← Chapters

ချိတ်နဲ့တူတဲ့ မျက်လုံးတစ်စုံ

Vol. 23 Ch. 336

ချိတ်နဲ့တူတဲ့ မျက်လုံးတစ်စုံ

Vol. 23 Ch. 336

စူးချင်း၏အမူအရာက တစ်ဖန် မည်းမှောင်လာပြီး ချူကျင်းဖုန်းကို ကြည့်နေသည့် သူမ၏အကြည့်များမှ ကြောက်မက်ဖွယ်ကောင်းသော လူသတ်ရိပ်များ ထွက်ပေါ်လာခဲ့သည်။

“သခင်မလေး ငါ့ကို နားလည်မှုမလွဲပါနဲ့။ ငါက မင်းကို အခွင့်ကောင်းယူချင်လို့ မဟုတ်ပါဘူး။ မင်း တစ်ယောက်တည်း အပြင်မှာနေတာက မလုံခြုံဘူးလို့ ငါတွေးမိပြီး မင်းအတွက် စိုးရိမ်လို့ပါ။ ငါ့အိမ်မှာ အခန်းလွတ်တွေ အများကြီးရှိတယ်။ ငါ့မှာ မင်းနဲ့ပတ်သက်တဲ့ မမှန်ကန်တဲ့ အတွေးမျိုးတွေ ရှိနေရင် မင်း ငါ့ကို ဓားနဲ့ထိုးသတ်နိုင်ပါတယ်"

စူးချင်း၏ဒေါသကို မြင်လိုက်ရသဖြင့် ချူကျင်းဖုန်းက သူ့လက်ကို အလျင်အမြန် မြှောက်လိုက်ပြီး သူ့လက်ချောင်းများကို ထောင်ကာ ကျိန်ဆိုလိုက်သည်။

စူးချင်းက သူ့ကို လျစ်လျူရှုကာ လှည့်ထွက်သွားပြီး သခင်လေးချူကို သခင်ကြီးကျန်း၏အိမ်အပြင်ဘက်တွင် တစ်ယောက်တည်း ချန်ထားခဲ့‌သည်။

ချူကျင်းဖုန်းက သူမ ထွက်သွားသည်ကို လှမ်းကြည့်နေခဲ့ပြီး သူ့နှုတ်ခမ်းထောင့်များက ကွေးညွတ်လာခဲ့သည်။ သူက လက်ကို ကျောနောက်ပစ်လျက်အနေအထားအတိုင်း ခပ်မတ်မတ်ရပ်နေခဲ့ပြီး သူ၏မျက်လုံးများက နက်နဲလွန်းနေကာ ဉာဏ်ပညာနှင့် ပြည့်စုံမှန်း သိသာထင်ရှားနေသည်။ သူ့၏အသွင်အပြင်က ယခင်ကနှင့် လုံးဝ မတူတော့ပေ။

စူးချင်းက ကျန်းနန်စားသောက်ဆိုင်သို့ ပြန်သွားခဲ့ပြီး သူမ၏မြင်းနက်ကြီးအား ပြန်ထုတ်ယူပေးရန် စားပွဲထိုးအား တောင်းဆိုလိုက်သည်။ ထိုနောက် သူမက မြင်းကို ကျောက်တုံးလမ်းအတိုင်း ဆွဲခေါ်သွားရင်း သူမ အနားယူချင်သော တည်းခိုဆောင်ဆီသို့ ဦးတည်လိုက်သည်။

လက်ထောက်စစ်သူကြီးက စူးချင်း သခင်ကြီးကျန်း၏အိမ်တော်ထဲမှ ဘေးဘေးကင်းကင်းဖြင့် ပြန်ထွက်ခွာသွားသည်ကို စောင့်ကြည့်နေပြီးမှ သူမ နောက်သို့ တောက်လျှောက်လိုက်သွားခဲ့သည်။

