တစ်ယောက်ယောက်စီကနေ လိုချင်တဲ့ အရာတစ်ခုခု ရှိနေတာ ဖြစ်နိုင်တယ်
Vol. 23 Ch. 339
"မင်္ဂလာနံနက်ခင်းပါ သခင်မလေး!"
ချူကျင်းဖုန်းက ယနေ့တွင် သပ်သပ်ရပ်ရပ်နှင့် ရိုးရှင်းသော ခရမ်းရောင်ဝတ်စုံရှည်ကို ၀တ်ဆင်ထားသည်။ သူ့အင်္ကျီ၏လည်ပင်းအဝိုင်းနားတွင် မှင်နက်ရောင်သားမွေးအဝိုင်းက သူ၏ကျောက်စိမ်းဖြူနှင့်တူသော အသားအရည်ကို ဆန့်ကျင်ဘက်အနေဖြင့် အားဖြည့်ပေးထားသည်။ သူ့အပြုံးက ပန်းပွင့်လေးများ ယိမ်းနွဲ့အောင် တိုက်ခတ်နေသည့် နွေဦးလေညင်းကဲ့သို့ နူးညံ့ညင်သာနေပြီး စူးချင်းကို ပြုံးပြုံးလေး ကြည့်နေသည့် သူ့မျက်လုံးများက ကြယ်ရောင်များကဲ့သို့ တောက်ပနေလေသည်။
စူးချင်း အောက်ထပ်သို့ ဆင်းလာသည်ကို မြင်လိုက်ချိန်တွင် စားပွဲထိုးများနှင့် ဆိုင်ရှင်အပါအဝင် ဧည့်ခန်းမထဲရှိ ဧည့်သည်များအားလုံး၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး သူတို့အားလုံး ထိတ်လန့်သွားပုံရကာ လုံးဝ တိတ်ဆိတ်သွားကြသည်။
ချူကျင်းဖုန်းက သူ့ပတ်ဝန်းကျင်မှ လူများ၏ပြောင်းလဲမှုကို ချက်ချင်း အာရုံခံလိုက်မိသော်လည်း သူက စူးချင်းကို တည်ငြိမ်စွာ ပြုံးပြနေဆဲဖြစ်သည်။ သူက လောက၏ဆင်းရဲဒုက္ခများကို မသိသော သခင်ငယ်လေးတစ်ဦးကဲ့သို့ ပြုမူနေခဲ့သည်။
စူးချင်းကတော့ ချူကျင်းဖုန်းကို မြင်နေရသည့်တိုင် သူမ၏အေးစက်သော မျက်နှာလေးမှ မည်သည့်အမူအရာကိုမျှ ထုတ်မပြခဲ့ပေ။ သူမ၏မျက်နှာတွင် နွေးထွေးမှု အရိပ်အယောင် မရှိသလို သူမ၏အသံကလည်း တင်းမာနေခဲ့သည်။
"သခင်လေးချူ၊ ရှင်က ဘာလို့ ဒီလောက် အစောကြီး ရောက်လာရတာလဲ?"
