တာ့ထန်နန်းတော်သို့ ဝင်ရောက်ခြင်း
Vol. 22 Ch. 316
ယဲ့လွီချွမ်းက သူ့ကိုယ်သူ မင်းသားဟု ရည်ညွှန်းလိုက်သောကြောင့် ကျိရှောင်ယင်က အံ့သြတကြီး ပြန်မေးလိုက်သည်။ ယဲ့လွီချွမ်းကို ကြည့်နေသည့် သူမ၏မျက်လုံးလေးများကလည်း သူမ၏စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာခဲ့သည်။
သူမကို ကယ်တင်ခဲ့တဲ့သူက မင်းသားတစ်ပါးလား?
"ဒီမင်းသားက တာ့ထန်ရဲ့တတိယမင်းသားပါ"
ယဲ့လွီချွမ်းက မြင်းပေါ်မှနေ၍ ကျိရှောင်ယင်ကို ကြည့်နေရင်း အပြုံးဖြင့် ပြန်ဖြေလိုက်သည်။ သူ့၏မျက်လုံးများတွင် အပြုံးနေရိပ်များ ရှိနေပြီး သူ၏လေးနက်နေတက်သည့်အသံကလည်း ရွှင်လန်းနေလေသည်။
သူ ပြောပြီးသည်နှင့် ကျိရှောင်ယင်က စူးချင်းကို တိုးတိုးလေး ကပ်မေးလိုက်သည်။
"အစ်မစူးချင်း... ဒါဆို ကျွန်မတို့ မြင်းပေါ်ကဆင်းပြီး သူ့ကို အရိုအသေပေးရမှာလား?"
ယဲ့လွီချွမ်းက ကျိရှောင်ယင်၏ ချစ်စဖွယ်အမူအရာလေးကို သဘောကျနေပြီး ပြုံးလျက် ထပ်ပြောလိုက်သည်။
“မင်းက ငါတို့ တာ့ထန်ပြည်ထောင်ကလူ မဟုတ်ဘူးလေ။ မင်း ငါ့ကို အရိုအသေပေးစရာ မလိုပါဘူး"
လွမ်ဟုန်ကလည်း ယဲ့လွီချွမ်းကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။ သူမက အရာရှိကြီးတစ်ဦး၏မိသားစုဝင်အဖြစ် မွေးဖွားလာခဲ့ပြီး ပြင်ပကမ္ဘာကို မြင်ဖူးခဲ့သော်လည်း တော်ဝင်မိသားစုဝင်ကိုတော့ မမြင်ဖူးသေးပေ။
မြင့်မြတ်တဲ့မိသားစုက သားတော်သမီးတော်တွေ အားလုံးက နဂါး၏မျိုးဆက်တွေ ဖြစ်ကြတယ်လို့ ပြောကြတာက အံ့သြစရာ မဟုတ်တော့ဘူးပဲ။ သူတို့ရဲ့ စိတ်နေစိတ်ထားကတောင် သာမန်လူတွေနဲ့ မတူဘူး။
“သခင်မလေးစူး၊ ဧကရာဇ်မင်းမြတ်နဲ့ မယ်တော်က မင်းကို တွေ့ချင်နေတယ်”
ယဲ့လွီချွမ်းက ကျိရှောင်ယင်နှင့် စကားအနည်းငယ်ပြောလိုက်ရသောကြောင့် စိတ်ကောင်းဝင်နေပုံရပြီး စူးချင်းကို လှမ်းကြည့်ကာ အပြုံးဖြင့် ဖိတ်ခေါ်လိုက်သည်။
