← Chapters

တစ်စုံတစ်ဦးကို စွပ်စွဲဖို့ အကြောင်းပြချက်ရှာရတာက လွယ်ကူလွန်းတယ်

Vol. 22 Ch. 325

တစ်စုံတစ်ဦးကို စွပ်စွဲဖို့ အကြောင်းပြချက်ရှာရတာက လွယ်ကူလွန်းတယ်

Vol. 22 Ch. 325

ကျိ‌ရွှေရှန့်၏ နှလုံးသားက စိုးရိမ်စိတ်များဖြင့် ပူလောင်နေခဲ့သည်။

ဒီ ဝမ်မျိုးနွယ်က တပ်သားတွေကို မော့ချန်ထဲအထိ ဝင်ခွင့်မပြုနိုင်ဘူး။

“မြို့တံခါးကို ပိတ်ပြီး တပ်တွေကို အဆင်သင့် ပြင်ထားကြ”

ကျိ‌ရွှေရှန့်က ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည်။ လက်ရှိတွင် မော့ချန်ရှိ ရှောင်းမိသားစုစစ်တပ်က ကျိ‌ရွှေရှန့်နှင့် ချန်ယွိ၏အမိန့်များကိုသာ နာခံကြတော့သည်။ သူတို့က မြို့တံခါးကို ချက်ချင်းပိတ်ကာ ကျိ‌ရွှေရှန့်၏နောက်ထပ်အမိန့်ကို စောင့်မျှော်ရင်း စုဝေးနေခဲ့ကြသည်။

ကျိ‌ရွှေရှန့်၏ သွေးများကလည်း ဆူပွက်လာနေပြီ ဖြစ်သည်။

သူ ရှောင်းမိသားစုစစ်တပ်ကို ပြန်အသက်သွင်းချင်ရင် ဒီနေ့တိုက်ပွဲကို အောင်နိုင်ရမယ်။ ဒါက ရှောင်းမိသားစုစစ်တပ်အနေနဲ့ သူ့ဖခင်သေဆုံးပြီးနောက် ဝမ်မိသားစုစစ်တပ်ကို ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်းပဲ။

စူးချင်းကတော့ မော့ချန်တွင် ဖြစ်ပျက်နေသည်ကို မသိခဲ့နိုင်ပေ။ သူမနှင့် ယန်ကျစ်တို့က လှည်းများနှင့် သိုးများကို လော့ချန်သို့ မောင်းသွားခဲ့သည်။ သိုးများက နှေးကွေးလွန်းလှသဖြင့် ‌လော့ချန်သို့ ရောက်ရန် သုံးရက်ခရီးက ငါးရက်အထိ ကြာမြင့်သွားခဲ့သည်။

ယန်ကျစ်က စူးချင်းအတွက် အန္တရာယ်ရှိနေမည်ကို စိုးရိမ်သောကြောင့် သူမအား သိုးများကို စောင့်နေစေပြီး မြို့ပြင်မှ တောအုပ်ထဲတွင် စောင့်ခိုင်းထားခဲ့သည်။ သူက သားရေလှည်းခြောက်စီးကို မြို့ထဲသို့ ယူဆောင်သွားခဲ့သည်။

မြို့ထဲသို့ ဝင်လာပြီးနောက် ယန်ကျစ်က အခြေအနေ မမှန်ကန်ကြောင်း ခံစားမိလာခဲ့သည်။ လမ်းတစ်လျှောက်တွင် ဒုတိယသခင်ကြီးစူး ပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများအားလုံးကို ဆိုင်းဘုတ်များ ပြောင်းလဲထားကြောင်း သူ တွေ့ရှိခဲ့ရသည်။ ထိုအရာက ယန်ကျစ်၏ပင်ကိုသိစိတ်ကို နှိုးဆွပေးနိုင်ခဲ့သည်။ ထို့ကြောင့် သူက လမ်းပေါ်မှ စျေးသည်လေးများကို တိတ်တဆိတ် မေးမြန်းစုံစမ်းလာခဲ့သည်။

"ဒုတိယသခင်ကြီးစူးရဲ့ ဆိုင်းဘုတ်တွေက ဘာလို့ ပြောင်းသွားတာလဲ?"

