← Chapters

အပြန်ခရီး

Vol. 23 Ch. 342

အပြန်ခရီး

Vol. 23 Ch. 342

စူးချင်းက ထွက်သွားရန် ဆုံးဖြတ်ထားသည်ကို နားလည်သွားချိန်တွင် ကျိရှောင်ယင်က အစ်မစူးချင်းကို တားဆီးရန် သူမ၏အစ်ကိုကြီးကို သုံးနိုင်မည်ဟု မျှော်လင့်ပြီး သူမအစ်ကိုကြီး၏အမည်ကို ထုတ်သုံးလိုက်သည်။

စူးချင်းက ခေါင်းယမ်းလိုက်ပြီး "ငါ မစောင့်တော့ဘူး"

"ဘာကြောင့်လဲ?"

ကျိရှောင်ယင်က အစ်မစူးချင်း အဘယ်ကြောင့် အလျင်စလို ထွက်ခွာချင်နေသည်ကို နားမလည်နိုင်ခဲ့ပေ။

အခု မော့ချန်က အရမ်း လုံခြုံနေပြီ မဟုတ်ဘူလား?

“တစ်ယောက်ယောက်က ငါ့ဦးလေး ဒီမှာ ပုန်းနေတာကို တော်ဝင်ရုံးတော်အထိ လျှို့ဝှက်သတင်းပို့လိုက်ပြီ၊ တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားရမယ်”

စူးချင်းထံတွင် ထိုကဲ့သို့ လိမ်ရန်မှတပါး ရွေးစရာ မရှိတော့ပေ။ ထိုသို့ မဟုတ်ပါက ကျိရှောင်ယင်၏ပင်ကိုယ်စရိုက်အရ သူမက မေးခွန်းများ မေးမြန်းခြင်းအား ရပ်တန့်တော့မည် မဟုတ်ပေ။ သူမ ပြန်မဖြေနိုင်လျှင် ထွက်မသွားရန် တားဆီးလာပေလိမ့်မည်။

"အစ်မနဲ့ အစ်ကိုကြီးက သူ့ကို အကာအကွယ် မပေးနိုင်ဘူးလား?"

ကျိရှောင်ယင်၏နှလုံးသားထဲတွင် သူမ၏ အစ်မစူးချင်းနှင့် အစ်ကိုကြီးတို့က အစွမ်းထက်ဆုံးဖြစ်သည်။ သူတို့ အတူရှိနေလျှင် ဧကရာဇ်မင်းကိုယ်တိုင် ရောာက်လာလျှင်ပင် သူမတို့ ကြောက်နေစရာ မလိုတော့ပေ။

“ငါ ဦးလေးကို အပြည့်အဝ မကာကွယ်ပေးနိုင်သေးဘူး”

စူးချင်းက ငြင်းဆန်လိုက်ပြီး ကျိရှောင်ယင်အား ဆေးတစ်ထုပ် လှမ်းပေးလိုက်သည်။

“ဒါကို မင်းအစ်ကိုကြီးဆီ ပေးလိုက်။ ငါ ဆေးတွေအားလုံးကို အမှတ်အသား လုပ်ထားတယ်၊ အရေးပေါ်အခြေအနေအတွက် သိမ်းထားဖို့ သူ့ကို ပြောလိုက်ပါ”

စူးချင်းက ကျိရှောင်ယင်အား ပေးလိုက်သော ဆေးအိတ်ထဲတွင် ပြင်ပဒဏ်ရာနှင့် အတွင်းဒဏ်ရာများကို ကုသပေးနိုင်သည့် မှော်ဆန်သော ဆေးများအပြင် ရန်သူများကို အပြတ်အသတ် ချေမှုန်းနိုင်မည့် ဆေးမှုန့်များလည်း ပါဝင်သည်။

