ကမ္ဘာ၏ ကြောက်လန့်မှု
Vol. 6 Ch. 582
အဇူရာ အလင်းသည် သူ၏ ခန္ဓာကိုယ်ကို ဝန်းရံ၍ တောက်ပနေပြီး သူ၏ လက်တစ်ဖက်ကမူ ချိပ်တံဆိပ် တစ်ခုအား ဆွဲကိုင်ထားသည်။
ထိုချိပ်တံဆိပ်သည် အရောင်ငါးမျိုးဖြင့် မွမ်းမံထား၏။ ထိုအရာ၏ မျက်နှာပြင်တွင်မူ ရှေးဟောင်းဆန်သော အငွေ့အသက်များ ထွက်ပေါ်နေသည့် ထူးဆန်းသော သင်္ကေတများဖြင့် ပြည့်နှက်နေသည်။
"ဘုန်း ..."
လေထုအတွင်း ချိပ်တံဆိပ် မြင့်တက်လာသည်နှင့် မိုးကြိုးတိမ်တိုက်များရှိ ရောင်စုံ အလင်းများသည် အရပ်မျက်နှာ အသီးသီးသို့ ဖြန့်ကြက်သွားကြ၏။
ထိုရောင်စုံ အလင်းများသည် ကမ္ဘာ့ အမတေချီဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ကောင်းကင်ကို ဖြတ်သန်း၍ တိုက်ခိုက်နိုင်စွမ်း ရှိသည်။ အဆင့်မြင့် ဝိညာဉ်လက်နက် နှင့် ဝိညာဉ် ရတနာများသာ ထိုကဲ့သို့သော စွမ်းအားကို ထုတ်ဖော်နိုင်သည်။
"ဟူး ..."
ချိပ်တံဆိပ်သည် မိုးကြိုးတိမ်တိုက် အလယ်သို့ ပျံတက်ကာ အလင်းများအား စုပ်ယူသည်။ တစ်ချိန်တည်းတွင်ပင် ထိုအရာက လက်ဝါး အရွယ်ခန့်မှ ငါးဆယ် စင်တီမီတာခန့် အထိ ကြီးမားလာခဲ့သည်။
"ဟူး ... ဟူး ..."
အလင်းများသည် ချိပ်တံဆိပ်ပေါ်ရှိ သင်္ကေတများနှင့် တိုးဝင်ကာ ပေါင်းစည်းသည်။ အလင်းများကို ပိုမို စုပ်ယူသည်နှင့် သင်္ကေတများမှာ ပိုမို တောက်ပလာ၏။
"ဒီချိပ်တံဆိပ်က ကောင်းကင်သခင်ဂိုဏ်းရဲ့ မိုးကြိုးတံဆိပ်တုံးကို အခြေခံပြီးတော့ နောက်ထပ် ဝိညာဉ်အဆင့် ဓမ္မ လက်နက် ခုနစ်ခု ရှစ်ခုကိုပါ ပေါင်းထည့် ထားသေးတယ် ... နောက်ပြီး ဒီလက်နက်က ဒြပ်စင်ငါးခုရဲ့ မိုးကြိုးကို ထိန်းချုပ်နိုင်တယ် ဆိုတော့ ... ဒါကို မိုးကြိုးငါးခု ချိပ်တံဆိပ်လို့ ခေါ်ရမယ်"
ချန်းဖန်က ညင်သာစွာ ရေရွတ်လိုက်သည်။
"ဝေါ ..."
