တိုင်ဆိုင်လွန်းတဲ့ ကံကြမ္မာ
Vol. 23 Ch. 333
စူးချင်းက သူ့အကြည့်များကို အေးအေးဆေးဆေး တုံ့ပြန်လိုက်သည်။ ချန်ယွိ အပါအဝင် သူ့၏လက်အောက်များနှင့်အတူ အချိန်များစွာ ကုန်ဆုံးခဲ့ဖူးသော စူးချင်းက သူ၏ ၀တ်စားဆင်ယင်မှုကို ကြည့်ပြီး သူ၏အနေအထားကို သေချာပြောနိုင်နေပြီ ဖြစ်သည်။ ဒီလူရဲ့ရာထူးက ချန်ယွိရဲ့အထက်မှာ ရှိတယ်။ သူက ကျင့်ရှီလျိုမြောင်မှာ ရှိနေတဲ့ စစ်တပ်တဲ့ အမြင့်ဆုံးခေါင်းဆောင် ဖြစ်နိုင်လား?
စူးချင်းက သူ့ကို ခပ်အေးအေး ပြန်ကြည့်နေသည်ကို မြင်လိုက်ရသောကြောင့် ရန်ရှစ်ခွမ်းက သူ့၏မျက်ခုံးထူထူများကို ပင့်တင်လိုက်ပြီး သူမကို ပိုအာရုံစိုက်မိသွားခဲ့သည်။
ဒီကောင်မလေးက သူ့ကို ပြန်ကြည့်ဝံ့တယ်တဲ့လား? ကြည့်ရတာ မျက်နှာသစ် ထင်တယ်။ သူမ ကျင့်ရှီလျိုမြောင်ကို အခုမှ ရောက်တာ ဖြစ်နိုင်တယ်။
"သူ့(မ)ရဲ့အထောက်အထားကို သွားစစ်ဆေးလိုက်"
ရန်ရှစ်ခွမ်းက သူ့နောက်မှ လက်ထောက်စစ်သူကြီးကို အမိန့်ပေးလိုက်သည်။ ထိုအချိန်တွင် ဆိုင်ရှင်က တောက်ပသော အပြုံးဖြင့် သူ့ထံသို့ အမြန်သွားနေခဲ့သည်။
“စစ်သူကြီးရန်၊ ဒီမနက် ဘာ့ကြောင့် ငှက်ကျားကလေးတွေ အော်ဟစ်သံတွေ ကြားနေရတာလဲလို့ တွေးနေမိတာ။ မြင့်မြတ်တဲ့ ဧည့်သည်တော်ကြီး ရောက်လာတာပဲ”
ရန်ရှစ်ခွမ်းက ပြန်နှုတ်ဆက်သည့်အနေဖြင့် ဆိုင်ရှင်ကို ခေါင်းပြန် ညိတ်ပြလိုက်သည်။ သူ့၏စူးရှသောမျက်လုံးများက စူးချင်းကို ကြည့်နေဆဲဖြစ်သော်လည်း ဆိုင်ရှင်ကို ဖြည်းဖြည်းချင်း ပြန်မေးလိုက်သေးသည်။
"ဆိုင်ရှင်၊ သီးသန့်ခန်း ရှိသေးလား?"
"ဟုတ်ကဲ့... ရှိပါတယ်။ ကျွန်တော် စစ်သူကြီးကို အပေါ်ထပ်အထိ လိုက်ပို့ပေးပါ့မယ်"
ဆိုင်ရှင်က ရန်ရှစ်ခွမ်းကို အပြုံးဖြင့် ဖိတ်ခေါ်ပြီး အပေါ်ထပ်သို့ ချက်ချင်းတက်သွားတော့သည်။ ရန်ရှစ်ခွမ်းက နောက်သို့ လှည့်ကြည့်လိုက်ပြီး လက်ထောက်စစ်သူကြီးက သူ့နှင့်အတူ အပေါ်ထပ်သို့ မလိုက်လာဘဲ စူးချင်းအား စစ်ဆေးမေးမြန်းရန် သွားနေသည်ကို သူ မြင်လိုက်ရသည်။
"မင်းက မော့ချန်ကလား?"