စူးချင်းက သူမနောက်သို့ တစ်စုံတစ်ယောက် လိုက်နေသည်ကို ရိပ်မိနေခဲ့သော်လည်း သူမ ထိုလူ့ထံမှ အန္တရာယ် အငွေ့အသက်ကို မခံစားရပေ။ ထို့ကြောင့် စူးချင်းက စားသောက်ဆိုင်မှာ သူမ တွေ့ခဲ့သည့် စစ်သူကြီးရန် ဖြစ်မည်ဟု တွေးထားခဲ့သည်။

သူက သူမကို စုံစမ်းစစ်ဆေးဖို့ တစ်ယောက်ယောက်ကို စေလွှတ်ခဲ့တာ ဖြစ်နိုင်တယ်။

သူမ အနာဂတ်တွင် ကျင်းရှီလျိုမြောင်သို့ ပြောင်းရွေ့ရမည် ဖြစ်သောကြောင့် စူးချင်းက ပြသနာ မတက်ချင်သေးပေ။ ထို့ကြောင့် သူမက သူတို့ကို စူးစမ်းခွင့်ပေးထားခဲ့သည်။ စုံစမ်းမှုတွင် ပြဿနာမရှိပါက သူတို့အနေဖြင့် သူမကို ဆက်နှောင့်ယှက်တော့မည် မဟုတ်ပေ။

လမ်းဘေးတွင် နှစ်ထပ်တည်းခိုဆောင်တစ်ခုကို သူမ တွေ့လိုက်ရပြီး ထိုတည်းခိုဆောင်ကို ရွှံ့အုတ်များဖြင့် တည်ဆောက်ထားကာ အိမ်နှင့်တူသော ခံစားမှုပေးနိုင်ရန် ဖန်တီးထားသည်။ စူးချင်းက အထဲသို့ တစ်ချက်လှမ်းကြည့်လိုက်သော်လည်း ဝင်မသွားတော့ပေ။ အများအားဖြင့် ကျန်းဟူမှလူများ(သိုင်းလောကသများ)က ဤတည်းခိုဆောင်မျိုးကို အသုံးပြုလေ့ရှိကြပြီး လူဝင်လူထွက်များကာ ဆူညံလွန်းနေသည်ကို သူမ တွေ့လိုက်ရသည်။

အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက်တွင် အထင်ကြီးဖွယ်ဆွဲဆောင်မှုရှိသော တည်းခိုဆောင်တစ်ခုကို သူမ တွေ့လိုက်ရသည်။ ၎င်းကို မြောက်ပိုင်းပုံစံဖြင့် တည်ဆောက်ထားသော်လည်း အရှေ့တံခါးတွင် ခန့်ခန့်ညားညား ထွင်းထုပုံဖော်ထားသည့် ထုပ်တန်းများနှင့် ဆေးနီသုတ်ထားသည့် တိုင်ကြီးများ ရှိနေသည့်အတွက် တော်တော်လေး ကြည့်ကောင်းလှသည်။

စူးချင်းက သူမ၏မြင်းကို ဆွဲထားရင်း ထိုနေရာသို့ သွားလိုက်သည်။ စားပွဲထိုးတစ်ယောက် ချက်ချင်း ထွက်လာပြီ သူမ၏မြင်းကို မြင်းဇောင်းသို့ ခေါ်ဆောင်သွားလေသည်။

စူးချင်း အထဲသို့ ဝင်လိုက်သည်နှင့် ဆိုင်ရှင်က သူ့ကို အပြုံးဖြင့် ဆီးကြိုကာ “သခင်မလေး၊ အဆင့်မြင့်ခန်း လိုချင်လား? ဒါမှမဟုတ် သာမန်အခန်းလိုချင်လား?”

