← Chapters

ရည်ရွယ်ချက်ဖြင့်

Vol. 019 Ch. 1809

ရည်ရွယ်ချက်ဖြင့်

Vol. 019 Ch. 1809

ရီဖူရှင်းက အံ့အားသင့်သွားသည်။ သူက တိုက်ခိုက်လိုခြင်း အလျဥ်းမရှိပေ။ အမှောင်ထု၏ ဂုဏ်ယူဖွယ် သားတော်နှင့် မင်းသမီးဒွန်ဟောင်တို့ ရင်ဆိုင်တိုက်ခိုက်ခြင်းကို ကြည့်ရှုခြင်းဖြင့် သူသည် မှော်နက်စစ်တပ်မှ ထိပ်သီးတန်ခိုးရှင်များ၏ စွမ်းရည်နှင့် အရှင်ဒွန်ဟောင်၏ တစ်ဦးတည်းသော သမီးတော်တို့၏ လုပ်နိုင်စွမ်းအတိုင်းအတာကို သိရရန် မျှော်လင့်နေခဲ့သည်။ ကျန့်ချန်းကျူသည် ချီရီကို သူ၏ စွမ်းအားများ အစွမ်းကုန် ထုတ်သုံးပြီး တိုက်ခိုက်လာအောင် လုပ်နိုင်စွမ်း မရှိခဲ့ပုံရလေသည်။

သို့သော်လည်း ရီဖူရှင်းသည် ထိုအေးစက်ပြီး မာနကြီးသော မင်းသမီးဒွန်ဟောင်က လူတိုင်းရှေ့၌ သူ့ကို ခေါ်လိုက်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ရီဖူရှင်းက မင်းသမီးဒွန်ဟောင် မည်မျှ အစွမ်းထက်သည်ကို သိချင်နေသည်။ ထို့အပြင် သူက ဒွန်ဟောင်အင်ပါယာနန်းတော်မှ ဤလူများရှေ့တွင် သူ၏ စွမ်းအားကို မပြသချင်ပေ။ သူတို့က သူ့အကြောင်းကို လျင်မြန်စွာ ထုတ်ဖော်သွားနိုင်မည်ကို စိုးရိမ်ပေသည်။ မင်းသမီးဒွန်ဟောင်က သူ့အကြောင်းကို အများကြီး သိနေခဲ့ပြီး ​ဖြစ်သည်။

ချီရီက အစွမ်းထက်သော ကျန့်ချန်းကျူကိုပင် ခဏအတွင်း အနိုင်ယူခဲ့သည်။ ရီဖူရှင်းသည် ချီရီနှင့် ရင်ဆိုင်ပါက သူ့အစွမ်းကုန်ထုတ်သုံးရသည်လည်း ဖြစ်နိုင်ပေသည်။ သူသည် ခွန်အားကို ကန့်သတ်ထိန်းချုပ်ပြီး တိုက်ခိုက်ရန်မှာ ဖြစ်နိုင်လိမ့်မည် မဟုတ်သည့်အတွက် သူက မတိုက်ခိုက်ချင်ပေ။

သို့သော်လည်း မင်းသမီးဒွန်ဟောင်က ကိုယ်တိုင်မေးလာခဲ့သည်။ သူက သူမ၏ တောင်းဆိုမှုကို ငြင်းပယ်ပါက ရိုင်းစိုင်းကာ အရိုအသေမဲ့မှု ဖြစ်သွားပေလိမ့်မည်။ ရီဖူရှင်းက ရွေးချယ်ရန် ခက်ခဲသည့် အနေအထား၌ ရှိ​နေခဲ့သည်။

မင်းသမီးဒွန်ဟောင်၏ မျက်လုံးများက ရီဖူရှင်းထံ၌ တည်မြဲနေသည်။ သူမ၏ တည်ငြိမ်လှသော အမူအရာကို အခြေခံ၍ သူမ၏ အတွေးများကို ခန့်မှန်းရန်မှာ မဖြစ်နိုင်ပေ။ သူမက သူ၏ အဖြေကို စောင့်နေခြင်း ဖြစ်ရပေမည်။

​

"ကောင်းပါပြီ၊ မင်းသမီး။" ရီဖူရှင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ သူက သူမ၏ အမိန့်အား မလိုက်နာလျှင် မောက်မာပြီး လျစ်လျူရှုတတ်သူတစ်ယောက် ဖြစ်သွားပေလိမ့်မည်။