“သခင်မလေးစူး ဒီတည်းခိုဆောင်က အစားအသောက်တွေ မစားနိုင်မှာကို ငါ စိုးရိမ်လို့ပါ၊ ငါ သခင်မလေးအတွက် အရသာရှိတဲ့ အစားအစာတွေ ပြင်ဆင်ပေးထားတယ်။ ငါ့ရဲ့ဆိုင်ကို လိုက်ခဲ့ဖို့ ဖိတ်ခေါပါရစေ"
ချူကျင်းဖုန်းက ဆွဲဆောင်မှုရှိသော အမူအရာဖြင့် လှပစွာ ပြုံးနေခဲ့ပြီး ပို၍ပင် နွေးထွေးဟန် ပြုမူနေခဲ့သည်။ စူးချင်း သူနှင့်မလိုက်သွားလျှင် သူလည်း ဤနေရာမှ မခွာတော့မည်ပုံဖြင့် သူ့၏မက်မွန်ပွင့်ပုံစံလှလှမျက်လုံးများက စူးချင်းကို မျက်တောင်မခတ် စိုက်ကြည့်နေခဲ့သည်။
စူးချင်းက တည်းခိုဆောင်ရှိ အစားအသောက်များကို တစ်ချက်လှမ်းကြည့်လိုက်သည်။ နံနက်စာက မုန့်ပေါင်း၊ အချဉ်ထည့်ထားသော ဟင်းသီးဟင်းရွက်များနှင့် ယာဂုတို့သာ ဖြစ်ပြီး အရောင်အဆင်းက သိပ်မကောင်းသောကြောင့် သူမ၏စားချင်စိတ်ကို တားဆီးနေခဲ့သည်။
ထို့အပြင် ချူကျင်းဖုန်း ဘာလုပ်ချင်နေသည် သူမလည်း သိချင်နေသောကြောင့် သူ့ကို ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီလေ”
စူးချင်း သဘောတူလိုက်သည်ကို မြင်ရချိန်တွင် ချူကျင်းဖုန်းက သကြားလုံး ရသွားသည့် ကလေးတစ်ယောက်ကဲ့သို့ ဝမ်းသာသွားပုံရပြီး သူ့၏ပါးစပ်ထောင့်များက မိုးပေါ်သို့ ပျံတက်လုနီးပါး ဖြစ်လာခဲ့သည်။
“သခင်မလေးစူး.... ကျေးဇူးပြုပြီး”
သူက ဖိတ်ခေါ်သည့်အမူအရာကို လုပ်လိုက်သော်လည်း သူ့စကားမဆုံးသေးခင်မှာပင် စူးချင်း တည်းခိုဆောင်မှ ထွက်သွားသည်ကိုသာ သူ တွေ့လိုက်ရသည်။ သူက သူ့နောက်ကျောကို တည့်မတ်နေအောင် ပြန်ဆန့်လိုက်ပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့် သူမနောက်မှ လိုက်ပါသွားခဲ့သည်။
"ဒါက ကျန်းနန်စားသောက်ဆိုင်ရဲ့ပိုင်ရှင်မလား?"
“အဲ့လို ဖြစ်ပုံရတယ်”
တည်းခိုဆောင်၏ဆိုင်ရှင်က ထပ်မံအတည်ပြုချင်ပုံဖြင့် စားပွဲထိုးများကို လှမ်းမေးလိုက်သည်။ သူက သူ့မျက်လုံးကိုသူ မယုံနိုင်ဖြစ်နေပြီး သူကိုယ်တိုင်ပင် အတည်မပြုဝံ့တော့ပေ။ သခင်လေးချူက အတော်ပင် မာနကြီးသူဖြစ်ကြောင်း သူ သိထားပြီး ဖြစ်သည်။ သူက အများအားဖြင့် တခြားသူများအားလုံးကို လျစ်လျူရှုထားတတ်ပြီး သူထံတွင် မြင့်မြတ်သောရောင်ဝါများ ရှိနေကာ အလွယ်တကူ ချဥ်းကပ်ရန် မဝံ့ရဲစေသော ခံစားချက်ကို ပေးစွမ်းနိုင်သူ ဖြစ်သည်။
ဒါပေမယ့် ဒီနေ့ သူက ဘာကြောင့် ဒီကောင်မလေးကို အရမ်းဂရုစိုက်နေရတာလဲ?
ဒီကောင်မလေးက သာမန်လူ မဟုတ်သလိုပဲ။ သခင်လေးချူတောင်မှ သူမကို လေးလေးစားစား ဆက်ဆံရတယ်။ ဒီနတ်ဆိုးကြယ်လေးက သူတို့တည်းခိုဆောင်ကနေ ဘယ်တော့မှ ပြန်ထွက်သွားမှာလဲ? သူ သူမ ထွက်သွားဖို့လည်း တွန်းအားသွားမပေးရဲဘူးလေ။ အဲ့မိန်းခလေးက သူတို့အပေါ် မနေ့ကလို အဆိပ်မျိုး သုံးလိုက်ရင် ဘယ်လိုလုပ်ကြမလဲ?
