← Chapters

နာခံတတ်တဲ့တပည့်

Vol. 22 Ch. 328

နာခံတတ်တဲ့တပည့်

Vol. 22 Ch. 328

ကျိ‌ရွှေရှန့်က သူ့လူများအား ဝမ်မိသားစုစစ်တပ်၏စစ်ဝတ်စုံကို ပြောင်းလဲဝတ်ဆင်စေခဲ့ပြီး သူကိုယ်တိုင်လည်း ဝမ်မိသားစုစစ်တပ်ကို ဦးဆောင်လာသည့် ဒုတပ်မှူး၏ဝတ်စုံကို ပြောင်းလဲ ဝတ်ဆင်လိုက်သည်။ တည်းခိုစခန်းအတွင်း ပျံ့ကျဲနေသည့် သွေးများကို ရေဖြင့် ဆေးကြောသန့်စင်လိုက်ပြီးနောက်တွင် ထိုနေရာ၌ ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်ဟု မည်သူမျှ မပြောနိုင်တော့ပေ။

သူက သူ့မျက်နှာကို ဖုံးအုပ်ရန် ဝါးခမောက်ကြီးတစ်လုံးကို ဆောင်းထားခဲ့ပြီး ရှောင်းမိသားစု၏စစ်တပ်ကို ဦးဆောင်ကာ မြို့လည်ခေါင်ကို ဖြတ်ကျော်ပြီး မော့ချန်မှ ထွက်ခွာသွားခဲ့သည်။

စူးချင်းက အိမ်တော်ထိန်းနှင့် သက်တော်စောင့်လုပ်ငန်းမှ သက်တော်စောင့်များကို ကယ်တင်ခဲ့ပြီး လမ်းငယ်လေးတစ်ခုမှ တဆင့် မော့ချန်သို့ ပြန်လာခဲ့သည်။ သူမက နေ့ဘက်တွင် လမ်းမကြီးပေါ်မှ ခရီးသွားခြင်းကို ရှောင်ရှားရန် ကြိုးစားခဲ့ပြီး ညဘက်တွင်သာ လမ်းမကြီးအတိုင်း ခရီးဆက်ခဲ့သည်။

ဝမ်မိသားစုစစ်တပ် မော့ချန်မှ ပြန်ထွက်ခွာသွားကြောင်း လူတို့ကို အသိပေးချင်နေသည့် ကျိ‌ရွှေရှန့်ကတော့ လမ်းမကြီးအတိုင်း ခရီးနှင်နေခဲ့ပြီး နေ့ခင်းဘက် လူများသောအချိန်များကိုပင် တမင်ရွေးချယ်ခဲ့သည်။ ထို့ကြောင့် သူ စူးချင်းနှင့် လုံးဝ လွဲချော်သွားခဲ့သည်။

သုံးရက်အကြာတွင် စူးချင်းက လော့ချန်မှ ပြန်ရောက်လာခဲ့သည်။ မြို့ထဲသို့ ဝင်လာပြီးနောက် သူမက အိမ်တော်ထိန်း၊ ယန်ကျစ်နှင့် အခြားလူများကို စီရင်စုရုံးတော်သို့ တန်းတန်းမတ်မတ် ခေါ်ဆောင်သွားခဲ့သည်။

ကျုံးယုံက သူ့အမေကို လွမ်းဆွတ်နေပြီး မြို့ထဲရောက်သည်နှင့် အိမ်ပြန်ချင်နေခဲ့သည်။ စူးချင်းက သူ့ကို အရင် ပြန်သွားခိုင်းလိုက်ပြီး နောက်မှ ဆေးလာပြန်ယူရန် ပြောလိုက်သည်။

ကျုံးယုံက သူ့ဆရာ သူ့အတွက် ဘာဆေးပေးမည် မသိပေ။ သို့သော် သူက စူးချင်း၏စကားကို အမြဲတမ်း မြေဝယ်မကျ နားထောင်လေ့ရှိပြီး သူ့ခေါင်းကို အလွယ်တကူ ညိတ်ပြကာ သူ့အမေကို အရင်တွေ့ရန် အိမ်ပြန်သွားခဲ့သည်။