ကျိ‌ရွှေရှန့်က ကြီးကျယ်တဲ့အရာတွေကို လုပ်ချင်နေတယ်။ အနာဂတ်မှာ စစ်ပွဲတွေ ပိုများလာလိမ့်မယ်။ ဒဏ်ရာဆိုတာက စစ်မြေပြင်မှာ ဘယ်လိုမှ ရှောင်လွှဲ မရနိုင်တဲ့အရာပဲ၊ သူ ဒီဆေးတွေကို သိမ်းထားသရွေ့ သူ့အသက်ကို ကယ်တင်နိုင်လိမ့်မယ်။

အရိုးပျော့ဆေးမှုန့်နဲ့ ပက်သက်ရင်တော့ အဲ့ဒါက အရေးပေါ်အခြေအနေအတွက်ပဲ။ ကျိ‌ရွှေရှန့်က သူမ သူ့အတွက် နောက်ဆုံးအကြိမ်က ပေးထားခဲ့တဲ့ ဆေးမှုန့်တွေကို အသုံးပြုပြီးသွားပြီ။ ဒါက သူမ သူ့ကို ​​နောက်ဆုံးအကြိမ် ကူညီခဲ့တာလို့ ယူဆနိုင်တယ်။

"အစ်မစူးချင်း အစ်မ ဘယ်တော့ပြန်လာမှာလဲ?"

ကျိရှောင်ယင်က ဆေးအိတ်ကို ပွေ့ဖက်ထားရင်း ဇဝေဇဝါဖြစ်နေဟန်ဖြင့် လှမ်းမေးလိုက်သည်။

အခု အစ်မစူးချင်းက ဒီကနေ အပြီးထွက်သွားတော့မယ်လို့ သူမ ခံစားနေရတယ်။ အစ်မစူးချင်းက ပြန်လာဖို့ စီစဉ်ထားပုံမရဘူး။

သူမ၏အစ်မစူးချင်း ဘယ်တော့မှ ပြန်မလာတော့ဘူးဟု တွေးလိုက်မိချိန်တွင် ကျိရှောင်ယင်က သူမ၏နှလုံးသား ကွဲကြေသွားသလို ခံစားလိုက်ရပြီး အလွန်ဝမ်းနည်း သွားခဲ့သည်။

"မကြာခင်"

စူးချင်းက သူမကို အပြုံးလေးဖြင့် နှစ်သိမ့်ပေးနေခဲ့သော်လည်း သူမ၏မျက်လုံးများထဲမှာ ပြင်းပြင်းထန်ထန် တွန့်ဆုတ်နေမှုများ ရှိနေခဲ့သည်။

ကျန်းယွိရန်နှင့် လီရွှမ်းအာတို့ကလည်း အမျိုးသမီးလီနှင့်အတူ ပြေးလာခဲ့ကြသည်။ အမျိုးသမီးလီက သူမ၏မွေးစားသမီးကို ကြည့်နေရင်း ငိုကြွေးနေခဲ့သည်။

"စူးချင်း၊ မင်း ဘာလို့ ထွက်သွားမှာလဲ?"

“မွေးစားအမေ၊ ကျွန်မ ပြန်လာမှာပါ။ အစစ အရာရာ ဂရုစိုက်နော်"

စူးချင်းက ဤလမ်းခွဲနှုတ်ဆက်ခြင်းကို ဆက်မလုပ်ချင်တော့ပေ။

သူမ အရင်က ဒီလောက် စိတ်မသက်မသာ မဖြစ်ခဲ့ဖူးဘူ။ အခု ကြီးမားတဲ့ ကျောက်တုံးကြီးက သူမရဲ့နှလုံးသားကို ဖိထားသလို ခံစားနေရတယ်။

စူးချင်းက သူမ၏မွေးစားအမေကို လက်ပြနှုတ်ဆက်ပြီး မြို့ပြင်သို့ ထွက်လာခဲ့သည်။

ထောင်ဟွားဝူမှ ရွာသားများကလည်း ထိုသတင်းကို ကြားသွားပြီး စူးချင်းကို လိုက်ပို့ရန် မြို့တံခါးဆီသို့ ပြေးလာကြသည်။ ချန်ယွိပင်လျှင် ရှောင်းမိသားစုစစ်တပ်ကို ဦးဆောင်ပြီး စူးချင်းကို နှုတ်ဆက်ရန် ‌ရောက်လာခဲ့သည်။