ရီဖူရှင်းက ခြေလှမ်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ တောက်ပသည့် ရွှေရောင်အလင်းတို့ ထွက်ပေါ်လာနေသည်။ ထိတ်လန့်ဖွယ် ဓားစွမ်းအားများက ကျစ်လျစ်စွာ ဖြစ်တည်လာပြီး လေဟာနယ်အတွင်းတွင် နတ်ဆင်အော်မြည်သံများ ထွက်ပေါ်လာသည်။ သိန်းသန်းချီသော ဓားစွမ်းအင် ကု့ချင်းကြိုးများက ကောင်းကင်တွင် ဖြစ်ပေါ်လာကာ ကြောက်မက်ဖွယ် စူးစူးဝါးဝါး အော်သံတို့ကို ဖန်တီးနေသည်။

ထောင်သောင်းချီသော ဓားများက အချင်းချင်းရိုက်ခတ်ရင်း နားကွဲလုမတတ် အော်မြည်သံများ ထုတ်လွှတ်နေပြန်သည်။

ရီဖူရှင်းက လေထဲတွင် ရပ်နေကာ မရေတွက်နိုင်သော နတ်ဆင်များက သူ့ ပြိုင်ဘက်ဆီသို့ ပြေးဝင်သွားသည်။

ချီရီက ရီဖူရှင်းကို ကြည့်လိုက်သည်။ သူက ရီဖူရှင်းနှင့် ဆုံတွေ့သည်မှာ ဤသည်က ပထမဆုံးအကြိမ် ဖြစ်သော်လည်း သူ လျှို့ဝှက်နယ်မြေဘုံသို့ ရောက်စဥ်က ရီဖူရှင်းအ​ကြောင်းများကို ကြားဖူးသည်။ ကောလာဟလများက ​ပြောကြသည်မှာ ရီဖူရှင်းက မူလဘုံ၏ တန်ခိုးရှင်များအနက် အရည်အချင်းအရှိဆုံး ဖြစ်သည်ဟူ၍ ဖြစ်လေသည်။ ထို့အပြင် သူက နတ်ဘုရားအကြွင်းအကျန် နယ်မြေမှ အမွေအနှစ်များလည်း ရရှိခဲ့သေးသည်။

ချီရီ၏ မျက်လုံးထဲမှ ဖျက်ဆီးခြင်းအလင်းများက ရီဖူရှင်း လှုပ်ရှားမှု ပြုလိုက်သည်နှင့် ရီဖူရှင်းထံ တိုးဝင်သွားလေသည်။ ကောင်းကင်သည် ကြောက်မက်ဖွယ်ရာ ပိန်းပိတ်အောင် မှောင်မိုက်နေပြီး အမှောင်ထုထဲမှ အနက်ရောင်တွင်းပေါက်များက အော်မြည်နေ၏။ တွင်းနက်များထဲမှ အလွန်ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း စွမ်းအားများ ပါဝင်နေသော လှံများ ထွက်ပေါ်လာသည်။

ချီရီက သူ့လက်ကို အောက်သို့ စိုက်ကာ လှုပ်ရှားလိုက်သည်။ အမှောင်ထုလေဟာနယ်အတွင်းမှ အော်မြည်နေသော မုန်တိုင်းက ချက်ချင်းပင် ရီဖူရှင်းဆီသို့ လှံများ တိုးဝင်လာစေသည်။

ရီဖူရှင်းသည် နတ်ဆင်များကို သူ၏ ဒိုင်းကာအဖြစ် အသုံးပြုထားသည်။ သူသည် ပြင်းထန်လှသော အရှိန်အဟုန်နှင့် လေဟာနယ်ကို ဖြတ်ကျော်သွားသည်။ ထို့နောက် သူက လက်ညှိုးကို သုံးကာ ဓားဆုပ်ဓားဖမ်းနည်းစနစ်ကို အသုံးပြုလိုက်သည်။ ရုတ်တရက် တောက်ပသော ဓားသွားတို့က လေဟာနယ်ကို ဖြတ်သန်းထိုးဖောက်လာပြီး ဓားစွမ်းရည်တို့ ဖွဲ့စည်းထားသော ကု့ချင်းကြိုးများမှ နက်ရှိုင်းသော အသံတို့ ထွက်ပေါ်လာသည်။ ပြင်းထန်သည့် ဓားစွမ်းရည်တို့က လေဟာနယ်ကို စုတ်ဖြဲကာ မြေအောက်ကမ္ဘာ၏ လှံများကို ဆန့်ကျင်တိုက်ခိုက်လိုက်သည်။

