နှလုံးသားချင်း ချိတ်ဆက်နေတယ်
Vol. 23 Ch. 343
အဲဒီနေ့တုန်းက သူ့အဖိုးက သော့နဲ့ သူ့ရဲ့ဇနီးလောင်းအကြောင်း ပြောပြခဲ့တယ်။ အဲ့နောက်မှာ သူ ချင်းအာကို သွားရှာတော့ သူမက သူ့ကို အေးတိအေးစက် ဆက်ဆံခဲ့တယ်။
သူမ အဲ့ဒီအကြောင်းကို သိသွားခဲ့တာလား? ဒါဆို သူမ အထင်လွဲသွားတာလား?
ထိုအတွေးကြောင့် ကျိရွှေရှန့်က စူးချင်းကို တွေ့ရန် ပို၍ပင် စိတ်စောလာခဲ့သည်။
သူ့အဖေရဲ့ စေ့စပ်ကြောင်းလမ်းမှုကို သူ မသိခဲ့တာကြောင့် သူ တားလို့ မရနိုင်ဘူးဆိုတာ ရှင်းပြချင်တယ်။ ဒါပေမယ့် သူက ဒီစေ့စပ်ကြောင်းလမ်းခြင်းကို ဖျက်သိမ်းပြီး စေ့စပ်လက်ဆောင်ကို ပြန်ယူမယ့်အကြောင်း သူမကို ပြောပြချင်တယ်။
ကျိရွှေရှန့်ဆိုတဲ့ သူက စူးချင်းဆိုတဲ့ သူမက လွဲပြီး ဘယ်သူ့ကိုမှ လက်ထပ်မှာ မဟုတ်တဲ့အကြောင်း ပြောပြချင်တယ်။ ပြီးတော့ ဒီစကားက သူ့ဘဝ တစ်သက်တာလုံး အတွက် အကျုံးဝင်နေမယ့်စကားပါ။
"ရွှေရှန့်? ရွှေရှန့်?"
ချန်ယွိက ကျိရွှေရှန့်အား စကားများ ပြောနေခဲ့သော်လည်း ကျိရွှေရှန့်က ဘာမှ မတုံပြန်ခဲ့ပေ။
သူ ဘာတွေ တွေးနေတာလဲ?
ချန်ယွိက မနေနိုင်တော့ဘဲ သူ့ကို လှမ်းအော်လိုက်သည်။
“ဦးလေးချန်၊ ဒီကိစ္စကို မနက်ဖြန်ကျမှ ပြောကြရအောင်။ ကျွန်တော် စူးချင်းကို သွားရှာလိုက်ဦးမယ်"
ကျိရွှေရှန့်က မစောင့်ချင်တော့ပေ။ သူက စူးချင်းကို တွေ့လိုစိတ်ပြင်းပြနေပြီး သူမ သူ့အဘိုး၏စကားများကို ကြား ကြားမကြား မေးချင်နေမိသည်။
"စူးချင်းလား? သူမ ထွက်သွားပြီလေ"
စူးချင်းကို သွားရှာမည်ဟု ကြားလိုက်သောကြောင့် ချန်ယွိက ကျိရွှေရှန့်ကို တားဆီးလိုက်သည်။
"ဦးလေး ဘာပြောလိုက်တာလဲ? သူ(မ) ထွက်သွားတာလား? သူ(မ)က ဘယ်ကို သွားတာလဲ?"
စူးချင်း ထွက်သွားကြောင်း ကြားလိုက်ချိန်တွင် ကျိရွှေရှန့်က ချန်ယွိ၏လက်ကို ဆွဲလိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။
ချန်ယွိက ပြုံးနေခဲ့သည်။ သခင်လေးရဲ့ လက်က ခွန်အားက ကြီးမားလွန်းတယ်။
"သူ(မ)က သူမ ဘယ်သွားမယ်ဆိုတာကို မပြောခဲ့ဘူး? မော့ချန်က အရမ်း မလုံခြုံတော့ဘူးလို့ ပြောပြီး သူ(မ)ရဲ့မိဘတွေကို ဘေးကင်းတဲ့ နေရာဆီ ခေါ်သွားချင်တယ်လို့ပဲ ပြောခဲ့တယ်”
ချန်ယွိက စူးချင်း၏စကားများကို ကျိရွှေရှန့်အား ပြန်ပြောပြလိုက်သည်။ ထိုလူအိုကြီးက ဘွင်းဘွင်းရှင်းရှင်း ပြောတက်ပြီး သူ့အတွေးများကလည်း ရိုးရှင်းသည်။
တာ့ထန်ရဲ့စစ်သည်တွေ၊ လူသားနတ်ဆိုးတွေနဲ့ တော်ဝင်ရုံးတော်က လူတွေက မေ့ချိန်ကို ရောက်လာခဲ့ကြတယ်၊ ဝမ်မိသားစုကလည်း သောင်းကျန်းနေပြီး တကယ်ကို ငြိမ်းချမ်းမှု မရှိတော့ဘူး။
အဲ့တော့ စူးချင်းအနေနဲ့ သူမရဲ့မိဘတွေကို ခေါ်သွားချင်နေတာကို သူ နားလည်ပေးနိုင်ပါတယ်။ ဘယ်သူက ကိုယ့်မိဘတွေကို ဒီလိုအန္တရာယ်ရှိတဲ့အရပ်မှာ ထားခဲ့ချင်မှာလဲ?
