မမျှော်လင့်ထားမိတဲ့ အံ့အားသင့်စရာ
Vol. 23 Ch. 337
အကြီးဆုံးအစ်ကိုက စူးချင်း၏တံခါးဝဆီကို ပြန်လျှောက်သွားလိုက်ပြီး နက်မှောင်နေသော မျက်လုံးများဖြင့် အထဲမှ မိန်းခလေးကို လှမ်းကြည့်နေခဲ့သည်။ သူက လက်သီးဆုပ်ထားရင်း အေးစက်သည့်အသံဖြင့် ပြောနေသည့်အပြင် သူ့လေသံက တောင်းဆိုမှု လုပ်နေသည်ထက် ခြိမ်းခြောက်အမိန့်ပေးနေသလို ဖြစ်နေခဲ့သည်။
စူးချင်းက သူ့ကို ဘာမှ မထူးခြားသလို ပြန်ကြည့်နေခဲ့ပြီး သူမ၏လှပသော မျက်လုံးလေးများက ရေခဲကဲ့သို့ အေးစက်နေကာ သူမ၏ လေသံကလည်း ပေါ့ပါးနေခဲ့သည်။
“ငါနဲ့ အတွေးတူတယ်၊ အဆိပ်က အလကားရနိုင်ပေမယ့် အဆိပ်ဖြေဆေးကတော့ လျန်တစ်ထောင် ပေးရမယ်”
အကြီးဆုံးအစ်ကိုက အံကြိတ်ကာ လက်သီးကို ပိုတင်းအောင် ဆုပ်ထားလိုက်သည်။ သူက သွားကြားထဲမှ လေတိုးသံဖြင့် စကားတစ်ခွန်းကို ညှစ်ထုတ်လိုက်သည်။
“မိန်းမပျိုလေး၊ မင်း တတ်နိုင်ရင် လူတွေကို ခွင့်လွှတ်ပေးလိုက်ပါ”
"ဒါဆို ငါက ခွင့်မလွှတ်ရင် မင်း ဘယ်လိုလုပ်ချင်လဲ?"
စူးချင်းက မျက်လုံးပြူးလိုက်ပြီး အကြီးဆုံးအစ်ကိုဆိုသူအား လှောင်ပြောင်လိုက်သည်။
"သူဌေး၊ ဒီမိန်းမနဲ့ ရိုင်းစိုင်းတဲ့စကား မပြောနဲ့"
“တာ့ကော... ဒီလို မိန်းမရိုင်းကို စကားနဲ့ မပြောနဲ့၊ လက်နဲ့ပဲ အရင်ရိုက်ပေးလိုက်”
ဒုတိယညီဖြစ်သူက သူ့လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး ဖောင်းကားနေသော ကြွက်သားနှစ်ခုကို ပေါ်လွင်လာစေခဲ့သည်။ သူက သူ့၏အစ်ကိုအကြီးဆုံးနှင့်အတူ တိုက်ပွဲဝင်ချင်နေသလို အော်ဟစ်နေခဲ့သော်လည်း ယခုန ရှုံးနိမ့်ခဲ့မှုကြောင့် အခန်းထဲသို့ အရူးအမူး ဝင်မသွားရဲပေ။ သူက တံခါးအပြင်ဘက်တွင် ရပ်နေပြီး စူးချင်းကို အော်ပြောလိုက်သည်။
“မင်း သတ္တိရှိရင် ထွက်လာခဲ့၊ ငါ မင်းရဲ့အရိုးတွေကို ချိုးပေးမယ်”