တကယ်တော့ သူ့ရဲ့စကားတွေထဲမှာ လှည့်ကွက်လေးတစ်ခုလည်း ရှိနေခဲ့တယ်။ သူ့ရဲ့ခမည်းတော်က သူ့ကို အရေးကြီးတဲ့ အလုပ်တွေ အပ်နှင်းပြီးကတည်းက သူ လက်ထပ်ဖို့ အကြိမ်ကြိမ် ပြောနေခဲ့တယ်။ သူရဲ့ခမည်းတော်က သူ တတ်နိုင်သမျှ အမြန်ဆုံး အခြေကျသွားဖို့ မျှော်လင့်နေပြီး မြင့်မြတ်တဲ့ အရာရှိမိသားစုတွေက မိန်းမပျိုလေးတွေနဲ့ အခြားမျိုးနွယ်စုများက မင်းသမီးလေးတွေရဲ့ပုံတူတွေကို သူ့ကို နေ့တိုင်း ပြသနေခဲ့တယ်။
မင်းသားတစ်ပါးနဲ့ မင်းသမီးတစ်ပါး ထိမ်းမြားလက်ထပ်တယ်ဆိုတာက တိုင်းရေးပြည်ရေးနဲ့ဆိုင်တဲ့ အတွက်အချက်တွေ ပါဝင်တယ်။ အဲ့မင်္ဂလာပွဲကနေတဆင့် သူ့ရဲ့နေရာကို ခိုင်မာအောင် ပြုလုပ်နိုင်လိမ့်မယ်။ သူ့အမေကလည်း သူ့ကို ကူညီပေးနိုင်မယ့် မျိုးနွယ်စုမင်းသမီးလေးတစ်ပါး ရှာတွေ့နိုင်ဖို့ မျှော်လင့်နေခဲ့တယ်။
သို့သော် ယဲ့လွီချွမ်းက သူ၏ရာထူးကို ခိုင်မာအောင်ပြုလုပ်ရန် သူ၏အိမ်ထောင်ရေးပျော်ရွှင်မှုကို စတေးလိုခြင်း မရှိခဲ့ပေ။ သူက သူ၏စွမ်းရည်နှင့် သွေးချွေးများကို အားကိုးပြီး သူ့၏တက်လမ်းအတွက် ကြိုးစားရန် ဆုံးဖြတ်ထားခဲ့သည်။
"ကောင်းပြီလေ၊ ကျွန်မမှာလည်း ဧကရာဇ်မင်းမြတ်အတွက် လက်ဆောင်တစ်ခု ပါလာသေးတယ်"
ယဲ့လွီချွမ်းက နန်းတော်သို့ ဖိတ်ခေါ်လိုက်သည်ကို ကြားလိုက်သည်နှင့် စူးချင်းက သူမ ယူဆောင်လာသော အရက်နှစ်အိုးကို ဧကရာဇ်အတွက် ပေးရန် ရည်ရွယ်လိုက်တော့သည်။
သူမ ဧကရာဇ်ကို ဆေးကုသ ပေးခဲ့ပြီး အဖိုးအခ မရရှိခဲ့တာကြောင့် အခု ဆေးဖိုးတချို့ တောင်းခံဖို့ အချိန်တန်နေပြီ။
စူးချင်းက လီတာ့နျိုအား ယဲ့လွီချွမ်း၏လူများနောက်သို့ ကုန်စည်များနှင့်အတူ လိုက်သွားစေပြီး သူမက မိန်းကလေးနှစ်ယောက်နှင့်အတူ ယဲ့လွီချွမ်းနောက်မှ နန်းတော်ထဲသို့ လိုက်သွားခဲ့သည်။
လွမ်ဟုန်နှင့် ကျိရှောင်ယင်က နန်းတော်ထဲသို့ တစ်ခါမှ မရောက်ဖူးခဲ့ပေ။ သူမတို့က အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း စပ်စုချင်စိတ်က ပိုများနေကြသည်။
တာ့ထန်ရဲ့နန်းတော်က ဘယ်လိုဆိုတာကို သူမတို့ မြင်ချင်နေမိတယ်။