လက်ထောက်စစ်သူကြီးက မြို့စောင့်တပ်သားများ မေးခဲ့သည့် တူညီသောမေးခွန်းကိုသာ ထပ်မေးနေခဲ့သည်။ စူးချင်းက ခေါင်းညိတ်လိုက်ပြီး လက်ထောက်စစ်သူကြီးက သူမ၏ခရီးသွားလက်မှတ်နှင့် အိမ်ထောင်စုစာရင်း မှန် မှန် သေသေချာချာ စစ်ဆေးနေခဲ့သည်။
စူးချင်းက သူ စစ်ဆေးနေသည်ကို စိတ်ရှည်ရှည် စောင့်ဆိုင်းပေးနေခဲ့ပြီး စာရွက်စာတမ်းများအားလုံး မှန်ကန်ကြောင်း အတည်ပြုပြီးသွားချိန်တွင် လက်ထောက်စစ်သူကြီးက စူးချင်း အဘယ်ကြောင့် ဤနေရာတွင် ရှိနေကြောင့် ထပ်မေးလာခဲ့သည်။
“အိမ်ကြီးတစ်လုံးလောက် ဝယ်ချင်လို့။ အိမ်ဘယ်မှာ ရောင်းလဲဆိုတာ အရာရှိကြီး သိလား?"
စူးချင်းက ပွဲစားပင် မရှာတော့ဘဲ လက်ထောက်စစ်သူကြီးကို တိုက်ရိုက်မေးမြန်းလိုက်သည်။
"ငါ မသိဘူး"
လက်ထောက်စစ်သူကြီးက ခေါင်းခါလိုက်ပြီး စာရွက်စာတမ်းများအား စူးချင်းထံသို့ ပြန်ပေးလိုက်သည်။
“မင်း သိချင်ရင် ဆိုင်ရှင်ကို မေးလို့ ရတယ်။ သူ သိနိုင်တယ်။ မဟုတ်ရင် မင်း ကြားခံကိုယ်စားလှယ်တစ်ယောက်ဆီကို သွားမေးလို့ ရတယ်"
လက်ထောက်စစ်သူကြီးက လူဆိုးမဟုတ်ပေ။ စူးချင်းက တစ်ယောက်တည်း ဖြစ်နေသည့်အပြင် မိန်းကလေးတစ်ဦးပါ ဖြစ်နေကြောင်း သူ မြင်နေရသောကြောင့် ကြင်နာစွာ ပြောပြလိုက်သည်။
"ကျေးဇူးတင်ပါတယ် လူကြီးမင်း"
စူးချင်းက သူမ၏ကျေးဇူးတင်မှုကို ဖော်ပြရန် အနည်းငယ် ပြုံးပြလိုက်သည်။ စူးချင်း၏အပြုံးက ချစ်စရာကောင်းလွန်းသောကြောင့် လက်ထောက်စစ်သူကြီးပင် အနည်းငယ် ရှက်သွားပုံရပြီး မျက်လွှာချကာ နောက်ပြန်လှည့်မကြည့်တော့ဘဲ အပေါ်ထပ်သို့တက်သွားသည့် သူ့အထက်အရာရှိနောက်သို့ လိုက်သွားတော့သည်။
"ကြွယ်ဝခြင်း ကြက်စွပ်ပြုတ်၊ ငါးကျောက်စိမ်းနီ၊ မိသားစုရတနာ မျှစ်ဟင်းလျာ"
"ကျောက်စိမ်းအရက်တစ်အိုး"
စားပွဲထိုးက ဟင်းပွဲအမည်များကို ကြေငြာပေးနေခဲ့သည်။ မသိလျှင် စူးချင်းက တောင်နှင့်ပင်လယ်များ၏ ထိပ်တန်းအရသာတချို့ကို မှာကြားထားသည်ဟုပင် ထင်နေကြပေလိမ့်မည်။ စားပွဲထိုးက အရက်၏အမည်ကို ကြေငြာလိုက်ချိန်တွင် စူးချင်းက ဤစားသောက်ဆိုင်ပိုင်ရှင်တွင် အမည်ကောင်းပေးနိုင်သည့်စွမ်းရည် ရှိကြောင်း ခံစားလိုက်ရသည်။
စူးချင်းက အရက်တစ်ခွက်ကို လောင်းထည့်လိုက်ပြီး အရက်၏အရောင်ကို စစ်ဆေးရန် ခွက်ကို ခါယမ်းကြည့်လိုက်သည်။ အရက်၏အရောင်နှင့် ရနံ့က သူမ စပ်ထားသည့်အရက်ထက် အရည်အသွေး ပိုနိမ့်ကြောင်း သူမ တွေ့လိုက်ရသည်။
