြည့်နေသည်ဟု သူ ထင်လိုက်မိသည်။

"ကျွန်တော် သွားကြည့်လိုက်ဦးမယ်"

သူက စူးချင်းကို ချက်ချင်းတွေ့ချင်နေပြီး ခဏလောက်ပင် မစောင့်ချင်တော့ပေ။ အထူးသဖြင့် သူ့ထံတွင် စေ့စပ်ထားသူရှိနေကြောင်း သိလိုက်ရချိန်တွင် သူက စူးချင်းကို ပို၍ပင် တွေ့ချင်နေခဲ့သည်။

ဒီဘဝမှာ သူက စူးချင်းကလွဲပြီး ဒုတိယမိန်းမကို မလိုချင်ဘူး။ ဒါက သူ့ ချင်းအာကို ပေးထားခဲ့တဲ့ ကတိတစ်ခုလည်း ဖြစ်နေသေးတယ်။ ဘာပဲဖြစ်ဖြစ် သူက ဒီကတိက ဘယ်တော့မှ ဖောက်ဖျက်မှာ မဟုတ်ဘူး။

ကျိ‌ရွှေရှန့် အရက်ချက်အလုပ်ရုံကို လှမ်းမြင်လိုက်ချိန်တွင် စူးချင်းက အရက်စည်များ၏ အခြေအနေအား စစ်ဆေးနေသည်ကို သူ တွေ့လိုက်ရသည်။ သူမက နှစ်ရက်ကြာအောင် ခရီးသွားနေခဲ့ပြီး ထိုအတောအတွင်း အရက်စည်သုံးစည်ကို ပြုလုပ်ထားခဲ့ပြီး ဖြစ်သည်။

စူးချင်းက ရေအနည်းငယ်ကို ခပ်ယူကာ ယိုစိမ့်ခြင်းရှိ မရှိ စမ်းသပ်ရန် သစ်သားစည်ထဲသို့ ရေလောင်းထည့်လိုက်သည်။ သစ်သားစည်များက လုံးဝ ရေ ယိုစိမ့်ခြင်းမရှိဘဲ လက်သမားဆရာ၏လက်ရာက အလွန်ကောင်းသည်ဟု သတ်မှတ်နိုင်သည်။

စူးချင်းကို တွေ့ရချိန်တွင် လက်သမားဆရာကလည်း အတော်လေး တုန်လှုပ်နေခဲ့သည်။ သူ ကောင်းကောင်းမလုပ်နိုင်လျှင် အလုပ်ပြုတ်သွားမည်ကို သူ ကြောက်နေခြင်း ဖြစ်သည်။

"မဆိုဘူး။ ဒီစံနှုန်းအတိုင်း ဆက်လုပ်ပါ”

စူးချင်းက လက်သမားဆရာ၏ စိတ်လှုပ်ရှားမှုကို မြင်နိုင်ပြီး ပေါ့ပေါ့ပါးပါး လှမ်းပြောလိုက်သည်။ လက်သမား၏အမူအရာ တည်ငြိမ်သွားကာ သဘောတူကြောင်း အလျင်အမြန် ခေါင်းညိတ်ပြလာခဲ့သည်။

"စူးချင်း"

ကျိ‌ရွှေရှန့်က စူးချင်းကို မြင်သွားပြီး စိတ်သက်သာရာ ရသွားခဲ့သည်။ သူ့မျက်လုံးများထဲတွင် နူးညံ့သောအပြုံးများ ရှိနေပြီး သူက စိတ်အေးလက်အေး လျှောက်လှမ်းနေခဲ့သည်။ စူးချင်းက သူ့ဘက်သို့ လှည့်လိုက်ပြီး သူ့ကို အေးစက်စွာ ကြည့်နေခဲ့သည်။

"ရှင် ဒီကို ရောက်လာတာ အတော်ပဲ၊ ကျွန်မမှာ ရှင့်ကို ပြောစရာ ရှိတယ်"

စူးချင်း၏ လေးနက်သော အမူအရာကို မြင်လိုက်ရသောကြောင့် ကျိ‌ရွှေရှန့်၏အပြုံးက ပြန်ပျောက်ကွယ်သွားခဲ့သည်။

တစ်ခုခု ဖြစ်ခဲ့တာလား?

သူက သူမကို ခေါင်းညိတ်ပြလိုက်ပြီး "အထဲမှာ စကားပြောရအောင်!"

ဆယ့်တစ်လမြောက်လ၏ အပူချိန်က သိသိသာသာ ကျဆင်းနေခဲ့ပြီး ပထမဆုံးအကြိမ် နှင်းမကျသေးသော်လည်း မြောက်လေက တဝေါဝေါတိုက်ခတ်နေကာ အပြင်၌ ခဏလောက် ရပ်နေလျှင်ပင် အေးခဲနိုင်သည်အထိ သေလုနီးပါး အေးစက်နေလေသည်။ စူးချင်း၏အမူအရာ မကောင်းသည်ကို မြင်နေရသော်လည်း ကျိရွှေရှန့်က သူမ ခရီးပန်းနေသည်ဟုသာ ထင်နေခဲ့သည်။ ထို့ကြောင့် အိမ်ထဲသို့ လျှောက်ဝင်လာရင်း သူက စူးချင်းကို စိုးရိမ်တကြီး မေးလိုက်သည်။

"ပင်ပန်းနေပြီလား?"

