အန်ရာ ရောက်ရှိလာခြင်း
Vol. 6 Ch. 583
"မိုးကြိုးငါးခု ချိပ်တံဆိပ်က ငါမျှော်လင့် ထားတာထက်တောင် ပိုပြီး ကောင်းနေတာပဲ ..."
ချန်းဖန်က ဆောင်းရာသီနန်းတော်၏ ခန်းမ တစ်ခု၌ ထိုင်ရင်း မိုးကြိုးငါးခု ချိပ်တံဆိပ်ကို စစ်ဆေးနေခဲ့၏။
"အလင်း တိမ်တိုက်တွေ အကုန်လုံးကို မိုးကြိုး ငါးခု ချိပ်တံဆိပ် စုပ်ယူနိုင်မယ်လို့ ငါ မျှော်လင့် မထားခဲ့မိဘူး ... အဲဒီ စွမ်းအားတွေကြောင့် မိုးကြိုးငါးခု ချိပ်တံဆိပ်က ပိုပြီး အစွမ်းထက်လာတာ သေချာတယ်"
"ဒြပ်စင်ငါးခုမှာ မိုးကြိုးစွမ်းအားက အစွမ်းအထက်ဆုံးပဲ ... ကျင့်ကြံခြင်း လောကမှာတောင် ဒြပ်စင်ငါးမျိုး မိုးကြိုး ချိပ်တံဆိပ်လို လက်နက်မျိုးကို အနည်းဆုံး ရွှေအမြုတေ အဆင့် ရောက်နေတဲ့သူတွေပဲ ကိုင်ခွင့်ရကြတာ ... ဒီ မိုးကြိုးငါးခု ချိပ်တံဆိပ်နဲ့သာ တိုက်ခိုက်မယ် ဆိုရင် တစ်ဆယ် ကီလိုမီတာ အတွင်းမှာ ရှိတဲ့ အရာ အားလုံးကို ဖျက်ဆီးပစ်နိုင်မှာ သေချာတယ် ... ဒီ တိုက်ခိုက်မှုက နျူကလိယ လက်နက် အသေးနဲ့တောင် ယှဉ်နိုင်နေပြီလို့ ဆိုရမယ်"
ချန်းဖန်က တိတ်ဆိတ်စွာပင် ထိုင်ရင်း တွေးတော နေခဲ့၏။
"ဒါပေမဲ့ အဲဒီလို တိုက်ခိုက်ဖို့ ဆိုရင် တစ်ခါပဲ သုံးလို့ ရတယ် ... ကြီးမားတဲ့ တိုက်ခိုက်မှု တစ်ခု လုပ်ပြီးတာနဲ့ စွမ်းအားတွေ ပြန်ရလာဖို့ အနည်းဆုံး လပိုင်းလောက် စောင့်ရမယ် လိမ့်မယ် ... ဒါမှမဟုတ် အရမ်း အလျင်လို နေတယ် ဆိုရင်လည်း အခြား ဝိညာဉ် လက်နက်တွေဆီက စွမ်းအားတွေကို စုပ်ယူပြီး သုံးလို့လည်း ရတယ် ..."
သို့သော်လည်း ထိုအရာက လုံလောက်နေပြီ ဖြစ်သည်။ မိုးကြိုးငါးခု ချိပ်တံဆိပ်သည် အလွန် အစွမ်းထက်ကာ နျူကလိယ ဗုံးအသေး တစ်လုံးနှင့် နှိုင်းယှဉ်နိုင်သည်။
မြေကမ္ဘာ အဆင့် နတ်ဘုရား တစ်ယောက်၏ ခန္ဓာကိုယ်နှင့် နတ်ဘုရား စိတ်ဝိညာဉ် ပင်လျှင် မိုးကြိုးငါးခု ချိပ်တံဆိပ်၏ တိုက်ခိုက်မှုမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
မိုးကြိုးငါးခု ချိပ်တံဆိပ်နှင့် ဆိုပါက ချန်းဖန်သည် မြေကမ္ဘာ နတ်ဘုရား တစ်ယောက်၏ စွမ်းအားကို ပိုင်ဆိုင်ထားပြီဟု ဆိုနိုင်သည်။ သွေးမျိုးဆက် သခင်ကြီး လာရောက် လက်စားချေလျှင်ပင် ချန်းဖန် အတွက် စိုးရိမ်စရာ မလိုတော့ချေ။
"ဆရာ ... အမအန်ရာ လန်ဒန်ကို ရောက်တော့မယ်တဲ့ ..."
ချန်းဖန် စဉ်းစားနေစဉ်မှာပင် အန်ရာက လာရောက် သတင်းပို့၏။
"အစ်မအန် ရောက်တော့မှာလား ..."
