အိမ်ဝယ်ခြင်း
Vol. 23 Ch. 334
“သခင်မလေး၊ မင်းက အမြင်ကောင်း ရှိတယ်။ ငါ ဒီအိမ်ကို ဆောက်ဖို့ အချိန်ရော လူပါ အများကြီး အားစိုက်ထုတ်ခဲ့တာ၊ တာ့ရှားမှာရှိတဲ့ ကျွမ်းကျင်လက်သမားတွေ အားလုံးကိုလည်း ဖိတ်ခေါ်ခဲ့ရတယ်"
ချူကျင်းဖုန်းက စူးချင်းကို အပြုံးဖြင့် ကြည့်နေခဲပြီး သူ့ထံတွင် မက်မွန်ပွင့်ပုံစံ မျက်လုံးတစ်စုံ ရှိနေသောကြောင့် သူ ပြုံးလိုက်ချိန်တွင် သူ့မျက်လုံးထဲမှ ကြယ်ရောင်များတောက်ပသလို ဖြစ်နေခဲ့သည်။ သူ့မျက်လုံး၏ထောင့်စွန်းမှ မှဲ့လေးက သူ့၏ဆွဲဆောင်မှုကို ပိုတိုးလာစေသည်။
“ဒီအိမ်ကို ကြိုက်တယ်။ လျန်သုံးသောင်း မဟုတ်လား? ကျွန်မ အခု စပေါ်ငွေ ပေးချေခဲ့မယ်၊ မနက်ဖြန်မှာ ငွေအပြည့်ချေပြီး စာချုပ်မှာ လက်မှတ်ထိုးမယ်"
စူးချင်းက ဤလူကို မည်သည့်နေရာတွင် တွေ့ဖူးသည်ကို မမှတ်မိသောကြောင့် သူမက ထိုအကြောင်းကို မတွေးတော့ဘဲ လိုရင်းကိုသာ ချက်ချင်း ပြောလိုက်သည်။
သူမက ဒီအိမ်ကြီးကို မျက်စိကျနေပြီ။ စျေးနှုန်းလည်း သိပြီးနေပြီဆိုတော့ ထပ်မေးစရာ မလိုတော့ဘူး။ ခုန ဆိုင်ရှင်ရဲ့ပြောစကားအရ သူတို့သူဌေးက ဒီအိမ်ကို လျန်သုံးသောင်းအောက်နဲ့ လုံးဝ မရောင်းဘူးဆိုတော့ ဈေးထပ်ဆစ်နေဖို့လည်း မလိုအပ်တော့ဘူး။
“သခင်မလေးက စိတ်ဓာတ်တက်ကြွတဲ့သူပဲ။ ဒါပေမယ့် ဒီလူက သခင်မလေးရဲ့ အကျင့်စရိုက်ကို သဘောကျတယ်”
ချူကျင်းဖုန်း၏ နှုတ်ခမ်းပေါ်ရှိ အပြုံးက ကောင်းကင်တွင် တောက်ပနေသည့် နေမင်းထက်ပင် ပို၍ တောက်ပနေခဲ့သည်။ စူးချင်းကို ကြည့်နေသည့် သူ့၏မက်မွန်ပွင့်ပုံ မျက်ဝန်းများတွင် အပြုံးရိပ်များ ရှိနေပြီး သူ့အသံကလည်း ကြည်လင်သာယာလွန်းလှသည်။
စူးချင်းက သူ့ကို ဘာသိဘာသာ တစ်ချက်ကြည့်လိုက်သည်။
ဒီယောက်ျားမှာ မိန်းခလေးတစ်ယောက်ရဲ့မျက်နှာ သွင်ပြင်ရှိနေပြီး နတ်ဆိုးဆန်တဲ့ မျက်နှာပေးရှိတယ်။ သူမက ဒီလိုလူတွေကို အမုန်းဆုံးပဲ။
ချူကျင်းဖုန်းသာ စူးချင်း သူ့အပေါ်ထားသည့် ပထမဆုံးအထင်အမြင်ကို သိနိုင်ခဲ့လျှင် သေသည်အထိ နောင်တရသွားပေလိမ့်မည်။ သူက ချောမောပြီး ချစ်စရာကောင်းသောကြောင့် ငယ်ရွယ်သော မိန်းကလေး ထောင်ပေါင်းများစွာကို စွဲဆောင်ထားနိုင်ခဲ့သည်။ သို့သော်လည်း လက်ရှိတွင် သူက အချစ်နှင့်သက်ဆိုင်သည့် ခံစားချက်များကို နားမလည်နိုင်သည့် ယောက်ျားဆန်ဆန် မိန်းကလေးတစ်ယောက်နှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
"စရံငွေ ဘယ်လောက်လိုချင်လဲ?"