ရီဖူရှင်း၏ ရှေ့တွင် တောက်ပသော နတ်ဓားတစ်ခု ဖြစ်ပေါ်လာသည်။ သူက လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်လျှင် လျှပ်စီးအလင်းတန်းတစ်ခုကဲ့သို့ ပြောင်းလဲသွားသည်။ နတ်ဓားက ကောင်းကင်ကို ဖြတ်သန်းကာ ချီရီကို ထိုးစစ်ဆင်လေသည်။

ချီရီက ရီဖူရှင်းကို ကြည့်လိုက်၏။ သူ့မျက်လုံးများက အလွန် နက်ရှိုင်းလှသော ချောက်နက်ကြီးကဲ့သို့ပင် လူအများကို အဆုံးမဲ့ အမှောင်ထုအတွင်း နစ်မြုပ်သွားစေသည်။ ရီဖူရှင်း၏ တောက်ပသော နတ်ဓားက ရှေ့သို့ သွားနေရင်း ၎င်း၏ လမ်းကြောင်းအတွင်းရှိ အရာအားလုံးကို ဖျက်ဆီးသွားသည်။ သို့သော်လည်း ချီရီ ခန္ဓာကိုယ်အရှေ့၌ ​ကြောက်မက်ဖွယ် တွင်းနက်ကြီးတစ်ခု ထွက်ပေါ်လာ၏။

ထိုတွင်းနက်ကြီးက ဖျက်​ဆီးခြင်းမဟာလမ်းစဥ် နတ်ဓားကို ဝါးမျိုကာ ရီဖူရှင်းကိုပါ ဓားနှင့်အတူ ဝါးမျိုရန် ကြိုးစားလိုက်သည်။

ရီဖူရှင်းက ​နောက်သို့ ပြန်ဆုတ်လိုက်၏။ နက်​မှောင်ကာ အားကောင်းလှသော လေစီးကြောင်းက အော်မြည်နေပြီး သူ့အနီး လှည့်ပတ်နေသည်။

သူသည် ရွှေရောင်နတ်ဆင်များကို ဒိုင်းကာအဖြစ် အသုံးပြုကာ ရှေ့သို့ တဟုန်ထိုး ပြန်တိုးဝင်သွားသည်။ ပေါက်ကွဲသံနှင့်အတူ မမြင်နိုင်သော မြေအောက်လောက လှံများက နတ်ဆင်များ၏ ဖျက်ဆီးပစ်ခြင်းကို ခံလိုက်ရသည်။ ရီဖူရှင်းသည်လည်း ရပ်တန့်၍ မရနိုင်သော စွမ်းအားကြောင့် နောက်သို့ ဆုတ်ခွာသွားရ၏။

အဆက်မပြတ်တိုက်ခိုက်လာမှုအောက်တွင် ရီဖူရှင်းအား ကာကွယ်ပေးထားသော နတ်ဆင်များက စတင်အက်ကွဲလာသည်။ ရီဖူရှင်းသည် ရှေ့သို့ တဟုန်ထိုး ထပ်တိုးဝင်သွားကာ ဓားစွမ်းအားများနှင့် ရစ်ကာထားသော လက်သီးဖြင့် အရာအားလုံးကို အပိုင်းအစများဖြစ်သွားအောင် ထိုးနှက်လိုက်သည်။

ထိုစဥ်မှာပင် မြေအောက်လောက အလင်းတန်းတစ်ခုက ရီဖူရှင်း၏ အထက်တွင် တောက်ပလာကာ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။

ချီရီက သူ၏ လက်ကို နောက်တစ်ကြိမ် လှုပ်ရှားလိုက်ပြီး ငရဲမှ မှော်နက်လျှပ်စီးမိုးကြိုးတို့ ဖြစ်ပေါ်လာစေသည်။ ၎င်းက ထိတွေ့မိသမျှ အရာအားလုံးကို ဖျက်ဆီးပစ်လေသည်။ ရီဖူရှင်း ရပ်နေသောနေရာက အမှောင်ထုနှင့် လွှမ်းခြုံခံလိုက်ရသည်။

ဘန်း...

