ကျင်းရှီလျိုမြောင်
Vol. 23 Ch. 332
စူးချင်းက မြင်းကို တလမ်းလုံး အရှိန်အဟုန်ဖြင့် စီးနှင်းလာခဲ့ပြီး နံနက်ပိုင်းတွင် မော့ချန်မှ ထွက်လာခဲ့သော်လည်း ညနေပိုင်းတွင် ကျင့်ရှီလျိုမြောင်သို့ ရောက်ရှိခဲ့သည်။
စူးချင်းက ကျင့်ရှီလျိုမြောင်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။ သူမတို့ ကပ်ဘေးမှ ထွက်ပြေးနေစဥ်အတောအတွင်း တစ်လမ်းလုံး ဤမြို့၏အမည်ကို သူမ ကြားခဲ့ရသည်။ ထိုအချိန်များတွင် လူတိုင်းက ကျင့်ရှီလျိုမြောင်သို့ရောက်သည်နှင့် ကောင်းမွန်သောနေ့ရက်များ ရှိလာမည်ဟု တွေးကာ အားတင်းခဲ့ကြပြီး ကျင့်ရှီလျိုမြောင်က လူတိုင်း၏နှလုံးသားထဲမှ တောက်ပသော မျှော်လင့်ချက် အလင်းရောင်လေးတစ်ခု ဖြစ်ခဲ့ဖူးသည်။
စူးချင်းကိုယ်တိုင်လည်း ဤမြို့အကြောင်းကို အလွန်သိချင်ခဲ့မိသည်။ တစ်ချိန်က သူမက ဤနေရာတွင် မြေသြဇာကောင်းသော မြေမူတစ်သောင်းကို စိုက်ပျိုးပြီး အေးချမ်းသော ဘဝဖြင့် နေထိုင်ရန် စိတ်ကူးယဥ်ခဲ့ဖူးသည်။ ကံမကောင်းစွာဖြင့် သူမ တစ်သက်လုံး အတူရှိချင်ခဲ့မိသည့် ယောက်ျားက ပိုင်ဆိုင်သူ ရှိပြီးသား ဖြစ်နေခဲ့သည်။
စူးချင်းက အသက်ကို ပြင်းပြင်းရှူကာ သူမ၏နှလုံးသားထဲမှ စိတ်ပျက်လက်ပျက်ဖြစ်စေသည့် အတွေးစများကို ဖယ်ထုတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်လေ။ သူ မရှိဘဲ သူမဘာသာ မြေသြဇာကောင်းတဲ့ မြေမူတစ်သောင်းကို ဖွင့်နိုင်သေးတယ်။
ကျင့်ရှီလျိုမြောင်၏မြို့တံခါးများတွင် မြို့စောင့်တပ်သားများ ရှိနေပြီး ထိုနေရာကို ဂရုတစိုက် သေသေချာချာ စောင့်ကြပ်နေကြသည်။ မြို့တွင်းသို့ သူလျှိုများ ခိုးဝင်ပြီး မြို့တွင်းရှိ အရင်းအမြစ်များကို ခိုးယူခြင်းမှ တားဆီးကာကွယ်ရန် မြို့တွင်းသို့ ဝင်ရောက်သူများနှင့် ပြန်ထွက်ခွာသူများကို ဂရုတစိုက် စစ်ဆေးနေကြသည်။