ယဲ့လွီချွမ်းက ကျိရှောင်ယင်၏ စပ်စုသောအမူအရာကို မြင်လိုက်ရပြီး မပြုံးဘဲ မနေနိုင်တော့ပေ။ သူက သူ့မြင်း၏အရှိန်ကို လျှော့ချလိုက်ပြီး သူမ၏မြင်းနားမှ ဘေးချင်းကပ်လိုက်ကာ သူမကို စောင့်နေပေးခဲ့သည်။
စူးချင်းက လမ်းတလျှောက်တွင် တွေ့ရသည့် တာ့ချန်၏အခြေအနေကို အကဲခတ်လာခဲ့သည်။ လမ်းများပေါ်မှာ စစ်သည်များ ကင်းလှည့်နေကြပြီး ထိုစစ်သည်များက ကောင်းမွန်စွာ လေ့ကျင့်ထားပုံရကာ စည်းကမ်းသေသပ်သောကြောင့် ပြည်သူများကို အနှောင့်အယှက် မဖြစ်စေခဲ့ပေ။ သာမာန်ပြည်သူများကလည်း စစ်သည်များကို ယခင်ကလို မကြောက်ကြတော့ပေ။
ဈေးကလည်း ယခင်ကထက် ပိုစည်းကားနေပြီး စီးပွားရေးလုပ်သူများ ပိုများလာပုံရသည်။ တာ့ထန်မှ ကုန်သည်များသာမက အခြားတိုင်းပြည်မှ ကုန်သည်များလည်း စီးပွားရေးလာလုပ်နေကြသည်။
စီးပွားရေးလုပ်သူတွေ များလာလေလေ စီးပွားရေး အားကောင်းလာလေလေ ဖြစ်လာပြီး တိုင်းပြည်က ချမ်းသာလာလေလေပဲ။ ယဲ့လွီချွမ်းက အတော်လေး အရည်အချင်းရှိပုံပဲ။ အချိန်တိုအတွင်း တာ့တန်ကို သာယာဝပြောပြီး ငြိမ်းချမ်းလာအောင် ကိုင်တွယ်နိုင်ခဲ့တယ်။
"တတိယအစ်ကိုတော်"
အဝါရောင်ချည်သားအနွေးအင်္ကျီနှင့် အနီရောင်ဝတ်ရုံရှည်ကို ၀တ်ဆင်ထားသည့် မင်းသမီးယဲ့လွီဆိုင့်ယာက ယဲ့လွီချွမ်း၏မြင်းကို ပိတ်ဆို့လိုက်သည်။ ယဲ့လွီဆိုင့်ယာက သူမ၏တတိယမြောက်အစ်ကိုကို လှမ်းခေါ်လိုက်သော်လည်း သူမ၏မျက်လုံးများက စူးချင်းနှင့် အခြားနှစ်ယောက်ကိုသာ စိုက်ကြည့်နေခဲ့သည်။
ကျိရှောင်ယင်က ယောက်ျားလေးအဖြစ် ၀တ်စားထားသည့် မိန်းကလေးတစ်ဦး ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိသာနေခဲ့သည်။ သူမက စူးချင်းနှင့် လွမ်ဟုန်တို့ကို ထပ်ကြည့်လိုက်ပြီး သူမတို့ကလည်း မိန်းကလေးများနှင့် တူနေသည်ဟု ခံစားလိုက်ရသည်။
တတိယအစ်ကိုတော်က ဟန်အမျိုးသမီးတွေ အများကြီးကို ဘယ်ကနေ ခေါ်လာခဲ့တာလဲ?
သူမရဲ့အမေပြောတာကတော့ ဟန်အမျိုးသမီးတွေက နတ်ဆိုးမတွေ ဖြစ်ပြီး ယောကျာ်းတွေကို လှည့်ဖျားတဲ့နေရာမှာ အရမ်းတော်ကြတယ်တဲ့....
“ဆိုင့်ယာ၊ တတိယအစ်ကိုတော်မှာ လုပ်စရာတွေ ရှိနေသေးတယ်။ မင်းဘာသာ သွားကစားလိုက်တော့!"