စူးချင်းက သူနှင့် စကားစမြည်ပြောရန် အချိန်မဖြုန်းချင်သောကြောင့် ငွေစက္ကူများကို ထုတ်ကာ စပေါ်ငွေပေးရန် ပြင်ဆင်လိုက်သည်။
“သခင်မလေး၊ တောင်းပန်ပါတယ်။ ငါ ဒီအိမ်ကို မရောင်းချင်တော့ဘူး"
ချူကျင်းဖုန်းက ပြုံးနေသေးသော်လည်း သူပြောလိုက်သည့်စကားက အငြင်းစကား ဖြစ်နေခဲ့သည်။ သူက သူ့ကိုယ်သူ ပိုချောမောပြီး ခန့်ညားနေစေရန် သူ့ကျောကိုပင် ဖြောင့်တန်းထားခဲ့သည်။
စူးချင်းက သူ့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး မဆိုင်းမတွ ပြန်လှည့်ထွက်သွားတော့သည်။
ချူကျင်းဖုန်းက စူးချင်းတွင် ထိုကဲ့သို့ ပြတ်သားသော စရိုက်မျိုးရှိလိမ့်မည်ဟု လုံးဝ မျှော်လင့်ထားခဲ့ပေ။ သူ လှည့်ဖျားရန်ပင် ဂရုမစိုက်နိုင်တော့ဘဲ သူမနောက်သို့ အမြန် လိုက်လာရတော့သည်။ သူ့အသံက ကျောက်စိမ်းပန်ကန်ပြားပေါ်သို့ ကျလာသည့် ပုလဲများကဲ့သို့ ကြည်လင်နေသော်လည်း အလောတကြီး ပြောလိုက်ရသည့်အတွက် အနိမ့်အမြင့် မညီဖြစ်လာသည်ကိုပင် သူ ဂရုမစိုက်နိုင်တော့ပေ။
“သခင်မလေး၊ သခင်မလေး”
စူးချင်းက ခေါင်းပြန် မလှည့်တော့သလို ရပ်တန့်ရန် ရည်ရွယ်ချက်လည်း ရှိပုံမပေါ်တော့ပေ။
ဆိုင်ရှင်ကလည်း အံသြနေခဲ့သည်။ မနေ့က သူဌေးက အိမ်ရောင်းချင်တယ်လို့ ပြောခဲ့ပြီး ဒီနေ့မနက်မှာ တစ်ယောက်ယောက်က အိမ်လာကြည့်တာကြောင့် သူဌေးက အဲ့လူကိုတောင် အိမ်လိုက်ပြခဲ့သေးတယ်လေ။
အခု သူက စိတ်ရင်းမှန်နဲ့ ဝယ်မယ့်သူကို ဒီနေရာကို ခေါ်ဆောင်လာခဲ့ပေမယ့် သူဌေးက ဘာလို့ မရောင်းချင်တော့တာလဲ?
သူဌေးက အိမ်ရဲ့စျေးနှုန်းကို မြှင့်တင်ချင်လို့ ဒီလို အပြင်းအထန်တဲ့ကစားပွဲ နည်းဗျူဟာကို အသုံးပြုနေတာ ဖြစ်နိုင်မလား?