စူးချင်းက သူမ၏ထိုင်ခုံမှ ဖြည်းညှင်းစွာ ထလိုက်ပြီး တံခါးဆီသို့ လျှောက်သွားခဲ့သည်။ သူမက ပန်းဥယျဉ်ထဲတွင် လမ်းလျှောက်နေသကဲ့သို့ ခပ်ဖြေးဖြေး လျှောက်လှမ်းလာနေသော်လည်း သူမ၏နီးကပ်လာသော ခြေလှမ်းတိုင်းက တံခါးအပြင်ဘက်ရှိ လူနှစ်ယောက်ကို ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများ ဖိစီးလာစေခဲ့သည်။ ထိုလူနှစ်ယောက်က ထိုက်တောင်ကြီး သူတို့အပေါ် ဖိလာသလို နောက်သို့ တလှမ်းချင်း ပြန်ဆုတ်နေကြသည်။
အစ်ကိုကြီး၏မျက်လုံးများက ဝိုင်းစက်လာခဲ့သည်။
ဒီလို ရင့်ကျက်တဲ့ အမူအရာရှိတဲ့သူက သာမန်လူ မဟုတ်ဘူး။ ဒီအမျိုးသမီးက အဆိပ်ကို ကောင်းကောင်း သုံးတတ်တဲ့အပြင် သူမရဲ့သိုင်းပညာကလည်း နားမလည်နိုင်လောက်အောင် ဖြစ်နေပြီ။ သူနဲ့ လောင်အာ့ ပေါင်းတိုက်ရင်တောင်မှ သူတို့က သူမရဲ့ပြိုင်ဘက်ဖြစ်နိုင်မှာ မဟုတ်ဘူး။
“သခင်မ…”
သူ့၏ခေါ်သံ မဆုံးမီမှာပင် သူ့၏ဒုတိယညီက ဓားမြှောင်တစ်ချောင်းကို ထုတ်ကာ ထိုမိန်းခလေးအား အလစ်ဝင်တိုက်လိုက်သည်ကို သူ တွေ့လိုက်ရသည်။ သူတို့က အလွန် နီးကပ်နေသော်လည်း သူက ထိုတိုက်ခိုက်မှုကို ဟန့်တားလိုက်သည်။ အကြီးဆုံးအစ်ကိုကလည်း ဒေါသထွက်နေပြီ ဖြစ်သည်၊
ဒါက သူတို့ရဲ့ပိုင်နက် မဟုတ်ဘူး၊ လောင်အာ့က သူ့ရဲ့ ကမူးရူးထိုးစရိုက်ကို ဘယ်အချိန်မှ ပြောင်းလဲနိုင်မှာလဲ?
သူက သူ၏ဒုတိယညီကို ပြန်ဆွဲခေါ်ရန် အလျင်အမြန် ရှေ့တိုးသွားခဲ့သော်လည်း သူ ခြေတစ်လှမ်း နောက်ကျနေသေးသည်။ စူးချင်းက သူမ၏ ခြေထောက်ကို မည်သည့်အချိန်က မြှောက်လိုက်သည်ကိုပင် သူတို့ မမြင်နိုင်ဘဲ အရပ်ရှည်ပြီး ကြွက်သားများ အပြည့်ရှိနေသည့် သူ့၏ဒုတိယညီက နောက်တစ်ကြိမ် ပျံသန်းသွားပြန်သည်။ အကြီးဆုံးအစ်ကိုက သူ့၏ဒုတိယညီကို အလျင်အမြန် လိုက်ဖမ်းခဲ့သော်လည်း ယခုတစ်ကြိမ်တွင် သူ မဖမ်းနိုင်တော့ပေ။ အသံကျယ်ကြီး တစ်ခု ထွက်ပေါ်လာပြီး သူ့၏ဒုတိယညီ ထပ်မံအကန်ခံရကာ လဲကျသွားပြီး ခါးကို ကိုင်ရင်း နာကျင်စွာ အော်ဟစ်နေသည်ကိုသာ စိတ်ကြည့်နေခဲ့ရသည်။
"သခင်မလေး၊ မင်း အရမ်းရက်စက်လွန်းနေပြီ မဟုတ်ဘူးလား?"