စူးချင်းက ယန်ကျစ်နှင့် သူ့လူများကို ရုံးတော်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ ယန်ကျစ်က သူ့၏လူများကို အိမ်နောက်ဖေးရှိ မြင်းဇောင်းတွင် မြင်းများ ချည်နှောင်စေပြီး မြင်းများအတွက် အစားအစာနှင့် ရေများ ထည့်ပေးခိုင်းလိုက်သည်။ ထို့နောက်မှသာ သူက သူ့လူများကို ဒုတိယသခင်ကြီးစူးနှင့် တွေ့ဆုံပေးရန် ခန်းမထဲသို့ ခေါ်ဆောင်လာမည် ဖြစ်သည်။

စူးချင်းက မမျှော်လင့်ထားသည့်အချိန်တွင် ပြန်ရောက်လာခဲ့ခြင်း ဖြစ်သည်။ စူးဟန်ရွှမ်နှင့် လွမ်ချင်းရှန်တို့က ကျောင်းတွင် ရှိနေပြီး ကလေးများကို စာသင်ပေးနေကြသည်။ ရှောင်ချန်ကလည်း သူ့အိတ်ကို လွယ်ကာ ကျောင်းသို့ နေ့တိုင်း သွားပြီး စာသင်ယူနေခဲ့သည်။ သူက ကျောင်းတွင် ကလေးများနှင့် အတူနေရခြင်းကို ပျော်မွေ့နေပြီး သင်ယူလေ့လာရန် အလွန်စိတ်အားထက်သန်နေခဲ့သည်။

သူက နေ့တိုင်းနေ့တိုင်း မနက်မိုးလင်းသည်နှင့် စောစော အိပ်ယာထပြီး သူ့အဝတ်အစားများကို သူ့ဘာသာသူ ဝတ်ဆင်လေ့ရှိပြီး အလွန်လိမ္မာရေးခြားရှိလာခဲ့သည်။

ယခု သူတို့ အိမ်တွင် အလုပ်ကြမ်း လုပ်ရန် ခေါ်ဆောင်ထားသည့် အမျိုးသမီးကြီးတစ်ဦးသာ ရှိနေပြီး ယန်ရူရွှယ်နှင့် ယန်ရုပင်းတို့လည်း လော့ချန်တွင် နေထိုင်ခဲ့သလို ဇိမ်ကျကျ မနေနိုင်ကြတော့ပေ။ သူမတို့က သူမတို့က ကလေးများအတွက် အဝတ်အထည်များ ချုပ်ခြင်း၊ ကလေးများ ကြိုက်တက်သော ကြက်ဥမုန့်လေးများ လုပ်ခြင်းစသည့် အလုပ်သေးသေးလေးများကို သူမတို့ကိုယ်တိုင် လုပ်နေကြရသည်။

လက်ရှိအချိန်တွင် ယန်ရုပင်းနှင့် ယန်ရူရွှယ်တို့က အုတ်ကုတင်ပေါ်တွင် ထိုင်နေရင်း အဝတ်ချုပ်နေကြသည်။ ယန်ရူရွှယ်က သူမ၏သမီးအကြောင်း တွေးကာ စိတ်ပူနေသောကြောင့် ယန်ရုပင်းက သူမကို နှစ်သိမ့်ရန် ကြိုးစားနေခဲ့သည်။

"ငါ့ရဲ့ရှောင်ဟုန် ပြောတာက ချင်းအာက သူ တစ်ယောက်တည်းနဲ့ ထောင်နဲ့ချီတဲ့တပ်သားတွေကို တိုက်ခိုက်နိုင်တယ်တဲ့။ သူ(မ)ကို ဘယ်သူမှ ဒုက္ခပေးနိုင်မှာ မဟုတ်ဘူး။ မင်း အရမ်း စိတ်ပူနေစရာ မလိုပါဘူး"

“အဲဒါ မှန်ပေမယ့် ကျွန်မကလည်း အဲ့တာကြောင့်ပဲ စိုးရိမ်နေတာလေ၊ မိန်းကလေးတစ်ယောက်က သူ့မျက်နှာကို လူမြင်ခံပြီး လူရှေ့သူရှေ့မှာ အားနဲ့မာန်နဲ့ တိုက်ခိုက်နေတယ်။ သွေးထွက်သံယို မဖြစ်တဲ့ စစ်ပွဲဆိုတာ ရှိလို့လား? ကျွန်မရဲ့နှလုံးသားက တနေကုန် တထိတ်ထိတ်နဲ့ စိတ်ပူနေရတယ်”

