စားသောက်ပွဲ
Vol. 6 Ch. 584
ဝင်ဇာစံအိမ် တစ်ခုလုံးကား မီးရောင်စုံများဖြင့် ခမ်းနားစွာ အလှဆင်ထား၏။ များစွာသော လူကြီး လူကောင်းများသည် စားသောက်ပွဲကို တက်ရောက်ရန် အတွက် ဝင်ဇာစံအိမ်သို့ တဖွဲဖွဲ ရောက်ရှိလာကြသည်။
"မစ္စတာ မစ္စ ... ဒီကို ကြွပါ ခင်ဗျာ ..."
ဧည့်ကြို တစ်ယောက်က ချန်းဖန်နှင့် အန်ရာတို့အား လာရောက် ကြိုဆိုကာ အခန်းတစ်ခုဆီသို့ လိုက်ပို့သည်။
အရာရာကား သာမန်ပါတီ တစ်ခုနှင့်ပင် တူညီ နေသေးသည်။ အခန်းအတွင်းတွင်မူ အထက်တန်းစား လူကြီး လူကောင်များသည် ဝိုင်ခွက်များကို ကိုင်ရင်း တစ်ယောက်နှင့် တစ်ယောက် စကားစမြည် ပြောနေကြသည်။
"မိန်းကလေးအန် ... ရောက်လာပြီလား"
သေသပ်စွာ ဝတ်ဆင်ထားသော လူကြီးလူကောင်း အဘိုးအို တစ်ဦးက ချန်းဖန်တို့ထံသို့ ချဉ်းကပ်လာ၏။
"ဗိုက်ကောင့်ရော့ခ်က စကော့တလန် တော်ဝင်ဘဏ်ရဲ့ ဥက္ကဋ္ဌလေ ... သူက စကော့တလန် တော်ဝင်မိသားစုမှာ မွေးပြီး ကြီးပြင်းခဲ့တာ"
အန်ရာက ချန်းဖန်ကို ဗိုက်ကောင့်ရော့ခ်နှင့် မိတ်ဆက်ပေးလိုက်သည်။
"သူက ..."
ဗိုက်ကောင့်ရော့ခ်သည် ချန်းဖန်ကို မသေချာ မရေရာသော မျက်လုံးများဖြင့် ကြည့်လိုက်မိ၏။
ချန်းဖန်သည် လက်ရှိ၌ အဇူသက်ရှည် ခန္ဓာကိုယ်နှင့် ဖြစ်ရာ သူ၏ ပုံစံက နတ်ဘုရား တစ်ပါးအလား ချောမောခန့်ညား နေသည်။ ထို့ကြောင့်ပင် ဗိုက်ကောင့်ရော့ခ်မှာ ချန်းဖန်၏ ထူးခြားသော ရုပ်ရည်သွင်ပြင်ကို ကြည့်၍ အံ့အားသင့် နေမိခြင်း ဖြစ်သည်။
"သူ့ရုပ်ရည်က တော်တော်လေး ထူးခြားတာပဲ ... သမိုင်းကြောင်း နှစ်ထောင်ချီရှည်တဲ့ မိသားစုကြီးတွေရဲ့ မျိုးဆက်တွေပဲ ဒီလို ရုပ်ရည်မျိုးကို ပိုင်ဆိုင်နိုင်မှာ ..."
ထိုလူငယ်မှာ ချန်းပေ့ရွှမ်း ဖြစ်လိမ့်မည်ဟု ဗိုက်ကောင့်ရော့ခ် လုံးဝ ထင်မထားခဲ့ချေ။
ချန်းပေ့ရွှမ်း ဆိုသော နာမည်ကား လတ်တလောတွင် ဥရောပ၌ ဒဏ္ဍာရီအလား ကျော်ကြားနေသော နာမည် ဖြစ်သည်။ ထို့ကြောင့် ချန်းပေ့ရွှမ်းကဲ့သို့ အလွန် ကျော်ကြားသော ပုဂ္ဂိုလ်က ယခုကဲ့သို့ စားသောက်ပွဲမျိုးအား တက်ရောက် လာလိမ့်မည်ဟု ဗိုက်ကောင့်ရော့ခ် လုံးဝ မတွေးမိချေ။
"သူက ကျွန်မမောင် ချန်းဖန်ပါ ..."
အန်ရာက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ မစ္စတာချန်း ဒီဘက်ကို ကြွပါခင်ဗျာ ... လန်ဒန်ရဲ့ လူကြီးလူကောင်းတွေနဲ့ ကျွန်တော် မိတ်ဆက် ပေးပါ့မယ်"
ဗိုက်ကောင့်ရော့ခ်က ဆိုလိုက်သည်။
အာရှနာမည်များမှာ ဥရောပတိုက်သားများ အတွက် နားလည်ရန် ခက်ခဲသော အရာများ ဖြစ်ကြသည်။ ထို့ကြောင့်ပင် ဗိုက်ကောင့်ရော့ခ်သည် ချန်းဖန်နှင့် ချန်းပေ့ရွှမ်း ဆိုသော နာမည်နှစ်ခု၌ "ချန်း" ဟူသော စကားလုံး တူညီနေသည်ကိုပင် သတိမထားမိချေ။
"ဒါက ... လန်ဒန် နိုင်ငံတကာဘဏ်ရဲ့ ဥက္ကဋ္ဌ မစ္စတာ ဘရက်ပါ ..."