စူးချင်းက ကြမ်းပြင်ပေါ်တွင် ကျနေသည့် လောင်အာ့၏ဓားမြှောင်ကို အကြီးဆုံးအစ်ကိုဆီသို့ ကန်ထုတ်လိုက်သည်။ အကြီးဆုံးအစ်ကိုက ခပ်မြန်မြန် ရှောင်တိမ်းလိုက်ပြီး ဓားမြှောင်က လှေကားလက်ရန်းသို့ စိုက်ဝင်သွားခဲ့သည်။ ဓားသွားတစ်ခုက သစ်သားထဲသို့ နစ်ဝင်သွားခဲ့ပြီး ဓားလက်ကိုင်သာ အပြင်ဘက်တွင် ကျန်နေတော့သည်။
စူးချင်းက သူမ၏လက်ကို လုံးဝ မလှုပ်ရှားဘဲ သူမ၏လက်နှစ်ဘက်လုံးကို လက်နောက်ပစ်ထားခဲ့သည်။ သူမက ထိုသုံးယောက်ထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူကို မှိုင်းညို့သော မျက်နှာဖြင့် ကြည့်ကာ အမိန့်ပေးလိုက်သည်။ သူမ၏အသံက ငြိမ်သက်နေသော်လည်း လူသတ်ရောင်ဝါများ ပြည့်နှက်နေခဲ့သည်။
"မှတ်ထားစမ်း၊ မင်းတို့ ငါ့ကို ထပ်ပြီး ရန်စရင် ဒီဓားမြှောင်က သွေးစွန်းသွားလိမ့်မယ်"
အကြီးဆုံးအစ်ကိုက သူ့နဖူးပေါ်မှ ချွေးအေးများကို သုတ်လိုက်သည်။
ဒီတိုက်ပွဲကို သူ မနိုင်မှတော့ သူက သူ့ရှေ့ကမိန်းခလေးကို ဦးညွှတ်ရတော့မှာပေါ့။
"ကောင်းပြီ ငါတို့က မင်းလောက် မကျွမ်းကျင်ဘူး။ ကျေးဇူးပြုပြီး မင်းနာမည်ကို ချန်ထားခဲ့လိုက်ပါ၊ နောင်မှာ ငါတို့ မင်းဆီကို လာရောက်လည်ပတ်ပါ့မယ်”
စူးချင်းက သူ့ကို မျက်နှာသာမပေးဘဲ မထီမဲ့မြင် စိုက်ကြည့်နေခဲ့ပြီး "မင်းက ငါ့နာမည်ကို သိဖို့ ထိုက်တန်လို့လား?"
အကြီးဆုံးအစ်ကိုက ဒေါသကြောင့် တဆတ်ဆတ်တုန်လာပြီး "ကောင်းတယ်.... ကောင်းတယ်။ ဒီနေ့ရဲ့အရှက်ရမှုကို ငါ အမြဲတမ်း သတိရနေလိမ့်မယ်"
ထိုအချိန်တွင် စူးချင်း၏နောက်သို့ လိုက်နေခဲ့သည့် ဒုတိယစစ်သူကြီးက သူ့၏စစ်သည်နှစ်ယောက်ကို ဦးဆောင်ကာ ရောက်လာခဲ့ပြီး နာကျင်နေသည့် ဒုတိယအစ်ကို အပေါ်ထပ်သို့ ပြန်ဆွဲခေါ်လာခဲ့ကြသည်။ စူးချင်းကို ခြိမ်းခြောက်ပြီး ကြိမ်းမောင်းနေသည့် အကြီးဆုံးအစ်ကိုကို တွေ့လိုက်ရချိန်တွင် လက်ထောက်စစ်သူကြီး၏အကြည့်များ စူးရဲလာပြီး “မင်းက အဲ့တာကို မှတ်ထားပြီး ဘယ်လုပ်ချင်လို့လဲ? ဒါက တာ့ရှား၊ မင်း ရမ်းကားချင်တိုင်း ရမ်းကားလို့ရတဲ့ နေရာ မဟုတ်ဘူး"
“လူကြီးမင်း၊ ကျွန်တော်တို့က စကားနည်းနည်း ပြောရုံပါပဲ။ ဘာပြဿနာမှ မရှာပါဘူး”
စစ်သည်များ ရောက်လာသည်ကို မြင်လိုက်ချိန်တွင် အကြီးဆုံးအစ်ကိုက တခြားလူအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ သူက လက်ထောက်စစ်သူကြီးကို လက်သီးအုပ် နှုဆ်ဆက်နေခဲ့ပြီး သူ့၏အမူအရာတွင် မယုံနိုင်လောက်သည့်လေးစားမှုများ ရှိနေခဲ့သည်။
"သခင်မလေး၊ မင်း အဆင်ပြေရဲ့လား"
လက်ထောက်စစ်သူကြီးက သူရှေ့မှ လူကို လျစ်လျူရှုလိုက်ပြီး စူးချင်းထံ လျှောက်သွားကာ စိုးရိမ်တကြီး မေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် လူကြီးမင်း၊ ကျွန်မ အဆင်ပြေပါတယ်"
စူးချင်းက သူမ၏ခေါင်းကို ခပ်ဖြည်းဖြည်း ယမ်းပြရင်း သူမ အဆင်ပြေကြောင်း ပြန်ပြောလိုက်သည်။