ကျိရွှေရှန့်ကတော့ သူ့နှလုံးသားတစ်ခုလုံး အေးစက်သွားသလို ခံစားလိုက်ရပြီး သူလက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်မိသည်။
စူးချင်း သူမ မသွားခင် ဘာလို့ သူ ပြန်လာတာကို မစောင့်ရတာလဲ?
သူမ ဘယ်ကို ထွက်သွားလိုက်တာလဲ? သူမက ဘာလို့ သူ့ကို ဘာမှ မပြောရတာလဲ? သူမက သူနဲ့ အဆက်အသွယ်ဖြတ်ချင်နေတာလား?
ထိုအရာကို တွေးလိုက်မိချိန်တွင် ကျိရွှေရှန့်က သူ့နှလုံးသားကို ဓားတစ်ချောင်း ထိုးစိုက်လိုက်သလို ခံစားနေရပြီး သူလည်ချောင်းထဲမှ သွေးတစ်လုပ်က သူ့ပါးစပ်ထဲ လျှံတက်လာခဲ့သည်။ သူ့နှလုံးသားက ထိုနာကျင်မှုကို သည်းမခံနိုင်တော့ပေ။
စူးချင်းကို ဘယ်တော့မှ မတွေ့ရတော့ဘူးလို့ တွေးလိုက်မိတာနဲ့ သူ့မှာ အသက်ရှင်စရာ ဘာအကြောင်းမှ မရှိတော့သလို ခံစားနေရတယ်။
“သူ(မ)ရဲ့ အရက်ချက်ရုံက မော့ချန်မှာ ရှိနေတုန်းပဲ? သူ(မ) ပြန်လာမှာပါ"
ကျိရွှေရှန့်က အရက်ချက်ရုံအကြောင်း ရုတ်တရက် တွေးမိသွားပြီး သူ့နှလုံးသားထဲတွင် မျှော်လင့်ချက် အလင်းရောင်လေးများ တဖျပ်ဖျပ် လင်းလက်လာခဲ့သည်။
စူးချင်းက အရက်ချက်ရုံ တည်ဆောက်ဖို့ အရမ်းကြိုးစားခဲ့ပြီး တာ့ထန်မှာလည်း တည်ငြိမ်တဲ့ စျေးကွက်တစ်ခု ရှိနေပြီ၊ သူမက အဲ့တာကို စွန့်လွှတ်ဖို့ ဆန္ဒရှိမှာ မဟုတ်ဘူး။
သူမရဲ့အရက်ချက်ရုံ ဒီမှာရှိနေသရွေ့ သူမ ပြန်လာမှာ သေချာတယ်။
ချန်ယွိက နားလည်ရန် နောက်ကျနေခဲ့သော်လည်း ကျိရွှေရှန့်၏နာကျင်မှုကို ခံစားနိုင်သေးသည်။ သူက ကျိရွှေရှန့်ကို ထပ်မနှိုးဆွရဲတော့ပေ။ သူက ကျိရွှေရှန့်ကို ဒီတစ်ည ကောင်းကောင်း အိပ်စေပြီး မနက်ရောက်မှ စူးချင်း အရက်ချက်ရုံကိုပါ ပြောင်းရွှေ့သွားကြောင်း ပြောပြရန် ဆုံးဖြတ်လိုက်သည်။
သို့သော် ကျိရွှေရှန့်က ချန်ယွိ၏အမူအရာမှတဆင့် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း နားလည်နိုင်လောက်သည်အထိ ထက်မြက်လွန်းလှသည်။ သူက နောက်သို့လှည့်ပြီး တံခါးအပြင်သို့ ပြေးထွက်သွားခဲ့သည်။ ချန်ယွိကလည်း သူ့နောက်မှ လိုက်သွားရုံသာ တက်နိုင်တော့သည်။