သူမကို နှုတ်ဆက်ရန် ရောက်လာခဲ့ကြသည့် လူတစ်စုကို မြင်လိုက်ရချိန်တွင် စူးချင်းလည်း အလွန်တုန်လှုပ်သွားရသည်။ သူမ ပထမဆုံးအကြိမ်အဖြစ် စိုးရိမ်ပူပန်မှုကို ခံစားလိုက်ရသည်။

ဒီလူတွေအားလုံးက သူမ ကာကွယ်ပေးချင်ခဲ့တဲ့ လူတွေပဲ။

သူမ တစ်ယောက်ပြီးတစ်ယောက် လှည့်ကြည့်လိုက်ရာ လူတိုင်း၏ မျက်လုံးများတွင် တွန့်ဆုတ်မှုများ ပြည့်နှက်ပြီး သူမအား လှမ်းကြည့်နေကြသည်ကို သူမ တွေ့လိုက်ရသည်။ စူးချင်း သူ့တိုကို ဆက်မကြည့်နိုင်တော့ပေ။ ထိုသို့ မဟုတ်လျှင် သူမ ထွက်မသွားနိုင်တော့မည်ကို သူမ ကြောက်လာခဲ့သည်။ ထို့ကြောင့် စူးချင်းက လက်သီးအုပ်လိုက်ပြီး လူတိုင်းကို ခြုံငုံကာ လှမ်းပြောလိုက်သည်။

“ပြန်တွေ့ကြမယ်”

စူးဟန်ရွှမ်နှင့် လွမ်ချင်းရှန်တို့က ထိုလူများ စူးချင်းကို ဤမျှချစ်ခင်နှစ်သက်ကြလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ ထိုမြင်ကွင်းက သူတို့ကိုလည်း ရင်နင့်စေခဲ့သည်။

ဒီအတောအတွင်းမှာ သူ့သမီးလေးရဲ့အကြောင်းတွေကို လူတော်တော်များများဆီကနေ သူ ကြားခဲ့ရတယ်။ လူတိုင်းက သူမကို လေးစားကြောက်ရွံ့ကြတယ်လို့ သူ ထင်ခဲ့ပေမယ့် အခုကြည့်လိုက်တော့ လူတိုင်းက သူ့သမီးလေးကို ကြောက်နေတာမဟုတ်ဘဲ ချစ်ခြင်းမေတ္တာတွေ အပြည့်ရှိနေကြတာပါ။

လှည်းတန်းက ရှေ့သို့ ဖြည်းညင်းစွာ ရွေ့လျားသွားနေပြီး လူတစ်စုက မြို့နှင့် တဖြည်းဖြည်း ဝေးကွာကွားကာ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

ယခုအချိန်က နှစ်တစ်နှစ်၏ အအေးဆုံးအချိန်နီးပါး ဖြစ်နေပြီး မြောက်လေက နေရာတိုင်းမှ တိုက်ခတ်နေကာ ယနေ့တွင် ပို၍ လေပြင်းများ တိုက်ခတ်နေပုံရသည်။

ရထားလုံး၏အတွင်းပိုင်းက ကောင်းမွန်လွန်းပြီး အတွင်းတွင် သိုးမွှေးဖြင့် လုပ်ထားသော စောင်များ ခင်းကျင်းထားခဲ့သည်။ လေအေးများကို တားဆီးရန် ကန့်လန့်ကာတစ်ခုလည်း ရှိနေသေးသည်။