ကျင့်ရှီလျိုမြောင်၏ မြို့စောင့်တပ်သားများက ရှောင်းမိသားစုစစ်တပ်မှ စစ်သည်ဟောင်းများ ဖြစ်ကြပြီး သူတို့၏ ပုံပန်းသွင်ပြင်နှင့် စစ်စည်းကမ်းတို့က စူးချင်း ရောက်ခဲ့ဖူးသည့် မြို့များနှင့် လုံးဝမတူပေ။ စစ်သည်များ၏မျက်လုံးများက စူးရှနေပြီး သူတို့ပတ်ဝန်းကျင်တွင် လူသတ်ရောင်ဝါများ ဝန်းရံနေလေသည်။ သူတို့၏ကိုယ်ဟန်အနေအထားက ဝမ်မိသားစုစစ်တပ်မှ စစ်သည်များထက် မနိမ့်ကျပေ။ သို့သော်လည်း သူတို့၏ စစ်ဝတ်စုံများက သံချပ်ကာများကိုပင် ဝတ်ဆင်ထားနိုင်သည့် ဝမ်မိသားစု၏စစ်တပ်နှင့်မတူဘဲ ဟောင်းနွမ်းနေလေသည်။
စူးချင်းက ထိုစစ်သည်များကို အလေးပေး အကဲခတ်နေခဲ့ပြီး သူတို့က မော့ချန်မှ ချန်ယွီ၏စစ်သည်များကဲ့သို့ သနားစရာ မဟုတ်ကြောင်း သူမ တွေ့ရှိခဲ့ရသည်။ အနည်းဆုံးအနေဖြင့် ဤနေရာတွင် ရှိနေသည့် စစ်သားများအားလုံးက စိတ်ဓာတ်တက်ကြွနေပုံရပြီး သူတို့၏မျက်နှာများက တောက်ပနေလေသည်။ သူတို့ထံတွင် ရိက္ခာပြတ်လပ်မှု မရှိကြောင်း ထင်ရှားနေသည်။
ကျင့်ရှီလျိုမြောင်မှ ထွက်လာသည့် သာမန်လူများကလည်း ပိန်လှီနေခြင်း မရှိပေ။ သူတို့က ယခင်က သူမ ကြုံခဲ့ဖူးသည့် ကပ်ဘေးဒုက္ခသည်များ၊ သာမန်လူများနှင့် လုံးဝမတူဘဲ သူတို့အားလုံး ပြုံးပျော်နေကြပြီး ဝမ်းနည်းနေသည့်အမူအရာမျိုး မရှိသလောက်ပင်။
ခဏတာ စောင့်ကြည့်ပြီးနောက်တွင် စူးချင်းက သူမ၏မြင်းကို မြို့တံခါးဆီသို့ ဦးတည်လိုက်သည်။ မြို့စောင့်တပ်သားများကလည်း သူမ မြင်းစီးလာနေသည်ကို မြင်သွားကြပြီး သူမကို ဂရုတစိုက် စစ်ဆေးကြတော့သည်။ စူးချင်းက သူမ၏ ခရီးသွားလက်မှတ်နှင့် အိမ်ထောင်စုစာရင်းကို သေသေချာချာ လှမ်းပေးလိုက်ပြီး ၎င်းတို့၏ စစ်ဆေးရေးတွင် ကောင်းကောင်းမွန်မွန် ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။
"မင်း ကျင့်ရှီလျိုမြောင်ကို ဘာလာလုပ်တာလဲ?"
စူးချင်းက မော့ချန်မှ ဖြစ်ကြောင်း တွေ့လိုက်ချိန်တွင် မြို့စောင့်တပ်သားခေါင်းဆောင်က မေးခွန်းတစ်ခု မေးလာခဲ့သည်။
"ဒီမှာ အိမ်ဝယ်ပြီး အခြေချချင်လို့"
စူးချင်းက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
ဒါက ပွင့်ပွင့်လင်းလင်း လုပ်ရမယ့် ကိစ္စပဲ၊ ဘာမှ ဖုံးကွယ်ထားစရာ မလိုဘူး။
"မင်း ဘာလို့ မော့ချန်မှာ ဆက်မနေရတာလဲ?"