ကျိရွှေရှန့်က လေနှင်အတူ ခြေလှမ်းကျယ်ကြီးများဖြင့် လျောက်လှမ်းနေပြီး သူက စူးချင်း၏အရက်ချက်ရုံဆီသို့ အပြေးတပိုင်း ရောက်လာခဲ့သည်။ ထိုနေရာသို့ ရောက်လာချိန်တွင် သူ့ခြေထောက်များကို ခဲများဖြင့် ဆွဲထားသလို ခံစားလိုက်ရပြီး ရှေ့ဆက်မတိုးနိုင်တော့ပေ။ သူထံတွင် ပိတ်ထားသည့် ခြံတံခါးကို တွန်းဖွင့်ရန်ပင် သတ္တိမရှိတော့ပေ။
"သခင်လေး၊ စူးချင်းက အရက်ချက်ရုံကိုလည်း ရွှေ့သွားပြီ"
ကျိရွှေရှန့်၏ စိုးရိမ်သောက ရောက်နေသည့် မျက်ဝန်းများကို မြင်လိုက်ရသောကြောင့် ချန်ယွိက သက်ပြင်းချလိုက်သည်။
သူက သူတို့ရဲ့သခင်လေး ချစ်ခြင်းမေတ္တာကြောင့် ချုပ်နှောင်ခံရမှာကို မလိုလားပါဘူး။
"အရက်ချက်ရုံကိုလည်း ပြောင်းရွေ့သွားတာလား?"
ကျိရွှေရှန့်က နံရံကို ထိုးဖောက်တော့မယောင် စူးရှလွန်းသည့် မျက်လုံးများဖြင့် အံကြိတ်ထားရင်း ဒေါသထွက်နေပုံရသည်။
"စူးချင်း မင်းက အရမ်းရက်စက်လွန်းတယ်။ မင်း ကိုယ့်ကို ရှင်းပြဖို့ အခွင့်အရေးတောင် မပေးဘူးလား?"
ကျိရွှေရှန့်က ဒေါသကြောင့် မထိန်းနိုင်တော့ဘဲ သူ့ပါးစပ်ထဲမှ သွေးများ အန်ထွက်လာခဲ့သည်။ သူက သူ့ရင်ဘတ်ကို အုပ်ထားရင်း နက်မှောင်သောမျက်လုံးများဖြင့် အရက်ချက်စက်ရုံကို လှမ်းကြည့်နေခဲ့သည်။ သူ့မျက်လုံးများတွင် နာကျင်ရိပ်များရှိနေပြီး အဆင်မပြေဖြစ်နေပုံရသည်။
သူမက လူတိုင်းအတွက် အေးစက်ခဲ့ပေမယ့် သူ့ကိုတော့ တောက်တောက်ပပ ပြုံးပြခဲ့ဖူးတယ်။ သူမ အလုပ်ရှုပ်နေတိုင်း သူက တံခါးကို မှီပြီး သူမကို တိတ်တိတ်လေး ကြည့်နေခဲ့ဖူးတယ်။ အဲဒီတုန်းက အချိန်တွေက အစစ်အမှန်ပဲ။ ဖြစ်နိုင်ရင် သူ အဲ့နွေးထွေးရတဲ့ အခိုက်အတန့်တွေကို ရပ်ထားချင်တယ်။
စူးချင်းကတော့ သူတို့ရဲ့ဆက်ဆံရေးကို လုံးဝ ဂရုမစိုက်ခဲ့ဖူးလား? သူ့ရင်ခွင်ထဲက သူ့ကို မော့ကြည့်တက်တဲ့ မိန်းကလေးက သူ့ကို တကယ်ရော ချစ်ခဲ့ရဲ့လား?