ယန်ရူရွှယ်က သက်ပြင်းချလိုက်သည်။ သူမက သမီး၏အတွက် ရင်ခံအင်္ကျီချုပ်ရန် အလုပ်ရှုပ်နေခြင်း ဖြစ်သည်။ ထိုအနီရောင် ရင်ခံအင်္ကျီလေးတွင် မန်ဒရင်းဘဲပုံလေးများ ပန်းထိုးထားသည်။ အပ်ရာတစ်ပေါက်ချင်း၊ ချည်မျှင်တစ်ချောင်းတိုင်းက သူမ၏သမီးအတွက် မိခင်တစ်ယောက်၏ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုနေခဲ့သည်။

“လူရှေ့သူရှေ့မှာ ထင်ပေါ်နေတာက ဘာဖြစ်နေလို့လဲ? အဲ့တာက ငါတို့ရဲ့ ချင်းအာမှာ အရည်အချင်း ရှိနေတာကြောင့် မဟုတ်ဘူးလား? ယောက်ျားတွေတောင် သူ(မ)နဲ့ မယှဉ်နိုင်ဘူး။ ငါကတော့ ချင်းအာအတွက် အရမ်းဂုဏ်ယူတယ်”

ယန်ရုပင်းက သူမ၏တူမလေးကို အလွန် သဘောကျနေပြီး ဆက်ပြောလိုက်သည်။

"ချင်းအာသာ ဒီလောက်ထိ အစွမ်းထက်မနေခဲ့ရင် မင်းခဲအိုနဲ့ ငါက ငါတို့ခေါင်းတွေကို ချန်ထားနိုင်မှာ မဟုတ်လောက်ဘူး။ ငါ့ရဲ့ ရှောင်ဟုန်သာ ချင်းအာရဲ့တစ်ဝက်လောက် အစွမ်းထက်တယ်ဆိုရင် ငါ အိပ်မက်ထဲမှာတောင် ပျော်နေလိမ့်မယ်"

"ဟင်း၊ ချင်းအာ စေ့စပ်ထားတဲ့ကိစ္စကလည်း စိတ်ပူစရာပဲ။ ကျိရွှေရှန့်က လူကောင်းလေးပါ၊ ဒါပေမယ့် ချင်းအာက စေ့စပ်ပြီးသား ဖြစ်နေတယ်၊ ပြီးတော့ ချင်းအာရဲ့ ခင်ပွန်းလောင်းက အမျိုးသမီးတွေ တိုက်ခိုက်သတ်ဖြတ်တာကို မကြိုက်ရင် ဘယ်လိုလုပ်ကြမလဲ? ကျွန်မ အဲ့ဒါကိုလည်း တွေးပူနေသေးတယ်”

ယန်ရူရွှယ်က သက်ပြင်းချလိုက်ပြန်သည်။

ချင်းအာနဲ့ စေ့စပ်ထားတဲ့သူအကြောင်း ပြောတိုင်း သူမ ခေါင်းကိုက်တယ်။ ကျယ်ပြောလှသော လူပင်လယ်ကြီးထဲမှာ အဲ့မိသားစုကို ဘယ်လိုမျိုး သွားရှာရမှာလဲ?

ပထမဆုံးအကြိမ်အဖြစ် သူမ၏ခင်ပွန်းက လုံးဝ အားကိုးစရာမရှိဟု သူမ ခံစားခဲ့ရသည်။

ဒီဘဝမှာ အဲဒီလူကို ရှာမတွေ့ရင် သူမတို့ရဲ့သမီးလေးက ဘယ်တော့မှ အိမ်ထောင်မပြုရတော့ဘူးလား?

စူးချင်းက ထိုစကားများကို အားလုံး ကြားနေရသည်။ သူမက တံခါးကို တွန်းဖွင့်ကာ အိမ်ထဲသို့ မ၀င်မီ တံခါးဝတွင် ခေတ္တရပ်နေခဲ့သည်။

ထို့နောက် သူမက “အမေ၊ အဒေါ် သမီး ပြန်လာပြီ”

စူးချင်း၏အသံက သူမ၏ အမေနှင့် အဒေါ်ပြောနေသည့် စကားများကို မကြားရသလိုမျိုး တည်ငြိမ်နေခဲ့သည်။