မနေ့ညက တိုင်းတပါးဧည့်သည် သူ့မျက်နှာကို ပြင်းပြင်းထန်ထန် ကုတ်ခြစ်နေတာ မြင်နေရတာနဲ့တင် သူ တကယ်ကို ကြောက်လန့်နေပြီ။ လူကို အသက်ရှင်လျှက် အရေခွံခွာနေသလိုပဲ။ ညက သူ အိပ်မက်ဆိုးတောင် မက်ခဲ့ရတယ်။
စူးချင်းက သူမကြောင့် တည်းခိုဆောင်မှ ဆိုင်ရှင်နှင့် ဧည့်သည်များ ကြီးမားသည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်ခဲ့သည်ကို လုံးဝ မသိခဲ့ပေ။ သိခဲ့လျှင်လည်း သူမက ဂရုစိုက်မည့်သူ မဟုတ်ပေ။ သူမ၏အရင်ဘဝတွင် လူတိုင်းက သူမကို မြင်ရုံဖြင့် ကြောက်လန့်နေပြီ ဖြစ်ကာ သူမက ထိုအမူအရာများကို အသားကျနေပြီ ဖြစ်သည်။
"မနေ့ညက ဘာဖြစ်ခဲ့တာလဲ? တည်းခိုဆောင်က လူတွေက မင်းကို ကြောက်လန့်တကြား ကြည့်နေတာကို ငါ သတိထားမိတယ်”
ချူကျင်းဖုန်းက စူးချင်း၏နောက်မှ လိုက်လာရင်း သူမကို အပြုံးဖြင့် စပ်စုနေပြန်သည်။
“....”
စူးချင်းက သူ့ကို လျစ်လျူရှုထားပြီး သူမဘာသာ ဆက်လျှောက်နေခဲ့သည်။ ချူကျင်းဖုန်းက စိတ်မဆိုးဘဲ ပြုံးနေသော ဗုဒ္ဓရုပ်ပွားတော်ကဲ့သို့ ဆက်လက် ပြုံးနေသေးသည်။
များမကြာမီ သူတို့ ကျန်းနန်စားသောက်ဆိုင်သို့ ရောက်လာကြပြီး ဆိုင်ရှင်က အရသာရှိသော နံနက်စာများ ပြည့်နေသည့် စားပွဲကို ပြင်ဆင်ထားပြီး ဖြစ်သည်။
လက်ရာမြောက်သော အရန်ဟင်းပွဲရှစ်မျိုးကို ရွှေရောင်အနားသတ်ထားသည့် ပန်းကန်ပြားများပေါ်တွင် တည်ခင်းထားသည်။ ဤပန်းကန်များက စားသောက်ဆိုင်မှ ပန်းကန်များမဟုတ်ဘဲ သူဌေးကိုယ်ပိုင်သုံးလေ့ရှိသည့်ပန်းကန်များ ဖြစ်သည်။
ထို့အပြင် အဓိကစားစရာများဖြစ်သည့် မုန့်ပေါင်း၊ ဖက်ထုပ်၊ ဝက်သားမုန့်လုံးကြော်၊ အသားမုန့်ပေါင်းနှင့် ငှက်သိုက်ဟင်းရည်စသည်တို့ကိုလည်း ပြင်ဆင်ထားသည်။ သူတို့သူဌေးက စားနိုင်သည့် မနက်စာအားလုံးကို ပြင်ဆင်ပေးထားရန် သူ့ကို ညွှန်ကြားထားခဲ့သောကြောင့် ဆိုင်ရှင်က ပြည့်ပြည့်စုံစုံ ပြင်ဆင်ထားခဲ့သည်။
ဆိုင်ရှင်ကလည်း သူ့သူဌေးက မည်သူ့ကို ဖိတ်ကြားထားခြင်း ဖြစ်ကြောင်း သိချင်နေခဲ့သည်။
သူဌေးက မနက်အစောကြီး နိုးနေတာလား? ဒါက သူ့စရိုက်နဲ့ မကိုက်ညီတော့ဘူး။
စူးချင်း ဆိုင်ထဲသို့ ဝင်လာသည်ကို မြင်လိုက်ချိန်တွက် ပိုင်ရှင်က အပြုံးဖြင့် သူမနောက်မှ လိုက်ပါလာခဲ့သည်။ သို့သော် သူ့မျက်လုံးများက ပြူးကျယ်နေခဲ့သည်။
ဒါက မနေ့က အိမ်ဝယ်ချင်တဲ့ သခင်မလေးပဲ။
ငါ တကယ် နားမလည်နိုင်တော့ဘူး။ မနေ့က သူဌေးက အိမ်မရောင်းဘူးလို့ ပြောလိုက်တာ မဟုတ်ဘူးလား?