"အဆင့်မြင့်အခန်း... ရေနွေးတစ်ပုံးပါ ယူလာခဲ့ပေး"

စူးချင်းက သဘာဝကျကျပင် သာမန်အခန်းတွင် မနေနိုင်ပေ။ အဆင်မြင့်အခန်းများက တိတ်ဆိတ်နေတတ်ပြီး ဝန်ဆောင်မှုလည်းကောင်းသောကြောင့် သူမက အဆင်မြင့်အခန်းကို ရွေးချယ်လိုက်သည်။

“ကောင်းပြီ၊ တစ်ယောက်လောက် လာဦး၊ ဒီက သခင်မလေးကို အခန်းနံပါတ် ၃ ကို ခေါ်သွားပေးလိုက်ပါ”

ဆိုင်ရှင်က အပြုံးဖြင့် သဘောတူလိုက်ပြီး သူ၏လက်အောက်ငယ်သား နောက်တစ်ယောက်ကို လှည့်ကြည့်ကာပြီး စူးချင်းအား သူမ တည်းခိုမည့်အခန်းထဲသို့ ခေါ်သွားပေးရန် ညွှန်ကြားလိုက်သည်။

စူးချင်းကလည်း အနည်းငယ် ပင်ပန်းနေခဲ့သည်။ သူမ မနေ့ညက အိပ်မပျော်ခဲ့ဘဲ ယနေ့တစ်နေ့လုံးလည်း လမ်းပေါ်တွင် ရှိနေခဲ့သည်။ ထို့ကြောင့် သူမ ရေချိုးပြီး စောစော အိပ်ရန် တွေးထားခဲ့သည်။

သူမ အပေါ်ထပ်သို့ တက်သွားချိန်တွင် ချိတ်နှင့်တူသော မျက်လုံးတစ်စုံကို ခံစားလိုက်ရသည်။ စူးချင်း မော့ကြည့်လိုက်ရာ တိုင်းတစ်ပါးဝတ်စုံ ဝတ်ထားသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူက နှာခေါင်းကောက်ကောက်နှင့် လင်းယုန်မျက်လုံးများကို ပိုင်ဆိုင်ပြီး ဒုတိယထပ် လက်ရန်းကို မှီကာ သူမကို ငုံ့ကြည့်နေလေသည်။ သူ့မျက်လုံးများက သူမကို အရှင်လတ်လတ် မျိုချချင်နေပုံရပြီး သိုးတစ်ကောင်ကို မြင်နေရသည့် ဆာလောင်နေသော ဝံပုလွေနှင့်ဆင်တူလွန်းလှသည်။ သူက စူးချင်း၏ရင်ဘတ်ကိုပင် လက်လွတ်စပယ် စိုက်ကြည့်နေပြီး သူ့အကြည့်များက တစ်ဖက်လူကို စိတ်မသက်မသာဖြစ်စေသည်။

စူးချင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး သူမ ထိုလူ၏ဘေးမှ ဖြတ်သွားချိန်တွင် လက်ကိုင်ပုဝါကို ထုတ်ကာ ပေါ့ပေါ့ပါးပါး လှမ်းပစ်လိုက်သည်။ ထိုယောက်ျားက စူးချင်း သူ့ကို ပရောပရည် လုပ်နေသည်ဟု ထင်သွားပြီး တပ်မက်မှုများ ပြည့်နေသည့် ရီဝေဝေ မျက်လုံးများနှင့် ညစ်ညမ်းစွား ပြုံးကာ သူမဆီသို့ လျှောက်လာခဲ့သည်။ သို့သော် စူးချင်းကို မထိနိုင်ခင်မှာပင် သူ့ခန္ဓာကိုယ်မှ ယားယံမှုတစ်ခုကို သူ ခံစားလိုက်ရသည်။ သူက သူ့ခန္ဓာကိုယ်ကို တုန်လှုပ်ချောက်ချားစွာ လှုပ်ခါနေသော်လည်း စူးချင်းက အမူအရာမဲ့နေသည့်မျက်နှာဖြင့်ပင် သူ့ဘေးမှ ဖြတ်လျှောက်သွားခဲ့သည်။

"ယားတယ်၊ အရမ်းယားတယ်"

ထိုလူက သူ့အရေပြားများကို စတက် ကုတ်ခြစ်နေပြီး သူ့ကျောကို တိုင်နှင့် ပြေးပွတ်နေတော့သည်။

စားပွဲထိုးက သူ့ကို ကြည့်ရုံသာ ကြည့်နေကြပြီး ဘာမှ မကူညီနိုင်ပေ။

ဒီဧည့်သည်က ဘာများ မှားသွားခဲ့တာလဲ?