သို့သော်လည်း ထိုအရာကို အရက်ကောင်းဟု ဆိုနိုင်ပေသည်။ တစ်အိုးလောက် သောက်လျှင် မူးသွားလိမ့်မည်ဟု သူမ ခန့်မှန်းလိုက်သည်။
စူးချင်းကတော့ တစ်ငုံသာ သောက်လိုက်ပြီး ထပ်သောက်ရန် စိတ်မဝင်စားတော့ပေ။ “ချိုမြိန်သော်လည်း တခြားအရသာမရှိ” ဟူသော စကားဖြင့်သာ ဖော်ပြရပေလိမ့်မည်။
စူးချင်းက ဟင်းလေးမျိုးထဲမှ ကြွယ်ဝခြင်း ကြက်စွပ်ပြုတ်ကို အကြိုက်ဆုံးဖြစ်သည်။ ကြက်သားက ရွှေရောင်အရေခွံနှင့် တောက်ပသော အသားရောင် ရှိပြီး ထိုကြက်ကို လွတ်လွတ်လပ်လပ် မွေးမြူထားသည်မှာ ထင်ရှားနေလေသည်။ အရောင်နှင့်ပင် စွဲမက်ဖွယ်ကောင်းနေခဲ့သည်။
စူးချင်းက ဇွန်းကို ကောက်ကိုင်လိုက်ပြီး တစ်ငုံချင်းစီ ခပ်ဖြည်းဖြည်း သောက်နေခဲ့သည်။ ကြက်စွပ်ပြုတ်က အလွန်အရသာရှိပြီး သူမ၏ဝမ်းဗိုက်ကို ပူနွေးလာစေခဲ့သည်။ မီး လုံလုံလောက်လောက်ဖြင့် ပြုတ်ထားသည့် ကြက်ကောင်းကြောင့် ထိုအကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေနိုင်သလားဟုပင် သူမ တွေးနေခဲ့သည်။
အပေါ်ထပ်တွင် ရန်ရှစ်ခွမ်းက လက်ထောက်စစ်သူကြီး၏သတင်းပို့မှုကို အမူအရာမဲ့ နားထောင်နေခဲ့သည်။ လက်ထောက်စစ်သူကြီး၏စကားများကို နားထောင်ပြီးနောက် သူ့က သူ့မျက်ခွံကိုသာ မော့ကြည့်လာခဲ့သည်။
"အိမ်ဝယ်ဖို့ လာတယ်လို့ ပြောတယ်ပေါ့"
"ဟုတ်ပါတယ်၊ အဲ့လို ပြောလိုက်တာပါ"
"သူ(မ)တစ်ယောက်တည်း နေရမှာ မကြောက်ဘူးလား?"
ရန်ရှစ်ခွမ်းက မျက်မှောင်ကြုတ်လိုက်သည်။
ဒီမိန်းကလေးဆီကနေ လူသတ်ရိပ်တွေ ထွက်နေတယ်။ သူမ အဲ့နေရာမှာ ငြိမ်ငြိမ်လေး ထိုင်နေရင်တောင် သူမဆီကနေ ထွက်နေတဲ့ လူသတ်ရောင်ဝါက အလွယ်တကူ လျစ်လျူရှုနိုင်တဲ့ အရာမျိုး မဟုတ်ဘူး။
သူမရဲ့မျက်လုံးတွေက တောက်ပပြီး မာန်ပါနေလွန်းတယ်။ သူ့အကြည့်နဲ့ ရင်ဆိုင်နေရတာတောင် သူမက တည်ငြိမ်ပြီးရင်း တည်ငြိမ်နေသေးတယ်။ သူမက မုန်တိုင်းတွေ အများကြီးကို တွေ့ဖူးခဲ့ပြီး လေဒဏ် မိုးဒဏ်ကို ဖြတ်ကျော်ခဲ့ဖူးတာ သိသာနေတယ်။
ဒါပေမယ့် သူမကို ကြည့်ရသည်မှာ အသက်ဆယ့်ခုနစ်နှစ် ဒါမှမဟုတ် ဆယ့်ရှစ်နှစ်လောက်ပဲ ရှိသေးပုံရတယ်။ ဒီအရွယ်မိန်းကလေးတစ်ယောက်မှာ ဘာလို့ ဒီလို ရင့်ကျက်မှုမျိုး ရှိနေနိုင်ရတာလဲ?