မြို့စောင့်တပ်ဖွဲ့ခေါင်းဆောင်က ဆက်စစ်ဆေးနေပြီး စူးချင်း၏အမူအရာကို အကဲခတ်နေကာ သူ့မျက်လုံးများက စူးရှလွန်းလှသည်။ သူက တာဝန်သိစိတ်ဖြင့် ဆက်လက်မေးမြန်းနေပုံရတာ သူ့တာဝန်ကို အလေးအနက်ထားပုံပေါ်သည်။
“ကျွန်မ မော့ချန်မှာ မနေချင်တော့ဘူး။ တာ့ထန်စစ်သည်တွေက မြို့တံခါးကို နှစ်ကြိမ်တိုင်တိုင် ကျူးကျော်ခဲ့ပြီး မြို့ထဲက လူထက်ဝက်ကျော်လောက်က ထွက်ပြေးသွားကြပြီ”
စူးချင်း ပြောနေသည်က ယခင်က မော့ချန်နှင့် ပတ်သက်သည့် အမှန်တရားသာ ဖြစ်သည်။ ကျင့်ရှီလျိုမြောင်မှ လူများကလည်း ထိုသတင်းကို ကြားထားပြီးဖြစ်ကာ သူမ၏စကားများကို သံသယမဖြစ်လောက်ဟု ခန့်မှန်းရသည်။
“ဝင်သွား!”
စူးချင်း၏စကားကို ကြားပြီးနောက် မြို့စောင့်တပ်ဖွဲ့ခေါင်းဆောင်က စူးချင်း၏ ခရီးသွားလက်မှတ်နှင့် အိမ်ထောင်စုစာရင်းကို သူမထံသို့ ပြန်ပေးလိုက်ပြီး သူက မြို့ဆီသို့ မေးငေါ့ပြကာ စူးချင်းကို ဝင်ခွင့်ပြုလိုက်သည်။
စူးချင်းက မြင်းကို မြို့ထဲသို့ ဦးတည်လိုက်ပြီး ကျင့်ရှီလျိုမြောင်၏အခြေအနေကို အကဲခတ်နေခဲ့သည်။
ကျင့်ရှီလျိုမြောင်က ကြီးမားသောမြို့တစ်မြို့ဖြစ်ကြောင်း သူမ တွေ့ရှိခဲ့ရပြီး ၎င်းက မော့ချန်၏အရွယ်အစားထက် အနည်းဆုံး သုံးဆခန့် ပိုကြီးသည်။ လမ်းများအားလုံးကို အပြာရောင်ကျောက်တုံးများ ခင်းထားပြီး လမ်းသွားလမ်းလာ အများအပြားလည်း တက်တက်ကြွကြွ သွားလာနေကြသည်။ သူတို့ထဲမှ တချို့က တာ့ရှားပြည်ထောင်၏ဝတ်စားဆင်ယင်ပုံအတိုင်း ဝတ်ဆင်ထားကြပြီး တချို့က တိုင်းတပါးဝတ်စုံများကို ၀တ်ဆင်ထားကြသည်။
ပတ်ဝန်းကျင်မှ လူများကို ကြည့်ရုံဖြင့် မြို့က ဖွံ့ဖြိုးသာယာကြောင်း သိသာနေသည်။ လမ်းနှစ်ဘက်လုံးတွင် စျေးဆိုင်များ ရှိနေပြီး အထူးသဖြင့် စားသောက်ဆိုင်များ ပြည့်နှက်နေလေသည်။ စပါးဆိုင်များ၊ အထည်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ အပေါင်ဆိုင်များနှင့် အခြားလုပ်ငန်းများ ရှိနေလေသည်။ ကျင့်ရှီလျိုမြောင်တွင် မရှိသည့်အရာ ဘာတစ်ခုမရှိသလို ခံစားရစေသည်။
စူးချင်းက အနည်းငယ်ထူးဆန်းသလို ခံစားနေရသည်။
ကျင့်ရှီလျိုမြောင်က အမှားလုပ်မိတဲ့အရာရှိတွေကို အပြစ်ပေးတဲအနေနဲ့ စေလွှတ်လေ့ရှိတဲ့ ဝေးလံခေါင်သီပြီး ခါးခါးသီးသီအေးစက်တဲ့နေရာ မဟုတ်ဘူးလား? အမှားလုပ်မိတဲ့ အရာရှိတွေဆိုရင် သူတို့ ကျင့်ရှီလျိုမြောင်ကို အပို့ခံရတော့မယ်လို့ ကြားတာနဲ့ သေမလောက် ကြောက်လန့်နေကြတာ မဟုတ်ဘူးလား?