လမ်းဘေးစျေးဆိုင်‌လေးများ၏ ပိုင်ရှင်များက ဆောင်းရာသီတွင် ပုစဉ်းရင်ကွဲများ တိတ်ဆိတ်နေသကဲ့သို့ လုံးဝ အသံမထွက်ဘဲ သူတို့၏ခေါင်းများကိုသာ ခါယမ်းနေကြကာ စကားတစ်ခွန်းမှ မပြောဝံ့ကြခဲ့ပေ။

နောက်ဆုံးတွင် ယန်ကျစ်တစ်ယောက် ရွေးချယ်စရာမရှိတော့ဘဲ သူ့၏ သက်တော်စောင့် လုပ်ငန်းသို့ ရောက်လာခဲ့သော်လည်း သူ့၏သက်တော်စောင့်နှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းကလည်း ကမ္ဗည်းပြားပြောင်းသွားသည်ကို သူ တွေ့လိုက်ရသည်။

သူ မရှိတဲ့ ရက်အနည်းငယ်အတွင်းမှာ လော့ချန်က ကမ္ဘာမြေကြီး တုန်ခါမှုကြောင့် အားလုံးပြိုကျ ပျက်စီးပြီး အပြောင်းအလဲတွေကို ကြုံတွေ့ခဲ့ရတာလား? ဒုတိယ သခင်ကြီးစူးရဲ့လုပ်ငန်းတွေအားလုံးနဲ့ သူရဲ့သက်တော်စောင့်လုပ်ငန်းက အားလုံး ပြောင်းလဲသွားခဲ့ပြီ။

မည်သို့ပင်ဖြစ်စေ ယန်ကျစ်က သိုင်းလောကတွင် ကျင်လည်ခဲ့သူ ဖြစ်ပြီး အတွေ့အကြုံအချို့ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် အခြေအနေကို မေးမြန်းရန် သက်တော်စောင့်လုပ်ငန်းသို့ တိုက်ရိုက် ဝင်မသွားတော့ပေ။

သူက သားမွေးနှင့် သားရေပစ္စည်းဆိုင်သို့ မောင်းသွားခဲ့သည်။ ဤဆိုင်ပိုင်ရှင်က ဒုတိယသခင်ကြီးစူး၏ ကူညီပံ့ပိုးမှုကို ရရှိခဲ့ပြီး ဒုတိယသခင်ကြီးစူး၏ ဂရုစိုက်ပေးမှုကြောင့် သူ၏လုပ်ငန်း တိုးတက်ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။

အစပိုင်းတွင် မော့ချန်မှ သားရေပစ္စည်း အများအပြား ရရှိခဲ့ပြီး စူးဟန်ရွှမ်က သူ့ကိုယ်ပိုင်သားရေပစ္စည်းဆိုင် ဖွင့်နိုင်သော်လည်း ထိုသူဌေး၏လုပ်ငန်းကို ကူညီပေးရန်အတွက် သားရေများအားလုံးကို သူ့ထံသို့ ရောင်းချပေးခဲ့သည်။

ယန်ကျစ် ရောက်လာချိန်တွင် ထိုသားရေပစ္စည်းဆိုင်၏ပိုင်ရှင်ကလည်း အလွန်စိတ်လှုပ်ရှားနေပုံရသည်။ သူက လှည်းခြောက်စီးကို အိမ်နောက်ဖေးသို့ တိုက်ရိုက် မောင်းခိုင်းလိုက်ပြီး ယန်ကျစ်ကို စကားပြောရန် အိမ်အနောက်ဘက်သို့ ဆွဲခေါ်သွားခဲ့သည်။

"သူဌေးလီ၊ ဘာတွေ ဖြစ်ခဲ့လို့လဲ?"