စူးချင်းက လျင်မြန်လွန်းသောကြောင့် ချူကျင်းဖုန်းတစ်ယောက် သူ့ခြေဖနောင့်မှ မီးထွက်လာလုနီးပါး ပြေးလိုက်လာသော်လည်း သူမကို မမိသေးပေ။
စူးချင်းက သူမ ဝင်သွားခဲ့သည့် လမ်းကြောင်းအတိုင်း စားသောက်ဆိုင်၏အနောက်ခန်းကို ဖြတ်ကာ စားသောက်ဆိုင်မ၏ခန်းမဆီသို့ ဖြတ်လျောက်လာခဲ့သည်။ စူးချင်းတစ်ယောက် အေးစက်သောမျက်နှာဖြင့် ထွက်လာသည်ကို တွေ့လိုက်ရသော လက်ထောက်စစ်သူကြီးကလည်း စားသောက်ဆိုင်၏အနောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။ သူမ၏ခန္ဓာကိုယ်က ဆောင်းနှင်းများကဲ့သို့ အေးစက်နေပြီး သူမဘေးမှ ဖြတ်သွားသူတိုင်း အေးခဲသွားတော့မယောင်ဖြစ်နေခဲ့သည်။
သူမ ဒေါသထွက်နေတာလား? သူမ ဘယ်သူ ဒေါသထွက်သွားတာလဲ?
လက်ထောက်စစ်သူကြီး မှန်းဆနေချိန်မှာပင် ချူကျင်းဖုန်းက သူမနောက်သို့ ပြေးလိုက်နေသည်ကို သူ ထပ်တွေ့လိုက်ရပြန်သည်။ ချူကျင်းဖုန်းက စားသောက်ဆိုင်၏အနောက်ဘက်မှ ပြေးထွက်လာခဲ့ပြီး လက်ထောက်စစ်သူကြီးအား တွေ့ရသည်ကိုပင် မရပ်တန့်ဘဲ ဖြတ်ကျော်သွားခဲ့သည်။
“သခင်မလေး၊ ခဏစောင့်ပါ၊ သခင်မလေး၊ ခဏစောင့်ပါဦး။ ငါ့မှာ ပြောစရာ ရှိသေးတယ်!"
နောက်ဆုံးတွင် လက်ထောက်စစ်သူကြီးက စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထွက်လာသော ဆ်ုင်ရှင်ကို မြင်သွားပြီး သူ့ကို ချက်ချင်း လှမ်းဆွဲကာ မေးမြန်းလိုက်သည်။
"ဆိုင်ရှင်၊ ဘာတွေ ဖြစ်နေကြတာလဲ?"
“ဒီသခင်မလေးက အိမ်ကို ဝယ်ချင်ပေမယ့် သူဌေးက မရောင်းချင်တာကြောင့် သခင်မလေးက ဒေါသတကြီး ပြန်ထွက်သွားတယ်”
မည်သို့ပင် ဖြစ်စေ ဆိုင်ရှင်က သူ့သူဌေး၏ အမှားဟု မပြောရဲခဲ့ပေ။ သူ့သူဌေးက မရောင်းချင်ဘူးဟုသာ သူ ပြောနိုင်ပြီး ဈေးထပ်တက်ရန် လှည့်စားနေသည်ဟု သူ မပြောရဲပေ။
“အိုး”
လက်ထောက်စစ်သူကြီးက ခေါင်းညိတ်ပြလိုက်သော်လည်း သူက သူ့လူများအား သူမနောက်သို့ လိုက်သွားရန် အမိန့်ထပ်ပေးလိုက်သေးသည်။
ဒီသူဌေးချူက လွန်ခဲ့တဲ့နှစ်နှစ်က ကျင့်ရှီလျိုမြောင်မှာ ရုတ်တရက် ပေါ်လာခဲ့တယ်။ သူက ရောက်ရောက်ချင်း ကျင့်ရှီလျိုမြောင်မှာ အခမ်းနားဆုံးအိမ်ကြီးကို ဆောက်ခဲ့တယ်။ အဲဒီတုန်းက လူတော်တော်များများ အတော်လေး တုန်လှုပ်သွားခဲ့ရတယ်။