ကြားရတဲ့စကားထက် မြင်ရတာက ပိုယုံကြည်ရတယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်း ကျင့်ရှီလျိုမြောင်က ကြောက်စရာကောင်းတယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေပေမယ့် အခု သူမရဲ့မျက်လုံးနဲ့ မြင်နေရတာက ခါးသီးဖွယ် ကျင့်ရှီလျိုမြောင် မဟုတ်ဘဲ အရမ်းကြွယ်ဝချမ်းသာတဲ့မြို့တစ်မြို့ပဲ။
သာမန်ပြည်သူတွေရဲ့မျက်နှာတွေမှာတောင် ကျေနပ်ပျော်ရွှင်မှုတွေ ပြည့်နေသေးတယ်။ စိုးရိမ်စရာမရှိ၊ ကြောက်စရာမရှိ၊ ကူကယ်ရာမဲ့မှု မရှိ၊ စိတ်ရှုပ်စရာမရှိ...ဘဝတွေက ကောင်းမွန်ပုံရတယ်။
စူးချင်းက ထိုအကြောင်းကို ပိုတွေးလေလေ သူမ ကျင့်ရှီလျိုမြောင်သို့ လာခဲ့ခြင်းက မှန်ကန်သော ဆုံးဖြတ်ချက်ကို ချလိုက်ခြင်းဟု ပိုခံစားရလေလေ ဖြစ်နေခဲ့သည်။
ဒါက သူမ စီးပွားရေးဖို့ မိုးကောင်းကင်က ဖန်းတီးပေးထားတဲ့ နတ်ပြည်နတ်ရွာပဲ....
သူမ၏ရည်ရွယ်ချက်က ခြံကြီးတစ်ခု ဝယ်ရန် ဖြစ်ပြီး ထိုအိမ်က လော့ချန်ရှိ သူမ၏မိဘများ ပိုင်ဆိုင်ခဲ့ဖူးသော အိမ်တော်ကြီးကဲ့သို့ ကြီးကြီးမားမားဖြစ်လျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။
သူမ စိတ်ကြိုက်ဖြစ်နိုင်မည့် အိမ်တစ်အိမ်ကို အမြန်ဝယ်နိုင်ရန် ပွဲစားတစ်ယောက် ရှာဖွေရမည် ဖြစ်သည်။ ယေဘူယျအားဖြင့် ချမ်းသာသောမိသားစုများက သူတို့၏အိမ်များကို ရောင်းချရာတွင် တရားဝင်ကိုယ်စားလှယ်များကို ရှာဖွေတက်ကြသည်။
တချို့ပွဲစားများက အများအားဖြင့် တရားဝင်လုပ်ငန်းခွင့်ပြုချက်များ ယူထားကြပြီး ခေတ်သစ်မှ အကျိုးတော်ဆောင်များနှင့်တူညီသည်။ ၎င်းတို့က ရောင်းသူ ဝယ်သူ နှစ်ဦးနှစ်ဖက်ဆီမှ ကြားခံအခကြေးငွေ အနည်းငယ်ကိုသာ ယူလေ့ရှိကြသည်။
စူးချင်းက အိမ်ဝယ်ရန် အကျိုးတော်ဆောင်ရှာရမည်ကို သိနေသော်လည်း အိမ်တစ်လုံးကို ဘယ်မှာရှာရမှန်းမသိ ဖြစ်နေပြီး ဒေသခံများကို မေးရန် ဆုံးဖြတ်လိုက်သည်။