ထိုအချိန်မှာပင် မိုးကြိုးငါးခု ချိပ်တံဆိပ်ဆီမှ ဟိန်းဟောက်သံ တစ်ခု ပေါ်ထွက်လာ၏။ ထိုအရာကား သူ၏ နာမည်ကို သဘောကျပုံ ရပေသည်။
နာရီဝက်ခန့် အကြာ၌ပင် မိုးကြိုး ချိပ်တံဆိပ်သည် ပတ်ဝန်းကျင် တစ်ဆယ် ကီလိုမီတာ အတွင်းရှိ မိုးကြိုးတိမ်တိုက်များကို ကုန်စင်အောင် စုပ်ယူလိုက်၏။ ထို့နောက် ထိုအရာက ဗိုက်ဝသွားသည့် အလား ချန်းဖန် ဆီသို့ ပြန်လည် ပျံသန်း လာခဲ့သည်။
ခရစ်ကား ကောင်းကင်ရှိ မြင်ကွင်းကို ကြည့်ရင်း ဆွံ့အ နေခဲ့ပြီ ဖြစ်သည်။
"အဲဒီ ... အဲဒီ ဟာလေးက မိုးကြိုးပင်လယ်ကို စုပ်ယူလိုက်တာလား ..."
ဒြပ်စင် ငါးခု၏ မိုးကြိုးတိမ်တိုက် ပင်လယ်သည် ကောင်းကင်၌ တစ်ဆယ် ကီလိုမီတာခန့်ကို ရက်ပေါင်းများစွာ ဖုံးအုပ်ထားခဲ့သည်။ ထိုအကျယ်အဝန်းကား လန်ဒန်မြို့ တစ်ဝက်ခန့် အထိပင် ရှိသည်။
သို့သော်လည်း ချန်းဖန်၏ လက်အတွင်းရှိ ချိပ်တံဆိပ် ကလေးသည် ထိုတိမ်တိုက်များ အားလုံး ကုန်စင်သည် အထိ စုပ်ယူလိုက်သည်။ ထိုချိပ်တံဆိပ်သည် မည်သို့သော အရာနည်း။ မည်မျှအထိ အစွမ်းထက် သနည်း။
"ဆရာ ... ပြီးသွားပြီလား"
အားရှို့နှင့် အခြားလူများက ချန်းဖန်အား စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"အင်းပေါ့ ..."
ချန်းဖန်က ခေါင်းညိတ်လိုက်သည်။
"မိုးကြိုးငါးခု ချိပ်တံဆိပ်" သည် အလယ်ဆင့် ဝိညာဉ် လက်နက်သာ ဖြစ်သော်လည်း အစီအရင် နှစ်ဆယ့် ငါးခုဖြင့် ပေါင်းစပ်ထားသော လက်နက် ဖြစ်သည်။
ထို့ကြောင့်ပင် မိုးကြိုးငါးခု ချိပ်တံဆိပ်သည် သာမန် အလယ်ဆင့် ဝိညာဉ်လက်နက်များထက် အဆများစွာ ပိုမို အစွမ်းထက်၏။
ထို့အပြင် ချန်းဖန်သည် ကျင့်ကြံခြင်း အဆင့်တက်လာသည်နှင့် ထိုအရာကို ဝိညာဉ် ရတနာ အဖြစ် ပြောင်းလဲ ပစ်နိုင်ဦးမည် ဖြစ်သည်။
"မစ္စတာချန်း ... ခင်ဗျား ထွက်လာပြီပဲ"
ခရစ်က ချန်းဖန် အနားသို့ လျှောက်လာရင်း သတိပေးလိုက်သည်။
"ကျေးဇူးပြုပြီး ... နောက်တစ်ခါ ကျွန်တော်တို့ နိုင်ငံထဲမှာ အဲဒီလို လက်နက်မျိုး မလုပ်ပါနဲ့ ... ဒီလို ဖိအားမျိုးကို အင်္ဂလန် ပြည်သူတွေ အနေနဲ့ ခံနိုင်ရည် မရှိလို့ပါ"
အင်္ဂလန်၏ နိုင်ငံခြားရေး ဝန်ကြီး အနေဖြင့် ခရစ်သည် နိုင်ငံခေါင်းဆောင်များနှင့် စကားပြောရာတွင်ပင် အထူးတလှယ် လေးစားမှုကို ပြစရာ မလိုခဲ့ချေ။ သို့သော်လည်း သူသည် ချန်းဖန်နှင့် စကားပြောရာ၌မူ အလွန်အမင်း သတိထားကာ လေးစားမှုကို ဖော်ပြနေခဲ့၏။
"နောက်တစ်ခါ လုပ်ဖြစ်မယ်ဆိုရင် အကြောင်းကြား လိုက်ပါ့မယ်"
ချန်းဖန်က ပြုံးလိုက်သည်။
"ဘယ်လို ... နောက်တစ်ကြိမ် ..."