သူက စူးချင်းကို ကြည့်လိုက်သော်လည်း စူးချင်းက မသိချင်ယောင်ဆောင်နေသည်ကို တွေ့လိုက်ရတော့ သူက သူမနောက်သို့ အလျင်စလို လိုက်သွားတော့သည်။

“သခင်မလေး၊ ဒါက အခန်းနံပါတ် ၃ ပါ။ ခဏစောင့်ပေးပါဦး။ သခင်မလေးအတွက် ရေနွေးကို ကျွန်တော် ချက်ချင်း ယူလာပေးပါ့မယ်။ အဆာပြေစားဖို့ တစ်ခုခု ယူဦးမလား? ကျွန်တော်တို့ တည်းခိုဆောင်က အဆာပြေမုန့်တွေက တော်တော်ကောင်းပါတယ်”

"မလိုတော့ဘူး ၊ ရေနွေးပူပူပဲ ယူလာပေးပါ"

စူးချင်းက သူ့စကားကို ဖြတ်ပြောလိုက်သည်။

သူမ ထမင်းစားပြီးသွားပြီ၊ အဆာပြေမုန့်တွေ မစားချင်တော့ဘူး။

မိန်းကလေးက အပိုစကား စကားမပြောချင်သည်ကို နားလည်လိုက်သောကြောင့် စားပွဲထိုးက အမြန် ပြန်ထွက်သွားရန် ပြင်လိုက်ပြီး စူးချင်းအတွက် တံခါးကို ပြန်ပိတ်ပေးသွားခဲ့သည်။

စားပွဲထိုးက စူးချင်း၏အခန်းရှေ့မှ ပြန်ထွက်လာခဲ့ပြီး သတိလစ်လုနီးပါး ဖြစ်နေသည့် ဧည့်သည်ကို တွေ့လိုက်ရသည်။ လွန်ခဲ့သောအခိုက်အတန့်တွင် သူက တိုင်နှင့် ပွတ်တိုက်နေခဲ့သော်လည်း ယခုအခါ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေပြီး သူ့လက်များက သူ့မျက်နှာနှင့် လည်ပင်းကို အစွမ်းကုန် ကုတ်ခြစ်နေလေသည်။ သူ့မျက်နှာတွင် သွေးများ ဖုံးလွှမ်းနေပြီး အလွန်ကြောက်စရာကောင်းနေခဲ့သည်။

"လူကြီးမင်း အဆင်ပြေရဲ့လား?"

စားပွဲထိုးက အလွန်ကြောက်လန့်သွားပြီး ထိုလူကို အမြန် လှမ်းမေးလိုက်သည်။

ဒါက သူတို့ရဲ့တည်းခိုဆောင်လေ...ဧည့်သည်တစ်ခုခု ဖြစ်သွားခဲ့ရင် သူတို့ပါ ဒုက္ခရောက်ကုန်မှာ မဟုတ်ဘူးလား?