ရထားလုံးမောင်းသူများကတော့ အအေးဒဏ်ကိုခံနေကြရသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ယန်ကျစ်နှင့် သူလူများက သန်မာကြံခိုင်ကြပြီး သူတို့၏လုပ်ငန်းအတွက် တစ်နှစ်ပတ်လုံး ခရီးထွက်နေသူများဖြစ်ကြသည်။ ထို့ကြောင့် ပူခြင်းနှင့် အေးခြင်းက သူတို့အတွက် ဘာမှ မဟုတ်တော့ပေ။

စူးဟန်ရွှမ်က ယန်ကျစ်ကို သူ့တိုနှင့်အတူ ကျင့်ရှီလျိုမြောင်သို့ လိုက်ရန် သို့မမဟုတ် မော့ချန်တွင် ဆက်နေရန် ‌ရွေးချယ်ခိုင်းခဲ့သည်။ ယန်ကျစ်က စူးဟန်ရွှမ်၏နောက်သို့ လိုက်ရန် ရွေးချယ်ခဲ့သည်။

ကျင့်ရှီလျိုမြောင်က သူတို့အတွက် အကျွမ်းတဝင်မရှိသော မြို့တစ်မြို့ ဖြစ်နေပြီး အများအားဖြင့် မည်သို့မြို့တွင်မဆို သူစိမ်းများက အနိုင်ကျင့်ခံရလေ့ရှိသည်မှာ ပုံမှန်ဖြစ်စဉ်တစ်သာ ခုဖြစ်သည်။ ယခု သူတို့က လူများနေသောကြောင့် အားသာချက်ရှိနေပြီး မည်သူကမျှ စူးဟန်ရွှမ်၏မိသားစုကို အနိုင်ကျင့်ဝံ့မည်မဟုတ်ဟု သူ တွေးကာ ထိုသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

စူးဟန်ရွှမ်က ယန်ကျစ်၏ မိတ်ဆွေကောင်းတစ်ဦးအဖြစ် သတ်မှတ်ထားခဲ့သည်။ ထို့ကြောင့် သူက ငွေအများကြီး ရှာကာ သူတို့ကို အမြဲကြည့်ရှုပေးရန် တွေးထားခဲ့သည်။

စူးချင်းက ရထားလုံးမောင်းရန် ရှေ့တွင် ထိုင်နေကာ ရထားလုံးကို ခပ်မှန်မှန် မောင်းနှင်နေခဲ့သည်။ ယန်ကျစ်က သူမ အအေးမိမည်ကို စိုးရိမ်နေပြီး ရထာလုံးထဲတွင် ဝင်ထိုင်ရန် သူမကို အကြိမ်ပေါင်းများစွာ တိုက်တွန်းနေခဲ့သည်။ သို့သော် စူးချင်းက အချိန်တိုင်း ငြင်းဆန်နေခဲ့သည်။

"ချင်းအာ... သမီးရဲ့ အပေါ်ရုံကို သေသေချာချာ ၀တ်ထားလိုက်"

ယန်ရူရွှယ်က သူမ၏သမီး အေးခဲသွားမည်ကို စိုးရိမ်နေပြီး သူမ စူးချင်းအတွက် ထိုးထားသည့် သိုးမွှေးအင်္ကျီကို ထုတ်ယူကာ သူမအပေါ်မှာ တင်ပေးလိုက်သည်။

ယန်ရူရွှယ်က သူမ၏သမီးကို အတွင်းထဲသို့ အတင်းအကြပ် မဝင်ခိုင်းခဲ့ပေ။ အချိန်များစွာ အတူတူ ကုန်ဆုံးပြီးနောက် သမီးဖြစ်သူ၏ခေါင်းမာမှုကို သူမ သိထားပြီး ဖြစ်သည်။ သူမက သမီးဖြစ်သူကို လှည်းထဲသို့ ဝင်ရန် နှစ်ကြိမ်တိုင်တိုင် တိုက်တွန်းခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။ သူမ၏သမီးလေးက စိတ်မကောင်းဖြစ်နေပြီး သူမ တစ်ယောက်တည်း နေချင်နေခြင်းမျိုးလည်း ဖြစ်နိုင်သေးသည်ဟု သူမ တွေးလိုက်တော့သည်။