ယန်ကျစ်က တုန်လှုပ်ချောက်ချားမှုကို ခံစားနေရပြီး အခန်းထဲသို့ ဝင်လိုက်သည်နှင့် သူ့ကို စိတ်မရှည်စွာ ချက်ချင်း မေးမြန်းလိုက်သည်။

“အဲ့တာကို ပြောတောင်မပြောချင်တော့ဘူး။ စီရင်စုအမတ်အသစ်က ဒုတိယသခင်ကြီးရဲ့ မိသားစုပိုင်ပစ္စည်းတွေကို သိမ်းဆည်းလိုက်ပြီး ဒုတိယသခင်ကြီးကို အကျဉ်းချထားတယ်။ ဒုတိယသခင်ကြီးစူးက အဲဒီ့မှာ တော်တော်ဒုက္ခရောက်တယ်လို့ ငါ ကြားတယ်။ ငါ့ ယောက်ဖတစ်ယောက်က အကျဥ်းထောင်မှာ အစောင့်အဖြစ် တာဝန်ကျနေလို့ ဒုတိယသခင်ကြီးအကြောင်း စုံစမ်းနိုင်ခဲ့တယ်။ စီရင်စုအမတ်အသစ်က ဒုတိယသခင်ကြီးစူး သူ့လူတွေကို စေလွှတ်ပြီး စီရင်စုအမတ်လွမ်ကို ပြန်ပေးဆွဲပြီး ဝမ်မိသားစုစစ်တပ်က လူတွေကို သတ်ခဲ့တယ်လို့ ဝန်ခံခိုင်းခဲ့တယ်။ သူတို့က ဒုတိယသခင်ကြီးစူးကို သေလုနီပါး ရိုက်နှက်ပြီး ဝန်ခံခိုင်းကြတယ်။ ဒုတိယသခင်ကြီးကလည်း အရမ်းခေါင်းမာတယ်။ သူ ကိုယ်တစ်ပိုင်း သေလုနီးပါး အရိုက်နှက်ခံရတောင် သေဖို့ပဲ တောင်းဆိုပြီး ဝန်ခံဖို့ ငြင်းဆန်ခဲ့တယ်။ ဟူး.... ကောင်းကင်က ကန်းနေပြီ ထင်တယ်။ ဒုတိယသခင်ကြီးစူးလို ကြင်နာတတ်တဲ့လူက ဒီလိုဆိုးရွားတဲ့ကိစ္စမှာ ဘယ်လိုပါဝင်နိုင်မှာလဲ?”

သူဌေးလီက မခံမရပ်နိုင်ဖြစ်နေပြီး ဒေါသလည်း ထွက်နေပုံရသည်။

ဒုတိယသခင်ကြီးစူးက ကြင်နာတတ်ပြီး စေတနာကောင်းတာကို လူတိုင်းသိတာတောင်မှ အဲ့စီရင်စုအမတ်အသစ်တော့ အရမ်းဆိုးသွမ်းလွန်းတယ်။

ဒုတိယသခင်ကြီးစူးရဲ့ လုပ်ငန်းတွေကို သိမ်းပိုက်ဖို့အတွက် ရာဇ၀တ်မှုတစ်ခုနဲ့တောင် စွဲချက်တင်လိုက်သေးတယ်။ အဲ့တာကြာင့် ပြည်သူတွေက မင်းမှုထမ်းတွေကို ရင်မဆိုင်ချင်တာ အံ့သြစရာ မရှိတော့ဘူး။ ဘာပဲဖြစ်ဖြစ် ပြည်သူတွေက မင်းမှုထမ်းတွေကို သွားမရိုက်နိုင်သလို အလွယ်တကူ အပြစ်ပြောလို့လည်း မရဘူးလေ။

"ဒါဆို ငါ့ရဲ့သက်တော်စောင့်လုပ်ငန်းက ဘာလို့ ပိုင်ရှင် ပြောင်းသွားတာလဲ?