သူမ၏သမီး ပြန်လာသည်ကို မြင်လိုက်ရချိန်တွင် ယန်ရူရွှယ်က သူမ၏အလုပ်ကို အမြန် ပစ်ချလိုက်ပြီး သူမတို့ ပြောနေသည့်အကြောင်းအရာများ အားလုံးကိုလည်း မေ့ပစ်လိုက်တော့သည်။ သူမက သမီးဖြစ်သူ၏လက်ကို အပြေးအလွှား ဆုပ်ကိုင်လိုက်ပြီး သူမ၏သမီးကို အပေါ်အောက် စုံဆန်ကြည့်ကာ စစ်ဆေးနေခဲ့သည်။ စူးချင်း ဒဏ်ရာမရလာကြောင်း သေချာသွားမှသာ သူမ စိတ်သက်သာရာရသွားပုံပေါ်သည်။

“မြတ်စွာဘုရား ကောင်းချီးပေးပါစေ။ မြတ်စွာဘုရားက သမီးကို စောင်မပေးလို့ တော်သေးတာပေါ့၊ ချင်းအာ၊ သမီး နောက်တခေါက် အပြင်မထွက်နဲ့တော့။ အမေ သမီးအတွက် စိတ်ပူလို့ အိပ်လို့တောင် မပျော်ဘူး"

ယန်ရူရွှယ်က သူမ၏သမီးကို အပူပေးထားသော အုတ်ကုတင်ပေါ်တွင် ထိုင်ခိုင်းလိုက်သည်။ မော့ချန်သို့ ရောက်လာပြီးနောက် သူမက အပူပေးထားသည့် အုတ်ကုတင်ပေါ်တွင်သာ အမြဲထိုင်နေလေ့ရှိသည်။ အပြင်ဘက်တွင် လေထန်ပြီး နှင်းများကျနေလျှင်ပင် ထိုအပူပေးအုတ်ကုတင်က သူမအတွက် အအေးဒဏ်ကို လုံးဝ မခံစားရစေပေ။ ရိုးရိုးရှင်းရှင်းဖြင့် အလွန်အဆင်ပြေလှသည်။

စူးချင်းက အုတ်ကုတင်ပေါ်တွင် နာခံစွာ ဝင်ထိုင်လိုက်သည်။ အိမ်တော်ထိန်းကြီးက မျက်ရည်များ ဝဲနေရင်း တံခါးဝမှ လှမ်းခေါ်လိုက်သည်။

"သခင်မ"

ယန်ရူရွှယ်က ခဏတာမျှ အံ့အားသင့်နေပြီးမှ နောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ ခင်ပွန်းဖြစ်သူ၏မျက်နှာနှင့် ဆင်တူသော မျက်နှာတစ်ခုကို မြင်လိုက်ရပြီး အသံကတော့ အိမ်တော်ထိန်းကြီး၏အသံ ဖြစ်သည်။

ယန်ရူရွှယ်က သွေးတိုးစမ်းကာ လှမ်းမေးလိုက်သည်။

"ရှင်က အိမ်တော်ထိန်းကြီးလား?"

"သခင်မ၊ ဒီကျွန်အိုကြီးပါ"

အိမ်တော်ထိန်းက အပြစ်ရှိနေသည့်အမူအရာဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။

“ဒီကျွန်အိုကြီးက သခင်ကြီးရဲ့ ယုံကြည်မှုတွေကို ပျက်ပြားစေခဲ့ပြီး စူးမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ကောင်းကောင်း မစောင့်ရှောက်နိုင်ခဲ့ပါဘူး”

“မြန်မြန် ထပါ။ မြေပြင်က အရမ်းအေးတယ်။ ပစ္စည်းဥစ္စာတွေ မရှိတော့ရင် မရှိတော့ဘူးလို့ နှလုံးသွင်းလို့ရတယ်၊ လူတွေ အဆင်ပြေနေရင်ကို ကောင်းနေပါပြီ”

ယန်ရူရွှယ်က အမှန်တကယ်ပင် အိမ်တော်ကြီးတစ်ခု၏သခင်မဖြစ်ရန် ထိုက်တန်သူ ဖြစ်သည်။ သူမထံတွင် ပြည့်ဝသောနှလုံးသားရှိပြီး အိမ်တော်ထိန်းကို လုံးဝ အပြစ်မတင်ခဲ့ပေ။

အိမ်တော်ထိန်းကြီးက သူ့ကိုယ်သူ အပြစ်တင်နေပြီး ထရန် ငြင်းဆန်နေကာ မြေပြင်ပေါ်တွင် ဒူးထောက်နေခဲ့သည်။