“ကျေးဇူးတင်ပါတယ် အမေ”

စူးချင်းက မိခင်ဖြစ်သူကို ကျေးဇူးတင်စကား ပြောလိုက်ပြီး အပေါ်ရုံ၏ကြိုးကို တင်းနေအောင် ချည်ထားလိုက်သည်။ သိုးမွှေးဝတ်ရုံက နွေးထွေးလွန်းသော်လည်း သူမအမေ၏စိုးရိမ်ပူပန်မှုက ပိုနွေးထွေးစေခဲ့သည်။

စူးချင်းက သူမ၏မိသားစုကို ကျင့်ရှီလျိုမြောင်သို့ ခေါ်ဆောင်သွားစဉ် ကျိ‌ရွှေရှန့်က ကျင်းချန်နှင့် ယောင်ချန်မှ လှည့်ဖျားယူခဲ့သော စပါးများနှင့်အတူ အိမ်သို့ အပြေးပြန်လာခဲ့သည်။

သံရိုင်းတွင်းဘက်မှ ဖြတ်သွားချိန်တွင် သူက ဦးလေးချွီနှင့် အခြားလူများအတွက် ရိက္ခာလှည်းနှစ်စီးစာ ဝင်ပို့ပေးခဲ့ပြီး သွန်းလောင်းပြီးသည့် လက်နက်လှည်းနှစ်စီးစာကို ပြန်တင်ကာ မော့ချန်သို့ ပြန်ယူလာခဲ့သည်။

စူးချင်း မော့ချန်မှ ထွက်သွားပြီး ငါးရက်အကြာတွင် ကျိ‌ရွှေရှန့်က မော့ချန်သို့ ပြန်‌ရောက်လာခဲ့သည်။ သူက စစ်ဆေးမှုကို ရှောင်ရှားရန် ညဘက်တွင်သာ ခရီးဆက်ခဲ့ပြီး သုံးရက်တာခရီးကို ပြီးမြောက်ရန် ခုနစ်ရက်မှ ရှစ်ရက်အထိ ကြာမြင့်ခဲ့သည်။

ကျိ‌ရွှေရှန့်က ရိက္ခာလှည်း ၃၀ ကျော်၊ လက်နက်လှည်း နှစ်စီးတို့နှင့်အတူ မော့ချန်သို့ ပြန်‌ရောက်လာခဲ့သည်။ သူက နေ့ခင်းဘက်တွင် မြို့ထဲသို့ မဝင်ရန် မရွေးချယ်ဘဲ ညဉ့်နက်သည်အထိ စောင့်‌နေပြီးမှ မြို့စောင့်တပ်သားများကို တံ့ခါးဖွင့်ခိုင်းခဲ့သည်။ သူက မြင်းခွာများပေါ်တွင် အဝတ်စများ ရစ်ပတ်ပြီး မည်သူမျှ သတိမပြုအောင် မြို့ထဲသို့ ဝင်လာခဲ့သည်။

သူ အပြင်ရောက်နေသည်မှာ ဆယ်ရက်ကျော်နေပြီ ဖြစ်သောကြောင့် ကျိ‌ရွှေရှန့်က အိမ်ပြန်ရန် စိတ်အားထက်သန်နေသည်။ သူ မော့ချန်မှ ထွက်သွားချိန်အထိ စူးချင်းက အဘယ်ကြောင့် ရုတ်တရက် သူ့ကို လျစ်လျူရှုထားခဲ့ကြောင်း သူ မသိရသေးပေ။ ဤရက်အနည်းငယ်တွင် ကျိ‌ရွှေရှန့်က ညဘက် အနားမယူမီ သူ ဘာအမှားလုပ်မိသည်ကို ပြင်းပြင်းထန်ထန် တွေးတောနေခဲ့သည်။