ယန်ကျစ်အနေဖြင့် အလွန်အကျွံဒေါသထွက်နေခဲ့သော်လည်း သူ့၏စိတ်လှုပ်ရှားမှုကိုတော့ ထုတ်ဖော်မပြခဲ့ပေ။ ဒုတိယသခင်ကြီးစူးက ‌မော့ချန်တွင် ဘေးကင်းစွာ ရှိနေပြီး အဖမ်းခံထားရသူက အစားထိုးသာဖြစ်နေကြောင်း သူ သိထားသောကြောင့် ဖြစ်သည်။

"စီရင်စုအမတ်အသစ်က ခင်ဗျားကို ဒုတိယသခင်ကြီးစူးရဲ့ ကြံရာပါအဖြစ် သတ်မှတ်ထားတယ်။ သူတို့က ခင်ဗျား အကျဥ်းထောင်ထဲက လူတွေကို လုယူဖို့ ဝမ်မိသားစုစစ်တပ်က လူတွေကို သတ်ခဲ့တယ်လို့ ပြောခဲ့ကြတယ်။ ခင်ဗျားက ခင်ဗျားရဲ့သက်တော်စောင့်တွေကို ဦးဆောင်လာခဲ့တာတဲ့”

သူဌေးလီက ယန်ကျစ်ကို စာနာစိတ်ဖြင့် ကြည့်နေခဲ့သည်။

စီရင်စုအမတ်အသစ်က ဒုတိယသခင်ကြီးစူးနဲ့ သူ့ရဲ့ဆက်ဆံရေးအကြောင်းကို မသိတာကြောင့် အခုအချိန်မှာ သူက ယန်ကျစ် ယူလာသည့် သားရေတွေကို လက်ခံပေးနိုင်ပြီး ယန်ကျစ်နဲ့ စကားပြောဖို့ စွန့်စားနေနိုင်ခဲ့တာပါ။

ယန်ကျစ်ရဲ့လုပ်ငန်းကတော့ ကံမကောင်းခဲ့ဘူး။ အကျဥ်းထောင်ကို ဖောက်ထွင်း ဝင်ရောက်ပြီး ဝမ်မိသားစုစစ်တပ်က လူတွေကို သတ်ဖို့ဆိုတာ သိုင်းပညာတတ်သူတဲ့သူတွေရဲ့ အကူအညီ လိုအပ်တယ်။ သက်တော်စောင့် လုပ်ငန်းက လူတွေတော်တော်များများက သိုင်းပညာ သင်ယူထားခဲ့ကြပြီး ယန်ကျစ်ကလည်း အိမ်မှာ ရှိမနေခဲ့ဘူး။ စီရင်စုအမတ်အသစ်က သူ ရာထူးတိုးဖို့နဲ့ ကြွယ်ဝချမ်းသာမှုဆီ ခြေလှမ်းဖို့ သူတို့ကို ခြေနင်းတုံးအဖြစ် အောက်ကို ပစ်ချလိုက်တယ်။

"တောက်"

ယန်ကျစ်က မုန်းတီးစွာဖြင့် တောက်ခေါက်လိုက်ပြီး အံကြိတ်ထားခဲ့သည်။

စူးချင်းသာ ဒုတိယသခင်ကြီးကို မကယ်တင်ခဲ့ရင် သူလည်း အခုလောက်ဆို မတရားခံရပြီး သေဆုံးသွားလောက်ပြီ။

“အခု ခင်ဗျား မြန်မြန် ပြန်ထွက်သွားသင့်ပြီ။ ကံကောင်းတာက ခင်ဗျားအတွက် အလိုရှိနေတဲ့ ပုံတူတွေ မရှိသေးတာပဲ။ ခင်ဗျား အခု မြန်မြန်ထွက်သွားတော့။ တစ်ယောက်ယောက်က စီရင်စုအမတ်ကို သတင်းပို့လိုက်ရင် ခင်ဗျား ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး"

သူဌေးလီက ယန်ကျစ်နှင့် ငွေစာရင်းများ ရှင်းလိုက်ပြီး အမြန်ထွက်သွားရန် တိုက်တွန်းလိုက်သည်။ သူလည်း ပါဝင်ပတ်သွားမည်ကို စိုးရိမ်နေရသေးသည်။