အခု သူဌေးက ဒီကောင်မလေးကို ဘာလို့ နွေးနွေးထွေးထွေး ဖိတ်ခေါ်လာပြန်တာလဲ?
ဒါဆို... အိမ်ကို ရောင်းချင်သွားပြန်ပြီလား?
“သခင်မလေး၊ ဒီဘက်ကို ကြွပါ”
သူ့စိတ်ထဲတွင် မရိုးမရွဖြစ်နေသော်လည်း ဆိုင်ရှင်က သူ့မျက်နှာတွင် ဘာအမူအရာမှ မပြဘဲ စူးချင်းကို ဧည့်ခံရန် ကိုယ်တိုင်ရောက်လာခဲ့သည်။
“သခင်မလေး၊ ဒါက ဒီနေ့ မီးဖိုချောင်မှာ အထူးချက်ပြုတ်ထားတဲ့ ငှက်သိုက်ဟင်းရည်ပါ။ ငါ အခု မင်းအတွက် ထည့်ပေးပါရစေ"
စူးချင်းက သူမ၏အကြည့်ကို စားပွဲပေါ်သို့ ပို့လိုက်ပြီး ထိုအလွန်အကျွံပြင်ဆင်မှုများနှင့် ဧည့်ဝတ်ကျေပွန်မှုများက စူးချင်းက ပို၍ပင် သံသယဖြစ်လာစေခဲ့သည်။ သူမက ချူကျင်းဖုန်းကို မော့ကြည့်လိုက်ပြီး "သခင်လေးချူ၊ ရှင့်မှာ တောင်းဆိုစရာ တစ်ခုခု ရှိသေးလား?"
"မရှိပါဘူး၊ ငါမှာ ဘာမှ တောင်းဆိုစရာ မရှိပါဘူး"
စူးချင်း၏မေးခွန်းကို ကြားလိုက်ချိန်တွင် ချူကျင်းဖုန်း၏အပြုံးက ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ သူ၏မက်မွန်ပွင့်ပုံမျက်လုံးများမှ တည်ငြိမ်သည့်အရိပ်အယောင်က ခဏတာမျှ ပြင်းထန်လာခဲ့သော်လည်း သူက ပန်းတစ်ပွင့်ကဲ့သို့ ချက်ချင်း ပြန်ပြုံးလိုက်သည်။
"ရှင် ရှင်းရှင်းလင်းလင်း မပြောရင် ကျွန်မ မစားတော့ဘူး"
စူးချင်း၏မျက်နှာက အေးစက်သွားသည်။
ချူကျင်းဖုန်းက သူမအပေါ် ရည်ရွယ်ချက်တစ်ခု ရှိနေတာ သေချာတယ်။ သူ သူမဆီကနေ လိုချင်တာ တစ်ခုခုတော့ ရှိရမယ်။ ချူကျင်းဖုန်းက သူမဆီက တစ်ခုခုကို လိုချင်နေတာလို့ ပြောလာခဲ့ရင် သူ သူမအပေါ် အရမ်းအာရုံစိုက်နေတာကို နားလည်ပေးနိုင်တယ်။ မဟုတ်ရင် သူ သူမဆီကို ချဉ်းကပ်တာက အခြားစိတ်ကူးတစ်ခုခုတော့ ရှိနေလိမ့်မယ်။
“သခင်မလေး၊ ငါက မင်းနဲ့ မိတ်ဆွေ ဖြစ်ချင်တာပါ”
ချူကျင်းဖုန်းက စူးရှသော အမူအရာဖြင့် စူးချင်းကို စိုက်ကြည့်နေပြီး သူ့၏ပြီတီတီရုပ်သဏ္ဍာန်က သူ့ထံတွင် လုံးဝ မရှိတော့ပေ။
စူးချင်းက ချူကျင်းဖုန်း၏မျက်လုံးများတွင် ဖျက်ခနဲ ပေါ်လာသည့်နာကျင်ရိပ်ကို လှမ်းမြင်လိုက်ရသည်။
သူက သူမထင်ထားသလောက် မပေါ့ပြက်ဘူးပဲ။ သူလည်း လေးလံတဲ့ဝန်တစ်ခုခုကို ထမ်းထားရသလိုပဲ။