“သခင်လေး၊ စိတ်မပူပါနဲ့။ စူးချင်းက ရှောင်ယင်ကို သူ(မ) ပြန်လာမယ်လို့ ပြောခဲ့တယ်” ကျိရွှေရှန့်၏ သွေးအန်မှုကြောင့် ချန်ယွိလည်း ထိတ်လန့်သွားခဲ့သည်။ သူက ကျိရွှေရှန့်ကို နှစ်သိမ့်ပေးရန် အမြန် ရှေ့တိုးသွားခဲ့သော်လည်း ကျိရွှေရှန့်က ခါးသီးသောအပြုံးဖြင့် ဝမ်းပမ်းတနည်း ပြောလာခဲ့သည်။
“ဦးလေးချန် သူ(မ)ကို နားမလည်ပါဘူး။ သူ(မ) ပြန်လာတော့မှာ မဟုတ်ဘူး"
စူးချင်းက ပြတ်သားတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိတယ်။ သူမက သူမ ဘာမှ မလုပ်ခင် အရာရာကို သေသေချာချာ တွေးတောတတ်တယ်။ ဒါပေမယ့် သူမ ဆုံးဖြတ်ချက်ချပြီးတာနဲ့ သူမ ဘယ်တော့မှ ပြန်ပြင်တော့မှာ မဟုတ်သလို အခြားသူကိုလည်း အခွင့်အရေး ထပ်ပေးတော့မှာ မဟုတ်ဘူး။
ကျိရွှေရှန့်က သူမ သူ့ကို ရှင်းပြရန် အခွင့်အရေးပင် မပေးဘဲ ထွက်သွားခဲ့သည်ကို တွေးရင်း ဝမ်းနည်းဒေါသများ ပြည့်နှက်နေခဲ့သည်။
သူမက ဘာလို့ သူ့ကို ဒီလောက်ထိ မယုံကြည်ရတာလဲ?
သူက သူမကို စောစောတွေ့ရဖို့ လွန်ခဲ့တဲ့ ဆယ်ရက်လောက်က သူမကို အမြန်ဆုံးတွေ့ဖို့ နေ့ရောညပါ ခရီးထွက်လာခဲ့တယ်။ သူမ ဘာကြောင့် သူ့ကို ဒေါသထွက်နေလဲလို့ မေးချင်ခဲ့တယ်။ ဒါပေမယ့် သူမက သူ့ကိုတောင် နှုတ်မဆက်ဘဲ ထွက်သွားခဲ့တယ်။
“ဘယ်လိုပဲဖြစ်ဖြစ် မိန်းခလေးစူးက သူမရဲ့စကားကို စောင့်ထိန်းတတ်တဲ့သူ မိန်းခလေးပဲ၊ သူ(မ)က အမျိုးသမီးတွေကြားထဲက သူရဲကောင်းတစ်ယောက်ပါ”
ချန်ယွိကတော့ သူ့စကားကို မယုံခဲ့ပေ။ သူက စူးချင်း၏စကားကိုသာ တွေးနေခဲ့သည်။
သူမက ပြန်လာမယ်လို့ ပြောခဲ့ရင် သူမ ပြန်လာမှာ သေချာတယ်။
“ဦးလေးချန်၊ လုပ်စရာ ရှိတာ သွားလုပ်ပါ။ ကျွန်တော် တစ်ယောက်တည်း နေချင်တယ်"
ကျိရွှေရှန့်က သူ့လက်ကို ပင်ပန်းနွမ်းနယ်စွာ ဝှေ့ယမ်းလိုက်ပြီး ချန်ယွိကို ပြန်ခိုင်းလိုက်သည်။
သူရဲ့အားနည်းပြီး ပျက်ဆီးလွယ်တဲ့ တစ်ဖက်ခြမ်းကို ဦးလေးချန် မမြင်သွားစေချင်ဘူး။
"မသွားဘူး၊ အခုတောင် မင်း သွေးတွေ အန်နေပြီ"
သူ ဘယ်လို ထွက်သွားရဲမှာလဲ? ရွှေရှန့်က သူ့ရင်ဘတ်ကို တချိန်လုံး ဆုပ်ကိုင်ထားပြီး သူ အရမ်းအဆင်မပြေဖြစ်နေတာ သိတာတယ်။ ဒီနာကျင်ကိုက်ခဲမှုက သူ့ကို သေစေနိုင်တယ်လေ။
“ကျွန်တော် အဆင်ပြေပါတယ်”
ကျိရွှေရှန့်က သူ့ကို တွန်းဖယ်လိုက်ပြီး အရက်ချက်ရုံထဲသို့ ဝင်ရန် ပြင်လိုက်သော်လည်း သူ့အမြင်အာရုံက လုံးဝ မည်းမှောင်သွားပြီး နောက်ထပ် ပါးစပ်ထဲမှ သွေးများ အန်ထွက်လာပြန်သည်။ သူ မမေ့လဲမသွားခင် စူးချင်းက သူ့အား ပြုံးပြနေသည်ကို သူ တွေ့လိုက်ရပြီး သူမ၏ မျက်လုံးများတွင် ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေကာ သူမ၏ အပြုံးလေးက ပျားရည်ကဲ့သို့ ချိုမြိန်နေလေသည်။
"သခင်လေး"
ချန်ယွိက ကျိရွှေရှန့်ကို အလျင်အမြန် လှမ်းထိန်းပေးလိုက်သည်။
သူ ဘာလုပ်သင့်လဲ? စူးချင်း မရှိရင် ဘယ်သူက သခင်လေးကို ကုသပေးနိုင်မှာလဲ?