“မပင်ပန်းပါဘူး”

စူးချင်း၏ တုံ့ပြန်မှုက အေးစက်နေပြီး ဘာအမူအရာမှ မရှိသော မျက်နှာထားဖြင့် အထဲသို့ ဝင်သွားခဲ့သည်။ ကျိ‌ရွှေရှန့်က စူးချင်း ဒီနေ့ တစ်ခုခု ဖြစ်နေသည်ကို ခံစားမိပြီး အလောတကြီး ထပ်မေးလိုက်သည်။

"တစ်ခုခု ဖြစ်ခဲ့တာလား?"

အခန်းထဲတွင် အရက်များ ရှိနေပြီး အခန်းထဲသို့ ဝင်လိုက်ချိန်တွင် သူမ၏မျက်နှာပေါ်သို့ တိုးဝင်လာသည့် အပူများကို သူမ ခံစားလိုက်ရသောကြောင့် စူးချင်းတစ်ယောက် စိတ်ပျက်လက်ပျက် မျက်မှောင်ကြုတ်လိုက်သည်။

သူမ နှလုံးသားက မီးလိုမျိုး ပူလောင်နေပြီ၊ ဒိအချိန်မှာ ဒီပူပြင်းတဲ့အခန်းထဲကို ဝင်လိုက်တာရတာက သူမကို ပိုပြီး မသက်မသာ ခံစားရစေတယ်။

"ကျွန်မ ရှင့်ကို ပြောစရာရှိတယ်။ ဒီအရက်လုပ်ငန်းနဲ့ လိမ်းဆေးဆီက ကျွန်မရဲ့ ကိုယ်ပိုင်လုပ်ငန်းပဲ။ အရင်တုန်းက အကုန် စုပေါင်းနေကြတာဆိုတော့ ကျွန်မ ဘာမှ မပြောခဲ့တာ။ ညီအစ်ကိုတွေတောင် စာရင်းကို သေသေချာချာ ရှင်းလင်းရတယ်၊ ကျွန်မတို့လည်း ဒီနေ့ ခွဲထုတ်ရအောင်၊ မဟုတ်ရင် အနာဂတ်မှာ ကျွန်မတို့ရဲ့ဝင်ငွေတွေ ရောထွေးနေလိမ့်မယ်၊ ခွဲထုတ်လိုက်ရင် ရောထွေးနေတော့မှာ မဟုတ်ဘူး”

စူးချင်းက ကျိ‌ရွှေရှန့်၏မေးခွန်းကို ပြန်မဖြေဘဲ သူ့ကို စီးပွားရေးဆန်ဆန် ပြန်ပြောလိုက်သည်။ သူမက ကျိ‌ရွှေရှန့်ကို တစ်စုံတစ်ယောက်နှင့် လုပ်ငန်းကိစ္စ ဆွေးနွေးနေသကဲ့သို့ သီးသန့်ဆန်သော အေးစက်သည့် အကြည့်များဖြင့် ကြည့်နေခဲ့သည်။

ကျိ‌ရွှေရှန့်က စူးချင်းကို ကြောင်တက်တက် ပြန်စိုက်ကြည့်နေခဲ့သည်။ ဒီနေ့ စူးချင်းက သူ့ကို ထူးဆန်းတဲ့ ခံစားချက်တွေ ပေးနေခဲ့တယ်။ သူက သူမနဲ့ စီးပွားခွဲဖို့ တွန့်ဆုတ်နေတာ မဟုတ်ပေမယ့် စူးချင်းရဲ့သဘောထားက သူနဲ့တမင်တကာ အဆက်အသွယ် ဖြတ်နေတယ်လို့ သူ ခံစားနေရတယ်။

"အဲဒါကို ဘယ်လို သဘောရလဲ?"

ကျိ‌ရွှေရှန့်က သူကိုသာ ကြည့်နေပြီး ဘာမှ ပြန်မပြောသည်ကို မြင်လိုက်ရသဖြင့် စူးချင်းက မျက်မှောင်ကြုတ်ကာ ထပ်မေးလိုက်သည်။

ကျိ‌ရွှေရှန့်က ခေါင်းညိတ်လိုက်ပြီး "ကောင်းပါပြီ၊ ကိုယ် စာရင်းတွေ တွက်ပေးဖို့ ယုံခန်းကို ပြောလိုက်မယ်"

“အင်း”

စူးချင်းက နှာမှုတ်လိုက်ပြီး ကျိ‌ရွှေရှန့်ကို ကြည့်ပင်မကြည့်ဘဲ ထွက်သွားရန် အမိန့်ပေးလိုက်သည်။

"ရှင် သွားလို့ ရတယ်။ ကျွန်မ အရက်​ချက်ရဦး​မယ်​"

ကျိ‌ရွှေရှန့်က စူးချင်းထံမှ နှင်ထုတ်ခြင်းခံခဲ့ရသည်။ အရက်ချက် အလုပ်ရုံမှ ထွက်ပြီးနောက် သူက တံခါးအပြင်ဘက်တွင် အကြာကြီးရပ်နေခဲ့သည်။ ထို့နောက် စူးချင်း တစ်ခုခုဖြစ်ခဲ့လားဟု သူ့ညီမလေးကို မေးရန် ဆုံးဖြတ်လိုက်ပြီး ထိုနေရာမှ ပြန်ထွက်လာခဲ့သည်။

All Chapters