မော့ချန်ကို ပြန်သွားမယ်
Vol. 23 Ch. 344
နှင်းပွင့်များက ကောင်းကင်မှ ကြွေကျလာပြီး အစပိုင်းတွင် သေးငယ်သည့် အမှုန်အမွှားလေးများသာ ဖြစ်သော်လည်း လက်ဖက်ရည်ခွက်တစ်ဝက်ကုန်စာ မတိုင်မီတွင် ကောင်းကင်ယံတွင် နှင့်ပွင့်များအပြည့် ပျံဝဲနေပြီ ဖြစ်သည်။ မကြာခင်မှာပင် အိမ်ခေါင်မိုးများ၊ ခြံဝင်းများ၊ သစ်ပင်များနှင့် ကျောက်တောင်တုများ အားလုံး ဖြူဖွေးသွားပြီး သူမကိုယ်တိုင်လည်း ဖြူစင်သန့်ရှင်းသောကမ္ဘာကြီးထဲသို့ ရောက်သွားသလို ခံစားလိုက်ရသည်။
စူးချင်းက သူမ လုပ်လက်စအလုပ်ကို ရပ်ထားလိုက်ပြီး ခြံထဲတွင် ရပ်နေကာ သူမ၏လက်ကို ဖြန့်ထားလိုက်သည်။ နှင်းပွင့်လေးများက သူမ၏လက်ဖဝါးထဲသို့ ကျလာပြီး အလျင်အမြန် အရည်ပျော်သွားခဲ့သည်။ သူမက ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေပြီး တဖွဲဖွဲကျဆင်းနေသော နှင်းများကို ငြိမ်သက်စွာ ရပ်ကြည့်နေခဲ့သည်။
"နှင်းတွေ ကျနေတယ်၊ နှင်းတွေ ကျနေတယ်။"
ရှောင်ချန်က လွမ်ဟုန်ကို နှင်းထဲတွင် ဆော့ကစားရန် ဆွဲခေါ်နေလေသည်။ ယန်ရုပင်းနှင့် ယန်ရုရွှယ်တို့က အပေါ်ရုံများ ဝတ်ထားကြပြီး နှင်းများကြည့်ရန် ရှောင်ချန်တို့နောက်သို့ လိုက်သွားကြသည်။ လော့ချန်တွင် နှင်းကျခြင်းက ဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီး သူတို့က နှင်းများကို ကြည့်ရင်း အလွန်စိတ်လှုပ်ရှားနေခဲ့ကြသည်။
"ရုရွှယ်၊ ချင်းအာက ခြံထဲမှာ ဘာရပ်လုပ်နေတာလဲ?"
ယန်ရုပင်းက နှင်းလူသားကဲ့သို့ ခြံအလယ်တွင် ရပ်နေသော စူးချင်းကို မြင်သွားခဲ့သည်။ သူမက ဆံပင်နှင့် ခန္ဓာကိုယ်ပေါ်တွင် နှင်းအလွှာတစ်ခု ဖုံးအုပ်နေပြီ ဖြစ်သော်လည်း သူမက ထိုနေရာတွင် မလှုပ်မယှက် ရပ်နေဆဲ ဖြစ်သည်။
"ချင်းအာ"
ယန်ရုရွှယ်ကလည်း ပါးလွှာသော ချည်သားအင်္ကျီကိုသာ ဝတ်ထားပြီး အပေါ်ရုံမ၀တ်ဘဲ ခြံထဲတွင် ရပ်နေသည့် သူမ၏သမီးကို မြင်သွားပြီး အမြန်အော်ခေါ်လိုက်သည်။