စူးချင်းက သဘောထားသေးသိမ်တဲ့လူ မဟုတ်ဘူး။ သူမ မခံမရပ်နိုင်ဖြစ်စေလောက်မယ့် တစ်စုံတစ်ရာ မလုပ်မိခဲ့ရင် သူမက သူ့ကို လျစ်လျူရှုထားမှာ မဟုတ်ဘူး။

သို့သော် ကျိ‌ရွှေရှန့်က သူ ဘာအမှား လုပ်မိခဲ့သည်ကို မသိနိုင်သေးပေ။

ဝမ်မိသားစုစစ်တပ်ကို မြို့ထဲ ဝင်ခွင့်ပေးခဲ့ပြီး သူမရဲ့မိဘတွေကို အန္တရာယ်ဖြစ်လုနီးပါး ဖြစ်အောင်လုပ်ခဲ့မိတဲ့အတွက် သူ့ကို အပြစ်တင်နေတာ ဖြစ်နိုင်မလား?

ဒါက စူးချင်း ဒေါသထွက်နိုင်တဲ့ တစ်ခုတည်းသော အကြောင်းပြချက်ပဲ။

ကျိ‌ရွှေရှန့်က မြို့ထဲသို့ ပြန်ဝင်လာခဲ့ပြီး စစ်သည်များကို လှည်းများ ပေါ်မှ ရိက္ခာများ ချခိုင်းရန် ချန်ယွိအား တောင်းဆိုလိုက်သည်။ သူ ပထမဆုံးလုပ်ချင်သည့်အရာက စူးချင်းကို ရှာရန်သာ ဖြစ်သော်လည်း ယခု သန်းခေါင်ကျော်နေပြီ ဖြစ်သောကြောင့် စူးချင်းက အိပ်ပျော်နေနိုင်သည်။ သူ အလွန်အမင်း စိတ်‌ဆောနေလျှင်ပင် မနက်ဖြန်မနက်အထိ သည်းခံစောင်းဆိုင်းရပေတော့မည်။

သူက သူ အိမ်ပြန်သွားလျှင် သူ့ညီမလေးနှင့် မွေးစားမေကို နှိုးရမည် ဖြစ်သောကြောင့် ရုံးတော်၏ စာဖတ်ခန်းတွင်သာ အိပ်ရန် ဆုံးဖြတ်လိုက်သည်။

"ရွှေရှန့်၊ ဒီရိက္ခာတွေနဲ့ဆိုရင် ငါတို့ စစ်သည်တွေ ထပ်စုဆောင်းနိုင်ပြီး မြင်းတွေလည်း ဝယ်လို့ ရပြီ"

ချန်ယွိက ပြုံးစိစိမျက်နှာဖြင့် အထဲသို့ ဝင်လာခဲ့သည်။

အရင်တုန်းက သူတို့တောင် အစာရေစာ ငတ်ပြတ်နေခဲ့ပြီး ဗိုက်ဟောင်းလောင်းနဲ့ စစ်တိုက်ရတာမို့ စစ်သည်အရေအတွက် တိုးလာဖို့ ဘယ်လို မျှော်လင့်ရဲမှာလဲ? နောက်ထပ်လူတစ်ယောက်ထပ်တိုးတာက အစားတစ်လုပ်စာ ထပ်တိုးတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား?

အခု သူတို့မှာ စားစရာတွေ ရှိနေပြီဆိုတော့ စစ်သည်အသစ်တွေကို ရဲရဲတင်းတင်း စုဆောင်းပြီး ‌ရှောင်းမိသားစုစစ်တပ် ပိုအားကောင်းလာအောင် လုပ်နိုင်တော့မယ်။

သူ ဘယ်လို မပျော်ရွှင်ဘဲ နေနိုင်မှာလဲ? ရှောင်းမိသားစုစစ်တပ်ရဲ့ သူရဲကောင်းတွေကို တွေးပြီး မြင်ယောင်ကြည့်ရုံနဲ့ သူ စိတ်လှုပ်ရှားနေပြီ။

“ဟုတ်တယ်”