သို့သော် စူးချင်းက ငြိမ်းချမ်းသောဘဝကိုသာ လိုချင်ပြီး သူမအတွက် မည့်သည့်ဒုက္ခကိုမှ မရှာချင်တော့ပေ။
"ကျွန်မ တစ်ယောက်တည်းနေရတာ ကြိုက်တယ်"
စူးချင်းက လှည့်ထွက်သွားပြီး ချူကျင်းဖုန်းက ထိုနေရာတွင် ရပ်နေကာ သူမကို တိတ်တဆိတ် လှမ်းကြည့်နေခဲ့သည်။ စူးချင်း တံခါးမှ ထွက်ခါနီးတွင် ချူကျင်းဖုန်းက သူမကို လှမ်းအော်လိုက်သည်။
"သခင်မလေး၊ ငါ မင်းကို တာ့ထန်မှာ တွေ့ဖူးတယ်"
စူးချင်းက ရုတ်တရတ် ပြန်လှည့်ကြည့်လာခဲ့ပြီး သူမ၏ မျက်လုံးများတွင် လူသတ်ရိပ်များ ရှိနေကာ သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေခဲ့သည်။
“ငါက ကောင်မလေးတစ်ယောက်ကို ကယ်ခဲ့ဖူးတယ်၊ သူ(မ)က မင်းကို ဝမ်းကွဲအစ်မလို့ ခေါ်တယ်"
ချူကျင်းဖုန်းက ဆက်ပြောလိုက်ပြီး ထိုစကားက စူးချင်း၏မျက်လုံးထဲမှ သတ်ဖြတ်ခြင်း အရိပ်အယောင်ကို ပျောက်ကွယ်သွားစေခဲ့သည်။
ဒီတော့ သူက လွမ်ဟုန်ကို ကယ်တင်ပေးခဲ့တဲ့သူလား?
ဒါပေမယ့် ပြသနာတစ်ခုရှိနေသေးတယ်။ သူက လွမ်ဟုန်ကို ကယ်တင်ပေးခဲ့ပေမယ့် သူ့နာမည်ကို မချန်ထားခဲ့ဘူး။ ဒီနေ့ ဘာကြောင့် ဒီကိစ္စကို သူဘက်ကနေ စပြောလာခဲ့တာလဲ?
"ငါက မင်းရဲ့ရဲစွမ်းသတ္တိကို အရမ်းလေးစားမိလို့ မင်းနဲ့သူငယ်ချင်းကောင်းတွေ ဖြစ်ချင်တာပါ။ မင်းဘက်က ဆန္ဒမရှိရင်လည်း ရပါတယ်၊ ငါ ဘာမှ မပြောခဲ့ဘူးလို့ သတ်မှတ်လိုက်ပါ”
ချူကျင်းဖုန်းက နောက်သို့ ပြန်ဆုတ်သွားပြီး အထီးကျန်ဆန်သောအမူအရာဖြင့် ဦးညွှတ်လိုက်သည်။ သူ၏ညှိုးငယ်သောမျက်နှာကို မြင်လိုက်ချိန်တွင် စူးချင်းက မျက်မှောင်ကြုတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ သူက သူမရဲ့ဝမ်းကွဲညီမကို ကယ်တင်ပေးခဲ့တဲ့သူ ဖြစ်နေသေးတယ်။ သူမ သူ့ကို ကျေးဇူးတင်သင့်တယ်။
စူးချင်းက သူ့ကို အချိန်အကြာကြီး ကြည့်နေပြီးမှ ဖြည်းညှင်းစွာ ထပ်ပြောလိုက်သည်။
“ရှင်က ကျွန်မရဲ့ဝမ်းကွဲညီမကို ကယ်တင်ပေးခဲ့တယ်၊ ဒါကြောင့် ကျွန်မရဲ့အသိစိတ်ကို မထိခိုက်စေတဲ့ တစ်ခုခုကို ရှင့်အတွက် ပြန်ကူညီပေးနိုင်တယ်။ ရှင် ကျွန်မဆီကနေ အကူအညီလိုလာခဲ့ရင် ကျွန်မကို လာရှာလို့ရတယ်"