ခရစ်မှာ မည်သို့ တုံ့ပြန်ရမှန်း မသိတော့ချေ။
***
အမေရိကန် ပင်တဂွန် စစ်ဌာနချုပ် ...
"ဒရုန်းတွေက ရတဲ့ အချက်အလက်တွေ အရဆိုရင် မိုးကြိုး တိမ်တိုက် အတွင်းမှာ ပါတဲ့ လောင်စာ စွမ်းအားက ပေါက်ကွဲမှု တန်ချိန် တစ်သောင်းလောက် အထိ ရှိတယ် ... အဲဒီ ပမာဏက နျူကလိယ လက်နက်တွေနဲ့တောင် ယှဉ်နိုင်နေပြီ"
အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ဖိုင်တွဲ တစ်ခုကို ကိုင်ရင်း ဆိုလိုက်၏။
ကာကွယ်ရေး ဝန်ကြီးသည် ကြံ့ခိုင် သန်စွမ်းသည့် ဆံပင်ဖြူ လူကြီးတစ်ဦး ဖြစ်သည်။ သူ့အား ဝန်ကြီးသံလက်သီး ဟုလည်း ခေါ်ကြ၏။
သူသည် သူ၏ ဘဝ တစ်လျှောက်လုံး၌ တောင်ကိုရီးယား စစ်ပွဲ၊ ပနားမား စစ်ပွဲ၊ ဗီယက်နမ် စစ်ပွဲ၊ ဂွတ်ဟုတ် အငူ စစ်ပွဲ ... စသည်ဖြင့် မရေမတွက်နိုင်သော စစ်ပွဲများစွာကို တိုက်ခဲ့ဖူးသည်။ သို့သော်လည်း သူသည် ယခုကဲ့သို့ တစ်ခါမျှ ခေါင်းမခဲခဲ့ဖူးချေ။
"နျူကလိယ စွမ်းအား ..."
ထိုအရာသည် လူသားတို့၏ သမိုင်း၌ စွမ်းအား အကြီးဆုံးသော တီထွင်မှု ဖြစ်သည်။ နျူကလိယ လက်နက်များသည် အလွန်ပင် ပေါက်ကွဲမှုအား ပြင်းထန်ကာ မြို့ကြီးများ၊ နိုင်ငံများကိုပင် အချိန်တိုအတွင်း ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။
မည်မျှပင် အစွမ်းထက်သော တန်ခိုးရှင်၊ သေမျိုး နတ်ဘုရား ဖြစ်ပါစေ ... နျူကလိယ၏ စွမ်းအားကို ယှဉ်နိုင်မည် မဟုတ်ချေ။ သူတို့ကား နျူကလိယနှင့် ယှဉ်ပါက ကလေး သာသာလောက်သာ ရှိ၏။
သို့သော်လည်း ချန်းပေ့ရွှမ်းကမူ နျူကလိယ ပေါက်ကွဲမှုနှင့်ပင် ယှဉ်နိုင်သော စွမ်းအားကို လန်ဒန်မြို့ အထက်၌ စုစည်းခဲ့သည်။ ထိုအရာက အမေရိကန် ကဲ့သို့သော နိုင်ငံကြီး၏ စိုးရိမ်မှုကိုပင် ဒီဂရီကို မြင့်တက်စေသည်။
"ပေါက်ကွဲမှု စွမ်းအားက တန်ချိန် တစ်သောင်း အထိ ရှိတယ် ... အဲဒီ ပမာဏက မြို့ငယ် တစ်မြို့ကိုတောင် ဖျက်ဆီးပစ်နိုင်တယ် မလား"
ဗိုလ်ချုပ်များက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။