စူးဟန်ရွှမ်နှင့် လွမ်ချင်းရှန်တို့က ကျောင်းမှ ပြန်လာကြပြီး ရှောင်ချန်ကတော့ ကလေးများနှင့် ကစားရင်း ကျန်နေခဲ့သည်။ သူက ထမင်းစားချိန်မှသာ အိမ်ပြန်လာရန် ဆန္ဒရှိနေခဲ့သည်။ အများအားဖြင့် လွမ်ဟုန်က အရက်ချက်ရုံမှ ပြန်လာရင်း သူ့ကို ဝင်ခေါ်လာလေ့ရှိသည်။

သူ အထဲသို့ ဝင်လိုက်သည်နှင့် မြေပြင်ပေါ်တွင် ဒူးထောက်နေသော အိမ်တော်ထိန်းကို စူးဟန်ရွှမ်က လှမ်းမြင်သွားခဲ့သည်။

စူးဟန်ရွှမ်က လော့ချန်တွင် သူ့သမီးလေး၏ ကယ်တင်ပေးမှုကြောင့် သူ လွတ်မြောက်လာစဥ်ကတည်းက အိမ်တော်ထိန်းကြီး သူ့ကိုယ်စား အပြစ်ပေးခံရမည်ကို စိုးရိမ်နေခဲ့သည်။ ယနေ့ သူ့သမီးလေးက အိမ်တော်ထိန်းကြီးအား ပြန်ခေါ်လာသည်ကို မြင်လိုက်ချိန်တွင် စူးဟန်ရွှမ်၏စိုးရိမ်စိတ်များ ပျောက်ကွယ်သွားပြီး သူက အဘိုးကြီးကို သူကိုယ်တိုင် ထူမပေးလိုက်သည်။

“ငွေက အပေါ်ယံပိုင်ဆိုင်မှုတွေပါ၊ ချန်ဖူ... မင်းကိုယ်မင်း အပြစ်တင်နေစရာ မလိုဘူး”

“သခင်ကြီး”

သူ့သခင်ကို မြင်လိုက်ရချိန်တွင် အိမ်တော်ထိန်းက မျက်ရည်များ ကျလာပြီး စူးဟန်ရွှမ်ကို ဒူးထောက် အရိုအသေ ပေးနေပြန်သည်။

“ဒီကျွန်အိုကြီးက မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို မကာကွယ်နိုင်ခဲ့ပါဘူး။ ရွှေတွေ၊ ငွေတွေနဲ့ လက်ဝတ်ရတနာတွေ အားလုံး ပျောက်သွားခဲ့ပါတယ်”

အိမ်ထိန်းအိုကြီးက ယခုအချိန်အထိ လျှို့ဝှက်ခန်းထဲမှ ထို ရွှေ၊ ငွေနှင့် လက်ဝတ်ရတနာများ ဘယ်ရောက်သွားမှန်း နားမလည်နိုင်သေး‌ပေ။

"ပျောက်သွားတာလား?"

စူးဟန်ရွှမ်က ထူးဆန်းသည့်စကားကို ကြားလိုက်ရသလို အလောတကြီး ပြန်မေးလိုက်သည်။

အဲဒါက ဘယ်လိုအသုံးအနှုန်းလဲ?

"စီရင်စုအမတ်အသစ်က ငါတို့ရဲ့ပစ္စည်းတွေကို သိမ်းသွားတာ မဟုတ်ဘူးလား?"

“အဲ့လို မဟုတ်ပါဘူး၊ စီရင်စုအမတ်အသစ်က အဲဒါတွေကို သိမ်းဆည်းဖို့ ကျွန်တော်တို့ရဲ့အိမ်တော်ကို စစ်တပ်တစ်ခု ခေါ်လာခဲ့တာပါ။ ဒါပေမယ့် သူတို့ လျှို့ဝှက်ခန်းကို ဖွင့်လိုက်တဲ့အချိန်မှာ ဘာမှ မရှိတော့ဘူး”

စူးဟန်ရွှမ်က ထိုရွှေ၊ ငွေ နှင့် လက်ဝတ်ရတနာများကို မြန်မြန်ဆန်ဆန် မယူသွားနိုင်ခဲ့ကြောင်း အိမ်တော်ထိန်းက သိထားခဲ့ပြီး ဘာမှမရှိတော့ခြင်းကြောင့် သူ နားမလည်နိုင်ဖြစ်နေခဲ့ရသည်။

စူးဟန်ရွှမ်လည်း ထိတ်လန့်သွားခဲ့သည်။

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ? သူ ထွက်မလာခင်ကတောင် ငွေစက္ကူတွေ ယူဖို့ လျှို့ဝှက်ခန်းထဲကို ဝင်သွားခဲ့သေးတယ်။ အဲ့တာတွေက လေထဲတင် ဘယ်လို ပျောက်ကွယ်သွားရတာလဲ?