“ယားတယ်၊ ယားတယ်…အရမ်းယားတယ်”

တိုင်းတပါးသားက သူ့မျက်​နှာကို ကုတ်ဖဲ့နေရင်း အက်ကွဲကွဲ ပြတ်တောင်းတောင်း တာ့ရှားစကားဖြင့် ​အော်​ဟစ်လိုက်​သည်​။ သူက သူ့ရှေ့မှ စားပွဲထိုးကို တွေ့သွားပြီး စားပွဲထိုးခြေထောက်ကို လှမ်းဆွဲကာ အကူအညီတောင်းလိုက်သည်။

“ကယ်ပါ၊ ကယ်ပါဦး”

စားပွဲထိုးက ရုတ်တရတ် ထိတ်လန့်သွားပြီး ထိုလူ၏လက်ကို ရှောင်ရန် နောက်သို့ ခုန်ဆုတ်လိုက်သည်။

ဒါကြီးက ကူးစက်နိုင်လား မသိနိုင်သေးဘူးလေ။

"လူကြီးမင်း၊ ခဏစောင့်ပါ။ ကျွန်တော် လူကြီးမင်းအတွက် တစ်ယောက်ယောက်ကို သွားခေါ်ပေးပါ့မယ်"

စားပွဲထိုးက ထိုနေရာတွင် အကြာကြီး မနေရဲဘဲ ထိုလူ တည်းခိုနေသည့် အဆင့်မြင့်ခန်းသို့ ပြေးသွားခဲ့သည်။ သူတို့က လူသုံးယောက် ရောက်လာကြပြီး အဆင့်မြင့်အခန်း နှစ်ခန်းတွင် နေထိုင်ကြသည်။

“လူကြီးမင်း.... ကျေးဇူးပြုပြီး အပြင်ကို ထွက်ကြည့်ပေးပါဦး…”

စားပွဲထိုးက အဆင့်မြင့်အခန်းနှစ်ခန်းလုံး၏တံခါးများကို ခေါက်ကာ ကြမ်းပြင်ပေါ်တွင် လူးလှိမ့်နေသော လူကို လက်ညှိုးထိုးပြလိုက်သည်။

"ဘာဖြစ်တာလဲ?"

အခန်းထဲတွင် တခုခုကို ဆွေးနွေးနေကြသည့် လူနှစ်ယောက်က စားပွဲထိုးကြောင့် အနှောင့်အယှက် ဖြစ်သွားပြီး စိတ်တိုသွားကြသည်။ သို့သော်လည်း သူတို့လူ၏ သွေးစွန်းနေသော မျက်နှာနှင့် ကုတ်ခြစ်ရာများကို မြင်သွားပြီး တုန်လှုပ်သွားကြသည်။

"လောင်စန်း၊ ဘာဖြစ်တာလဲ?"

မုတ်ဆိတ်မွေးအပြည့်နှင့် တင်းမာသော မျက်နှာသွင်ပြင်ရှိသည့် အသက်လေးဆယ်အရွယ် အမျိုးသားက မြေပြင်ပေါ်လူးလိမ့်နေသည့် အမျိုးသားကို နာနာကျင်ကျင် ကြည့်ရင်း လှမ်းမေးလိုက်သည်။

“တာ့ကော… အဲဒီအမျိုးသမီးက ငါ့ကို အဆိပ်ခတ်သွားတယ်”

ထိုလူက စူးချင်း၏အခန်းကို ညွှန်ပြပြီး သူ့အစ်ကိုကြီးအား တိုင်တန်းလိုက်သည်။

“လောင်အာ့၊ လောင်စန်းကို ကြည့်ထားပေး။ ငါ သွားကြည့်​လိုက်​မယ်"

မုတ်ဆိတ်မွေးနှင့်လူက တတိယညီကို ကြည့်ထားရန် ဒုတိယညီကို ညွှန်ကြားလိုက်သည်။

‘လောင်အာ့’ ဟု အခေါ်ခံလိုက်ရသည့် သူက အသက်သုံးဆယ်ကျော် အမျိုးသားဖြစ်ပြီး သံမျှော်စင်ကဲ့သို့ အရပ်ရှည်ကာ တောင့်တင်းသန်မာလွန်းလှသည်။ သူ့အသားအရည်က ကြေးနီရောင် ဖြစ်နေပြီး အနက်ရောင်မျက်လုံးကြီးများနှင့် မည်းနက်သည့် မုတ်ဆိတ်မွေးများအပြည့်ရှိနေသောကြောင့် အထူးတလည် ရက်စက်ကြမ်းတမ်းပုံပေါ်နေလေသည်။