သူတို့တွင် တန်ချိန် မီလျံနှင့်ချီ၍ ပေါက်ကွဲနိုင်သော နျူကလိယ လက်နက်များ ပိုင်ဆိုင်ထားသည် ဆိုသော်လည်း ထိုလက်နက်များမှာ သမ္မတ၏ တိုက်ရိုက် ထိန်းချုပ်မှု အောက်တွင်သာ တည်ရှိသည်။
သို့သော်လည်း "မိုးကြိုးငါးခု ချိပ်တံဆိပ်" ကမူ ချန်းဖန်၏ လက်ထဲတွင် လက်ဆုပ်လက်ကိုင် ရှိသည့်အရာ ဖြစ်သည်။
"ချန်းပေ့ရွှမ်းသာ အဲဒီ လက်နက်နဲ့ နယူးယော့ခ်ကို တိုက်ခိုက်မယ် ဆိုရင် လူသန်းချီ သေမယ့် အပြင် ဒေါ်လာ ထရီလျံနဲ့ ချီပြီး ပျက်စီးမှာ သေချာတယ်"
ဗိုလ်ချုပ် တစ်ယောက်က ကောက်ချက်ချလိုက်သည်။
"ဟမ့် ... သူသာ ငါတို့ နိုင်ငံကို ကျူးကျော်ဖို့ တွေးရဲရင် လုံးဝ အမှားကြီး မှားသွားမှာပေါ့ ..."
ရေတပ် ဗိုလ်မှူးကြီး တစ်ယောက်က နှာခေါင်းရှုံ့ရင်း ထိုင်ရာမှ ထကာ တောင်းဆိုလိုက်သည်။
"ဝန်ကြီး ... ချန်းပေ့ရွှမ်းရဲ့ ခြိမ်းခြောက်မှုကို ဖယ်ရှားဖို့ အတွက် နတ်ဘုရား စစ်ဝတ်စုံနဲ့ နတ်ဘုရားသတ် လက်နက်တွေကို အသုံပြုခွင့်ပေးဖို့ တောင်းဆို ပါရစေ ..."
"ကျုပ် သဘောတူတယ် ..."
လေတပ်၏ ဒုဗိုလ်ချုပ် တစ်ယောက်က ဝင်ရောက် ထောက်ခံလိုက်သည်။
"ကျုပ်ရောပဲ ..."
ဗိုလ်မှူးကြီး တစ်ယောက်ကလည်း ဝင်ရောက် ပြောလိုက်၏။
ဗိုလ်ချုပ် အဆင့်အောက်မှ စစ်အရာရှိများ အပြိုင်အဆိုင် ထောက်ခံနေကြချိန်၌ ရာထူးမြင့် ဗိုလ်ချုပ်များကမူ ငြိမ်သက်စွာ ထိုင်ရင်း စဉ်းစားနေခဲ့ကြ၏။
ဆံပင်ဖြူ ဝန်ကြီးသံလက်သီးက ခါးကို ဖြောင့်တန်းစွာ ဆန့်၍ ထိုင်ရင်း သူ၏ အရှေ့ရှိ ခုံအား တဒေါက်ဒေါက် ခေါက်နေခဲ့သည်။ တစ်ခဏမျှ အကြာ၌ သူက ပြောလိုက်၏။
"စီအိုင်အေကို အရင်လွှတ်ပြီး သူနဲ့ မကျူးကျော်ရေး စာချုပ်ချုပ်ဖို့ ညှိနှိုင်းခိုင်းလိုက် ... သူ့ဘက်က ဒေါ်လာဘီလျံ ရာဂဏန်း ဒါမှမဟုတ် နိုင်ငံ တစ်နိုင်ငံ ထိန်းချုပ်ခွင့်လောက် တောင်းရင်တောင် လိုက်လျော ပေးလိုက်ပါ ... တကယ်လို့ သူ့ဘက်က သဘော မတူဘူး ဆိုရင်တော့ ..."