ချန်းဖန်က ရေရွတ်ရင်း ထိုင်ရာမှ ထရပ်လိုက်သည်။
အန်ရာသည် တစ်ယောက်တည်း ရောက်လာမည် မဟုတ်ချေ။ မြောက်ပိုင်းချုံး လုပ်ငန်းစု၏ အခြား စီနီယာ ငါးယောက်ပါ ပါလာလိမ့်မည် ဖြစ်သည်။ သူတို့၏ ခရီးစဉ် ရည်ရွယ်ချက်မှာ ဥရောပ ဈေးကွက်အား ရှင်သန်ခြင်း ရေစင်ဖြင့် စတင် ထိုးဖောက်ရန် ဖြစ်သည်။
လွန်ခဲ့သော ကာလများအတွင်း မြောက်ပိုင်းချုံး လုပ်ငန်းစုသည် ဥရောပ ယူနီယံ အကြီးအကဲပိုင်းနှင့် တွေ့ဆုံကာ အကြိမ်ကြိမ် ဆွေးနွေးပြီးခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ဥရောပ ယူနီယံက "ရှင်သန်ခြင်း ရေစင်" အား တိုက်ရိုက် ဖြန့်ချိရန် ခွင့်မပြုခဲ့ချေ။ "ရှင်သန်ခြင်း ရေစင်" ၏ ဈေးကွက် လွှမ်းမိုးမှုဖြင့် ဆိုပါက ဥရောပ ဆေးဝါး ကုမ္ပဏီများ အားလုံး အလုပ်လက်မဲ့ ဖြစ်သွားနိုင်သည်။ သူတို့က ဥရောပ အတွင်းရှိ ကုမ္ပဏီကြီးများနှင့် ပူးပေါင်း လုပ်ဆောင်ရန်သာ ခွင့်ပြုခဲ့သည်။
"ဟူး ... ဟူး ..."
လန်ဒန် နိုင်ငံတကာ လေဆိပ်အတွင်း၌ ခရီးသည်တင် လေယာဉ်ပျံကြီးများသည် တစ်စီးပြီး တစ်စီး ဆိုက်ကပ်လိုက်၊ ထွက်ခွာလိုက်ဖြင့် အလုပ်များ နေကြ၏။
"ရောက်လာပြီပဲ ..."
ချန်းဖန်က လေဆိပ်အတွင်း၌ ရပ်ရင်း လေယာဉ်ကြီး တစ်စီးပေါ်မှ ဆင်းလာသော အန်ရာအား မျှော်ကြည့်လိုက်သည်။
အန်ရာသည် အဖြူရောင် ရှပ်အင်္ကျီ ကုပ်အင်္ကျီရှည်နှင့် ဂျင်းစကပ်တို့အား လိုက်ဖက်ညီစွာ ဆင်မြန်းထား၏။ သူမက နေကာမျက်မှန်ကို တပ်ကာ ချန်းဖန်ဆီသို့ စီအီးအို သူဌေးမ တစ်ယောက်အလား တည်ငြိမ်စွာ လျှောက်လာခဲ့သည်။
သူမ၏ နောက်တွင်မူ မြောက်ပိုင်းချုံး ဂိုဏ်းမှ လူများ ဝန်းရံ၍ လိုက်ပါလာသည်။ ချန်းဖန်က ထိုလူအုပ်ကို အကဲခတ် ကြည့်လိုက်ရာ ရင်းနှီးသော မျက်နှာ တစ်ခုအား တွေ့မြင်လိုက်ရ၏။
"နင်က ... အိကျင့်ချီ မလား"
ချန်းဖန်က အံ့အားသင့်စွာ မေးလိုက်သည်။
အန်ရာ၏ နောက်မှ လိုက်ပါလာသော မိန်းကလေးကား သူ ဂျပန်နှင့် ကျောင်းဟိုင်တို့တွင် အကြိမ်ကြိမ် တွေ့ဆုံခဲ့ဖူးသည့် အိကျင့်ချီပင် ဖြစ်၏။
အိကျင့်ချီက အနက်ရောင် လုပ်ငန်း ဝတ်စုံကို ဝတ်ဆင်ကာ နေကာမျက်မှန် အနက်ရောင်ကို တပ်ဆင်ထားသည်။ ရှည်လျား သွယ်လျသော ခြေလက်များကြောင့် သူမ၏ ခန္ဓာကိုယ်က ကြော့ရှင်းစွာ လှပနေ၏။
