ရှင် ကျွန်မကို မုန်းလား?
Vol. 23 Ch. 341
စူးချင်းက လွမ်ဟုန်ကို ထပ်မေးလိုက်သည်။
ကျန့်နန်ချွန်းက တာ့ရှားစျေးကွက်ကို ထိုးဖောက်ဖို့ ရည်ရွယ်ထားပြီး ပါ့ဝမ်စွေ့က တာ့ထန်စျေးကွက်မှာ ဖြန့်ဖြူးဖို့ စီစဥ်ထားပြီးပြီ။ စျေးကွက်နှစ်ခုလုံးက အညီအမျှ အရေးကြီးတယ်ဆိုပေမယ့် ပါဝမ်စွေ့အတွက် ရောင်းအားက အာမခံချက်ရှိနေပြီ။ တာ့ထန်ဘက်က ဈေးကွက်က အခုထိ မဖွင့်ရသေးဘူး။ အဲ့တော့ ကျန့်နန်ချွန်းကို ပုံတူကူးခံလိုက်ရရင် သူမတို့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်လာလိမ့်မယ်။
"ပါးဝပ်စွေ့"
လွမ်ဟုန်က စူးချင်းကို အသေအချာ ပြန်ဖြေလိုက်သည်။ သူမက တာ့ထန်မှ မှာယူမှုအတွက် ပြည့်မီအောင် အလျင်စလို လုပ်ခဲ့ပြီး ပါဝမ်စွေ့ကို ရောစပ်ရန် အချိန်အများကြီး ပိုယူခဲ့သည်။ ထို့အပြင် သူမက ကျန့်နန်ချွန်း၏ရောစပ်နည်းကို သိပ်မသိသေးသောကြောင့် ချက်နည်းမှားသွားပြီး အမှိုက်ဖြစ်သွားမည်ကို စိုးရိမ်ခဲ့သည်။
စူးချင်း သက်ပြင်းမောတစ်ချက် မှုတ်ထုတ်လိုက်သည်။
ဒါဆိုရင်တော့ စိတ်ပူနေစရာ မလိုတော့ဘူး။ သူမက တာ့ထန်ရဲ့ ဧကရာဇ်မင်း၊ တတိယမင်းသားတို့နဲ့ စီးပွားရေးလုပ်နေခဲ့တာ။ သူမကိုယ်တိုင်ကလွဲရင် တခြားသူတွေရဲ့အရက်ကို တာ့ထန်မှာ ရောင်းနိုင်စရာ အကြောင်းမရှိဘူး။
သို့သော်လည်း ထိုအဖြစ်အပျက် အပြီးတွင် ချိုးယုံခန်းက သူမတို့ ထင်ထားသလောက် မရိုးသားကြောင်း စူးချင်း ခံစားလာရပြီး သူ့ကို သတိထားရန် တွေးလိုက်မိသည်။
ချိုးယုံခန်းက ချိုးယွဲ့သေဆုံးမှုအကြောင်းကို တစ်ခါမှ မပြောခဲ့သလို သူ သူမကို မုန်းတီးတဲ့ အမူအရာမျိုးတွေလည်း မရှိခဲ့ဘူး။
အဲ့တော့ ချိုးယုံခန်းက မိသားစုထက် တရားမျှတမှုကို ပို ဦးစားပေးတာလား? ဒါမှမဟုတ် သူက သူ့ရဲ့အမုန်းတရားတွေကို နှလုံးသားထဲတွင် မြှုပ်နှံထားပြီး အခွင့်အရေးရမှ ပြန်လက်စားချေမှာလား?
အကယ်၍ အနောက်က တစ်ခုသာ ဖြစ်နေခဲ့ရင်တော့ ချိုးယုံခန်းက အကြီးမားဆုံးသော လျှို့ဝှက်အန္တရာယ်ဖြစ်လာလိမ့်မယ်။
ဒါပေမယ့် ချိုးယုံခန်းနဲ့ ကျိရွှေရှန့်က ညီအစ်ကိုတွေလို ရင်းနှီးကြတာ မဟုတ်ဘူးလား? ချိုးယုံခန်းကသာ ကျိရွှေရှန့်ကို ဒုက္ခပေးချင်တယ်ဆိုရင်တော့ ကျိရွှေရှန့်ဘက်က ပြင်ဆင်ချိန်တောင် ရလိုက်မှာ မဟုတ်ဘူး။
သူမ၏အတွေးက ထိုနေရာသို့ ရောက်လာချိန်တွင် စူးချင်းက သူမ၏မျက်လုံးများကို မှိတ်ချလိုက်သည်။
သူမ ထွက်သွားဖို့ ဆုံးဖြတ်ထားပြီးပေမယ့် ဘာလို့ သူ့အတွက် စိတ်မပူဘဲ မနေနိုင်ရတာလဲ?