ရီဖူရှင်းအား ကာကွယ်ပေးထားသော ရွှေရောင်နတ်ဆင်များက ဆက်လက်၍ အက်ကွဲနေကာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့သည်။ နားကွဲမတတ် ဆူညံလှသော အသံနှင့်အတူ ရီဖူရှင်းက မြေပေါ်သို့ ပြုတ်ကျသွားသည်။ သူက ညည်းညူလိုက်ပြီး ဖျက်ဆီးခြင်း မဟာလမ်းစဥ်နတ်အလင်းများက သူ့ထံမှ တဖန် ထွက်ပေါ်လာသည်။

ဘန်း...

နတ်ဆင်က ပေါက်ကွဲထွက်သွား၏။ ကြောက်မက်ဖွယ် နတ်အလင်းက မှိန်ဖျော့သွားသော်လည်း မြေအောက်လောက၏ အလင်းတို့က ရီဖူရှင်း ခန္ဓာကိုယ်ပေါ်တွင် ကျန်ရှိနေကာ အချိန်မရွေး ထပ်၍ တိုက်ခိုက်လာနိုင်ပုံရသည်။

"ဘာမှလည်း မထူးခြားပါဘူး။" ချီရီက ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။ ထို့​နောက် သူက ခေါင်းကို မော့ကာ မင်းသမီးဒွန်ဟောင်အား ကြည့်၍ မေးလိုက်သည်။ "အခု မင်းသမီး ကျုပ်နဲ့ ပညာဖလှယ်ဖို့ ဖြစ်နိုင်ပြီလားလို့ မေးပါရစေ။"

မင်းသမီးဒွန်ဟောင်က ရီဖူရှင်းအား အဓိပ္ပါယ်ပြည့်ဝသော အကြည့်တို့နှင့် ကြည့်လိုက်သည်။ ထို့နောက် သူမ၏ လှပသော မျက်လုံးများက ချီရီထံသို့ ရောက်သွားခဲ့သည်။ ရီဖူရှင်းသည် အနည်းငယ် ခက်ခဲသလို ခံစားလိုက်ရသည်။

ရီဖူရှင်းက မည်သည့်သဲလွန်စမှ မချန်ရစ်ခဲ့သော်လည်း မင်းသမီးဒွန်ဟောင် သူ့အား ​ကြည့်လိုက်သည့်အကြည့်တို့အရ သူမက တစ်ခုခု သိရှိသွားခြင်းမျိုး ဖြစ်နိုင်ပေသည်။

သို့သော် သူမက သူ၏ လှည့်ကွက်အား မြင်သွားခဲ့လျှင်ပင် ပြဿနာမရှိပေ။ ရီဖူရှင်းက ချီရီနှင့် တိုက်ခိုက်ရခြင်းမှာ သူမ၏ တောင်းဆိုချက်ကြောင့်သာ ဖြစ်သည်။ သူမက သူ့ကို အနိုင်ရရန် အမိန့်မပေးနိုင်ပေ။

မြေအောက်ကမ္ဘာမှ ဂုဏ်ယူဖွယ်ရာ သားတော် ချီရီက မှော်နက်စစ်တပ်၏ မျိုးဆက်သစ်များတွင် အစွမ်းထက်ဆုံး တန်ခိုးရှင်များထဲမှ တစ်ယောက်ဖြစ်သည်။

ရီဖူရှင်းသည် ဤတိုက်ပွဲ၌ သူ၏ ပြိုင်ဘက်အား ရှုံးနိမ့်စေလိုလျှင် သူ့ရှိသမျှ စွမ်းရည်အားလုံးကို အသုံးပြုကာ ပြင်းပြင်းထန်ထန် ကြိုးစားရနိုင်ပေသည်။ ပြောစရာမလိုအောင်ပင် သူက ထိုသို့ ဖြစ်မလာစေရန် တားဆီးဖို့ရာ ဟန်ဆောင်ခဲ့သည်။

သူက ပြိုင်ပွဲ၏ ရလဒ်ကို အမှန်တကယ် ဂရုမစိုက်ပေ။

ထိုအချိန်တွင် အလွန်တောက်ပသော နတ်အလင်းတန်းများ ကောင်းကင်တွင် တောက်ပလာကာ အမှောင်ထုကို ထိုးဖောက်သွားသည်။