ယဲ့လွီချွမ်း၏ ယဲ့လွီဆိုင့်ယာအပေါ်ထားသည့် သဘောထားက အလွန်အေးစက်နေလေသည်။
အစတုန်းက သူ ဒီညီမလေးကို မမုန်းခဲ့ပေမယ့် မိဖုရားက သူ့အမေကို အဆိပ်ခတ်ခဲ့ပြီး သူ့အမေကို ဒုက္ခရောက်စေမှန်း သိလာကတည်းက သူ ဒီညီမလေးကို မချစ်နိုင်တော့ဘူး။
သူမ၏တတိယအစ်ကိုတော်က သူမကြောင့် စိတ်မချမ်းမသာ ဖြစ်သွားခဲ့သော်လည်း ယဲ့လွီဆိုင့်ယာက ထိုအရာကို မရိပ်မိခဲ့ပေ။ သူမက စူးချင်းနှင့် တခြားသူများ ကြားသွားမည်ကိုလည်း လုံးဝ ဂရုမစိုက်ဘဲ သူမ၏တတိယအစ်ကိုတော်ကို လှမ်းပြောလိုက်သည်။
“တတိယအစ်ကိုတော်၊ ဟန်အမျိုးသမီးတွေက သူလျှိုတွေ ဖြစ်နိုင်တယ်။ သူ(မ)တို့ လှည့်စားတာကို မခံနဲ့"
ယဲ့လွီချွမ်း၏မျက်နှာက လေအေးကဲ့သို့ ချက်ချင်း အေးစက်သွားတော့သည်။ သူက အန္တရာယ်ရှိသော အရိပ်အယောင်ဖြင့် ယဲ့လွီဆိုင့်ယာကို စိုက်ကြည့်လိုက်သောကြောင့် ယဲ့လွီဆိုင့်ယာက အလွန်ကြောက်လန့်သွားကာ သူမ၏မြင်းကို နောက်သို့ ပြန်ဆွဲထားလိုက်ရင်း တုန်လှုပ်ချောက်ချားစွာ ပြန်မေးလိုက်သည်။
"တတိယအစ်ကိုတော်၊ ညီမတော်ကို ဘာလို့ အဲ့လို ကြည့်နေရတာလဲ?"
ယဲ့လွီချွမ်းက ယဲ့လွီဆိုင့်ယာကို လုံးဝ မျက်နှာသာမပေးဘဲ ကြမ်းတမ်းစွာ ကြိမ်းမောင်းလိုက်သည်။
“သူ(မ)တို့က ခမည်းတော် ဖိတ်ကြားထားတဲ့ ဂုဏ်ထူးဆောင် ဧည့်သည်တွေပဲ။ မင်းရဲ့ မယ်တော်က ဒီမင်းသားကို ချောက်ချဖို့ သူလျှိုဆိုတဲ့ အသုံးအနှုံးကို အသုံးပြုခဲ့တယ်၊ မင်းက ငယ်ငယ်လေးနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို သင်ယူနေပြီလား?"