"သူကတော့ အင်္ဂလန်ရဲ့ သူကောင်းဘွဲ့ရ မစ္စတာ ဒိုနေပါ ... နောက်ပြီး သခင်ကြီးများအိမ်ရဲ့ အဖွဲ့ဝင် တစ်ယောက်ပေါ့ ... သူ့အဖေကလည်း အင်္ဂလန်ရဲ့ ပြောရေးဆိုခွင့် ရှိတဲ့ လူတစ်ယောက်လေ"
"သူကတော့ မစ္စတာကာကယ်လို့ ခေါ်ပါတယ် ... ဥရောပ ယူနီယံ စီးပွာရေးနဲ့ စက်မှုလုပ်ငန်း ဌာနရဲ့ လက်ထောက် ဒါရိုက်တာ တစ်ယောက်လေ"
ဗိုက်ကောင့်ရော့လ်က ချန်းဖန်နှင့် အန်ရာတို့အား စားသောက်ပွဲသို့ တက်ရောက်လာသည့် လူကြီး လူကောင်းများနှင့် မိတ်ဆက်ပေးသည်။
"မြောက်ပိုင်းချုံး လုပ်ငန်းစု ... အဲဒါက ရှင်သန်ခြင်း ရေစင်ကို ထုတ်လုပ်တဲ့ အာရှ ကုမ္ပဏီ မလား ..."
မစ္စတာ ဒိုနေက အံ့အားသင့်စွာ မေးလိုက်သည်။
"ဟုတ်ပါတယ် ..."
အန်ရာက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"ဒါနဲ့ မစ္စတာ ကာကယ် ... ဥရောပ ယူနီယံ စီးပွားရေးနဲ့ စက်မှုလုပ်ငန်း ဌာနက ရှင်သန်ခြင်း ရေစင်ကို ဥရောပကို တင်သွင်းခွင့် ပိတ်ထားတယ် မလား"
မစ္စတာ ဒိုနေက မေးလိုက်သည်။
"ဟုတ်ပါတယ် ... အဲဒီ ရှင်သန်ခြင်း ရေစင်မှာ လူသား ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့ ဓာတု ဆေးဝါး တစ်မျိုးကို ကျွန်တော်တို့ ရှာတွေ့ထားတယ် ... ဒါကြောင့်ပဲ ပိတ်ပင်ထားတာပါ"
မစ္စတာ ကာကယ်က ပြန်လည် အဖြေပေးလိုက်သည်။
အိကျင့်ချီက ထိုစကားကြောင့် မျက်လုံး အဝိုင်းသား ဖြစ်သွားခဲ့၏။
ရှင်သန်ခြင်း ရေစင်ကို အာရှဈေးကွက်၌ ရောင်းချနေသည်က နှစ်နှစ်ခန့်ပင် ရှိနေပြီ ဖြစ်သည်။ ထိုကဲ့သို့ ပြဿနာမျိုးအား သူမ မကြားမိခဲ့ချေ။
"နိုင်ငံရေးသမားတွေက တော်တော် အရှက်မရှိတာပဲ ..."
အိကျင့်ချီက ကျိတ်ကာ တွေးလိုက်၏။ ထိုအရာသည် ရှင်သန်ခြင်း ရေစင်ကို ဥရောပ ဈေးကွက်အတွင်း မဝင်ရောက်နိုင်အောင် တားဆီးသည့် လှည့်ကွက် တစ်ခုသာ ဖြစ်ကြောင်း အိကျင့်ချီ ကောင်းစွာ နားလည်သည်။
"မစ္စအန်ရာ ... ဥရောပ ယူနီယံနဲ့ အင်္ဂလန်က အန္တရာယ်ရှိတဲ့ ဆေးဝါးတွေကို ဥရောပ ဈေးကွက်အတွင်း တင်သွင်းခွင့် မပြုပါဘူး ... တကယ်လို့ ခင်ဗျားတို့ ဘက်ကသာ ကန့် ဆေးဝါးလုပ်ငန်းနဲ့ ပူးပေါင်းပြီး အန္တရာယ် မရှိတဲ့ ရှင်သန်ခြင်း ရေစင် ထုတ်ကုန် အသစ်ကို ထုတ်လုပ်မယ် ဆိုရင်တော့ ... ကျွန်တော်တို့ဘက်က စဉ်းစားပေးလို့ ရပါတယ်"
မစ္စတာ ဒိုနေက ဆိုလိုက်၏။
အန်ရာ၏ နှုတ်ခမ်းများက ပြုံးလျက်ပင် ရှိနေသေးသော်လည်း သူမ၏ မျက်လုံးများကမူ အေးစက် နေခဲ့ပြီ ဖြစ်သည်။
"ဒီအခြေအနေကိုတော့ ကျွန်မတို့ဘက်က လက်မခံနိုင်ပါဘူး ... ရှင်သန်ခြင်း ရေစင်က ကျွန်မတို့ရဲ့ အဓိက ထုတ်ကုန် ... ဒါကြောင့် မလို့ အခြား ကုမ္ပဏီ တစ်ခုနဲ့ ပူးပေါင်းဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
အန်ရာက တည်ငြိမ်စွာပင် ငြင်းဆိုလိုက်၏။
"ဒါဆိုရင်တော့ စိတ်မကောင်းစရာပဲ ..."