လမ်းမပေါ်ရှိ သာမန်ဈေးသည်များက မသိနိုင်လျှင်ပင် စားသောက်ဆိုင်ကြီးများမှ စားပွဲထိုးများနှင့် ဆိုင်တာဝန်ခံများကတော့ သိကြပေလိမ့်မည်။
နေ့စဉ်နဲ့အမျှ ဧည့်သည်များများ လာလေလေ ကြားရတဲ့သတင်းက လေလေဖြစ်ပြီး သူတို့ကို သတင်းဖြန့်ဖြူးသူတစ်ဝက်ဟု ယူဆနိုင်သည်။
သူမ တစ်နေ့လုံး အနားယူခြင်းမရှိဘဲ မြင်းစီးခဲ့ရသောကြောင့် စူးချင်းက သူမ၏ကိုယ်တွင်းအင်္ဂါများကို ဆုချရန်အတွက် ပိုမိုကောင်းမွန်မည်ဟု ထင်ရသည့် စားသောက်ဆိုင်တစ်ဆိုင်ကို ရှာဖွေကြသည်။ ထို့အပြင် ရှောင်ဟေးကိုလည်း အစာနှင့်ရေ တိုက်ကျွေးရဦးမည် ဖြစ်သည်။
စားသောက်ဆိုင်အများစုတွင် မြင်းဇောင်းများ ရှိနေပြီး လူများစားသောက်နေချိန်တွင် မြင်းများကို အလကား ကျွေးမွေးပေးပုံရသည်။
စူးချင်းက ကျင်းနန်စားသောက်ဆိုင်တစ်ဆိုင်ကို ရွေးချယ်လိုက်သည်။ သူမက ဆီများပြီး အရသာလေးလံသည့် အားဟွေ့ဟင်းလျာကို နှစ်သက်ပြီး ထိုဟင်းပွဲများက သာမာန်ဟင်းလျာများထက် အများကြီး ပိုအရသာရှိသည်ဟု သတ်မှတ်ထားသူ ဖြစ်သည်။ နောက်တစ်မျိုးအနေဖြင့် စီချွမ်းဟင်းလျာကိုလည်း နှစ်သက်သေးသည်။ ထိုဟင်းများက လူကို ချွေးထွက်အောင် စပ်စေသော်လည်း ထမင်းနှစ်ပန်းကန်လောက် အပိုစားနိုင်စေသည်။
စူးချင်းက ဤစားသောက်ဆိုင်နှစ်မျိုးကို အထူး ရှာဖွေလာခဲ့သည်။ ခဏတာမျှ လမ်းလျှောက်လာပြီးနောက် ကျင်းနန်စားသောက်ဆိုင်တစ်ဆိုင်ကို သူမ တွေ့လိုက်ရသည်။ ဤစားသောက်ဆိုင်၏တည်နေရာက ပြီးပြည့်စုံပြီး လမ်းလယ်တွင် ရှိနေသောကြောင့် အဓိကနေရာဖြစ်နိုင်သည်။ ထိုနေရာမျိုးမှာ မြေတစ်လက်မတိုင်းက ငွေအများကြီး တန်ဖိုးရှိပြီး လုပ်ငန်းကြီးတစ်ခုဟု သတ်မှတ်နိုင်သည်။
စူးချင်း တံခါးဝသို့ ရောက်သည်နှင့် စားပွဲထိုးတစ်ယောက်က သူမ ဆီသို့ရောက်ပြီး နွေးနွေးထွေးထွေး ကြိုဆိုနှုတ်ဆက်လိုက်သည်။
"ဧည့်သည်တော်ကြီး၊ လူဘယ်နှလောက်လဲ?"