စူးချင်းက နှင်းထုကြောင့် စိတ်ပြန်ငြိမ်သွားပြီဖြစ်ကာ သူမက သူမနှလုံးသား၏ဆန္ဒနောက်သို့ လိုက်ရန် ဆုံးဖြတ်လိုက်သည်။ သူမက ကျိရွှေရှန့်ကို ရှင်းရှင်းလင်းလင်း သွားမေးရန်နှင့် ကျိရွှေရှန့်ကို ရှင်းပြခွင့်ပေးရန် ဆုံးဖြတ်လိုက်သည်။
"အမေ၊ သမီး မော့ချန်ကို ပြန်ချင်တယ်"
ပျံသန်းနေသော နှင်းပွင့်လေးများထဲတွင် စူးချင်း၏ မျက်လုံးများက အထူးတောက်ပနေခဲ့သည်။ သူမက သူမ၏အမေဆီသို့ လှမ်းသွားပြီး လေးလေးနက်နက် ပြောလိုက်သည်။
"ဒီလို နှင်းတွေ ထူထပ်နေတဲ့အချိန်မှာ မော့ချန်ကို သွားမလို့လား? မသွားပါနဲ့၊ အရမ်းအန္တရာယ်များတယ်။ နှင်းတွေ ရပ်သွားတဲ့အချိန်အထိ စောင့်လိုက်ဦးနော်"
ယန်ရုရွှယ်က သူမ၏သမီးကို နှုတ်မဆက်ဘဲ ထပ်ထွက်သွားမည်ကို ကြောက်လန့်နေပြီး သမီးဖြစ်သူ၏လက်ကို ဆုပ်ကိုင်ထားကာ လုံးဝပြန်မလွှတ်ပေးတော့ပေ။ သူမသမီးလေး၏လက်က အေးစက်နေသည်ကို ခံစားလိုက်ရချိန်တွင် ယန်ရုရွှယ်တစ်ယောက် စိတ်ဆင်းရဲသွားပြီး သမီးဖြစ်သူကို မဆူပဲ မနေနိုင်တော့ပေ။
"မင်း ရူးနေတာလား? ဒီလောက် အေးပြီး နှင်းတွေ အရမ်းကျနေတာလေ၊ ဘာလို့ အပေါ်ရုံတောင် မဝတ်ရတာလဲ?"
"သမီး နှင်းတွေကို သဘောကျတယ်"
စူးချင်းက သူမ၏အမေကို ပြုံးပြလိုက်ပြီး လက်ရှိငွေဖြူရောင်ကမ္ဘာတွင် ထိုအပြုံးက အလှပဆုံးဖြစ်နေလေသည်။
နှင်းတွေက သူမကို စိတ်ငြိမ်စေပြီး သူမကို သူမရဲ့အခွံထဲကနေ ဆွဲထုတ်ပေးနိုင်ခဲ့တယ်။
အခုချိန်မှာတော့ သူမရဲ့စိုးရိမ်ပူပန်မှုတွေ ပြေလျော့သွားပြီး ပြန်ပျော်နိုင်သွားပြီ။
တကယ်တော့ သူမ ခဏလောက်တောင် မစောင့်ချင်တော့ဘူး။ ခုလောက်ဆို ရွှေရှန့်က မော့ချန်ကို ပြန်ရောက်နေလောက်ပြီ။ မနေ့ညက မက်ခဲ့တဲ့ အိပ်မက်ဆိုးက သူမကို တကယ် ရင်ပူစေတယ်။ မြောက်လေကြောင့် နှင်းတွေ ကျတာက ရက်အတော်ကြာနိုင်ပြီး နှင်းတွေ ရပ်သွားမယ့်အချိန်ထိ သူမ မစောင့်ချင်တော့ဘူး။
"ကောင်မလေး၊ မင်းရဲ့လက်တွေ အေးစက်နေပြီ"
ယန်ရုရွှယ်က စူးချင်းအတွက် အပေါ်ရုံ ယူလာပေးရန် အစေခံကို လှမ်းပြောလိုက်သည်။ ထိုအနီရောင်အပေါ်ရုံတွင် အဖြူရောင် သားမွေးအဝိုင်းလေးကို လည်ပင်းအနားကွပ်အဖြစ် အလှဆင်ထားပြီး နွေးထွေးသလို လှလည်း လှသည်။