“တတိယအစ်ကိုတော်၊ ညီမတော် အဲ့လို မလုပ်ပါဘူး။ ညီမတော်က အစ်ကိုတော့်ကို သတိပေးနေတာပါ"
သူမ၏တတိယအစ်ကိုတော်က သူမအား အထင်လွဲသွားသည်ကို မြင်လိုက်ရသောကြောင့် ယဲ့လွီဆိုင့်ယာက အလွန်စိုးရိမ်သွားပြီး သူမ၏မျက်လုံးများ နီရဲလာတော့သည်။
"ဒီမင်းသားကို သတိပေးစရာ မလိုဘူး။ ဘေးကို ဖယ်ပေး"
ယဲ့လွီချွမ်းက တင်းမာသောအမူအရာဖြင့် ယဲ့လွီဆိုင့်ယာကို မောင်းထုတ်လိုက်သည်။ သူတို့က တာ့တန်ဘာသာစကားဖြင့် ပြောဆိုနေကြသောကြောင့် လွမ်ဟုန်နှင့် ကျိရှောင်ယင်တို့က ယဲ့လွီဆိုင့်ယာ၏စကားများကို နားမလည်နိုင်ခဲ့ကြပေ။
သို့သော် စူးချင်းက တာ့ထန်ဘာသာစကားကို နားလည်နေပြီး သူမနှင့် ကျိရှောင်ယင်တို့နှစ်ယောက်အား သူလျှိုများဟု ယဲ့လွီဆိုင့်ယာ ပြောလိုက်ချိန်တွင် သူမ၏ မျက်နှာတစ်ခုလုံး မည်းမှောင်သွားတော့သည်။
ဒီမင်းသမီးလေးက ချစ်စရာကောင်းပေမယ့် သူမရဲ့ EQ ကတော့ နိမ့်ပါးလွန်းတယ်။ သဘောကျဖို့ မကောင်းဘူး။
ယဲ့လွီဆိုင့်ယာက သူမ၏တတိယအစ်ကိုတော်ထံမှ မောင်းထုတ်ခံလိုက်ရပြီး ဒေါသထွက်လာသောကြောင့် သူမ၏မျက်လုံးများပင် နီရဲလာခဲ့သည်။
သူမရဲ့ တတိယအစ်ကိုတော်က အရင်တုန်းက ဒီလို မဟုတ်ဘူး။ သူက သူမအပေါ် အရမ်းကောင်းခဲ့တယ်။ အခု သူ့မယ်တော်ဖြစ်တဲ့ လီဖေးက ခမည်းတော်ရဲ့မျက်နှာသာကို ပြန်ရရှိသွားတာကြောင့် ဖြစ်နိုင်လား?
တတိယအစ်ကိုတော်က ဆင်ခြင်ဉာဏ်အရှိဆုံးနဲ့ လေးနက်တဲ့ အတွေးတွေ ရှိနေတယ်လို့ သူမရဲ့မယ်တော် ပြောခဲ့တာ အံ့သြစရာ မဟုတ်တော့ဘူး။ အရင်တုန်းကတော့ သူက အန္တရာယ်ကင်းဟန်ဆောင်နေခဲ့ပြီး ဘယ်သူကိုမှ ရန်မစခဲ့ဘူး။ နောက်ဆုံးတော့ သူက အရာအားလုံးကို တိတ်တဆိတ် ခိုးယူသွားခဲ့တယ်။ အကြီးဆုံးအစ်ကိုတော်နဲ့ ဒုတိယအစ်ကိုတော်တို့ တိုက်ခိုက်ကြတဲ့အချိန်မှာ သူက အကျိုးခံစားခွင့်တွေ အများကြီး ရသွားခဲ့တယ်။
ယဲ့လွီချွမ်းက သူ့ညီမ ဘာတွေတွေးနေမှန်း မသိခဲ့ပေ။ သိလျှင်လည်း သူက လုံးဝ ဂရုစိုက်မည် မဟုတ်ပေ။ ဒုတိယမင်းသားနှင့် ဧကရီတို့က ကျရှုံးသွားခဲ့ပြီဖြစ်ကာ သူက ဧကရီ၏မိသားစုဘက်မှ စွမ်းအားကို လျှော့ချရန် သူ၏လျှပ်တပြတ် စစ်ဆင်ရေးနည်းလမ်းများကို အသုံးပြုထားခဲ့သည်။ သူတို့ ဘယ်သောအခါ ပြန်လှည့်နိုင်တော့မည် မဟုတ်ပေ။