ဒီလက်ထောက်စစ်သူကြီးက သူမနောက်ကို တချိန်လုံး လိုက်နေမှန်း သူမ သိပြီးသားပါ။ သူမ ဒီတိုင်းတပါးသားတွေနဲ့ တိုက်ခိုက်ရတဲ့ အကြောင်းရင်းကလည်း သူမ သူလျှိုမဟုတ်ဘူးဆိုတာ သူတို့ကို ပြသချင်လို့ပါ။
“မင်း အဆင်ပြေတာ ကောင်းတယ်။ သခင်မလေး မင်း အပြင်မှာ တစ်ယောက်တည်း ရှိနေရင် မင်း သေသေချာချာ သတိထားရမယ်။ တကယ်လို့ မင်းမှာ ပြဿနာတစ်ခုခု ရှိရင် ငါ့ကို ရှာလို့ ရတယ်။ ငါ့နာမည်က လုရှင်း၊ ငါက ဒီမြို့ရဲ့ လက်ထောက်တပ်မှူးကြီးပါ"
လုရှင်းက တောက်ပသော မျက်လုံးများဖြင့် စူးချင်းကို ကြည့်နေခဲ့သည်။
ရိုးရိုးသားသား ပြောရရင် သူမလို နူးညံ့ပုံရတဲ့ မိန်းခလေးက ဒီလို အရပ်ရှည်ပြီး တောင့်တင်းတဲ့ ကြွက်သားတွေ ရှိတဲ့ကောင်ကို လှေကားထစ်အပေါ်ကနေ ကန်ချနိုင်မယ်လို့ သူ လုံးဝ မယုံကြည်နိုင်သေးဘူး။ ဒီကန်ချက်က အရမ်းမိုက်လွန်းတယ်။
တာ့ရှားပြည်ထောင်မှာ ဒီလိုထူးဆန်းတဲ့ အမျိုးသမီးတစ်ယောက် ရှိနေတယ်တဲ့လား? ဒီမိန်းကလေးက ပိန်သွယ်ပြီး နူးညံ့ပုံရနေတဲ့အပြင် အထိအခိုက် မခံနိုင်တဲ့ ပန်းလေးတစ်ပွင့်နဲ့ တူနေသေးတယ်။ ဒါပေမယ့် သူမမှာ ထူးထူးခြားခြား ခွန်အားတွေ ရှိနေပုံပေါ်ပြီး သန်မာတဲ့အပြင် သိုင်းပညာလည်း အရမ်းကျွမ်းကျင်ပုံရတယ်။
"ကျေးဇူးတင်ပါတယ် အရာရှိကြီး။ ကျွန်မမှာ တစ်ခုခု အခက်အခဲရှိရင် ကျွန်မ အရာရှိကြီးကို ဒုက္ခပေးပါရစေ"
လုရှင်းအပေါ် ထားသည့် စူးချင်း၏ သဘောထားက မောက်မာခြင်း မရှိသလို နှိမ်ချနေခြင်းလည်း မရှိဘဲ သူမ၏မျက်နှာက တည်ငြိမ်နေဆဲဖြစ်သည်။
"မင်းတို့ အခန်းက ဘယ်မှာလဲ? ဒီအရာရှိက မင်းတို့ရဲ့အခန်းကို စစ်ဆေးဖို့ လိုအပ်နေသေးတယ်”
လုရှင်းက စူးချင်းကို ခေါင်းညိတ်ပြလိုက်ပြီး နောက်သို့ ပြန်လှည့်ကာ တိုင်းတပါးသားများအား စိုက်ကြည့်လိုက်ပြီး ဂုဏ်သိက္ခာရှိသော အမူအရာဖြင့် အမိန့်ပေးလိုက်သည်။
ကြောက်စရာကောင်းလောက်အောင် သွေးစေးများထွက်နေပြီး သူကိုယ့်သူ ကြက်ဟင်းခါးသီးနှင့်တူလောက်အောင် ကုတ်ခြစ်ထားသည့်လူကို မြင်သွားချိန်တွင် သူက မချီပြုံး ပြုံးလိုက်သေးသည်။
ဒီကောင်မလေးရဲ့ အဆိပ်က အရမ်းကြောက်စရာကောင်းတာပဲ။
အကြီးဆုံးအစ်ကိုက မျက်မှောင်ကြုတ်ပြီး သူ့မျက်ဆန်များက အလျင်အမြန် လှည့်ပတ် လှုပ်ရှားနေခဲ့သည်။
ဒီစစ်သူကြီးကို သူ့တို့အခန်းကို ရှာဖွေခွင့် မပေးနိုင်ဘူး။
သူက ရှေ့သို့ လှမ်းလာပြီး လုရှင်းကို လက်သီးအုပ် အရိုအသေပေးလိုက်ကာ "စစ်သူကြီးမင်း၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို သက်ညှာပေးပါ။ ကျွန်တော်တို့အားလုံးက စီးပွားရေးလုပ်တဲ့သူတွေပါ။ ကျွန်တော်တို့ရဲ့ညီလေးက ဒီက သခင်မလေးကို စော်ကားမိတဲ့အတွက်လည်း လျော်ကြေးပေးနိုင်ပါတယ်”
"မင်း ဘယ်အကြောင်းကို ပြောနေတာလဲ? ဘာလဲ? မင်းရဲ့အခန်းထဲမှာ ဘယ်သူမှ မမြင်သင့်တဲ့အရာတွေ ရှိနေလို့လား?"