သူက သူ့အစ်ကိုကြီး၏ ပြောစကားကို နားမထောင်ဘဲ စူးချင်း၏အခန်းဆီသို့ ပြေးသွားခဲ့သည်။ သူက တံခါးကို မခေါက်ဘဲ တွန်းဖွင့်လိုက်ပြီး သူ၏ ကျယ်လောင်သော အသံကြီးကလည်း ကြည်လင်ပြတ်သားနေကာ ကောင်းကင်မှ မိုးခြိမ်းသံကဲ့သို့ မြေကြီးကိုပင် တုန်လှုပ်စေခဲ့သည်။

"ငါ့ညီကို ထိခိုက်အောင် လုပ်တာဘယ်သူလဲ? ထွက်ခဲ့စမ်း!"

သို့သော် အော်သံဆုံးသွားသည်နှင့်တပြိုင်နက် စူးချင်း၏ ကန်ချက်ကြောင့် သူ ပျံသန်းလိုက်ရသည်။ အရပ်ရှည်ပြီး သန်မာသောလူက လေထဲသို့ မြှောက်တက်သွားပြီး လှေကားပေါ်မှတဆင့် အောက်သို့ ပြုတ်ကျသွားတော့သည်။

ကံကောင်းထောက်မစွာဖြင့် သူ့၏အစ်ကိုကြီးက အလျင်အမြန် တုံ့ပြန်နိုင်ခဲ့ပြီး သူ လဲကျခါနီးတွင် သူ့ကို ဖမ်းဆွဲရန် လက်ချင်းချိတ်နိုင်ခဲ့သည်။

“တာ့ကော၊ အဲဒီမိန်းမက အရမ်းရက်စက်တယ်”

ဒုတိယအစ်ကို၏ ခန္ဓာကိုယ်ကြီးက လှေကားအပြင်ဘက်တွင် တွဲလောင်းကျနေပြီး သူ အလွန်ကြောက်လန့်နေကာ ချွေးအေးများ ထွက်လာခဲ့သည်။

အဲဒီလို အမြင့်ကနေ ပြုတ်ကျသွားရင် မသေရင်တောင် ခြေထောက်ကျိုးသွားလိမ့်မယ်။

သူက သူ့ကို ကယ်တင်ပေးနေသည့် သူ့အစ်ကိုကြီးအား လှမ်းအော်ပြောလိုက်သည်။

အကြီးဆုံးအစ်ကိုက ဘာစကားမှ မပြောဘဲ သူ့ကို မတင်ကာ ကြမ်းပြင်ပေါ်သို့ ပြန်ချပေးလိုက်သည်။ ထိုလူက သူ့၏ဒုတိယညီအား ကယ်တင်နိုင်လိုက်သည်ကို မြင်လိုက်ရမှ စားပွဲထိုးက သူ့၏အေးစက်စက်ချွေးများကို ခပ်ကြမ်းကြမ်းပြန်သုတ်နိုင်ခဲ့သည်။ သူက ပြင်းထန်စွာခုန်ပေါက်နေသော သူ့နှလုံးကို လက်ဖိ ပြန်ဖိထားပြီး အားနည်းနေပြီဖြစ်သော သူ့ခြေထောက်များ ပျော့ခွေကျမသွားစေရန် အားတင်းထားရသည်။

ကြောက်စရာ ကောင်းလိုက်တာ။ သူတို့ရဲ့တည်းခိုဆောင်မှာ လူတစ်​​ယောက်​ သေလုနီးပါး ဖြစ်သွားတာဟ​။