"လွမ်ဟုန်၊ ပြန်သွားပြီး ငါ့မိဘတွေနဲ့ မင်းမိဘတွေကို ထုပ်ပိုးဖို့ ပြောလိုက်တော့။ ငါတို့ နေ့လည်မှာ ထွက်သွားကြမယ်"
စူးချင်းက သူမ၏ဝမ်းကွဲညီမကို အိမ်ပြန်ခိုင်းလိုက်ပြီး ပြောင်းရွှေ့ရန် ပြင်ဆင်ခိုင်းလိုက်သည်။ ထို့နောက် သူမက ရုံးတော်၏ ငွေစာရင်းဌာနသို့ ထွက်လာခဲ့သည်။
ယခု ရှင်းရူဟိုင်က မော့ချန်၏စီရင်စုအမတ်အဖြစ် ယာယီဟန်ဆောင်နေခဲ့ပြီး ချိုးယုံခန်းက ရုံးတော်၏စာရင်းကိုင်အဖြစ် ဟန်ဆောင်နေခဲ့သည်။ စူးချင်းက သူ့ကို ထိုနေရာတွင် သွားရှာရန် ထွက်လာခဲ့ခြင်း ဖြစ်သည်။
စူးချင်း ရောက်သွားချိန်တွင် စာအုပ်တစ်အုပ်ကို ဖတ်နေသည့် ချိုးယုံခန်းကို တွေ့လိုက်ရသည်။ သူက ထိုစာအုပ်ကို အလွန်အာရုံစိုက်နေပုံရပြီး စူးချင်း ရောက်လာသည်ကိုပင် သတိမထားမိခဲ့ပေ။
"ယုံခန်း"
စူးချင်းက သူ့ကို လှမ်းခေါ်လိုက်ပြီး ချိုးယုံခန်းက သူ့လက်ထဲမှ စာအုပ်ကို အမြန် ပြန်ချကာ သူမကို နှုတ်ဆက်ရန် မတ်တပ်ထရပ်လိုက်သည်။
“စူးချင်း မင်း ပြန်လာပြီပေါ့"
“အင်း၊ ကျွန်မ ပြန်လာပြီ”
စူးချင်းက စားပွဲကို အမှတ်တမဲ့ ငုံကြည့်လိုက်ပြီး ချိုးယုံခန်းက နွေဦးနှင့် ဆောင်းဦး မှတ်တမ်းများ ဖတ်ရှုနေသည်ကို သူမ တွေ့လိုက်ရသည်။
စူးချင်းက "ရှင် ဆောင်းဦးစာမေးပွဲ ဝင်ဖြေမလို့လား?"
"ငါ့မှာ ဖြေဖို့ အစီအစဉ်ရှိတယ်"
ချိုးယုံခန်းက အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။
အစကတည်းက သူက ရွှေရှန့်နဲ့အတူ ကမ္ဘာကြီးကို အုပ်စိုးဖို့ အမြဲတွေးထားပြီး သူတို့ တစ်ယောက်ချင်းဆီက အရပ်ဘက်နဲ့ စစ်ဘက်မှာ လွှမ်းမိုးနိုင်ဖို့ သူ မျှော်လင့်ထားခဲ့တယ်။ အခု သူက သူ့ရဲ့ပန်းတိုင်ဆီသို့ ပထမဆုံးခြေလှမ်း စလှမ်းနေပြီ။
“ငါ့မှာ ရည်မှန်းချက် အကြီးကြီး တစ်ခုရှိတယ်လေ”
စူးချင်းက သူမ နားလည်ကြောင်း သူ့ကို ခေါင်းပြန် ညိတ်ပြလိုက်ပြီး နူးညံ့စွာ ပြုံးနေသည့် ချိုးယုံခန်းကို စိုက်ကြည့်လိုက်ကာ တိုက်ရိုက်မေးမြန်းလိုက်သည်။
"ကျွန်မ ရှင့်ညီမကို သတ်ခဲ့တယ်။ အဲ့တော့ ရှင် ကျွန်မကို မုန်းနေလား?"