ထိုဝတ်ရုံက သူမ၏သမီးအတွက် ယန်ရုရွှယ်ကိုယ်တိုင် ချုပ်ထားခြင်းဖြစ်ပြီး ချုပ်ရိုးတစ်ကြောင်းစီတိုင်းတွင် မိခင်မေတ္တာများ ပြည့်နှက်နေခဲ့သည်။
စူးချင်းက အပေါ်ရုံကို နာခံစွာ ဝတ်လိုက်ပြီး သူမ၏ မိခင်အား လေးနက်သောအမူအရာဖြင့် ထပ်ပြောလိုက်သည်။
"အမေ၊ သမီး အမေ့ရဲ့စကားကို နားမထောင်နိုင်လို့ တောင်းပန်ပါတယ်၊ သမီး မောချန်ကို ချက်ချင်းသွားမှ ဖြစ်မယ်"
"ဝမ်းကွဲအစ်မ.... လာ... လာခဲ့...အရမ်းပျော်စရာကောင်းတယ်"
အစပိုင်းတွင် လွမ်ဟုန်က နှင်းလူသား လုပ်ရန် ရှောင်ချန်ကို ခြံဝင်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။ သူမနှင့် ရှောင်ချန်တို့က နှင်းများကို ကြည့်ရင်း အလွန် စိတ်လှုပ်ရှားပျော်ရွှင်နေကြသည်။ ထိုနောက် သူတို့က နှင်းများကို ကောက်ယူကာ ကောင်းကင်ပေါ်သို့ ပစ်တင်နေကြရင်း စူးချင်းကိုပါ သူတို့နှင့်အတူ ကစားရန် အော်ခေါ်နေခဲ့သည်။
"အစ်မ လာကစားပါ"
ရှောင်ချန်ကလည်း စူးချင်းဆီသို့ ပြေးလာပြီး သူ့အစ်မ၏လက်ကို ဆုပ်ကိုင်ကာ သူနှင့်အတူ လာကစားရန် တောင်းဆိုနေခဲ့သည်။
"ရှောင်ချန်က လိမ္မာပါတယ်၊ ကိုယ့်ဘာသာ သွားကစားနော်၊ အစ်မ မော့ချန်ကို သွားစရာ ရှိတယ်၊ ပြီးတော့ အမေပြောတဲ့စကားကို နားထောင်နော်"
စူးချင်းက မောင်ဖြစ်သူ၏ ဦးခေါင်းလေးကို ထိလိုက်ပြီး နှင်းများကို ဖယ်ရှားပေးလိုက်သည်။ သူမ၏မောင်လေးက မူလကတည်းက ကျောက်စိမ်းပန်းပုရုပ်လေးကဲ့သို့ လှပသည့်ကလေးလေး ဖြစ်ပြီး ယခု ဖြူစင်သော နှင်းခဲများ ရှိနေသည့် နှင်းကမ္ဘာတွင် သူ့မျက်နှာငယ်လေးက အအေးဒဏ်ကြောင့် ပန်းရောင်သန်းနေကာ ကောင်းကင်မှကျလာသော နတ်သားလေးကဲ့သို့ ဖြစ်နေလေသည်။ သူ့အပြုံးက တခြားလူကို အလွန်သက်တောင့်သက်သာ ဖြစ်စေသည်။
"အစ်မ၊ မော့ချန်ကို ပြန်သွားမလို့လား၊ သားကိုယ်စား ကလေးတွေအတွက် အရသာရှိတဲ့ အစားအစာတွေ ယူသွားပေးနိုင်မလား?"