လူအုပ်ကြီးက ချက်ချင်းပင် မင်းသမီးဒွန်ဟောင်ကို မော့ကြည့်လိုက်ပြီး သူမက မည်မျှ တင့်တယ်လှသည်ကို သြချနေကြတော့သည်။

ရီဖူရှင်းသည်လည်း ထိုနေရာသို့ မော့ကြည့်လိုက်သည်။ မင်းသမီးဒွန်ဟောင်ထံမှ နေကိုပင် ဖုံးကွယ်သွားလောက်အောင် ကြီးမားထည်ဝါသော ဖီးနစ်နတ်တောင်ပံတစ်စုံ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။ နတ်တောင်ပံပေါ်မှ အမွေးအတောင်တိုင်းသည် တောက်ပသော ရွှေရောင်နတ်အလင်းတို့နှင့် လောင်ကျွမ်းနေကာ ထိမိသည့် မည်သူ့ကိုမဆို ပြာကျသွားစနေိုင်ပေသည်။

သူမက တောင်ပံများကို ဖြန့်လိုက်သည့်အခါ မြေအောက်ကမ္ဘာမှ အလင်းများကို ပိတ်ဆို့ဖြတ်တောက်လိုက်၏။ နတ်ဖီးနစ်၏ ကြီးမားသော အရိပ်ကြီးက ကောင်းကင်တွင် ပေါ်ထွက်လာပြီး နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

နတ်ဖီးနစ်၏ အရိပ်က သူမ၏ မျက်ဝန်းများထဲမှာပင် ထင်ဟပ်နေ၏။ သူမက ချီရီကို ကြည့်လိုက်သည့်အခါ ချီရီ ခန္ဓာကိုယ်မှာ မီးများလောင်မြိုက်နေသကဲ့သို့ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။

"ရှင်က ကျွန်မကို ဘယ်လိုမှ ယှဥ်နိုင်မှာမဟုတ်ဘူး။ ဒါတောင်မှ တစ်ခုနှစ်ခု သင်ပြပေးဖို့ တောင်းဆိုရဲသေးတယ်လား။" မင်းသမီးဒွန်ဟောင်၏ အသံက အေးစက်စိမ်းကားနေ၏။ သူမသည် အဆင့်နိမ့်ရန်ဟောင် အထွတ်အထိပ်သို့ ရောက်ရှိပြီးဖြစ်ရာ ချီရီထက် အဆင့်ပိုမြင့်ပေသည်။

ဖီးနစ်၏ စူးရှသော အော်မြည်သံက ကောင်းကင်ကို ဖြတ်ကာ လေဟာနယ်ထဲ ပဲ့တင်ထပ်သွားသည်။ ချီရီသည် ထိုအသံကြောင့် တုန်လှုပ်ခြောက်ခြားသွားပေသည်။ သူက မင်းသမီးဒွန်ဟောင်၏ မျက်လုံးများထဲ၌ နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရကာ မူးဝေသွားပြီး ဒယိမ်းဒယိုင် ဖြစ်လာသည်။

သူ့ခန္ဓာကိုယ် အနီးမှ အမှောင်ထုနှင့် ဖျက်ဆီးခြင်းစွမ်းအားများက တုန်လှုပ်ကာ ပျက်ပြယ်လာသဖြင့် သူက အမှောင်ထုအား ထပ်၍ ဆင့်ခေါ်ရန် ကြိုးစားလိုက်သည်။

မင်းသမီးဒွန်ဟောင်က ရှေ့သို့ ခြေလှမ်းလိုက်သည်။ ကျက်သရေရှိကာ အသက်ရှုမှားလောက်သော သူမက တစ်လောကလုံး၌ သူမတစ်ယောက်သာ အာရုံစိုက်ခံရရန် ထိုက်တန်သူကဲ့သို့ ထင်မှတ်ရစေသည်။

သူတို့အနီးမှ တိုက်ခိုက်နေသူအားလုံးမှာ ရပ်တန့်၍ မင်းသမီးဒွန်ဟောင်အား အာရုံစိုက်လိုက်ကြသည်။ သူမ၏ နောက်ကျောဘက်မှ နတ်တောင်ပံများက မျက်စိကျိန်းလောက်သော နတ်အလင်းများ ထုတ်လွှတ်နေသည်။  ချီရီ၏ ခန္ဓာကိုယ်အနီးမှ အမှောင်စွမ်းအားများက လှုပ်ရှားကာ တဖြေးဖြေး ပျောက်ကွယ်လာနေသည်။