စူးချင်း၏စကားကို ကြားလိုက်ချိန်တွင် ချူကျင်းဖုန်း၏မျက်လုံးများက ပြန်တောက်ပလာသည်။ သူက ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ၊ ငါ မဖြေရှင်းနိုင်တဲ့ ခက်ခဲတဲ့ အခြေအနေတစ်ခု ကြုံလာခဲ့ရင် သခင်မလေးကို လာရှာပြီး အကူအညီတောင်းပါ့မယ်"
“ကောင်းပြီလေ”
စူးချင်းက ခေါင်းညိတ်လိုက်သည်။ ဒီနည်းနဲ့ သူမတို့ ကျေးဇူးကြွေး ကျေသွားလိမ့်မယ်။
"ဒါဆို မနက်စာ စားလို့ ရပြီလား"
ချူကျင်းဖုန်းက စားပွဲပေါ်ရှိ အရသာရှိပုံရမည်း နံနက်စာများကို ညွှန်ပြရင်း ထပ်ပြောလိုက်သည်။
"မစားရင် အလဟသ ဖြစ်သွားလိမ့်မယ်"
“ကောင်းပြီလေ”
ချူကျင်းဖုန်းက သူမအား သနားခံသလို ကြည့်နေသည်အား တွေ့လိုက်ရသောကြောင့် စူးချင်းက ခေါင်းညိတ်လိုက်သည်။
သူ့အကြည့်တွေကို ငြင်းဆန်ဖို့ ခက်ခဲလွန်းတယ်။
ချူကျင်းဖုန်း၏မျက်နှာတွင် အပြုံးပန်းများ ချက်ချင်း ပွင့်လန်းလာသည်ကို သူမ မြင်လိုက်ရပြီး သူက သူမအတွက် ကုလားထိုင်ကိုပင် စိတ်အားထက်သန်စွာ ရွှေ့ပေးနေခဲ့သည်။
"သခင်မလေး၊ ဒီမှာ ထိုင်ပါ"
စူးချင်း : “...”
ခုန သနားစရာမျက်နှာက ဘယ်ရောက်သွားတာလဲ?
နံနက်စာစားပြီးနောက် ချူကျင်းဖုန်းက စူးချင်းနှင့်အတူ သူဌေးကျန်၏အိမ်သို့ လိုက်ပါလာခဲ့သည်။ သူက စူးချင်းကို အိမ်အမည်ပေါက်အတွက် လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ရန်လည်း ခေါ်သွားပေးခဲ့သည်။ တစ်မနက်တည်းဖြင့် အရာအားလုံး ပြီးဆုံးသွားခဲ့ပြီး အိမ်က စူးချင်း၏အိမ် ဖြစ်လာခဲ့သည်။
"သခင်မလေး၊ မင်း ကြိုက်တဲ့ အိမ်ကို ဝယ်ပြီးပြီဆိုတော့ ငါ့ကို ထမင်းတစ်နပ် ကျွေးမလား?"
ချူကျင်းဖုန်းက စူးချင်းကို အပြုံးဖြင့် ကြည့်နေပြန်သည်။ သူ၏ မက်မွန်ပွင့်ပုံမျက်လုံးများက အပြစ်ကင်းစင်သော ကလေးတစ်ယောက်၏ မျက်ဝန်းများကဲ့သို့ တောက်ပနေခဲ့သည်။
စူးချင်းက သူ၏စိတ်အားထက်သန်သော အကြည့်ကို ကြည့်နေရင်း ခေါင်းယမ်းလိုက်ကာ "ကျွန်မရဲ့မိဘတွေကိ သွားပြန်ခေါ်ရဦးမယ်"
ချူကျင်းဖုန်းက စိတ်ပျက်လက်ပျက်ဖြင့် နှုတ်ခမ်းစူလိုက်ပြီး သူ့ပုံစံက သနားစရာ ဖြစ်လာပြန်သည်။ သို့သော် စူးချင်း၏နောက်ထပ်စကားတစ်ခွန်းက သူ့ကို ချက်ချင်း ပြုံးသွားစေခဲ့သည်။