ဝန်ကြီးသံလက်သီး၏ မျက်လုံးများက အေးစက်စွာ တောက်ပသွား၏။
"အဲဒီအချိန်ကျမှ သူ့ကို ဖယ်ရှားဖို့ အစီအစဉ် ဆွဲကြတာပေါ့ ..."
"ရက်စ် ... ဆာ"
ဗိုလ်ချုပ်များက ထိုင်ရာမှ ထရပ် လိုက်ကြတော့၏။
***
ချန်းဖန်နှင့် ပတ်သက်၍ စိုးရိမ်နေသည်က အမေရိကန် တစ်နိုင်ငံတည်း မဟုတ်ချေ။
ပြင်သစ်၊ အင်္ဂလန်၊ ရုရှား၊ တရုတ် စသည့် နိုင်ငံများလည်း ပါဝင်နေ၏။ ထိုနိုင်ငံများသည် ချမ်းပေ့ရွှမ်းကို ကိုင်တွယ်ရန် အတွက် လျှို့ဝှက် အစည်းအဝေးများ ခေါ်ယူကာ ဆွေးနွေးကြသည်။
"ပေါက်ကွဲမှု တန်ချိန်တစ်သောင်းနဲ့ ညီမျှတဲ့ စွမ်းအား ... ချမ်းပေ့ရွှမ်းက အဲဒါကို ဘယ်လို လုပ်တာလဲ"
ခွန်းလွန် အခြေစိုက် စခန်း အတွင်း၌ ဒါရိုက်တာရှောင်က အစီရင်ခံစာ တစ်ခုကို ကိုင်ရင်း ရေရွတ်လိုက်၏။ သူ၏ လက်များကမူ စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ရီ နေခဲ့သည်။
"ဒါရိုက်တာရှောင် ... ကျုပ်တို့ ချန်းပေ့ရွှမ်းကို အချိန်တိုင်း လျှော့တွက် နေမိတာပဲ"
လိပ်နက်က ဖြူရော်စွာ ဆိုလိုက်၏။
မဟာအင်အားကြီး နိုင်ငံများသည် လွန်ခဲ့သည် တစ်လခန့် အထိ ချန်းပေ့ရွှမ်းအား စိုးရိမ်စရာဟု မသတ်မှတ်ခဲ့ချေ။
ရုရှား အနေဖြင့် ချန်းဖန်ကို ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ခြင်းမှာ နျူကလိယဗုံးကို မသုံးလိုသောကြောင့် ဖြစ်သည်။ ဥရောပ ယူနီယံသည်လည်း အလားတူပင် ဖြစ်သည်။
သို့သော်လည်း ယခုတွင်မူ အခြေအနေများက ခြားနားသွားပြီ ဖြစ်သည်။ ချန်းဖန် ပိုင်ဆိုင်ထားသော လက်နက်သည် နျူကလိယဗုံး အသေးစား တစ်လုံးနှင့်ပင် နှိုင်းယှဉ်နိုင်သော အရာ ဖြစ်သည်။
"နူကလိယ စွမ်းအားကို အမေရိကန်က တင်းတင်းကြပ်ကြပ် ပိတ်ထားတယ် ... အီရတ်နဲ့ လစ်ဗျား တို့ဆိုရင် နျူကလိယ စမ်းသပ်မှုတွေကြောင့်ပဲ နှစ်ပေါင်းများစွာ အမေရိကန်ရဲ့ ထိန်းချုပ်မှုကို ခံရတာ ... အမေရိကန်သာ ပါလာရင် ချန်းပေ့ရွှမ်းတော့ ဒုက္ခရောက်ပြီပဲ"
ကျားဖြူက ခေါင်းကို ခါယမ်းလိုက်တော့၏။
***