ကောင်းကင်ထက်တွင် ကြီးမားလှသော နတ်ဖီးနစ်က အော်မြည်လိုက်ပြီး နတ်မီးလျှံတို့နှင့် လေဟာနယ်ကို ဝါးမျိုကာ ချီရီကို လောင်ကျွမ်းစေသည်။ ချီရီ၏ နောက်၌ ရှိနေသော မြေအောက်ကမ္ဘာ အရိပ်က ခုခံချင်သော်လည်း မီးလျှံများက ၎င်းကို ဝါးမျိုနေသည်။

ပြင်းထန်လှသော တိုက်ခိုက်မှုနှင့် ကြုံတွေ့ရသောအခါ ချီရီက အနက်ရောင်အရိပ်အဖြစ် ပြောင်းလဲလိုက်ပြီး မှော်နက်စစ်တပ်ရှိရာဘက်သို့ အလျင်အမြန် ပြန်ဆုတ်ခွာသွားတော့သည်။ သူ့ကို ​ကြည့်ရသည်မှာ အနည်းငယ် ရှက်ရွံ့နေပုံပေါ်၏။

မင်းသမီးဒွန်ဟောင်က ပို၍ အဆင့်မြင့်သော်လည်း မြေအောက်ကမ္ဘာ၏ ဂုဏ်ယူဖွယ်ရာ သားတော်မှာ ဤသို့ ဆိုးဆိုးဝါးဝါး မရှုံးနိမ့်သင့်ပေ။ သူသည် မင်းသမီးဒွန်ဟောင်၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်အခါ အလွန်အားနည်းလှသည့် ကြက်ပေါက်လေးတစ်ကောင် သဖွယ် ဖြစ်နေလေသည်။

သူက ခွန်အားအကုန်လုံး အသုံးမပြုရသေးပေမယ့် မင်းသမီးဒွန်ဟောင်သည်လည်း ထိုသို့သာ ဖြစ်မည်ကို နားလည်ပေသည်။

ဤသည်မှာ သူတို့နှစ်ဦးအတွက် သာမန်ယှဥ်ပြိုင်မှုတစ်ခုသာ ဖြစ်သော်လည်း သူက သူမ၏ တိုက်ခိုက်မှုတစ်ချက်ကိုပင် ခံနိုင်ရည်မရှိခဲ့ပေ။.

မင်းသမီးဒွန်ဟောင်က မည်သည့်အရာမှ မဖြစ်ပွားခဲ့သည့်အတိုင်း ​နောက်ပြန်ဆုတ်လိုက်သည်။ သူမက သူမ၏ နေရာတွင် တိတ်ဆိတ်စွာ ရပ်နေပြီး သူမ ခန္ဓာကိုယ်မှ နတ်အလင်းများကလည်း မှိန်ဖျော့လာသည်။ သူမသည် ချီရီအား အထင်အမြင်သေးစွာ ကြည့်၍ ပြောလိုက်သည်။ "မှော်နက်စစ်တပ်က ဒီနေရာမှာ စစ်ခင်းဖို့ ရည်ရွယ်ချက်ရှိနေတုန်းပဲလား။"

​မြေအောက်အရှင်က သူမ၏ စကားကို ကြားသည့်အခါ အပြုံးတို့ ပျောက်ကွယ်သွားသည်။ "သိပ်ကောင်းတယ်။ မင်းသမီးဒွန်ဟောင်က တကယ့်ကို ထူးချွန်လှပါပေတယ်။ မင်းက အရှင်ဒွန်ဟောင်ရဲ့ ဆက်ခံသူအစစ်အမှန်ပဲ။ ချီရီက မင်းနဲ့ မယှဥ်နိုင်ပါဘူး။ အနာဂတ်မှာ အခွင့်အရေးရလာမှပဲ မင်းသမီးဆီက သင်ယူဖို့ ထပ်လာခဲ့ပါ့မယ်။ ဂရုစိုက်ပါ။"