ချိုးယုံခန်းက စူးချင်း ဤသို့ တိုက်ရိုက်ပြောလာလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် သူ့အမူအရာ လုံးဝ တုံ့ဆိုင်းသွားခဲ့သည်။
စူးချင်းက ခေါင်းညိတ်လိုက်ပြီး “အင်း၊ ရှင့်မှာ နာကြည်းမှုတွေ ရှိနေပုံပဲ။ ရှင် ကျွန်မကို မုန်းတာက ရှင့်အတွက် မှန်ပါတယ်၊ ဘာပဲ ဖြစ်ဖြစ် ချိုးယွဲ့က ရှင့်ရဲ့ညီမအရင်းပဲ"
"မဟုတ်ဘူး၊ ငါက ဘာလို့ မိန်းခလေးစူးကို မုန်းနေရမှာလဲ? အဲဒီတုန်းက အခြေအနေက အရေးတကြီး ဖြစ်နေပြီး ချိုးယွဲ့က ငါတို့အားလုံးကို ဆွဲချလုနီးပါးပါပဲ"
ချိုးယုံခန်းက ပုံမှန်ပြန်ဖြစ်သွားသော်လည်း သူ့မျက်လုံးများတွင် ဝမ်းနည်းရိပ်များ ရှိနေကာ စူးချင်းကို အပြစ်မတင်ကြောင်း ပြောလာခဲ့သည်။
"အခု ကျွန်မ ထွက်သွားတော့မယ်။ ရှင် ကျွန်မကို မုန်းတယ်ဆိုရင်လည်း ရှင် ကျွန်မကို လက်စားချေဖို့ ကျွန်မဆီကို လာလို့ရတယ်"
စူးချင်းက ချိုးယုံခန်း၏မျက်လုံးများကို စိုက်ကြည့်ရင်း ထပ်ပြောလိုက်သည်။ သူ့မျက်လုံးများက အပေါ်ယံ သူပြထားသလောက် မငြိမ်သက်ဘဲ စူးချင်းက သူ့မျက်လုံးထဲများထဲမှ အမုန်းတရားများကို ရှာတွေ့နိုင်ခဲ့သည်။ သူမက ချိုးယုံခန်းအနေဖြင့် ရန်လိုမှုများအားလုံးကို သူမအပေါ် ပုံချပြီး ကျိရွှေရှန့်ကို မမုန်းတီးစေရန် တမင်တကာ ထပ်ပြောလိုက်သည်။
"မိန်းခလေးစူး၊ မင်းက ယဥ်ကျေးလွန်းနေပါပြီ။ ငါ မင်းကို မိတ်ဆွေကောင်းတစ်ယောက်လို သဘောထားတာပါ၊ ငါက ဘာလို့ မင်းကို လက်စားချေချင်ရမှာလဲ?"
ချိုးယုံခန်းက စူးချင်း သူ့ကို ထိုသို့ ပြောလာမည်ဟု မမျှော်လင့်ထားဘဲ ရှင်းပြရန် သူ့လက်ကို ချက်ချင်း ဝှေ့ယမ်းလိုက်သည်။
“ကျွန်မလည်း ရှင်ပြောတာတွေ အမှန်အတိုင်း ဖြစ်ဖို့ မျှော်လင့်ပါတယ်။ ရှင်က အရင်လို ယုံခန်း ဖြစ်နေသေးရင် ကျွန်မတို့က အမြဲတမ်း မိတ်ဆွေကောင်းတွေ ဖြစ်နေမှာပါ"
စူးချင်းက သူမ ချိုးယုံခန်းကို အထင်လွဲနေခြင်းဖြစ်ရန် မျှော်လင့်ပြီး ခေါင်းညိတ်ပြလိုက်သည်။
ဘာပဲဖြစ်ဖြစ် သူမတို့တွေ အခက်အခဲတွေနဲ့ အန္တရာယ်တွေ အများကြီးကို အတူတူ ရင်ဆိုင် ဖြတ်သန်းခဲ့ကြတယ်။ ယုံခန်းကို ရန်သူမဖြစ်သွားစေချင်ဘူး။
စူးချင်း၏စကားကို ကြားလိုက်ချိန်တွင် ချိုးယုံခန်း၏မျက်လုံးများက တောက်ပလာပြီး လက်သီးပေါ် လက်ဖဝါးအုပ်ကာ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။ ထို့နောက် သူက "မင်း ဘယ်သွားမလို့လဲ?"