"သူ(မ)နောက် လိုက်ကြည့်ဖို့ တစ်ယောက်ယောက်ကို လွှတ်ထားလိုက်"
ရန်ရှစ်ခွမ်းက စိုးရိမ်နေဆဲဖြစ်ပြီး သူ့၏လက်ထောက်စစ်သူကြီးကို အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့”
လက်ထောက်စစ်သူကြီးက လက်သီးအုပ်ကာ အမိန့်နာခံကြောင်း တုံ့ပြန်လိုက်သော်လည်း သူ့စိတ်ထဲတွင် တိတ်တိတ်လေး ရေရွတ်နေသေးသည်။
တပ်မှူးက အရမ်းသံသယတွေ များနေတာလား?
ကလေးမလေးကိုတောင် သံသယဝင်နေသေးတယ်။
သို့သော် သူက စိတ်ထဲတွင်သာ တိတ်တဆိတ် ဝေဖန်ရဲပြီး ထိုစကားများကို လုံးတ ထုတ်မပြောရဲပေ။
စူးချင်းက အောက်ထပ်တွင် အစားအသောက်များ၏အရသာများကို မြည်းစမ်းနေခဲ့သည်။ ဆိုင်ရှင်က ဆင်းလာသသည်ကို မြင်လိုက်ချိန်တွင် သူမက ဆိုင်ရှင်ကို လက်လှမ်းပြလိုက်ပြီး “ဆိုင်ရှင်ကြီး၊ ကျေးဇူးပြုပြီး ခဏလောက် လာခဲ့ပါဦး”
ဆိုင်ရှင်က အောက်ထပ်မှ ဧည့်သည်များကို ဧည့်ခံပေးလေ့ မရှိသော်လည်း စူးချင်းက သူ့ကို အမည်တပ်ခေါ်လိုက်ခြင်းကြောင့် သူ ဧည့်ခံမပေးချင်သည့်တိုင် ယဉ်ယဉ်ကျေးကျေး ပြုံးနေကာ သူမဆီသို့ ရောက်လာခဲ့သေးသည်။
"တခုခုမှာ ချင်လို့လား? ဧည့်သည်တော်ကြီး"
“အိမ်ဝယ်ချင်လို့.... ရောင်းတဲ့သူကို သိလား?"
စူးချင်းက အိမ်တစ်လုံးဝယ်ချင်နေကြောင်း သိလိုက်ချိန်တွင် ဆိုင်ရှင်က သူမကို အကြိမ်ပေါင်းများစွာ ထပ်ခါခါ အကဲခတ်နေခဲ့သည်။ သူမက ချမ်းသာသော မိသားစုမှ မိန်းမပျိုလေးကဲ့သို့ ၀တ်စားထားပြီး သူမ၏ ပေါ်လွင်သောအမူအရာကြောင့် သူမကို လျှော့တွက်မသင့်ကြောင်း နားလည်သွားချိန်တွင် ဆိုင်ရှင်က အပြုံးဖြင့် ပြန်မေးလိုက်သည်။
" ဧည့်သည်တော်ကြီးက ဘယ်လောက်ကြီးတဲ့ အိမ်ကို ဝယ်ချင်လဲဆိုတာ သိခွင့်ရှိမလား?"