မှော်နက်စစ်တပ်မှ တန်ခိုးရှင်များ အားလုံးက အမှောင်စွမ်းအင်များ ထူထဲသိပ်သည်းနေသည့် အမှောင်ထုလေဟာနယ်အတွင်း ပြန်ဆုတ်ခွာသွားကြသည်။ အချိန် ခဏအတွင်းမှာပင် သူတို့က အမှောင်ထုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

ကောင်းကင်ဒေသမှ လူများက သိပ်ပြီး သိတ်မလှုပ်ရှားခဲ့ပေ။ ဤတိုက်ပွဲ၌ သူတို့ နိုင်သည်မှာ ဖြစ်သင့်သည့်ကိစ္စပင် ဖြစ်သည်။ သူတို့ ရှက်ရွံ့ရသည့် တစ်ခုတည်းသော ကိစ္စမှာ မည်သူကမှ မြေအောက်ကမ္ဘာ၏ သားတော်ကို အနိုင်မယူနိုင်ဘဲ မင်းသမီးဒွန်ဟောင်ကိုယ်တိုင် တိုက်ပွဲ၌ ဝင်ပါခဲ့ရခြင်းကို ဖြစ်သည်။

မည်သို့ပင်​​ဖြစ်စေ ထိုသည်မှာလည်း ရန်သူက မင်းသမီး မည်မျှ အစွမ်းထက်သည်ကို မြင်တွေ့သွားရသည့်အတွက် ကောင်းသော ကိစ္စဟုလည်း ဆိုနိုင်ပေသည်။

မင်းသမီးဒွန်ဟောင်က တစ်နေ့တွင် လောကကို အုပ်ချုပ်ရန် မျှော်လင့်ထားသည်။ သူမက သူမ၏ခွန်အားကို အချိန်တိုင်း ဖုံးကွယ်ထား၍ မဖြစ်နိုင်ပေ။

"ကျုပ်တို့ရဲ့ အင်အားက မပြည့်ဝလို့ မင်းသမီးရဲ့ ပူပန်မှုတွေကို သက်သာရာရအောင် တာဝန်မထမ်းနိုင်ခဲ့ဘူး။" ထျန်ရှင်းကျောင်းအုပ်က ပြောလိုက်သည်။ မင်းသမီးဒွန်ဟောင်က သူမ၏ ခေါင်းကို ခါယမ်းလိုက်သည်။ ကျန့်ချန်းကျူက ထူးချွန်လှသော အရည်အချင်းရှိသော်လည်း မှော်နက်စစ်တပ် ဘုရင်ခုနစ်ပါးမှ တစ်ပါး၏ ဆက်ခံသူသားတော်ကို ရှုံးနိမ့်ခြင်းမှာ ပုံမှန်သာ ဖြစ်သည်။

တခြားတစ်ဖက်မှ ရီဖူရှင်းသည်တော့.....

မင်းသမီးဒွန်ဟောင်က အောက်ဘက်၌ ရပ်နေသော ငွေရောင်ဆံပင်နှင့် အမျိုးသားကို နောက်တစ်ခါ ထပ်ကြည့်လိုက်သည်။ ထိုအခါ သူမသည် ထိုလူက ကြည်လင်ရှင်းလင်းပြီး ရိုးသားဖြူစင်သော မျက်လုံးတို့နှင့် သူမကို ကြည့်နေကြောင်း မြင်လိုက်ရသည်။ သူမသည် ထိုသူက ချီရီအား တမင်အရှုံးပေးလိုက်သည်လား မပြောနိုင်ပေ။

သို့ဆိုလျှင်ပင် အဆင့်မြင့်ရန်ဟောင်များကိုပင် သတ်ဖြတ်နိုင်သူတစ်ဦးက ချီရီကြောင့် မရှုမလှရှုံးနိမ့်သည်မှာ အလွန် သံသယဖြစ်ဖွယ် ကောင်းလှသည်။

များပြားလှသော ထိပ်သီးတန်ခိုးရှင်များကလည်း ပြီးခဲ့သည့် တိုက်ပွဲ​၌ ရီဖူရှင်းက အကောင်းဆုံး အားမထုတ်ခဲ့သည်ကို ပြောနိုင်ကြပေသည်။

ရီဖူရှင်းက မည်သည့်အတွက်ကြောင့် မင်းသမီးဒွန်ဟောင်ရှေ့၌ အရည်အချင်းကို မပြသချင်ရသနည်း။

***

All Chapters