"မစ္စတာချန်း ... ကျွန်မက အစ်မအန်ရာရဲ့ အတွင်းရေးမှူးပါ ... ကျွန်မကို အတွင်းရေးမှူးအိ လို့ ခေါ်နိုင်ပါတယ်"
အိကျင့်ချီက နေကာ မျက်မှန်ကို ချွတ်ကာ ပြုံးရင်း ချန်းဖန်အား ပြောလိုက်သည်။
"သူတို့ ငါ့ကို ညာနေတယ်လို့ ငါထင်နေတာ ... နင်က တကယ်ပဲ လန်ဒန်ကို ရောက်နေတာပဲ"
အန်ရာက ချန်းဖန်၏ လက်ကို ချိတ်ရင်း ပျော်ရွှင်စွာ ဆိုလိုက်သည်။
"ဟုတ်တယ် ... ကျွန်တော် လန်ဒန်ကို ရောက်တာ ကြာပြီ ... နောက်ပြီး ဒီမှာ ဘက်ကင်ဟမ် နန်းတော်ထက် ကြီးတဲ့ နန်းတော် တစ်ခုတောင် ဝယ်ထားပြီးပြီ ... အစ်မ လိုက်ကြည့်မလား"
ချန်းဖန်၏ ပုံစံက အစ်မဖြစ်သူထံမှ အာရုံစိုက်မှု ရယူလိုနေသော ဆယ်ကျော်သက် တစ်ယောက် အလားပင်။
"ကြွားလိုက်တာ ..."
အိကျင့်ချီက ချန်းဖန်အား စောင်းကာ ကြည့်လိုက်၏။
ဘက်ကင်ဟမ် နန်းတော်သည် လန်ဒန်မြို့ အတွင်း တည်ရှိကာ မီတာသောင်းချီ ကျယ်ဝန်းသည်။ မြောက်ပိုင်းချုံးပင်လျှင် လန်ဒန် အတွင်း၌ ထိုမျှလောက် ကြီးမားသော မြေနေရာနှင့် အဆောက်အဦကြီးကို ဝယ်ယူနိုင်မည် မဟုတ်ပေ။
"ယုံယုံ မယုံယုံ ... အဲဒါက တကယ်ပဲလေ"
ချန်းဖန်က ထိုမိန်းကလေးကို ကြည့်၍ ထူးဆန်းသလို ခံစားလိုက်ရ၏။
ထိုမိန်းကလေးက အဘယ်ကြောင့် လွန်ခဲ့သည့် နှစ်နှစ်ကနှင့် မတူတော့ သနည်း။ မည်သည့် အချိန်က စ၍ ထိုမိန်းကလေးက သူ့အား ရန်လိုသွား သနည်း။
"ကောင်းပြီ ... သွားကြည့်ရအောင်လေ"
အန်ရာက ပြုံးရွှင်စွာ ဆိုရင်း အသင့် ရောက်နေသည့် ကားပေါ်သို့ တက်လိုက်၏။
ကားစတင် ထွက်ခွာသည်နှင့် အန်ရာက သူမ လန်ဒန်သို့ လာရောက်ရသည့် အကြောင်းရင်းကို ချန်းဖန်အား ရှင်းပြလိုက်သည်။
"အစ်မတို့ ဥရောပ ဈေးကွက်ကို ထိုးဖောက်ဖို့ ကြိုးစားနေတာ ခြောက်ကြိမ် အထိ ရှိနေပြီ ... ခု တစ်ကြိမ်က ခုနစ်ကြိမ် မြောက်ပေါ့ ... ဥရောပ ယူနီယံက အမတို့ရဲ့ တောင်းဆိုမှုကို အကြိမ်ကြိမ် ပယ်ချခဲ့ပေမဲ့ အစ်မတို့ ဘက်ကလည်း လက်မလျှော့နိုင်ဘူးလေ ... အခုက လန်ဒန်မှာ မောင်လေး ရောက်နေတယ် ကြားတာရယ် ဥရောပ လူကြီးပိုင်းနဲ့ ကိုယ်တိုင် ဆွေးနွေးချင်တာရယ်ကြောင့် အစ်မ ထွက်လာခဲ့တာ ..."