"ပိုကြီးပြီး ပိုခမ်းနားလေ ပိုကောင်းလေပဲ"
စူးချင်းက သူမ၏လိုအပ်ချက်ကို တိုက်ရိုက်တောင်းဆိုလိုက်သည်။
ပိုက်ဆံက ပြဿနာ မဟုတ်ဘူး။ ပြဿနာက သူမရဲ့ မျက်လုံးကို ဖမ်းစားနိုင်တဲ့ အိမ်တစ်အိမ် ရှိ မရှိ ဆိုတာပဲ။
"အရမ်းကြီးတဲ့ အိမ်တွေက ဈေးမပေါဘူး"
ဆိုင်ရှင်က စူးချင်း၏ ကြွယ်ဝမှုကို သွေးတိုးစမ်းလိုက်ပြီး စူးချင်းက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
“ငွေက ပြဿနာ မဟုတ်ဘူး”
သူမထံတွင် ငွေပြတ်လပ်မှု မရှိကြောင်း ဆိုင်ရှင်က နားလည်သွားပြီး ငွေရှိလျှင် ကိုင်တွယ်ရ လွယ်ကူသည်ဟု သူ တွေးလိုက်သည်။
“အမှန်အတိုင်းပြောရရင် ငါတို့ရဲ့သခင်က သူ့အိမ်ကို ရောင်းဖို့ စီစဉ်နေတယ်။ အိမ်ကို ဆောက်လုပ်တုန်းက ကုန်ကျခဲ့တဲ့ စရိတ်စက က အရမ်းကြီးမားတဲ့အတွက် စျေးကတော့ အတော်လေး များတယ်၊ လျန်သုံးသောင်းလောက် ရှိလိမ့်မယ်”
ဆိုင်ရှင်က စူးချင်း၏အမူအရာကို အကဲခတ်နေခဲ့ပြီး ဤစျေးနှုန်းက ကောင်မလေးအား ကြောက်လန့်သွားစေသည်ဟု သူ ခံစားနေမိသည်။
သူတို့ရဲ့သူဌေးက အဲ့အိမ်ကို ရောင်းနေတာ နှစ်ဝက်တောင် ကျော်နေပြီ။ လျန်သုံးသောင်းလို့ ကြားတဲ့ ဝယ်သူတိုင်းက အိမ်ကိုတောင် မကြည့်ဘဲ ပြန်ထွက်ပြေးသွားကြတယ်။
"အိမ်က ဘယ်နေရာမှာလဲ?"
စူးချင်းက အလွန်စိတ်ဝင်စားသွားခဲ့သည်။ ထိုအိမ်က လော့ချန်ရှိ သူမတို့၏အိမ်တော်နှင့် ယှဉ်နိုင်ရန် သူမ မျှော်လင့်နေမိသည်။
ပိုက်ဆံအများကြီး တောင်းရဲမှတော့ အိမ်က ကြီးကျယ်ခမ်းနားတယ်ဆိုတာ သက်သေပြနေပြီလေ။
“ဒီစားသောက်ဆိုင်ရဲ့ နောက်မှာ ရှိတယ်။ ငါတို့သခင်ရဲ့အိမ်ရှေ့မှာ စားသောက်ဆိုင် ရှိပြီး အနောက်ဘက်မှာ အိမ်ရှိတယ်”
ဆိုင်ရှင်က စားသောက်ဆိုင်၏အနောက်ဘက်သို့ အမြန်ညွှန်ပြရင်း ပြန်ဖြေလိုက်သည်။ ထိုစကားကို ကြားလိုက်ချိန်တွင် စူးချင်းက ပို၍ပင် စိတ်ဝင်စားလာခဲ့သည်။ သူမက အရက်ချက်ပြီး စားသောက်ဆိုင်ဖွင့်ရန် တွေးထားသူ ဖြစ်သည်။ သူမ အိပ်ငိုက်နေချိန်၌ တစ်စုံတစ်ယောက်က သူမအတွက် ခေါင်းအုံးတစ်လုံး ပေးလာလျှင် ထိုအရာက အကောင်းဆုံးအခွင့်အရေး ဖြစ်သည်။
“ကျွန်မကို အိမ်လိုက်ပြပေးဖို့ ဆိုင်ရှင်ကိုပဲ ဒုက္ခပေးရတော့မယ်”
စူးချင်းက ထမင်းပင် ပြီးအောင် မစားတော့ဘဲ အိမ်ကြည့်ရန် စိတ်စောနေပြီး မတ်တပ်ထရပ်ကာ ဆိုင်ရှင်ကို တောင်းဆိုလိုက်သည်။
“ရပါတယ်၊ ကိစ္စ မရှိပါဘူး”
ဆိုင်ရှင်ကလည်း အလွန်ပျော်ရွှင်နေခဲ့သည်။ သူက သူဌေးအတွက် အိမ် ကူရောင်းပေးရင် သူဌေးက သူ့ကို ပိုသဘောကျလာမှာလေ။ သူဌေး စိတ်ကျေနပ်ရင် သူကို လျန်ကိုးဆယ် လျန်တစ်ရာလောက်တောင် ဆုချီးမြှင့်နိုင်သေးတယ်။
လက်ထောက်စစ်သူကြီးက အပေါ်ထပ်သို့ ပြန်ပြေးလာပြန်ပြီး ရန်ရှစ်ခွမ်းအား သူကြားသိသမျှကို ပြန်ပြောပြလိုက်သည်။
"လျန်သုံးသောင်းအတွက် မျက်တောင်တောင် မခတ်ဘူး"
ရန်ရှစ်ခွမ်းလည်း အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
ဒီမိန်းကလေးက အရမ်းချမ်းသာကြွယ်ဝတဲ့ မိသားစုက သခင်မလေး ဖြစ်နိုင်လား?