ကျိ‌ရွှေရှန့်က ခေါင်းညိတ်လိုက်သည်။

စားနပ်ရိက္ခာက စစ်တပ်တစ်ခုရဲ့ အခြေခံအုတ်မြစ်ပဲ။ အရင်က သိုးသားတွေ စားနေရပေမယ့် အလွန်အကျွံ စားမိရင် ကိုယ်တွင်းအပူကို ဖြစ်စေတယ်။ ပြီးတော့ စစ်တိုက်သွားတဲ့အခါ သိုးတွေကို စစ်မြေပြင်အထိ မောင်းယူသွားလို့ မရဘူး။ ခိုင်လုံတဲ့ ထောက်ပံ့ပို့ဆောင်မှု မရှိဘဲ ရှေ့တန်းက စစ်သည်တွေကို ဖုန်မှုန့်တွေ ကျွေးပြီး တိုက်ခိုက်ခိုင်း ရမှာလား?

သူ့မှာ ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိတယ်။ အခု သူက ရှောင်းမိသားစုစစ်တပ်ကို ပြန်လည် စုစည်းနေပြီးဆိုပေမယ့် ကျင့်ရှီလျိုမြောင်မှာ စစ်သည်အများစု ရှိနေသေးတယ်။ စစ်သူကြီးရန်ရှစ်ခွမ်းကလည်း သူ့ဖခင်၏သွေးသောက်ညီအစ်ကိုတွေထဲက တစ်ယောက်ပဲ။

သူ့အဖေ ဒုက္ခရောက်နေတဲ့အချိန်မှာ ရှောင်းမိသားစုစစ်တပ်ရဲ့ တခြားအဖွဲ့ဝင်တွေက လက်စားချေဖို့ ဒါမှမဟုတ် တောခိုဖို့ ကြွေးကြော်ခဲ့ကြတယ်။ ရန်ရှစ်ခွမ်းကတော့ ကျင့်ရှီလျိုမြောင်ကနေ လုံးဝ ထွက်မသွားဘဲ သူ့ရဲ့သစ္စာစောင့်သိမှုကို ဖော်ပြဖို့အတွက် ဧကရာဇ်ဆီကို လျှောက်တင်လွှာတစ်ခုတောင် ပေးပို့ခဲ့သေးတယ်။

ကျိ‌ရွှေရှန့်က ရန်ရှစ်ခွမ်း၏လုပ်ရပ်ကို နားမလည်နိုင်ခဲ့ပေ။ သူ နားမလည်ရုံသာမက ချန်ယွိနှင့် ချွီတာ့တို့ကလညး သူနှင့်အတွေးတူခဲ့ပြီး ရန်ရှစ်ခွမ်းနှင့် အဆက်အသွယ် ဖြတ်ထားခဲ့သည်။ ယခုအချိန်တွင် ချန်ယွိက ရှောင်းဟမ်ကြောင့် ရန်ရှစ်ခွမ်းက ကျိ‌ရွှေရှန့်ကို ကာကွယ်ပေးမည်ဟု တွေးထင်ထားခဲ့သည်။

ထိုအတွေးကြောင့် သူတို့ ရန်ရှစ်ခွမ်းထံ သွားခဲ့ကြသော်လည်း ထိုလူက စစ်သူကြီး၏တံဆိပ်ကိုသာ မှတ်သားထားပြီး လူကို အသိအမှတ်မပြုကြောင်း သူတို့ သိလာခဲ့ရသည်။ ထိုအပြင် ထိုစစ်သူကြီး၏တံဆိပ် ထည့်ထားသည့် သော့က မည်သည့်နေရာတွင် သွားရှာရမှန်း မသိနိုင်သည့် ကျိ‌ရွှေရှန့်၏ဇနီးလောင်းထံတွင် ရှိနေခဲ့သည်။

ဇနီးလောင်းလား? ကျိ‌ရွှေရှန့်က ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားခဲ့သည်။

All Chapters