သို့သော် စူးချင်းက သခင်လေးကို ကယ်တင်ပေးနိုင်မည့် ဆေးတစ်ထုပ် ကျိရှောင်ယင်ထံတွင် ထားခဲ့သည်ကို သူ ရုတ်တရက် သတိရမိသွားခဲ့သည်။ ချန်ယွိက ကျိရွှေရှန့်ကို သယ်ပြီး သူ့တို့ အိမ်ဆီသို့ ပြန်ပြေးလာခဲ့သည်။
စူးချင်းက သူမ၏အိမ်အသစ်တွင် ရှိနေပြီး ပန်းပုံစံများ ပုံဖော်အလှဆင်ထားသည့် သစ်သားကုတင်ကြီးပေါ်တွင် လဲလျောင်းနေခဲ့သည်။ သူမ နူးညံ့ပျော့ပျောင်းသော စောင်ကို ခြုံထားပြီး ဤသည်မှာ ဤကမ္ဘာသို့ ရောက်လာပြီးမှ သူမ အိပ်ဖူးသမျှထဲတွင် သက်တောင့်သက်သာအရှိဆုံးအိပ်ရာ ဖြစ်သည်။ သို့သော် သူမ မည်မျှပင် လူးလိမ့်ပြီး အိပ်ပျော်ရန် ကြိုးစားနေစေကာမူ အိပ်မပျော်နိုင်ခဲ့ပေ။
နောက်ဆုံး သူမ ညလယ်တွင် ခက်ခက်ခဲခဲ အိပ်ပျော်သွားခဲ့သော်လည်း သူမကို အလွန်ထိတ်လန့်စေသည့် အိပ်မက်ဆိုးတစ်ခုကြောင့် ရုတ်တရက် ထထိုင်လိုက်ရပြီး သူမ၏ရင်ဘတ်ကို လက်ဖြင့် အုပ်ထားရကာ သူမတစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေလေသည်။
စူးချင်းက သူမ၏နဖူးမှ အေးစက်သော ချွေးများကို သုတ်လိုက်ပြီး အဝတ်အစားများကို လဲကာ ကုတင်ခေါင်းရင်းကို ပြန်မှီထားရင်း ထိုအိပ်မက်ဆိုးအကြောင်းကို ပြန်တွေးနေခဲ့သည်။
အိပ်မက်ထဲမှာ ကျိရွှေရှန့်က သွေးအန်နေပြီး ဘာကြောင့် သူ့ကို မစောင့်တာလဲဆိုပြီး ဝမ်းနည်းဒေါသနဲ့ မေးနေခဲ့တယ်။ သူမက သူ ရှင်းပြတာကို ဘာကြောင့် နားမထောင်ရတာလဲတဲ့။
ထိုအချိန်မှ စူးချင်းကလည်း သူမကိုယ်သူမ ပြန်မေးလိုက်မိသည်။
သူမက ရွှေရှန့်ကို ဘာလို့ မမေးခဲ့မိတာလဲ? အဲ့တာက သူမရဲ့ မာနကြောင့်လား? ဒါမှမဟုတ် သူက သူ့ဇနီးလောင်းကိုပဲ လက်ထပ်ချင်တယ်လို့ ပြောလာမှာကို သူမ ကြောက်နေခဲ့တာလား?