အန်ရာက ရှင်းပြနေရာမှ ခဏရပ်ကာ ချန်းဖန်အား နားမလည်စွာ ကြည့်လိုက်သည်။
"ဒါနဲ့ ... ငါ့မောင်က လန်ဒန်ကို ဘာလို့ ရောက်နေတာလဲ"
အန်ရာနှင့် ဖန့်ချုံးတို့မှာ မြောက်ပိုင်းချုံး လုပ်ငန်းစုနှင့်သာ အချိန်ကုန်နေရာ အခြား အရေးကိစ္စများကို စိတ်ဝင်စားရန် မအားကြပေ။ ထို့အပြင် ဟွာရန်ဖန်းကလည်း သူမတို့ စိတ်ပူမည် စိုးရိမ်သဖြင့် ချန်းဖန်နှင့် အမှောင်ခုံရုံးတို့၏ တိုက်ပွဲ အကြောင်းကို မပြောပြထားခဲ့ချေ။
"လူတစ်ယောက် နောက်ကို လိုက်ရင်းနဲ့ ရောက်လာတာပါ"
ချန်းဖန်က ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်၏။
"ဥရောပမှာ ဈေးကွက် ချဲ့ထွင်ဖို့ အတွက်တော့ စိတ်မပူနဲ့တော့ အစ်မ ... ဥရောပ ယူနီယံက ကျွန်တော်တို့ ဘက်က တောင်းဆိုမှုတွေကို ငြင်းမှာ မဟုတ်တော့ဘူး"
"တကယ့်ကို ကြွားတာပဲ ... သူက တရုတ်မှာ နည်းနည်း နာမည်ကြီးတဲ့ အဆင့်ပဲ ရှိတဲ့ဟာကို ... ဥရောပ ယူနီယံက နိုင်ငံတွေ အများကြီးနဲ့ ဖွဲ့စည်းထားတာ ... ငါတို့ကို စပိန် ဝန်ကြီးချုပ်က ထောက်ခံတာတောင် ဥရောပ ယူနီယံက လက်ခံသေးတာ မဟုတ်ဘူး"
အိကျင့်ချီက မကျေမနပ်ဖြင့် တီးတိုး ရေရွတ်လိုက်သည်။
တရုတ်သည် နိုင်ငံတစ်ခုချင်း အရ အင်အားကြီးသည် ဆိုသော်လည်း ဥရောပ ယူနီယံ အဖွဲ့အစည်းနှင့် ယှဉ်လျှင်မူ နိမ့်ကျနေသေး၏။
တရုတ်၏ အစိုးရပိုင်းပင် ဥရောပ ယူနီယံ၏ အကြီးအကဲများအား မလေးမစား မလုပ်ရဲပေ။
သို့သော်လည်း ချန်းဖန်၏ စကားနှင့် အမူအရာကမူ ဥရောပ ယူနီယံအား နည်းနည်းမျှ ဂရုစိုက်ပုံ မရပေ။
"နောက်ကျ နင် သိလာမှာပါ ..."
ချန်းဖန်က ပြုံးရင်း ဆိတ်ဆိတ်သာ နေလိုက်၏။
မကြာခင်မှာပင် သူတို့ စီးလာသော ကားတန်းမှာ ဆောင်းရာသီ နန်းတော်သို့ ဆိုက်ရောက်လာခဲ့၏။
"နင် တကယ်ပဲ ဒီနန်းတော်ကြီးကို ဝယ်ထားတာလား ... ဘုရင် မြို့စားတွေရဲ့ နန်းတော်ကြီး ကျနေတာပဲ ... ဘယ်လောက်တောင် ပေးရလဲ"
အိကျင့်ချီက နန်းတော်ကြီးအား မော့ကာ ကြည့်ရင်း တအံ့တဩ မေးလိုက်၏။
"ဒီနန်းတော်က ဒုတိယမြောက် ဂျော့ဘုရင် ဆိုတဲ့ အင်္ဂလန်ရဲ့ ဘုရင်တစ်ပါး ဆောက်ခဲ့တာလေ ... ဆောင်းရာသီမှာ နန်းစံဖို့ ရည်ရွယ်ချက်နဲ့ ဆောက်ခဲ့ကြောင့် ဒီနန်းတော်ကို ဆောင်းရာသီ နန်းတော်လို့ ခေါ်တယ်"
ချန်းဖန်က ရှင်းပြလိုက်သည်။
မြောက်ပိုင်းချုံး လုပ်ငန်းစု၏ လူ အများစုမှာ သူတို့ ဂိုဏ်း၏ အစစ်အမှန် လွှမ်းမိုးမှုကိုပင် နားမလည်ကြရာ အမှောင် ကမ္ဘာမှ တိုက်ပွဲများ အကြောင်း ဆိုလျှင် ပို၍ အလှမ်းဝေး နေသေးသည်။