လုရှင်းက သူတို့ကို စိုက်ကြည့်ရင်း သူ့နောက်က စစ်သည်နှစ်ယောက်ကို အမိန့်ပေးလိုက်သည်။
“သူတို့ကို စောင့်ကြည့်ထား”
အကြီးဆုံးအစ်ကိုက စိုးရိမ်တကြီးဖြင့် ရှေ့သို့ ခြေတစ်လှမ်း ထပ်တိုးလိုက်သည်။ စစ်သည်နှစ်ယောက်က သူတို့၏ဓားကို ဆွဲထုတ်လိုက်ပြီး သူ့လည်ပင်းပေါ်သို့ ဖိကပ်လိုက်သည်။
“မလှုပ်နဲ့.... လှုပ်တာနဲ သတ်ပစ်မယ်"
အကြီးဆုံးအစ်ကို၏စိုးရိမ်နေသည့် အကြည့်များအောက်တွင် လုရှင်းက သူတို့အခန်းထဲသို့ ဝင်သွားခဲ့သည်။
လုရှင်းက ထိုအခန်းကို အချိန်အတော်ကြာ ရှာဖွေနေပုံရပြီး မြေပုံတစ်ခုနှင့် ပြန်ထွက်လာကာ အကြီးဆုံးအစ်ကို၏မျက်နှာကို ရိုက်ချလိုက်သည်။
"ဒါက ဘာလဲ?"
အကြီးဆုံးအစ်ကိုက အံကြိတ်ထားပြီး ဘာမှပြန်မပြောပေ။ စူးချင်းက ၎င်းကို စူးစူးစိုက်စိုက် လှမ်းကြည့်လိုက်ပြီး ဤမြေပုံက ရင်းနှီးနေသလို ခံစားလိုက်ရသည်။
"ဒါက ဘယ်သူ့အိမ်တော်လဲ?"
ထိုလူက ပြန်မဖြေသောကြောင့် လုရှင်းက ထိုလူကို ပါးထပ်ရိုက်လိုက် ပြန်သည်။ အကြီးဆုံးအစ်ကိုက သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး သူ့၏ဒုတိယညီကို တစ်ချက်ကြည့်လိုက်သည်။ ဒုတိယညီကလည်း သူ့ကို စောင့်ဆိုင်းနေခြင်းဖြစ်ပြီး စစ်သည်နှစ်ယောက်ကို ရုတ်တရက် ဝင်တိုက်ခိုက်လိုက်သည်။
လုရှင်း အာရုံပျံ့သွားချိန်တွင် အကြီးဆုံးအစ်ကိုက လုရှင်းထံသို့ ပြေးလာပြီး မြေပုံကို လုယူလိုက်သည်။ လုရှင်း မတုံ့ပြန်နိုင်သေးခင်မှာ သူက မြေပုံကို အပိုင်းပိုင်း ဆုတ်ဖြဲပြီး သူ့ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။
"တောက်"
လုရှင်းက ဒေါသထွက်သွားပြီး အကြီးဆုံးအစ်ကိုကို လက်သီးနှင့်ထိုးလိုက်သော်လည်း သူ မည်မျှပင် ကြိုးစားနေစေကာမှု ထိုလူ၏ပါးစပ်ကို မဖွင့်နိုင်သေးပေ။ ထိုလူက မြေပုံအား မျိုချလိုက်သည်ကိုသာ သူ ကြည့်နေခဲ့ရသည်။
လုရှင်းက ဒေါသတကြီးဖြင့် သူ့စစ်သည်နှစ်ယောက်ကို အမိန့်ပေးလိုက်သည်။
"သူတို့ကို စစ်ဆေးမေးမြန်းဖို့ ပြန်ခေါ်သွားလိုက်"
သို့သော် သူ့၏အော်ဟစ်အမိန့်ပေးသံက ဘာမှ အသုံးမဝင်တော့ပေ။ သူ့၏စစ်သည်နှစ်ဦးက ဒုတိယညီကို ရင်ဆိုင်နေပြီး အသာစီး မရှိနိုင် ဖြစ်နေကာ လုရှင်းကို ကူညီရန် မသွားနိုင်ကြပေ။