“အဆင်ပြေမယ့် တစ်နေရာရာပေါ့၊ ကျွန်မ ကျောက်မီးသွေး လှည်းနှစ်စီးစာနဲ့ သိုးခြောက်ကောင် ယူသွားမယ်၊ ရှင် စာရင်း မှတ်ထားလိုက်ပါ”
စူးချင်းက သူမ ဘယ်သွားမည်ကို မပြောပြခဲ့ပေ။ သူမ အခု ယုံခန်းကို မပြောပြချင်တော့ဘူး။
"ကောင်းပြီလေ၊ လုံခြုံတဲ့ခရီး ဖြစ်ပါစေ"
ချိုးယုံခန်းက အသက်ကို ပြင်းပြင်းရှူလိုက်သည်။
နောင်မှာ ပြန်မဆုံဖြစ်ကြရင် သူ့နှလုံးသားထဲက အထုံးကို သူ စွန့်လွှတ်နိုင်မယ် ထင်ပါရဲ့။
စူးချင်းက ငွေစာရင်းဌာနထဲမှ ပြန်ထွက်လာခဲ့ပြီး အနောက်ဘက် ခြံဝင်းသို့ ဦးတည်လိုက်သည်။ ထိုနေရာတွင် တစ်အိမ်လုံး ရှုပ်ပွနေလေသည်။
ယန်ရူရွှယ်နှင့် ယန်ရုပင်းတို့က ပစ္စည်းဟောင်းများကို စွန့်ပစ်ရန် တွန့်ဆုတ်နေကြသည်။ နေရာသစ်သို့ ရောက်သွားလျှင် အသစ်ပြန်စရမည်ကို စိုးရိမ်နေပြီး အရာအားလုံးကို သူမတို့နှင့်အတူ ယူသွားချင်နေကြသည်။
တစ်ကြိမ် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီးနောက် သူမတို့က မိသားစုအတွက် လိုအပ်သည့်အရာများ အများကြီး ရှိနေသေးကြောင်း သဘောပေါက်သွားခဲ့ကြသည်။ သုံးချင်သည့်အချိန် တစ်ခုခုလိုအပ်လျှင် အလွန်စိတ်ဆင်းရဲရပေသည်။
စူးချင်း ပြန်ရောက်လာချိန်တွင် သူမ အမေနှင့် အဒေါ်တို့၏အပြုအမူကို မြင်လိုက်ရပြီး ပြုံးနေခဲ့သည်။
“ဒေါ်လေး၊ အမေ၊ သမီး အိမ်ဝယ်ပြီးပြီ၊ ဟိုမှာ ဘာမှ မချို့တဲ့ဘူး။ အမေတို့ရဲ့အဝတ်အစားတွေကလွဲရင် တခြားဘာမှ ယူလာစရာ မလိုပါဘူး"
“အဲ့လိုတော့ မဖြစ်သေးဘူးလေ။ ဒီအရည်အသွေးမြင့် သားရေတွေကို ထားခဲ့ဖို့က ဘယ်လောက်တောင် ဖြုန်းတီးတာ ဖြစ်မလဲ?”