ယဲ့လွီချွမ်းက စူးချင်းနှင့် အခြားလူများကို နန်းတော်သို့ ခေါ်ဆောင်လာခဲ့ပြီး မိန်းမစိုးကြီးကို သတင်းပို့ပေးရန် တောင်းဆိုလိုက်သည်။ သူက စူးချင်း၊ကျိရှောင်ယင်တို့နှင်အတူ အပြင်ဘက်၌ စောင့်ပေးနေခဲ့သည်။
တာ့ထန်တိုင်းပြည်၏ တော်ဝင်နန်းတော်က တာ့ရှားပြည်ထောင်၏နန်းတော်နှင့် မနှိုင်းယှဉ်နိုင်သော်လည်း ၎င်းက အလွန်ကောင်းမွန်နေဆဲဖြစ်သည်။ ရွှေရောင်အမိုးခုံးက တော်ဝင်မိသားစုကို ကိုယ်စားပြုပြီး ခမ်းနားထည်ဝါသော တဲနန်းကြီးက တခြားတဲနန်းများ အားလုံးထက် ပို၍ ခမ်းနားထည်ဝါနေခဲ့သည်။ တော်ဝင်တဲနန်းကြီး၏အပြင်ဘက်တွင် အစောင့်အကြပ်များကို ထူထပ်စွာ စောင့်ကြပ်နေပြီး နန်းတော်စောင့်တပ်သားများက ချွန်ထက်သောလက်နက်များကို ကိုင်ဆောင်ထားကြသည်။ မြင်းများက ဆူဖြိုးနေသလို စစ်သည်များကလည်း သာမာန်ထွားကြိုင်းက အင်အားကြီးမှန်း သိသာနေသည်။ သူတို့သာ တာ့ရှားပြည်ထောင်၏ရန်သူများ ဖြစ်လာလျှင် သူတို့က ကြောက်မက်ဖွယ်ရန်သူများ ဖြစ်လာကြပေလိမ့်မည်။
သတင်းပို့ရန် ဝင်သွားသော မိန်းမစိုးက သိပ်မကြာခင်ပြန်ရောက်လာပြီး ဧကရာဇ်က သူတို့ကို ဝင်ခွင့်ပြုလိုက်ကြောင်း သတင်းပြန်ပါးလာခဲ့သည်။
စူးချင်းက နန်းတော်ထဲသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း မဟုတ်သော်လည်း သူမ ပထမဆုံးရောက်လာသည့်အချိန်တွင် လျှို့ဝှက်လမ်းကြောင်းကို အသုံးပြုခဲ့ရသည်။ ထိုအချိန်က သူမက မည်သူမျှမသိစေဘဲ ဧကရာဇ်မင်းမြတ်ကို တိတ်တဆိတ် ဆေးကုသပေးခဲ့ရသည်။
ဧကရီက ဧကရာဇ် အဆိပ်ပြင်းကြောင့် ရက်အနည်းငယ်အတွင်း သေဆုံးသွားမည်ဟု အမြဲတွေးထားခဲ့သောကြောင့် သူမက အစောင့်အကြပ်ကို လျော့ချထားခဲ့သည်။ ထို့ကြောင့်ပင် ယဲ့လွီချွမ်းနှင့် စူးချင်းတို့ ဧကရာဇ်အား အောင်မြင်စွာ အသက်ပြန်သွင်းခဲ့ခြင်းကို သူမ ခွင့်ပြုလိုက်သလို ဖြစ်သွားခဲ့သည်။