စူးချင်း၏နှလုံးသားကလည်း အတွေးများ ရှုပ်ထွေးနေခဲ့သည်။
အချစ်ရေးက လူကို တကယ်ဒုက္ခဖြစ်စေခဲ့တယ်။ အရင်တုန်းကမှ ပိုကောင်းသေးတယ်။ သူမ ရန်သူကို သတ်တာအပြင် တခြားဘာကိုမှ စဉ်းစားနေစရာ မလိုဘူး။
ကျိရွှေရှန့်၏ စွပ်စွဲနေသောမျက်လုံးများနှင့် သူ့နှုတ်ခမ်းပေါ်ရှိ သွေးများက သူမရှေ့တွင် တဖျပ်ဖျပ် ပေါ်နေပြီး သူမ၏နှလုံးသားကို ထုံကျင်နေစေသည်။ စူးချင်းက မိုးလင်းသည်အထိ ပြန်မအိပ်နိုင်တော့ဘဲ အိပ်ယာခေါင်းရင်းကိုသာ မှီထိုင်နေခဲ့သည်။
သူမတို့ ကျင့်ရှီလျိုမြောင်သို့ ပြောင်းလာခဲ့ပြီး ဤအိမ်ကို မြင်လိုက်ရချိန်တွင် သူမ၏မိဘများက အလွန်ဝမ်းသာနေကြပြီး သူတို့၏အိမ်ဟု ပြောနေကြသည်။
သူမလည်း လွန်ခဲ့သော ရက်အနည်းငယ်က အလုပ်များနေခဲ့ပြီး သူမနှင့် ကျိရွှေရှန့်အကြောင်း စဉ်းစားရန် အချိန်မရှိခဲ့ပေ။ ယနေ့ သူမ အားလပ်နေသောကြောင့် သူမ၏စိတ်ကူးစိတ်သန်း အရိုင်းအစိုင်းများကို လွှတ်ပေးခဲ့မိသည်။
စူးချင်းက ထိုအိပ်မက်ဆိုးကို သူမ၏ နေ့ခင်းဘက်အတွေးများကြောင့် အိပ်မက်များဖြစ်ပေါ်လာသည်ဟု သတ်မှတ်ခဲ့သည်။
ရွှေရှန့်က အဲ့လောက် မပျော့ညံ့ဘူး။ သူမ ထွက်သွားတာနဲ့ သူက ဘယ်လိုသွေးအန်နိုင်မှာလဲ?
သို့သော်လည်း ထိုအတွေးကြောင့် သူမ မိုးလင်းသည်အထိ ထိုင်နေခဲ့မိသည်။
ယခု သူမတို့အိမ်တွင် အစေခံလေးယောက်၊ အထိန်းတော်လေးယောက်နှင့် ထမင်းချက်တစ်ယောက် အပါအဝင် အလုပ်ကြမ်းလုပ်သည့် ကျွန်တစ်ယောက်လည်း ရှိနေသေးသည်။
ထိုသူများအားလုံးကို ချူကျင်းဖုန်း ပြင်ဆင်ထားပေးခဲ့ခြင်း ဖြစ်ပြီး စူးချင်းနှင့် အခြားသူများ ရောက်လာချိန်တွင် ချူကျင်းဖုန်းက ကျင့်ရှီလျိုမြောင်မှ လူတစ်ချို့ကို စူးချင်းထံသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ထိုလူများ၏လက်ထဲတွင် လူမျိုးစုံ ရှိပြီး စူးချင်း တောင်းဆိုလိုက်သရွေ့ သူတို့က သူမလိုချင်သည့်လူမျိုးကို ချက်ချင်း ရှာဖွေပေးနိုင်ကြသည်။
မနက်မိုးလင်းချိန်တွင် အစေခံများက ခြံဝင်းကို သန့်ရှင်းရေး လုပ်နေကြသည်။ စူးချင်းက အိပ်မပျော်တော့သောကြောင့် သူမ၏အဝတ်အစားများ ပြန်ဝတ်ကာ တို့ဟူးချက်ရန် ထွက်လာခဲ့သည်။ သူမက မည်သူတစ်ဦးတစ်ယောက်၏ အကူအညီမှမပါဘဲ လေးနာရီကြာ အလုပ်လုပ်ခဲ့သည်။ ယခင်က သူမ အလုပ်လုပ်ခြင်းဖြင့် ကြုံရာကျပန်းအတွေးများကို ချိုးနှိမ်နိုင်ခဲ့သော်လည်း ယနေ့တွင် သူမ လုံးဝမတည်ငြိမ်နိုင်တော့ပေ။
သွေးအန်နေသည့် ကျိရွှေရှန့်က သူမရှေ့တွင် ခဏခဏ ပေါ်လာနေခဲ့သည်။