သူက ဒုတိယသခင်ကြီးစူး၏ ကိစ္စများနှင့် ပတ်သက်၍ အများကြီး မကူညီနိုင်ဘဲ ကူကယ်ရာမဲ့ ဖြစ်နေကာ ဒုတိယသခင်ကြီးစူး အကျဥ်းထောင်ထဲတွင် အလွန်ဒုက္ခမခံရစေရန် တိတ်တဆိတ် ကူညီစောင့်ရှောက်ပေးဖို့ သူ့ယောက်ဖအား တောင်းဆိုရုံသာ တက်နိုင်ခဲ့သည်။

"ငါ့မှာ သိုးဝဝအ‌ကောင် တစ်ရာ့နှစ်ဆယ် ပါလာသေးတယ်၊ လိုက်ယူဖို့ မင်းလူတွေကို ထည့်ပေးလိုက်"

ယန်ကျစ်က တည်ငြိမ်နေပြီ ဖြစ်သည်။ ယနေ့ညတွင် သူ အကျဥ်းထောင်ကို ဖောက်ထွင်းဝင်ရောက်ပြီး အိမ်တော်ထိန်းနှင့် သူ့၏ညီအစ်ကိုများကို ကယ်တင်ရန် ဆုံးဖြတ်လိုက်သောကြောင့် ထိုသိုးများကို အရင်ဆုံး ကိုင်တွယ်ဖြေရှင်းရတော့မည် ဖြစ်သည်။

“ကောင်းပြီ၊ သိုးတွေကို ပြန်မောင်းလာဖို့ မင်းနဲ့အတူ လိုက်နိုင်မယ့် လူတွေကို ငါ အမိန့်ပေးလိုက်မယ်။ ငါ မင်းကို ပိုက်ဆံအရင်ပေးလိုက်မယ်၊ ဒါဆို အချိန်ဖြုန်းစရာ မလိုတော့ဘူး"

သိုးများ ရှိနေသေးကြောင်း ကြားလိုက်ချိန်တွင် သူဌေးလီ၏မျက်လုံးများက တောက်ပလာခဲ့သည်။ တာ့ထန်မှ သိုးဝဝကြီးများ ထောက်ပံ့နိုင်မှုက ရှားပါးလာပြီ ဖြစ်သောကြောင့် သိုးအကောင်တစ်ရာကျော်က သူ့အတွက် အမြတ်ငွေ ပမာဏများစွာရရှိရန် လုံလောက်နေလေသည်။

“ကောင်းပြီလေ”

ယန်ကျစ်ကလည်း ရင်ထဲတွင် စိုးရိမ်စိတ်များဖြင့် ပူလောင်နေခဲ့သည်။

ဘာဲဖြစ်ဖြစ်၊ ငွေ အရင်ပေးချေတာက သူ့အတွက် အကောင်းဆုံး‌ပေါ့။

သူက ငွေတုံးများအစား ငွေစက္ကူများသာ လိုချင်နေခဲ့သည်။

ငွေတုံးတွေက သယ်ရတာ ခက်ပြီး ငွေစက္ကူက ပိုအဆင်ပြေတယ်။

သူဌေးလီက သူ့လူများကို ငွေစက္ကူများကို ပြင်ဆင်ခိုင်းလိုက်သည်။ သူက ယန်ကျစ်နောက်သို့ လိုက်ရန် သူ ယုံကြည်ရသည့် လူသုံးယောက်ကို သိုးများ ပြန်မောင်းလာရန် စေလွှတ်ပေးခဲ့သည်။