သူ့၏အစ်မ မော့ချန်သို့ ပြန်သွားမည့်အကြောင်း ကြားလိုက်ချိန်တွင် ရှောင်ချန်က သူ့အစ်မကို စိတ်အားထက်သန်စွာ မော့ကြည့်ရင်း တောင်းဆိုလိုက်သည်။
"ရတယ်"
စူးချင်းက အလွယ်တကူ သဘောတူလိုက်သည်။
ကောင်လေးက မော့ချန်မှာ ကျန်ခဲ့တဲ့ သူ့သူငယ်ချင်းတွေကို လွမ်းနေတ ဖြစ်နိုင်တယ်။ သူမ ကျင့်ရှီလျိုမြောင်မှာ ခြေကုပ်ယူနိုင်တာနဲ့ ကလေးတွေအားလုံးကို ခေါ်လာရမယ်၊ တစ်နှစ်၊ နှစ်နှစ်လောက်ကြာပြီး အခြေအနေတွေ ပြန်တည်ငြိမ်သွားရင်တော့ သူတို့ရဲ့မိဘတွေဆီကို ပြန်ပို့ပေးရမယ်။
သူ့အစ်မက သူ့၏တောင်းဆိုမှုကို သဘောတူလိုက်သောကြောင့် ရှောင်ချန်က နှင်းထဲတွင် ကစားရန် စိတ်မဝင်စားတော့ပေ။ သူက သူ့ခြေတိုတိုလေးများဖြင့် အိမ်ထဲသို့ ပြေးဝင်သွားပြီး မနေ့က သူ့အတွက် လွမ်ဟုန် ဝယ်လာခဲ့သော ကွေးဟွားသကြားလုံးများကို သွားထုတ်ယူနေခဲ့သည်။
"အစ်မ၊ သား ဟွားဟွားနဲ့ ထုံထုံတို့ကို လွမ်းနေတဲ့အကြောင်း သူတို့ကို ကူပြောပေးဦးနော်"
ရှောင်ချန်က သူ့အစ်မကို ပေးမည့် သကြားလုံးထုပ်ကို ကိုင်ထားရင်း တောင့်တမှုများ ပြည့်နေသည့် မျက်လုံးကြီးများဖြင့် အစ်မဖြစ်သူကို မော့ကြည့်နေပြန်သည်။ ကလေးများ၏ ခံစားချက်များက အသန့်ရှင်းဆုံးဖြစ်ပြီး သူတို့၏ခင်မင်ရင်းနှီးမှုကလည်း သန့်စင်လွန်းလှသည်။
"ကောင်းပါပြီ၊ အစ်မ ပြောပေးမယ်"
စူးချင်းက သကြားလုံးထုတ်ကို လှမ်းယူလိုက်ပြီး ယန်ရုရွှယ်က သူမ၏သမီးကို သူမ မတားနိုင်တော့သောကြောင့် စူးဟန်ရွှမ်ကို သွားရှာလာခဲ့သည်။
စူးဟန်ရွှမ် ရောက်လာပြီးနောက် သူက သူ့သမီး၏မျက်လုံးများကို စိုက်ကြည့်ကာ သေချာအောင် ထပ်မေးလိုက်သည်။
"သမီး ရွှေရှန့်ကို သွားရှာမလို့လား?"
စူးချင်းက ရက်ရက်ရောရော ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်၊ သမီး သူ့ကို မေးစရာတွေ ရှိတယ်၊ တချို့ကိစ္စတွေက ရှင်းရှင်းလင်းလင်း မဖြေရှင်း ရသေးဘူး"
"ကောင်းပြီလေ"
စူးဟန်ရွှမ်က ကူကယ်ရာမဲ့ ခေါင်းညိတ်လိုက်သည်။ အချိန်အတော်ကြာ အတူနေခဲ့ပြီးနောက် သူ့သမီးကို ဆုံးဖြတ်ချက်ကို ပြန်ရန် မည်သူမျှ မတတ်နိုင်ကြောင်း သူ နားလည်နေပြီ ဖြစ်သည်။
သူမနဲ့ ရွှေရှန့်တိုကို ခွဲလို့ မရတော့တဲ့ပုံပါပဲ။ နောင်မှာ သူ့ကျေးဇူးရှင်ရဲ့သားကို တွေ့တဲ့အခါ စေ့စပ်လက်ဆောင်ကို ပြန်သိမ်းပြီး အိမ်ထောင်ရေးကို ဖျက်လိုက်ရုံပဲ ရှိတော့တယ်။