တာ့ကောဟု အခေါ်ခံရသည့် ထိုလူက မြှားကဲ့သို့ စူးရှသော မျက်လုံးများဖြင့် စူးချင်း၏တံခါးဝကို လှမ်းကြည့်လိုက်သည်။ သို့သော်လည်း လက်ရှိတွင် သူတို့က ရန်သူ၏ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးသည့်အပြင် တိုင်းတစ်ပါး၌ ရှိနေကြသောကြောင့် ထိုအမှိုက်ကို ရှင်းပစ်ရန် မလွယ်ကူကြောင့် သူ တွေးမိသွားခဲ့သည်။ နောက်ဆုံးတွင် သူက သူ့ဒေါသကို မျိုသိပ်လိုက်ပြီး တံခါးကို လက်သီးဖြင့် ခပ်ပြင်းပြင်း ထုလိုက်သည်။

“ငါ့ညီလေးက မိန်းမပျိုလေးကို ဘယ်လို စော်ကားခဲ့တယ်ဆိုတာ ငါ မသိပါဘူး။ ဒါပေမယ့် အဲ့ဒါက မင်း သူ့ကို အဆိပ်ခတ်ချင်ရလောက်အောင် ပြင်းထန်လို့လား?”

“သူ့ကို မေးကြည့်လိုက်လေ။ ငါက သူ့ရဲ့ခွေးမျက်လုံးတွေကို ဖောက်ထုတ်ချင်ခဲ့တာ၊ ဒါပေမယ့် အများကြီး ငဲ့ညှာပေးပြီး သတိပေးတဲ့အနေနဲ့ အပြဒဏ်နည်းနည်းလေးပဲ ပေးခဲ့တာ”

စူးချင်းက အခန်းထဲတွင် ငြိမ်သက်စွာ ထိုင်နေပြီး ရေခဲများ ဖုံးလွှမ်းထားသလို ဖြစ်နေသည့် သူမ၏ အေးစက်သော အသံသာ ထွက်ပေါ်လာခဲ့သည်။

အကြီးဆုံးအစ်ကိုက ခဏတုံ့ဆိုင်းသွားပြီး မြေပြင်ပေါ်တွင် လူးလိမ့်နေသည့် သူ၏တတိယညီကို ပြန်ငုံ့ကြည့်လိုက်သည်။

သူက သူ့ရဲ့ညီအကြောင်း ကောင်းကောင်းသိတယ်။ လောင်စန်းက ကောင်မလေးတွေ စိတ်ဆိုးအောင် ဘယ်လို လုပ်ရမယ်ဆိုတာ အရမ်းသိတယ်။

အကြီးဆုံးအစ်ကိုက သူ့မျက်လုံးများကို မှိတ်ချထားလိုက်သည်။

ဒီကောင်ကွာ... ပြည့်တန်ဆာတွေ မရှိတာလဲ မဟုတ်ပဲနဲ့။ လောင်စန်းက ဘယ်အချိန်မှ သူ့ရဲ့ ဆိုးသွမ်းတဲ့ အဲ့အမူအကျင့်ကို ပြောင်းလဲနိုင်မှာလဲ?

တတိယညီက သူ့၏အစ်ကိုအကြီးဆုံး သူ့အား စိုက်ကြည့်နေသည်ကို မြင်သော်လည်း ရှင်းမပြနိုင်သေးဘဲ သူ့အစ်ကို၏ခြေထောက်ကို ပွေ့ဖက်ပြီး တောင်းပန်နေခဲ့သည်။

“တာ့ကော၊ ကျုပ်ကို ကယ်တင်ပါဦး၊ အဆိပ်ဖြေဆေး တောင်းပေးပါ။ ကျုပ် တကယ် ညည်းမခံနိုင်တော့ဘူး"

“မိန်းမပျိုလေး၊ ကျေးဇူးပြုပြီး အဆိပ်ဖြေဆေးကို ပေးနိုင်မလား? ငါတို့ ဒီနေ့ ကိုယ့်အလုပ်ကိုပဲ ကိုယ်အာရုံစိုက်ပြီး တစ်ယောက်နဲ့ တစ်ယောက် အနှောင့်အယှက် မပေးပဲ နေကြရအောင်"

All Chapters