ဒါပေမယ့် မဟုတ်သေးဘူး။ ချမ်းသာတဲ့မိသားစုက သခင်မလေးတစ်ယောက်က ဘယ်လို အပြင်ထွက်လာပြီး သူမရဲ့မျက်နှာကို လူရှေ့သူရှေ့မှာ ထွက်ပြမှာလဲ?
ရန်ရှစ်ခွမ်းက သူ့၏လက်ထောက်စစ်သူကြီးအား အမိန့်ထပ်ပေးလိုက်သည်။
“သွားစောင့်ကြည့်ထားလိုက်”
လက်ထောက်စစ်သူကြီးက သဘောတူလိုက်ပြီး အမိန့်ကို ချက်ချင်း ပြန်ထွက်ခွာသွားခဲ့သည်။ ရန်ရှစ်ခွမ်းက စူးချင်းအကြောင်း ဆက်တွေးနေပြီး ထမင်းစားချိန်အတွင်း အာရုံပြောင်းသွားခဲ့သည်။
စူးချင်းက ဆိုင်ရှင်နှင့်အတူ နောက်ဖေးတံခါးကို ဖြတ်ကျော်ပြီး စားသောက်ဆိုင်ထဲမှ ထွက်ကာ အိမ်အနောက်ဘက်သို့ ဝင်သွားခဲ့သည်။
အလယ်တွင် စင်္ကြံတစ်ခုရှိပြီး လမ်းအနည်းငယ်လျှောက်ပြီးနောက် အိမ်သို့ ရောက်လာခဲ့ကြသည်။ သုံးထပ်အိမ်ကြီးက အလွန်ခမ်းနားပြီး အတွင်း၌ ကျောက်တောင်တုများ၊ ရေကန်များ၊ တံတားများနှင့် လူသွားစင်္ကြံများ ပါရှိသည်။ အိမ်ကြီးကို လှလှပပ ပုံဖော်ထားသည့် ထုပ်တန်းများ၊ တိုင်များ၊ အဖြူရောင်စကျင်ကျောက်လှေကားထစ်များဖြင့် အလှဆင်ထားပြီး တံခါးတိုင်များကို အနီရောင်ခြယ်ထားသည်။ ပန်းမျိုးစုံလည်း ရှိနေသေးပြီး အရာအားလုံးက သပ်သပ်ရပ်ရပ် ဖြစ်ကာ သူမ၏ဖခင်ကြိုက်တက်သည့် ပုံစံမျိုး ဖြစ်သည်။
စူးချင်းက အိမ်ကို မြင်မြင်ချင်း သဘောကျသွားပြီး သူမ၏အမူအရာကို အကဲခတ်နေသည့် ဆိုင်ရှင်အား လှည့်ပြောလိုက်သည်။
“ဆိုင်ရှင်၊ ရှင့်ရဲ့သူဌေးဆီကို ခေါ်သွားပေးပါ။ ကျွန်မ ဒီအိမ်ကို လိုချင်တယ်"
"ကောင်းပါပြီ၊ ငါ အခုပဲ သူဌေးကို သွားရှာလိုက်မယ်"
ဆိုင်ရှင်က အလွန်ပျော်ရွှင်နေခဲ့သည်။
သူ ဒီနေ့ ကံကောင်းတယ်။
"ဟားဟား၊ မိန်းကလေး မင်းက ပစ္စည်းကောင်းတွေကို မြင်တက်တာပဲ!"
ထိုအချိန်တွင် လူငယ်တစ်ယောက်က ကျယ်လောင်စွာ ရယ်မောရင်း အိမ်ထဲသို့ ဝင်လာခဲ့သည်။ စူးချင်းက သူ့ကို ရင်းနှီးနေသည်ဟု တွေးလိုက်မိသော်လည်း ထိုလူကို ဘယ်မှာတွေ့ဖူးခဲ့မှန်း သူမ မမှတ်မိတော့ပေ။