ယန်ရုပင်းက မြေခွေးဖြူသားရေကို ထားခဲ့ရန် တွန့်ဆုတ်နေခဲ့သည်။
“စျေးကြီးတဲ့ ပစ္စည်းတွေနဲ့ အမေတို့ အရမ်းကြိုက်တဲ့ပစ္စည်းတွေကို ရွေးပြီး ထုတ်ပိုးလိုက်ပါ။ သမီး အရက်ချက်ရုံမှာ သွားထားလိုက်မယ်"
စူးချင်းက သူမ မပြောင်းရွှေ့မီ တာ့ထန်သို့ အရက်သွားပို့ရန် နောက်ထပ်တစ်ရက် နေနိုင်သော်လည်း ကျိရွှေရှန့် ပြန်ရောက်လာမည်ကို စိုးရိမ်နေပြီး သူမတို့ မထွက်ခွာသွားနိုင်တော့မည် ကြောက်နေမိသည်။ သူမက ပြတ်သားသောသူဖြစ်ပြီး သူမ၏ခြေလှမ်းကို မည်သူ့ကြောင့်မှ နောက်မဆုတ်ချင်တော့ပေ။ ထို့ကြောင့် သူမက ကျင့်ရှီလျိုမြောင်သို့ အရက်များ အရင်သယ်သွားပြီး ကျင့်ရှီလျိုမြှောင်မှတဆင့် တာ့ထန်သို့ သွားရန် ဆုံးဖြတ်လိုက်သည်။
နောက်ဆုံးတွင် အရက်စည်များ အပါအဝင် လှည်းဆယ်စီးကျော်နှင့်အတူ တစ်မိသားစုစုလုံး ထွက်ခွာရန် အဆင်သင့်ဖြစ်နေခဲ့သည်။ စူးချင်းက ကုန်သွယ်မှုအတွက် မကြာခဏ ခရီးထွက်လေ့ရှိသောကြောင့် လှည်းများနှင့် ရထားလုံးများလည်း အလုံအလောက် ရှိနေခဲ့သည်။
သူမက ဦးလေးယန်နှင့် သူ့လူများကို အရက်စည်များ သယ်ရန် အကူအညီတောင်းခဲ့သည်။ စူးချင်းက အရက်စည်နှင့် သိုးများ အဆင်ပြေပြေ သယ်ဆောင်နိုင်ရန် လှည်းများကိုလည်း အထူးပြုပြင်ထားခဲ့သေးသည်။
စူးချင်းက မနေ့က ပြန်ပို့ထားသည့် ကျောက်မီးသွေး လှည်းနှစ်စီးကိုလည်း တောင်းယူခဲ့သေးသည်။ ကျန်းလောင်ချီက ကိုယ်တိုင်ကိုယ်ကျ အမြန် ပြေးလာခဲ့ပြီး စူးချင်းက အရက်စည်များ လှည်းပေါ်တင်ပြီးပြီကို မြင်လိုက်ရသောကြောင့် သူ မမေးဘဲ မနေနိုင်ဖြစ်သွားကာ လှမ်းမေးလိုက်သည်။
"စူးချင်း မင်းက တာ့ထန်ကို အရက်ရောင်းဖို့ သွားတော့မှာလား? ဘာလို့ ကျောက်မီးသွေးလှည်းနှစ်စီးပဲ ယူသွားရတာလဲ? ငါတို့မှာ လှည်းခြောက်စီးစာ ရှိတယ်လေ!”
"ငါ အဲဒါတွေကို သုံးစရာရှိလို့"
စူးချင်းက ကျန်းလောင်ချီကို သူမ ဘယ်သွားမည်ဟု မပြောတော့ပေ။ သို့သော် ယန်ရုရွှယ်၊ စူးဟန်ရွှမ်နှင့် တခြားသူများက အထုပ်အပိုးများဖြင့် လာနေသည်ကို သူ မြင်လိုက်ရပြီး သူတို့က စူးချင်းနှင့်တွေ့ရန် အပြေးအလွှား လာနေကြပုံရသည်။
ကျန်းလောင်ချီက ရိုးသားပြီး တုံးအသူ ဖြစ်သော်လည်း တစ်ခုခု မှားနေသည်ကို သူ သိနိုင်သေးသည်။ သူက စူးချင်းကို ဘေးသို့ ဆွဲခေါ်ပြီး မေးလိုက်သည်။
"စူးချင်း မင်း ထွက်ခွာသွားတော့မှာလား?"
“ဟုတ်တယ်၊ ငါ့အဖေနဲ့ အမေအတွက် ဒီမှာ နေရတာက မလုံခြုံဘူး။ သူတို့အတွက် ဘေးကင်းတဲ့နေရာကို ပို့ပေးမှ ဖြစ်မယ်"
စူးချင်းက ခေါင်းညိတ်ပြလိုက်ချိန်တွင် ကျန်းလောင်ချီ၏မျက်လုံးများတွင် တွန့်ဆုတ်မှုများ ပြည့်နှက်လာခဲ့သည်။
"ဘယ်ကို သွားမလို့လဲ? အပြင်မှာ ဖရိုဖရဲ ဖြစ်နေတာ မဟုတ်ဘူးလား? မင်းနဲ့ ငါတို့တွေက မင်းမိဘတွေ မကာကွယ်ပေးနိုင်လို့လား?"