အုတ်ကုတင်ပေါ်တွင် ထိုင်နေသည့် စူးချင်းက သူမ၏မျက်လုံးများဖြင့် သူမ၏နှာခေါင်းကို ကြည့်ကာ ထိုင်နေခဲ့သည်။ သူမက သူမ၏ပါးစပ်ကို ပိတ်ထားပြီး ရွှံ့စေးရုပ်ထုကဲ့သို့ တိတ်ဆိတ်နေလေသည်။

(သူမ၏မျက်လုံးများဖြင့် သူမ၏နှာခေါင်းကိုကြည့် - ဆိုတာကလေ မျက်လုံးကို အောက်စိုက်ပြီး မျက်လွှာချထားတာကို ပြောတာပါနော်)

တကယ်တော့ သူမက အဲ့ရွှေ၊ ငွေ၊ လက်ဝတ်ရတနာတွေနဲ့ ရှေးဟောင်းပစ္စည်းတွေအပါအဝင် ကျောက်စိမ်းတွေအားလုံးကို သူမရဲ့စနစ်ထဲကို ရွှေ့ပြောင်းလိုက်တာပါ။ သူမ လျှို့ဝှက်ခန်းကို ဘယ်လို ရှာတွေ့ခဲ့တယ်ဆိုတာကတော့ သူမအဖေက ငွေစက္ကူတွေ ယူဖို့ လျှို့ဝှက်ခန်းကို သူမရှေ့တင် ဖွင့်ခဲ့တာကြောင့်ပါ။ သူမရဲ့အဖေ ထွက်သွားပြီးတာနဲ့ သူမက လျှို့ဝှက်ခန်းထဲကို ဝင်သွားပြီး အရာအားလုံးကို စနစ်ထဲကို ပစ်ထည့်လိုက်တာပါ။

ဘာပဲဖြစ်ဖြစ် သူမအတွက်က အဲ့လိုလုပ်ဖို့ မခက်ခဲတော့ဘူးလေ။ အခု သူမက စနစ်နဲ့ အရမ်းရင်းနှီးလာပြီဆိုတော့ သူမရဲ့စိတ်ထဲကနေ တွေးလိုက်တာနဲ့ ပစ္စည်းတွေကို စန်းထဲ ဆွဲသွင်းနိုင်နေပြီ။

အဲ့တုန်းက နန်းတွင်းနဲ့ ဝန်ကြီးချုပ်ဝမ်က ဒီကိစ္စကို အဲ့အတိုင်းမထားလောက်ဘူးလို့ သူမ‌ တွေးခဲ့တယ်။ ဒီလို ကြီးကြီးမားမား ဖြစ်ရပ်မျိုးကို ဖြေရှင်းဖို့ အပြစ်ခံယူရမယ့် ဓားစာခံတစ်ကောင်ကို သူတို့ ရှာမယ်လို့ သူမ မှန်းဆခဲ့တယ်။ မဟုတ်ရင် လော့ချန်က တာဝန်ရှိသူတွေက တော်ဝင်ရုံးတော်နဲ့ ဝန်ကြီးချုပ်ဝမ်ကို ဘယ်လို ပြန်အဖြေပေးနိုင်ကြမှာလဲ?