ဒါပေမယ့် ဒါက သူ့ကျေးဇူးရှင်အပေါ် သူ ကတိမတည်သလို ဖြစ်နေပြီး ရှက်စရာ ဖြစ်စေလိမ့်မယ်။ နောက်ဆုံးမှာ သူက သစ္စာမဲ့တဲ့လူဆိုးဖြစ်လာလိမ့်မယ်။
အဖေဖြစ်သူ၏ သဘောတူညီချက်ကို ရရှိလိုက်သောကြောင့် စူးချင်းက အချိန်မဖြုန်းတော့ပေ။ သူမက တာ့ဟေးကို ဆွဲခေါ်ပြီး ထွက်သွားရန် ပြင်လိုက်သည်။ သူမက ပေါ့ပေါ့ပါးပါး မြန်မြန်ဆန်ဆန် သွားချင်သည့်အတွက် ရထားလုံးကိုပင် မယူချင်တော့ပေ။
"မရဘူး၊ နှင်းတွေ အရမ်းကျနေတယ်။ ရထားလုံး တပ်ခိုင်းပြီး မင်းအတွက် ရထားလုံးမောင်းခိုင်းဖို့ ကျွန်တစ်ယောက် ထည့်ပေးလိုက်မယ်"
ယန်ရုရွှယ်က စူးချင်းက ထိုသို့ ထွက်သွားမည်ကို လုံးဝ သဘောမတူပေ။ ယခုတကြိမ်တွင်တော့ စူးဟန်ရွှမ်က သူ့ဇနီး၏သဘောအတိုင်း လိုက်နာနေခဲ့သည်။
"ချင်းအာ မသွားခင် မနက်စာ စားသွားဦး"
စိတ်တွေ အရမ်းပူနေရင်တောင် ချမ်းအေးတဲ့ရာသီဥတုမှာ ဗိုက်ဟောင်းလောင်းနဲ့ အပြင်ထွက်လို့ မဖြစ်ဘူးလေ။
"လမ်းမှာ စားသွားလိုက်မယ်"
စူးချင်းက ခဏလောက်ပင် မနှောင့်နှေးချင်သောကြောင့် ရထားလုံး ယူသွားရန်သာ သဘောတူလိုက်သည်။
ယန်ရုရွှယ်က စူးချင်း စားရန် စားစရာတစ်ချို့ ပြင်ခိုင်လိုက်ပြီး လက်နွေးမီးဖိုနှစ်ခုကိုလည်း ပြင်ဆင်ပေးလိုက်သည်။
လီထောင်ချီဝေးနေရင်တော့ မိခင်တစ်ယောက်က သူမရဲ့ကလေးအတွက် စိတ်ပူနေတုန်းပဲတဲ့။ သူမကလည်း သူမရဲ့သမီးအတွက် ကောင်းကောင်း မပြင်ဆင်ပေးနိုင်သေးဘူးလို့ ခံစားနေရတုန်းပဲ။
နောက်ဆုံးတွင် စူးချင်းက ရထားလုံးထဲသို့ ဝင်သွားပြီး ထွက်ခွာရန် ပြင်လိုက်သည်။ ယန်ရုရွှယ်က သူမနောက်မှ လိုက်လာပြီး လမ်းတွင် သတိထားရန်နှင့် စောစောပြန်လာရန် သတိထပ်ပေးနေပြန်သည်။
ရထားလုံးကား စူးအိမ်တော်၏တံခါးဝမှ ထွက်လာခဲ့ပြီး ထိုနေရာတွင် အစိမ်းရောင်အပေါ်ရုံနှင့် ခရမ်းရောင်ဝတ်စုံကို ၀တ်ဆင်ထားသော ချောမောသည့် အမျိုးသားတစ်ယောက် ရပ်နေခဲ့သည်။ စူးချင်း ထွက်လာသည်ကို မြင်သွားချိန်တွင် သူက ရှေ့သို့ တိုးလာပြီး စူးချင်း၏ရထားလုံးကို တားဆီးလိုက်သည်။
"သခင်မလေးစူး၊ အခု အရမ်းအေးပြီး လမ်းတွေက အရမ်းချော်နေပြီ။ မင်း ဘယ်သွားမလို့လဲ?"
"သခင်လေးချူ၊ ရှင့်မှာ ဘာကိစ္စ ရှိလို့လဲ?"