“မဆုံးနိုင်တဲ့ တွေ့ဆုံပွဲဆိုတာ ကမ္ဘာပေါ်မှာ မရှိပါဘူး”
စူးချင်းလည်း အမှန်တကယ် စိတ်မကောင်း ဖြစ်နေခဲ့သည်။ ယခင်က သူမ ဤလူများကို ကာကွယ်ပေးရန် ဆုံးဖြတ်ခဲ့သော်လည်း ယခုအခါ သူမက သူတို့ကို စွန့်ပစ်သွားတော့မည် ဖြစ်သည်။
"အစ်မ ဘယ်ကို သွားမလို့လဲ?"
ကျိရှောင်ယင်ကလည်း ထိုသတင်းကို ကြားသွားခဲ့ပြီး စူးချင်းကို ရှာရန် အရက်ချက်ရုံသို့ ပြေးလာခဲ့သည်။ သူမ တံခါးဝသို့ ရောက်လာချိန်တွင် စူးချင်းနှင့် ကျန်းလောင်ချီတို့၏ စကားသံကို ကြားလိုက်ရသောကြောင့် သူမ၏ ပါးပြင်ပေါ်သို့ မျက်ရည်များ ချက်ချင်း စီးကျလာပြီး စူးချင်းကို လက်ကို ပြေးကိုင်ကာ မေးမြန်းလိုက်သည်။
"ရှောင်ယင်၊ နောင်ဆိုရင် တခြားသူတွေကို သိပ်မကြင်နာနဲ့။ မင်းကိုယ်တိုင်အတွက် နည်းနည်း ချန်ထားဖို့ သတိရ၊ အခြားသူတွေကို အလွန်အကျွံလည်း မယုံနဲ့၊ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရမယ်ဆိုတာ သိထားရမယ်”
စူးချင်းက ကျိရှောင်ယင်၏မျက်နှာကို ဖွဖွလေး ထိလိုက်ပြီး စိတ်မချနိုင်စွာ မှာနေခဲ့သည်။ သူမက ကျိရှောင်ယင်ကို သူမ၏ညီမအရင်းကဲ့သို့ အမြဲ ဆက်ဆံခဲ့ပြီး ယခု သူမနှင့် မကြာမီလမ်းခွဲရတော့မည် ဖြစ်သောကြောင့် ခွဲခွာရန် ဝန်လေးနေမိသည်။
"မသွားပါနဲ့ အစ်မစူးချင်း၊ ထွက်မသွားပါနဲ့"
ကျိရှောင်ယင်က ပြင်းထန်စွာ ငိုကြွေးနေပြီး မရပ်မနား ငိုနေရင်းမှ စူးချင်းကို ပွေ့ဖက်ထားကာ လွှတ်ပေးရန် ငြင်းဆန်နေခဲ့သည်။
"ငါ မင်းနဲ့တွေ့ဖို့ ပြန်လာမှာလေ၊ ဒါပေမယ့် ငါ့မိဘတွေကို လုံခြုံတဲ့နေရာအထိ အရင် ပို့ပေးရမယ်"
စူးချင်းက ကျိရှောင်ယင်၏မျက်ရည်များကို သုတ်ပေးလိုက်သည်။ သူမ၏မျက်လုံးများကလည်း စိုစွတ်နေခဲ့သည်။ သူမက ကျိရှောင်ယင်အတွက် အဖြူရောင်မုသားကို အသုံးပြုလိုက်သည်။
"အစ်မ မသွားခင် အစ်ကိုကြီး ပြန်လာတာကို စောင့်လို့ရမလား?"
(T/N; ဒီအခန်းမှာ နားမလည်နိုင်တာ တစ်ခု ရှိတယ်၊ ဒီမင်းဆက် မကောင်းမှန်းသိနေတာကို ချိုးယုံခန်းက ဘာလို့ စာမေးပွဲ ဝင်ဖြေမှာလဲ?)