ဧကရီက သူမ၏လူများကို ခေါ်ဆောင်လာပြီး ယဲ့လွီချွမ်းကို ဝိုင်းထားချိန်တွင် ယဲ့လွီချွမ်းက ဧကရာဇ်ကို အကြောင်းကြားရန် လျှို့ဝှက်လမ်းမှတဆင့် လူများ စေလွှတ်နိုင်ခဲ့သည်။ ဧကရာဇ်မင်းက တော်ဝင်အစောင့်များနှင့်အတူ ပြေးလာကာ ဧကရီက တပ်များကို ခေါ်ဆောင်လာပြီး တတိယမင်းသားအား ချောက်ချရန် ဦးဆောင်နေသည်ကို မြင်တွေ့သွားခဲ့သည်။ ဧကရီ၏ မျက်နှာအစစ်အမှန်ကို သိမြင်လိုက်ရသော ဧကရာဇ်က ဒေါသအမျက်ထွက်ကာ ဧကရီကို အကျယ်ချုပ် ချခဲ့ပြီး ဒုတိယမင်းသား၏စစ်အာဏာကို ပြန်သိမ်းလိုက်သည်။
ထို့ကြောင့် စူးချင်းက ဧကရာဇ်အိုကြီးကို ကုသ မပေးခဲ့ပါက ယဲ့လွီချွမ်းက နောက်ထပ် အကြီးဆုံးမင်းသားကြီး ဖြစ်လာမည်ဖြစ်ပြီး ဧကရီ၏ရန်ရှာမှုကို ခံရတော့မည် ဖြစ်သည်။
ယဲ့လွီချွမ်းက ရှေ့မှ ဦးဆောင်နေပြီး သူက စူးချင်းကို အလွန်တလေးတစား ဆက်ဆံနေခဲ့သည်။ အရပ်ရှည်ပြီး သန်မာသော တာ့ထန်တပ်သားများစွာကို တွေ့မြင်နေရသောကြောင့် ကျိရှောင်ယင်နှင့် လွမ်ဟုန်တို့ အနည်းငယ် ထိတ်လန့်နေကြသည်။ သူမတို့ သူလျှိုအဖြစ် အဖမ်းခံရမည်ကို စိုးရိမ်နေသဖြင့် လမ်းတစ်လျှောက်လုံး ဘေးသို့ပင် မကြည့်ရဲကြပေ။
ဧကရာဇ်မင်းမြတ် လက်ရှိနေထိုင်သော ယန်ရှင်းခန်းမ၏အပြင်ဘက်သို့ ရောက်ရှိသွားချိန်တွင် ယဲ့လွီချွမ်းက ရှင်းလင်းသော အသံဖြင့် နှုတ်ဆက်လိုက်သည်။
"ခမည်းတော်ဧကရာဇ်၊ သားတော်က သခင်မလေးစူးကို ခေါ်ဆောင်လာခဲ့ပါပြီ"
"ချီဝမ်၊ အရှင်မင်းမြတ်က သခင်မလေးစူးကို ဝင့်ခွင့်ပေးလိုက်ပါတယ်"
(“ချီ” က တတိယမင်းသားရဲ့ ဘွဲ့နံမယ်လို့ ထင်တယ်၊ “ဝမ်”ကတော့ နယ်မြေအပိုင်စားရထားတဲ့ မင်းသားကို ခေါ်တာပါ)
မိန်းမစိုးက ကန့်လန့်ကာကို ဖွင့်ပေးရန် ရောက်လာခဲ့ပြီး ယဲ့လွီချွမ်းက စူးချင်းဘက်သို့လှည့်ကာ ဖိတ်ခေါ်သည့် အမူအရာ လုပ်ပြလိုက်သည်။
"သခင်မလေးစူး၊ ကျေးဇူးပြုပြီး ဝင်ပါ"
စူးချင်းက ခေါင်းညိတ်ပြလိုက်ပြီး နန်းတော်ထဲသို့ ဝင်သွားခဲ့သည်။ အပြင်ဘက်တွင် လေအေးများကြောင့် အေးစက်နေသော်လည်း အတွင်းပိုင်းတွင် နွေဦးကဲ့သို့ နွေးထွေးနေလေသည်။
ပိန်ပါးဟန်ရှိသော်လည်း ထက်မြက်ပုံရသည့် ဘုရင်မင်းမြတ်နှင့် လှပသော ကြင်ယာတော်လီက ကျားဖြူသားမွှေးဖုံးထားသည့် သလွန်ပေါ်တွင် ဘေးချင်းကပ် ထိုင်နေကြသည်။ စူးချင်းနှင့် အခြားသူများ ဝင်လာကြသည်ကို မြင်သောအခါ ဧကရာဇ်မင်းက ရယ်မောကာ နှုတ်ဆက်လိုက်သည်။