စူးချင်းက တောအုပ်ထဲတွင်သာ စောင့်နေခဲ့သည်။ သူမက စိတ်အခြေအနေ​မ​ကောင်း ဖြစ်နေပြီး စကား​ပြောရန်ပင် ပျင်းရိနေခဲ့သည်​။ သူမက သစ်ပင်တစ်ပင်ပေါ်သို့ ခုန်တက်သွားပြီး သစ်ကိုင်းပေါ်တွင် ထိုင်နေကာ သစ်ပင်၏ပင်စည်ကို မှီထားရင်း ကောင်းကင်မှ တိမ်ဖြူဖြူများကို မော့ကြည့်နေခဲ့သည်။

ရှောင်ချီနှင့် ကျုံးယုံကလည်း လုံးဝ အသံမထွက်ရဲကြပေ။ ကျုံးယုံက နာခံမှုရှိသော ကလေးတစ်ယောက်ကဲ့သို့ သူ့လက်နှစ်ဖက်ကို သူ့ဒူးပေါ်တင်ထားပြီး သစ်ပင်၏ခြေရင်းတွင် မတ်မတ်ထိုင်နေခဲ့သည်။

ရှောင်ချီက ကျုံးယုံ၏နံဘေးတွင် ထိုင်နေပြီး သစ်ပင်ပေါ်မှ သူမ၏သခင်ကို မော့ကြည့်နေခဲ့သည်။

ရှောင်ချီရဲ့သခင် မပျော်ရင် ရှောင်ချီလည်း မပျော်တော့ဘူး။

"ငါ ပြန်ရောက်ပြီ"

ယန်ကျစ်က တောထဲသို့ ပြန်ဝင်လာပြီး သိုးများကို ပြန်မောင်းသွားရန် သူဌေးလီ၏လူသုံးဦးကို ညွှန်ကြားလိုက်သည်။

စူးချင်းက သစ်ပင်မှ ခုန်ဆင်းပြီး ယန်ကျစ်ကို နှုတ်ဆက်လိုက်သည်။

"ဦးလေးယန်"

စူးချင်းက ယန်ကျစ်၏ လေးလံနေသည့်အမူအရာကို ခံစားနိုင်ခဲ့ပြီး သူမ၏ မျက်ခုံးကို ပင့်တင်လိုက်သည်။

သူမ မျှော်လင့်ထားသလိုပဲ စူးမိသားစုကတော့ ပျက်သုဉ်းနေလောက်ပြီ။

ယန်ကျစ်က စူးချင်း အခြေအနေကို ချက်ချင်း မေးမြန်းမည်အား စိုးရိမ်သွားပြီ အလုပ်သမား သုံးဦးရှေ့တွင် အသေးစိတ် မရှင်းပြနိုင်သောကြောင့် အရင်ဦးစွာ မိတ်ဆက်ပေးလိုက်သည်။

"သူတို့က သူဌေးလီရဲ့လူတွေ"

“သြော်၊ သူတို့အားလုံး ဒီအထိ လိုက်လာတာလား?”

စူးချင်းက ခေါင်းညိတ်လိုက်ပြီး ဘာမှ ထပ်မမေးတော့ပေ။ သူမက သိုးများ အစာစားနေသည့် စားကျက်နေရာကို အေးအေးဆေးဆေး ညွှန်ပြလိုက်ပြီး သူဌေးလီ၏လူများကို သိုးများ ပြန်မောင်းယူသွားခိုင်းလိုက်သည်။

သိုးများကို ခေါ်ဆောင်သွားပြီးနောက် စူးချင်းက ယန်ကျစ်ကို ကြည့်ကာ ပြန်မေးလိုက်သည်။

"ဦးလေးယန် ဘာတွေဖြစ်ခဲ့တာလဲ?"