"တစ်ယောက်"
စူးချင်းက ထိုစားပွဲထိုးထံ မြင်းဇက်ကြိုးပေးလိုက်ပြီး "သူ့ကို ကောင်းကောင်းကျွေးပြီး သောက်ဖို့ ရေနည်းနည်း ထည့်ပေးလိုက်ပါ"
“ကောင်းပါပြီ၊ ကျေးဇူးပြုပြီး အထဲဝင်ပါ”
ဖော်ဖော်ရွေရွေ ပြုံးနေသည့် စားပွဲထိုးက မြင်းဇက်ကြိုးကို လက်တစ်ဖက်ဖြင့် လှမ်းယူကာ စူးချင်းအား ဝင်လာရန် လက်ဟန်ပြလိုက်သည်။ စူးချင်းက စားသောက်ဆိုင်ထဲသို့ ဝင်လာခဲ့ပြီး အနောက်မှ စားပွဲထိုး အော်သံကို ကြားလိုက်ရသည်။
"ဧည့်သည်တော်ကြီး ရောက်လာပါတယ်"
ပရော်ဖက်ရှင်နယ်တစ်ယောက်က ပရော်ဖက်ရှင်နယ်သာ ဖြစ်ပြီး သူ့အသံက ကျယ်လောင်ပြီး ပြတ်သားခြင်း ရှိသော်လည်း ကြမ်းတမ်းသည့်လေသံလည်း မဟုတ်ပြန်ပေ။
စားသောက်ဆိုင်ထဲမှ နောက်ထပ်စားပွဲထိုးတစ်ယောက် ချက်ချင်းထွက်လာပြီး စူးချင်းကို အပြုံးဖြင့် ဖိတ်ခေါ်လိုက်သည်။
"ဧည့်ခန်းမထဲမှာ စားချင်လား? ဒါမှမဟုတ် သီးသန့်ခန်းထဲမှာ စာချင်လား?"
စားပွဲထိုးက စူးချင်းကို ယဉ်ကျေးစွာ ဖိတ်ခေါ်ခဲ့ပြီး စိတ်အားထက်သန်စွာ မေးမြန်းနေခဲ့သည်။ သီးသန့်အခန်းတွင် ငွေနှစ်လျန်ပိုပေးရပြီး အများအားဖြင့် သီးသန့်ခန်းသို့ သွားသော ဧည့်သည်များက စားပွဲထိုးများကို ဆုငွေများ ပေးလေ့ရှိသည်။
"ခန်းမ!"
စူးချင်းက ဤစားသောက်ဆိုင်၏လုပ်ငန်းလည်ပတ်ပုံကို အကဲခတ်ချင်သောကြောင့် ဧည့်ခန်းမကို ရွေးလိုက်ပြီး အဝင်ဝကို မျက်နှာမူထားသည့် ထိုင်ခုံကို ရှာလိုက်သည်။
စူးချင်းက သီးသန့်ခန်းကို မရွေးချယ်သော်လည်း စားပွဲထိုး၏အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။ သူက ဟင်းပွဲများစာရင်းကို လက်နှစ်ဘက်ဖြင့် သေသေချာချာကိုင်ကာ စူးချင်းဆီးသို့ လှမ်းပေးနေဆဲဖြစ်သည်။
"ဧည့်သည်တော်ကြီး၊ ဘာစားချင်လဲ?"