လုရှင်းက အကြီးဆုံးအစ်ကိုကို သူတစ်ယောက်တည်း ရင်ဆိုင်နေရပြီး ပို၍ပင် ပရမ်းပတာ ဖြစ်လာခဲ့သည်။ ထိုလူက သိုင်းပညာ အလွန်ကျွမ်းကျင်နေပြီး သူ၏တိုက်ခိုက်မှုများကလည်း ကြမ်းတမ်းလှသည်။ သူ့လက်တွင် ဘာဝတ်ထားသည်ကို မသိနိုင်သော်လည်း အရိုက်ခံလိုက်ရလျှင် သွေးထွက်စေမည့် ဒဏ်ရာများ ဖြစ်လာနိုင်ပေသည်။
လုရှင်းက တစ်ဆင့်ပြီး တစ်ဆင့် နောက်ပြန်ဆုတ်နေခဲ့ပြီး ထိုလူထွက်ပြေးသွားမည်ကိုလည်း စိုးရိမ်နေသောကြောင့် သူ့ဘေးနားမှ တုန်ယင်နေသည့် စားပွဲထိုးကို အော်ဟစ်အမိန့်ပေးလိုက်သည်။
“မြန်မြန် သွားပြီး တပ်မှူးကြီးကို သတင်းသွားပို့ကြစမ်း။ ဒီလူတွေ ထွက်ပြေးသွားရင် မင်း တာဝန်ယူရလိမ့်မယ်”
"ဟုတ်.... ဟုတ်ကဲ့"
စားပွဲထိုးက အလွန်ကြောက်လန့်နေသော်လည်း အောက်သို့ ပြေးဆင်းသွားသေးသည်။ စူးချင်းက သူမ၏အခန်းသို့ ပြန်ရန် ပြင်လိုက်သော်လည်း လုရှင်းနှင့် သူ့စစ်သည်နှစ်ယောက်က တိုင်းတပါးသားနှစ်ယောက်ကို မရင်ဆိုင်နိုင်တော့ကြောင်း မြင်သွားခဲပြီး သူမ၏ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။
တိုင်းတပါးကလူတွေက သူမတို့တိုင်းပြည်ရဲ့ စစ်သည်တွေကို အနိုင်ကျင့်နေတာလား? ဒါကို ဘယ်လို ဖြစ်နိုင်မှာလဲ?
စူးချင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူမက လုရှင်းအပေါ် အမြင်ကောင်းရှိသောကြောင့် သူကို တကြိမ်ကူညီပေးရန် ဆုံးဖြတ်လိုက်သည်။
သူက ခုန သူမကို ကူညီဖို့ ရောက်လာခဲ့တယ်၊ အခု သူမ သူ့ကို ပြန်ကူညီပေးလိုက်မယ်။
စူးချင်း တိုက်ပွဲတွင် ပါဝင်လာသဖြင့် အခြေအနေက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ သူမက ဒုတိယညီကို အရင် ဖမ်းဆွဲလိုက်ပြီး ကိုင်မြှောက်ကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ လောင်အာ့က သူ မြေပြင်ပေါ်သို့ မကျမီ သူ့ကို ပစ်ချလိုက်သည့် စူးချင်းကို တွေ့သွားခဲ့ပြီး သူ့မျက်လုံးများ၌ စိတ်ပျက်လက်ပျက် အရိပ်အယောင်များ ပြည့်နှက်လာလေသည်။
ဒီနေ့ သူ ဒီအပေါ်ကနေ ပစ်ချခံရတာ သုံးခါရှိနေပြီ။
ထိုအခိုက်အတန့်တွင် တံခါးအပြင်ဘက်မှ စစ်သည်တစ်စု ဝင်လာခဲ့ပြီး ခေါင်းဆောင်လာသူက ကျင့်ရှီလျိုမြောင်၏တပ်မှူး ရန်ရှစ်ခွမ်း ဖြစ်သည်။ လောင်အာ့က အပေါ်မှ ဆင်းသက်လာပြီး သူ့ခြေရင်းသို့ ဆင်းသက်သွားခဲ့သည်။