သူတို့ရဲ့တပ်မှူးတောင် သူဌေးချူးကို ခဏလောက် စောင့်ကြည့်ဖို့ အမိန့်ပေးခဲ့ဖူးပြီး နောက်ပိုင်းမှာ သူက စီးပွားရေးသမားတစ်ယောက်ဖြစ်တာကို သူတို့အားလုံး သိလာခဲ့ရတယ်။ ဒါပေမယ့် သူက လေးနက်တဲ့ စီးပွားရေးသမားတစ်ယောက်နဲ့တော့ မတူဘူး။ သူက ချမ်းသာတဲ့မိသားစု နောက်ခံရှိတဲ့ သခင်လေးတစ်ယောက်နဲ့ ပိုတူတယ်။ သူက သောက်စား ပျော်ပါးနေတတ်ပြီး သူ့ရဲ့စီးပွားရေးတွေကို သိပ်စိတ်ပူပုံမရဘူး။ ကံကောင်းပြီး မှန်ကန်တဲ့ ဟင်းလျာ အမျိုးအစားကို ရွေးချယ်နိုင်ခဲ့ကြောင့် သူ့လုပ်ငန်းက တခြားစားသောက်ဆိုင်တွေထက် ပိုကောင်းနေခဲ့တယ်။
သူဌေးချူက အိမ်ရောင်းချင်နေတယ်ဆိုတာကိုလည်း သူ ကြားဖူးတယ်။ လျန်သုံးသောင်းဆိုတဲ့ ကောင်းကင်ထက်မြင့်တဲ့ ဈေးကိုလည်း စကားဖြန့်ထားခဲ့သေးတယ်။ ဒီအိမ်ကို ဆောက်ပြီးချိန်မှာ လျန်သုံးသောင်းကျော် သုံးစွဲခဲ့ရတယ်လို့ လူတိုင်း ခန့်မှန်းနိုင်တယ်။ ဒါပေမယ့် ကျင့်ရှီလျိုမြောင်အတွက်တော့ လျန်သုံးသောင်းက အရမ်းစျေးကြီးလွန်းတယ် လျန်တစ်သောင်းခွဲလောက်ဆိုရင် ခြံဝင်းသုံးခုပါတဲ့ အိမ်ကောင်းကောင်းတစ်လုံး ဝယ်နိုင်နေပြီ။
အခု တစ်ယောက်ယောက်က ဝယ်ချင်တာကို သူက ဘာလို့ မရောင်းတာလဲ? ပြီးတော့ မရောင်းချင်ရင် ဘာလို့ ကောင်မလေးနောက်ကို ပြေးလိုက်နေတာလဲ?
မိန်းကလေးက လှပလို့ သူ့မှာ ရည်ရွယ်ချက်ဆိုးတွေ ရှိနေတာလား?
ထိုသို့ တွေးမိလိုက်ချိန်တွင် ဒုတိယစစ်သူကြီးက မိန်းခလေးအတွက် ပိုစိုးရိမ်သွားပြီး သူမကို ကာကွယ်ပေးရန် ပိုလိုအပ်နေပြီဟု ခံစားမိသွားခဲ့သည်။ သူက သူမနောက်သို့ လိုက်သွားရန် လူလွှတ်ထားပြီးသား ဖြစ်သော်လည်း သူ့လူများက သူမနောက်သို့ မလိုက်နိုင်မည်ကို သူ စိုးရိမ်နေဆဲဖြစ်သည်။
“အင်း၊ ဒီမိန်းကလေးက သိပ်စိတ်မရှည်ဘူးပဲ”
ချူကျင်းဖုန်းက မောပန်းနွမ်းနယ်သည်အထိ ပြေးလိုက်သွားပြီးမှ စူးချင်းကို မီသွားကာ သူမကို တားဆီးနိုင်ခဲ့သည်။
စူးချင်းက သူ့ကို အေးစက်စွာ ကြည့်နေပြီး သူမ၏မျက်လုံးများက နက်မှောင်ကာ လေးလံနေခဲ့သည်။ သူမ စကားတစ်ခွန်းမှ မပြောခဲ့သော်လည်း သူမ၏အသွင်အပြင်က ပြောင်းလဲနေပြီး ထိုအရာက ချူကျင်းဖုန်းအပေါ်သို့ မြင့်မားသောတောင်တန်းကြီးတစ်ခု ဖိနှိပ်ထားသလို ခံစားရစေသည်။