သူမက မိုးရွာတဲ့နေ့အတွက် ကြိုတင်ပြင်ဆင်ပြီး အဲ့ရွှေ၊ ငွေ၊ ရတနာတွေ အားလုံးကို သိမ်းလာခဲ့တာပါ။

ဒါပေမယ့် အခုက ဒီပစ္စည်းတွေကို ပြန်ထုတ်ပေးရမယ့် အချိန် မဟုတ်သေးဘူး။ တကယ်လို့ သူမ ဒီရတနာတွေကို လေထဲကနေ ထုတ်ယူလိုက်ရင် သူမရဲ့မိဘတွေက သူမကို နတ်ဆိုးတစ်ကောင်လို သတ်မှတ်သွားကြလိမ့်မယ်။

နောက်မှ ဆင်ခြေပေးဖို့ အခွင့်အရေးရှာပြီး ပြန်ပေးရတော့မယ်။ အခုလည်း ဒါတွေက အရေးတကြီး လိုအပ်နေတာတွေ မဟုတ်သေးဘူး။

အိမ်တော်ထိန်းကြီးကတော့ များစွာ နာကျင်ခံစားခဲ့ရသည်။ သူက ငယ်ငယ်ကတည်းက စူးဟန်ရွှမ်၏စာအုပ်သယ်အစေခံလေး ဖြစ်ခဲ့သည်။ သူတို့ ကြီးပြင်းလာသောအခါတွင် စူးဟန်ရွှမ်က စီးပွားရေးလုပ်ရန် ရွေးချယ်ခဲ့သည်။ သူက မည်သူ့ကိုမှ အလွန်အကျွံ မယုံကြည်ဘဲ သူနှင့်အတူ ကြီးပြင်းလာခဲ့သည့် ချန်ဖူကိုတော့ ယုံကြည်ခဲ့သည်။

စူးဟန်ရွှမ်က သူ့ကို ညီအစ်ကိုတစ်ယောက်ကဲ့သို့ အမြဲ ဆက်ဆံခဲ့သည်။ ယခုအိမ်တော်ထိန်းက သူ့ကိုယ်စား နာကျင်မှုများ ခံစားခဲ့ရပြီး စီရင်စုအမတ်အသစ်ထံတွင် ရိုက်နှက်ခံခဲ့ရသည်ကို သိလိုက်ချိန်တွင် စူးဟန်ရွှမ်၏မျက်လုံးများ နီရဲလာခဲ့သည်။

“အဖေ၊ အမေ၊ သမီး ဟင်းသွားချက်လိုက်မယ်”

စူးချင်းက ဤမြင်ကွင်းကို မကြည့်ရက်တော့ပေ။ သူတို့က အရမ်း မျက်ရည်လွယ်လွန်းတယ်။ သူမက အဲ့ဒီလို ခံစားချက်မျိုးကို နားမလည်နိုင်ခဲ့ဘူး။

သို့သော် အိမ်ထိန်းအိုကြီးက ဝေဒနာများစွာ ခံစားခဲ့ရသောကြောင့် သူ့ကို ဆုချရန် အရသာရှိသည့် အစားအစာတစ်ခု ပြုလုပ်ရန် သူမ ဆုံးဖြတ်လိုက်သည်။

“မင်း အနားယူပါ။ ဒေါ်လေး သွားချက်လိုက်မယ်"

ယန်ရုပင်းက စူးချင်းကို တားလိုက်ပြီး ကုတင်ပေါ်မှ သွက်သွက်လက်လက် ဆင်းသွားခဲ့သည်။ သူမက နံရံတွင် ချိတ်ထားသည့် ခါးစည်းကို ဆွဲယူကာ သူမ၏ခါးတွင် ချည်လိုက်သေးသည်။ သူမက လက်ရှိအခြေအနေနှင့် အလွန် လိုက်လျောညီထွေဖြစ်နေခဲ့ပြီး အရာအားလုံး အဆင်သင့် ရနိုင်ခဲ့သည့် အရာရှိတစ်ဦး၏ ဇနီးက ယခုအခါ ကောင်းစွာချက်ပြုတ်နေနိုင်ပြီ ဖြစ်သည်။

“ဒေါ်လေး၊ ကျွန်မ သွားချက်ပါရစေ။ သမီး ချက်တဲ့ ဟင်းတွေ့က အရမ်းအရသာ ရှိတယ်"

စူးချင်းက သူမ၏အဒေါ်ကို ပြန်တားထား လိုက်သည်။ သူမက သွယ်ဝိုက်မနေဘဲ တိုက်ရိုက်သာ ပြောလိုက်တော့သည်။

သူတို့ စကားပြောနေချိန်တွင် အရပ်မြင့်မားသည့် လူတစ်ယောက် ဝင်လာပြီး သူ့အရပ်က ရှည်လွန်းသောကြောင့် သူ့ခေါင်းကို ငုံ့ထားရသည်။

All Chapters