ထိုလူက သူမကို အများကြီး ကူညီပေးခဲ့သော ချူကျင်းဖုန်း ဖြစ်နေသည်ကို စူးချင်း မြင်လိုက်ရပြီး သူက ယခုကဲ့သို့ နှင်းများထူထပ်စွာ ကျနေချိန်တွင် ရောက်လာသောကြောင့် သူထံတွင် အရေးတကြီးလုပ်စရာ ရှိနေမည်ဟု သူမ တွေးကာ ရထားလုံးကို ရပ်ခိုင်းလိုက်သည်။
"သခင်မလေးစူး မင်းစ စားသောက်ဆိုင်ဖွင့်ချင်တယ်လို့ မပြောခဲ့ဘူးလား? ဒီရက်တွေ အတွင်းမှာ ငါ မင်းအတွက် အိမ်တစ်လုံး ရှာနေတာ။ နောက်ဆုံးတော့ နေရာကောင်းကို ရှာတွေ့ခဲ့တယ်။ တခြားသူတွေ လုယူသွားမှာကို ငါ စိုးရိမ်တယ်၊ ငါကတော့ မင်းကို အမြန်လာကြည့်စေချင်တယ်။ မင်သဘောကျရင် အဲ့နေရာမှာ အေးအေးဆေးဆေး လုပ်ငန်းစလို့ ရပြီ"
ချူကျင်းဖုန်းက ပြုံးနေခဲ့ပြီး သူ့၏တောက်ပသော မက်မွန်ပွင့်ပုံ မျက်လုံးများက စူးချင်းကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။
သူမရဲ့အေးစက်တဲ့ မျက်နှာလေးက နှင်းတွေထက်တောင် ပိုမိုဖြူစင်ပြီး လနန်းတော်က လနတ်သမီးလေးနဲ့ တူတယ်။ သူမက ထူးထူးခြားခြား အေးစက်နေပေမယ့် ရေခဲတွေထက်တောင် ပိုကြည်လင်ပြီး တော်ဝန်ဆန်လွန်းတယ်။ စူးချင်းက သူ မြင်ဖူးသမျှ မိန်းကလေးတွေထဲမှာ အလှပဆုံး အမျိုးသမီးဖြစ်ပြီး အရည်အချင်းအရှိဆုံး အမျိုးသမီးလည်း ဖြစ်နေသေးတယ်။
သူက သူမအတွက် အလုပ်တွေ လုပ်ပေးဖို့ ဆန္ဒရှိတယ်လေ။ ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် နောက်ဆုံးတွေ့ခဲ့ရတာ အရမ်းကြာနေပြီလို့ သူ ခံစားနေရတယ်။ ဒီနေ့ ဆိုင်အတွက် သတင်းရတာနဲ့ သူ လာဖို့ မစောင့်နိုင်ဘဲ ပြေးလာခဲ့မိတယ်။
"အဲ့လိုလား?"
စူးချင်းက သူမကိုယ်တိုင် ထုတ်လုပ်သည့် အရက်ကို ရောင်းချနိုင်ရန် စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ရန် တွေးထားခဲ့သည်။ ထိုသို့ဆိုလျှင် တာ့ထန်မှ ပြန်ရရှိလာမည့် သိုးများကိုလည်း အခြားမြို့များသို့ သွားရောင်းရန် မလိုအပ်တော့ပေ။
သူမက နှစ်ချက်ပြတ်ဖို့ တစ်ချက်ပဲ ခုတ်ချင်တာလေ။
ဆိုင်ရှာရသည်က မလွယ်ကူသောကြောင့် သွားမကြည့်လျှင် နှမြောစရာ ကောင်းသော်လည်း သူမကိုယ်တိုင် သွားကြည့်ရန်တော့ မလိုအပ်ပေ။
"သခင်လေးချူ၊ ခဏစောင့်ပါဦး"
စူးချင်းက ရထားလုံးပေါ်မှ ခုန်ဆင်းပြီး အိမ်ထဲသို့ ပြန်လာခဲ့သည်။ သူမက သူမကိုယ်စား ဆိုင်ကို သွားကြည့်ပေးရန် တစ်ယောက်ယောက်ကို သွားရှာမည် ဖြစ်သည်။