“သခင်မလေး၊ စိတ်မဆိုးပါနဲ့။ ဒီအိမ်ကို အထူးအကြောင်းပြချက် တစ်ခုကြောင့် မရောင်းနိုင်ပေမယ့် နောက်ထပ် ပြီးပြည့်စုံတဲ့ အိမ်တစ်လုံးကို ငါ သိပါတယ်။ သခင်မလေး စိတ်မဆိုးတော့ဘူးဆိုရင် ဒီလူက သခင်မလေးကို အဲဒီနေရာအထိ ကိုယ်တိုင် ခေါ်သွားပေးပါ့မယ်"
ချူကျင်းဖုန်းက စူးချင်းဘက်သို့ လက်သီးအုပ်တောင်းပန်လိုက်ပြီး သူမကို လေးလေးနက်နက် ရှင်းပြလိုက်သည်။
ဒီမိန်းကလေး ဘယ်လောက်အစွမ်းထက်တယ်ဆိုတာကို သူ သိထားပြီး သူမ လက်ချက်မိသွားရင် သူ အသက်ရှင်နိုင်ဖို့သေချာပါ့မလားတောင် သူ မသိတော့ဘူး။
ချူကျင်းဖုန်း၏ စကားကို ကြားလိုက်ရသည့်အပြင် သူက အဆုံးထိ ဦးညွှတ်နေပြီး သူ၏ရိုးသားမှုကို မြင်လိုက်ရသောကြောင့် စူးချင်း၏ မျက်နှာပေါ်မှ အေးစက်မှုက အနည်းငယ် မှိန်ဖျော့သွားခဲ့သည်။ ထို့နောက် သူမက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။
“ဒါဆို ကျွန်မ ဒီကသခင်လေးကိုပဲ အနှောက်အယှက်ပေးရတော့မယ်”
သူမ ရှေ့က လူမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေမှာက်ုတော့ သူမ မကြောက်ပါဘူး။ အဲ့လို ဖြစ်လာခဲ့ရင် သူ့ဘဝက ဆုံးသွားလိမ့်မယ်။
"ရပါတယ်။ ဒါက ငါ့ဘက်က အမှားပါ"
စူးချင်း သဘောတူလိုက်သည်ကို မြင်လိုက်ရသောကြောင့် ချူကျင်းဖုန်းက စိတ်သက်သာရာရသွားပုံပေါ်သည်။ သူက နွေဦးလေညင်းကဲ့လို ထပ်ပြုံးပြရန် ကြိုးစားလိုက်သော်လည်း စူးချင်းက သူ့အပြုံးကို နှစ်သက်ပုံမရပေ။ သူ့ခန္ဓာကိုယ်ပေါ်သို့ အေးစက်စက် ဖိအားများ ထပ်ရောက်လာသောကြောင့် ချူကျင်းဖုန်းက သူ့အပြုံးကို ကမန်းကတမ်း ရပ်လိုက်ပြီး လေးလေးနက်နက် အမူအရာဖြင့် ရှေ့မှ လျှောက်သွားတော့သည်။
သူက လမ်းလျှောက်နေရင်း စူးချင်းကို မိတ်ဆက်ပေးနေခဲ့သည်။
"ငါ ခုန ပြောခဲ့တဲ့အိမ်က အထည်ကုန်သည်ကြီးကျန်း ပိုင်တဲ့အိမ်မှာ။ သူက ကျန်းနန်က ကျွမ်းကျင်လက်သမားဆရာတွေကို ငှားရမ်းခဲ့တယ်။ ဒီလူ အိမ်ဆောက်တုန်းက လူအိုကြီးကျန်းမိသားစုရဲ့ အိမ်ပုံစံတချို့ကိုတောင် တောင်းရမ်းခဲ့သေးတယ်။ အဲ့အိမ်ကိုလည်း ကျင့်ရှီလျိုမြောင်ရဲ့ထိပ်တန်းအိမ်လို့ ယူဆနိုင်ပါတယ်”