စူးချင်းက ဟင်းပွဲစာရင်းကို လှမ်းယူပြီး ကြည့်လိုက်သည်။ ကျော်ကြားဆုံးအားဟွေ့ဟင်းလျာက လူအများစု တခါမှ မမြင်ဖူးသလို မစားဝံ့သည့် အမွှေးထူတို့ဟူး ဖြစ်သည်။
၎င်းက အမွေးအမျှင်များ ရှိနေသည့် တို့ဟူးအမျိုးအစားဖြစ်ပြီး အချဉ်ဖောက်ပြီးနောက် သာမန်တို့ဟူးနှင့် အရသာမတူတော့ဘဲ နူးညံ့ပြီး အရသာရှိလှသည်။
စူးချင်းက ဟင်းပွဲစာရင်းကို ကြည့်လိုက်သော်လည်း အကျော်ကြားဆုံးထိုဟင်းပါဲကို ရှာမတွေ့ခဲ့ပေ။
သူတို့က အရာအားလုံးကို မချက်ပြုတ်နိုင်ကြောင်း စူးချင်း နားလည်သွားခဲ့ပြီး သူမက ကြက်စွပ်ပြုတ်ကို မြင်လိုက်သောကြောင့် တစ်ပွဲမှာလိုက်သည်။ ထိုနောက် ငါးဟင်းတစ်ပွဲ၊ မြေပဲတစ်ပန်းကန်၊ အသားခြောက်နှင့်မျှစ်ခြောက်များ ရောကြော်ထားသည့်ဟင်းတစ်ပွဲ၊ ထမင်းနှစ်ပန်းကန်နှင့် အရက်တစ်အိုးတို့ကိုလည်း ထပ်မှာလိုက်သေးသည်။ ထိုစားစရာများက လူတစ်ယောက်အတွက် ပြည်စုံလုံလောက်သည်ဟု ဆိုရပေမည်။
"ဧည့်သည်တော်ကြီး၊ ခဏလောက် စောင့်ပေးပါဦး"
စားပွဲထိုးက လက်ဖက်ရည်အိုးကို ချပေးရင်း စူးချင်းကို အပြုံးဖြင့် အဆိုပြုလိုက်သည်။ ထို့နောက် သူက ဟင်းပွဲစာရင်းကို ယူကာ မီးဖိုခန်းသို့ သွားပို့လိုက်သည်။
စူးချင်းက သူမဘာသာ လက်ဖက်ရည်တစ်ခွက် လောင်းထည့်ပြီး ဖြည်းညှင်းစွာ သောက်နေခဲ့သည်။ လက်ဖက်ရည်သောက်နေရင်းဖြင့် သူမ၏မျက်လုံးများက တောက်ပလာပြီး သူမ ဝယ်ထားခဲ့သည့် တောင်ပေါ်လက်ဖက်ရည်နှင့် နှိုင်းယှဉ်ကြည့်နေခဲ့သည်။ ၎င်းက မွှေးရနံ ပြေပြစ်ပြီး ချိုမြသောအရသာရှိသည်။ ဤစားသောက်ဆိုင်တစ်ဆိုင်က သူတို့၏ဖောက်သည်များအား ဝန်ဆောင်မှုပေးရန်အတွက် လက်ဖက်ရည်ကောင်းကို အသုံးပြုနေခဲ့ပြီး သူတို့၏လုပ်ငန်းက ကောင်းမွန်နေခြင်းက အံ့သြစရာ မရှိတော့ပေ။
စူးချင်း တွေးနေစဥ်မှာပင် တံခါးအပြင်ဘက်မှ စစ်သည်တစ်စု ဝင်လာခဲ့သည်။ အရှေ့ဆုံးမှ လူက အရပ်ရှည် သန်မာသည့်အပြင် အားမာန်ပြည့်နေသည့် ကျားမျက်လုံးတစ်စုံကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူ့မျက်နှာက ဂုဏ်သိက္ခာရှိပုံပေါ်နေသော်လည်း သူ့မျက်လုံးများက စူးရှလွန်းလှသည်။ တံခါးဝသို့ ဝင်လိုက်သည်နှင့် သူက ဆိုင်ထဲသို့ တစ်ချက်ဝေ့ကြည့်လိုက်ပြီး စူးချင်းကို မြင်လိုက်ချိန်တွင် သူ့မျက်လုံးများက ထိုနေရာတွင် ရပ်တန့်သွားခဲ့သည်။