"စီရင်စုအမတ်အသစ်က စူးမိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေကို သိမ်းပိုက်လိုက်ပြီ။ သူက ငါ့ရဲ့သက်တော်စောင့်လုပ်ငန်းကိုလည်း သိမ်းယူလိုက်တယ်။ သူတို့က ဒုတိယသခင်ကြီးစူးနဲ့ ငါ စီရင်စုအမတ်လွမ်ကို ပြန်ပေးဆွဲပြီး ဝမ်မိသားစုစစ်တပ်က လူတွေကို သတ်ဖြတ်ခဲ့တယ်လို့ လိမ်လည်စွပ်စွဲထားကြတယ်။ ဘယ်သူအတွက်ပဲဖြစ်ဖြစ်၊ ဒီရာဇ၀တ်မှုက သူတို့ရဲ့မိသားစုတစ်ခုလုံးအထိ ဘေးဥပဒ်ဖြစ်စေလိမ့်မယ်”

ယန်ကျစ်ကလည်း စိတ်ပူနေခဲ့သည်။ သူ့ထံတွင် ဇနီးနှင့် သားသမီးများ မရှိသော်လည်း ဆွေမျိုးများ ရှိနေဆဲဖြစ်သည်။ သူ့ကြောင့် သူဆွေမျိုးများအား နှောင့်ယှက်ခံရမည်ကု သူ မလိုလားသလို သူ့၏လူများကိုလည်း မပါဝင်လာစေချင်ခဲ့ပေ။

“ကျွန်မတို့ မိသားစုရဲ့ ပစ္စည်းဥစ္စာတွေကို သိမ်းယူလိုက်တာတဲ့လား? သူ့မှာ ပေးချေဖို့ အသက်အပို ရှိနေလို့လား?"

စူးချင်းက အေးစက်စွာ နှာမှုတ်လိုက်သည်။

သူမ စိတ်အခြေအနေမကောင်း ဖြစ်နေတဲ့အချိန်မှာ တစ်စုံ​တစ်​​ယောက်​က သူမကို ရန်လာစတယ်ပေါ့ အဲ့လူက‌တော့​ ကံမ​ကောင်းတာပဲ!

“ဒီည ငါ ထောင်ဖောက်ဖို့ တွေးထားတယ်၊ ​​ဒါပေမယ့် အေးအေးဆေးဆေးတော့ စီစဉ်ရမယ်။ အကျဥ်းထောင်ကို ဖောက်ပြီးရင် သူတို့ကို ဘေးကင်းကင်းနဲ့ ကယ်ထုတ်နိုင်မလားဆိုတာကိုလည်း ထည့်တွက်ရမယ်၊ လက်ရှိအခြေအနေက မရှင်းမလင်း ဖြစ်နေပြီး စီရင်စုအမတ်အသစ်က မော့ချန်အကြောင်းကို သိနေနိုင်မလားလည်း တွေးနေရသေးတယ်”

ယန်ကျစ်က သူ့၏စိုးရိမ်ပူပန်မှုများကို စူးချင်းအား အကုန်ပြောပြလိုက်သည်။ သူ့၏လူများထဲမှ သက်တော်စောင့်တချို့က နှိပ်စက်ညှဉ်းပန်းမှုကို မခံနိုင်တော့ဘဲ မော့ချန်အကြောင်း ဝန်ခံလိုက်မည်ကို သူ စိုးရိမ်နေခဲ့သည်။

ယန်ကျစ်၏စိုးရိမ်မှုကလည်း မမှားခဲ့ပေ။ သူ့၏လူများထဲမှ နှစ်ဦးက နှိပ်စက်ညှဉ်းပန်းမှုကို မခံနိုင်တော့ဘဲ ကိစ္စတော်တော်များများကို ဝန်ခံခဲ့သည်။ သူတို့က မော့ချန်တွင် ရှိနေသည့် ရှောင်းမိသားစုစစ်တပ်အကြောင်း ဖွင့်ဟပြောပြခဲ့ရုံသာမက ကျိ‌ရွှေရှန့်နှင့် စူးချင်းတို့၏အကြောင်းကိုလည်း ပြောပြခဲ့သည်။

စီရင်စုအမတ်အသစ်ကတော့ ဝမ်းသာပီတိဖြစ်နေခဲ့သည်။

သူ ဒီကိစ္စကို တူးဖော်ပြီး သတင်းပို့လိုက်ရင် ရာထူးတိုးပြီး ချမ်းသာလိမ့်မယ်။

All Chapters