ထိုစကားကို ကြားလိုက်ချိန်တွင် စူးချင်းက သဘောတူလိုက်သည်။
အကောင်းဆုံးကို မရွေးချယ်နိုင်မှတော့ ဒုတိယအကောင်းဆုံးကို ရွေးချယ်လိုက်ကြတာပေါ့။ မကြိုက်တာတွေ ရှိရင်လည်း နွေဦးရာသီအပြီးမှာ ပြုပြင်မွမ်းမံလို့ ရနိုင်သေးတယ်။
အခုအချိန်မှာ အရေးကြီးဆုံးက အိမ်ဝယ်နိုင်ဖို့ပဲ။
နှစ်ယောက်သား စကားစမြည်ပြောရင်း ထိုအိမ်ရှေ့သို့ ရောက်လာကြသည်။ စူးချင်းက ဟွေ့ပုံစံ အဆောက်အဦးကို မြင်လိုက်ရပြီး မြင်းခေါင်းပုံသဏ္ဍန် နံရံများ၊ သစ်ထွင်းပန်းပုများ၊ ကျောက်တုံးပန်းပုရုပ်များနှင့် အလှဆင်တံခါးပုံများ ပါရှိသည်။ ထူးခြားဆန်းသစ်သော ပုံစံဖြင့် အလှဆင်ထားပြီး အလွန်ခံ့ညားလှသည်။
စူးချင်းက အပြင်မှ ကြည့်ရုံဖြင့် သဘောကျနေပြီး ချူကျင်းဖုန်းက သူမကို ဘေးမှ ကြည့်နေခဲ့သည်။ စူးချင်း သဘောကျနေသည့် အမူအရာကို မြင်လိုက်ချိန်တွင် သူက တံခါးကို ချက်ချင်းခေါက်လိုက်တော့သည်။
တံခါးခေါက်လိုက်ပြီး တံခါးလာဖွင့်ပေးမည်ကို စောင့်ဆိုင်းနေချိန်တွင် သူက “အထဲမှာ ရေကစားဖို့ ကြာရေကန်လည်း ရှိတယ်။ ကျင့်ရှီလျိုမြောင်ရဲ့ဆောင်းရာသီက ရှည်လျားတယ်လေ။ နှစ်တစ်ဝက်လောက်က ဆောင်းရာသီဆိုတော့ ကြာပန်းတွေက အေးခဲနေတတ်တယ်။ ဒါပေမယ့် နွေရာသီမှတော့ မျက်စိပသာဒဖြစ်စေဖို့ ရွှေငါးလေးတွေ မွေးမြူလို့ရတယ်”
စူးချင်းက သူ့ကို ဘာသိဘာသာ တစ်ချက်လှည့်ကြည့်လိုက်သည်။
ဒီလူက စိတ်အားထက်သန်လွန်းနေတာ မဟုတ်ဘူးလား? သူ မိတ်ဆက်ပေးနေတဲ့ပုံကလည်း သူ့အိမ်သူ့ယာအတိုင်းပဲ။
သူက ပွဲစားဖြစ်ဖို့ သင်ယူနေပြီး စျေးနှုန်းကွာခြားမှုကနေ အမြတ်ငွေ ယူချင်နေတာလား?
မည်သို့ပင်ဖြစ်စေ စူးချင်းကတော့ စိတ်မ၀င်စားပေ။
သူနဲ့ သူမက သိကြတာ မဟုတ်ဘူး။ သူ့ဆီကနေ ဘာအကူအညီမှ အလကားယူစရာလည်း မလိုဘူး။ သူမ ဒီအိမ်ကို အောင်အောင်မြင်မြင် ဝယ်နိုင်သရွေ့ အခကြေးငွေ နည်းနည်းပေးရတာက သူမအတွက် ဘာမှ မဖြစ်ဘူး။ အဲ့တာက တန်ရာတန်ကြေးပဲ။
ခြံတံခါး ပွင့်လာပြီး တံခါးလာဖွင့်ပေးသည့် အစေခံက ချူကျင်းဖုန်းကို မြင်သွားပြီး တခုခု ပြောရန် ပြင်လိုက်သော်လည်း ချူကျင်းဖုန်း၏အကြည့်များက သူ့စကားများကို တားဆီးလိုက်ဟန်ရှိသည်။