ထို့ကြောင့် ဆောင်းရာသီ နန်းတော်မှာ ချန်းဖန် အမှောင်ခုံရုံးကို အနိုင်ရ၍ ရရှိလာသည့် အရာ ဖြစ်မည်ဟု သူတို့ တွေးမိမည် မဟုတ်ပေ။
အန်ရာ တစ်ယောက်သာ တစ်ခုခုကို နားလည်ဟန်နှင့် ချန်းဖန်အား လှမ်းကြည့်လိုက်သည်။ သူမ၏ မောင်ဖြစ်သူသည် တစ်စုံတစ်ရာကို ဝယ်ယူသည့် အစား အင်အားသုံးကာ ယူတတ်သည့် လူဖြစ်ကြောင်း သူမ ကောင်းစွာ သိ၏။
စကားစမြည် အချို့ ပြောပြီးနောက် အန်ရာက ဖိတ်စာတစ်ခုကို ထုတ်ယူကာ ချန်းဖန်အား ပြလိုက်သည်။
"အင်္ဂလန်ရဲ့ အဓိက မိသားစုကြီးတွေနဲ့ ဘဏ်လုပ်ငန်း စီအီးအိုတွေက ဝင်ဇာ စံအိမ်မှာ ကျင်းပမယ့် စားသောက်ပွဲကို လာဖို့ ဖိတ်ထားတယ် ... အစ်မနဲ့ လိုက်ခဲ့ပါလား"
အန်ရာက ချန်းဖန်အား တောင်းဆိုလိုက်သည်။
ချန်းဖန်ကလည်း ယခုရက် အတွင်း အလုပ်အားနေသည် ဖြစ်ရာ ချက်ချင်းပင် လက်ခံလိုက်သည်။
ဆောင်းရာသီ နန်းတော်တွင် ခဏမျှ နားပြီးနောက် ချန်းဖန်နှင့် အန်ရာတို့သည် စားသောက်ပွဲ ကျင်းပရာ ဝင်ဇာစံအိမ်သို့ ထွက်လာခဲ့ကြ၏။
အန်ရာအား ဖိတ်ကြားသူများမှာ အင်္ဂလန်၏ အရေးပါ အရာရောက်သော လူများ ဖြစ်မည်မှာ ကျိန်းသေ၏။ အကယ်၍ မြောက်ပိုင်းချုံး အနေနဲ့ ဥရောပ ဈေးကွက်ကို ချဲ့ထွင်လိုပါက ဒေသခံ အဖွဲ့အစည်း၊ အင်အားစုများ၏ အကူအညီကို လိုအပ်ပေသည်။
မြောက်ပိုင်းချုံး လုပ်ငန်းစုသည် အာရှတွင် အောင်မြင်နေသော လုပ်ငန်းစုကြီး ဖြစ်သော်လည်း အနောက်တိုင်း ဈေးကွက်ကိုမူ ယခုအထိ ခြေမချရသေးပေ။
ထို့ကြောင့် ဖန့်ချုံးနှင့် အန်ရာတို့သည် အမေရိကန်နှင့် ဥရောပ ဈေးကွက်အား ထိုးဖောက်နိုင်ရန် အမြဲလိုလို ကြိုးစားခဲ့သည်။
မည်သို့ပင် ဆိုစေ ဥရောပနှင့် အမေရိကသည် ဖွံ့ဖြိုးပြီး နိုင်ငံကြီးများ ဖြစ်ကြသည်။ ထိုနေရာ နှစ်ခုမှ ရရှိသည့် အမြတ်အစွန်းသည် အာရှဈေးကွက်မှ ရရှိသည့် အမြတ်အစွန်းထက် များစွာ သာမည်မှာ သေချာသည်။
"ဒါပေမဲ့ ... ဥရောပရဲ့ လုပ်ငန်းရှင်တွေ အားလုံးက အရမ်းကို ပါးနပ်တဲ့ မြေခွေးအိုကြီးတွေ ချည်းပဲ ... ငါတို့ ဘက်ကသာ သူတို့ကို လုံလောက်တဲ့ အကျိုးအမြတ် မပေးနိုင်ရင် အဆင်ပြေဖို့ ခက်ခဲလိမ့်မယ် ..."
အန်ရာ၏ မျက်လုံးများ အတွင်း၌ စိုးရိမ် ပူပန်မှု အချို့ ပေါ်နေခဲ့သည်။
"အစ်မအန် ... ကျွန်တော် အစ်မအတွက် စကားပြော ပေးမှာပါ"
ချန်းဖန်က ညင်သာစွာ ဆိုလိုက်၏။
"အင်းပါ ..."
အန်ရာက ခေါင်းညိတ်လိုက်သည်။
သိပ်မကြာခင်မှာပင် သူတို့ စီးလာသော ကားလေးမှာ ဝင်ဇာ စံအိမ် အရှေ့သို့ ရောက်ရှိလာခဲ့တော့သည်။
***