ဒိုနေက ပခုံးတစ်ချက်တွန့်ရင်း ဝိုင်ခွက်ကိုသာ အာစုံရိုက် နေလိုက်တော့သည်။
"မစ္စအန်ရာ ... ခင်ဗျား အနေနဲ့ ဥရောပ ဈေးကွက်ကို ဖြန့်ချင်တယ် ဆိုရင် ... ဒီက အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်သင့်တယ်နော် ..."
ဗိုက်ကောင့်ရော့ခ်က အန်ရာ၏ အနားသို့ ကပ်ကာ တီးတိုး အကြံပေးသည်။
"ဗိုက်ကောင့်ရော့ခ် ... ရှင် ကျွန်မတို့ လုပ်ငန်းစု အကြောင်းကို သိပါတယ် ... ရှင်သန်ခြင်း ရေစင် ဖော်မြူလာကို သူတို့ဆီ ဘယ်လိုမှ လွှဲမပေးနိုင်ဘူး"
အန်ရာက မျက်မှောင်ကြုတ်ရင်း ပြန်လည် ပြောလိုက်သည်။
"ရှင့်မှာ အခြား နည်းလမ်းများ ရှိလား ... ဥပမာ ပိုက်ဆံပမာဏ တစ်ခုနဲ့ ကမ်းလှမ်းတာ ဖြစ်ဖြစ်ပေါ့"
"ပိုက်ဆံက အဓိက ပြဿနာ မဟုတ်ဘူး ..."
ဗိုက်ကောင့်ရော့ခ်က ခေါင်းကို ခါလိုက်၏။
"ရှင်သန်ခြင်း ရေစင်ရဲ့ အာနိသင်က တကယ့်ကို ထိပ်တန်း အဆင့်မှာ ရှိနေတယ် ... အဲဒါကို ဥရောပ ဈေးကွက်မှာ ဖြန့်ပြီ ဆိုတာနဲ့ ဆေးကုမ္ပဏီကြီးတွေ ဒေဝါလီ ခံသွားရမှာ ကျိန်းသေတယ် ... အခု မစ္စအန်ရာတို့ ရင်ဆိုင်နေရတဲ့ ရန်သူက တစ်ဖွဲ့တည်း မဟုတ်ဘူး ... ဥရောပရဲ့ ဆေးကုမ္ပဏီကြီးတွေ အကုန်လုံးပဲ ... တကယ်လို့ မစ္စအန်ရာတို့ ဘက်ကသာ သူတို့နဲ့ မပူးပေါင်းဘူး ဆိုရင် သူတို့က ရသမျှ နည်းလမ်းတွေ သုံးပြီး ဖျက်ဆီးမှာ သေချာတယ်"
အန်ရာက မျက်မှောင်ကြုတ်ရင်း တိတ်ဆိတ်စွာ နားထောင်နေ၏။
ချန်းဖန်ကမူ ဗိုက်ကောင့်ရော့ခ် ထောက်ပြသည့် အချက်ကို နားလည်သည်။
"ရှင်သန်ခြင်း ရေစင်" ၏ အာနိသင်က အလွန်ပင် ထိရောက်မှု ရှိရာ ဈေးကွက်အား အလွယ်တကူပင် လွှမ်းမိုးနိုင်သည်။ ထိုအရာက အခြား ဆေးဝါး ကုမ္ပဏီကြီးများ စီးပွားပျက် သွားနိုင်သည့် ပြဿနာမျိုး ဖြစ်သည်။
"ရှင်သန်ခြင်း ရေစင်" ကို တရုတ်၌ ပြဿနာ မရှိပဲ ဖြန့်ဖြူးနိုင်ရသည့် အဓိက အချက်မှာ စစ်တပ်နှင့် အစိုးရ၏ ထောက်ခံမှု ရရှိထားသောကြောင့်သာ ဖြစ်သည်။
"ဒါပေမဲ့ အခြေအနေ တစ်ခုတော့ ရှိပါသေးတယ် ..."
ဗိုက်ကောင့်ရော့ခ်က ရုတ်တရက် ဆိုလိုက်သည်။
"မကြာခင်မှာ စားသောက်ပွဲကို အထူး ဧည့်သည် တစ်ယောက် ရောက်လာလိမ့်မယ် ... မြောက်ပိုင်းချုံး လုပ်ငန်းစု အနေနဲ့ သူရဲ့ ထောက်ခံမှုကိုသာ ရယူနိုင်မယ် ဆိုရင် ပြဿနာတွေ ပြေလည်သွားမှာပါ"
"အထူး ဧည့်သည် ... ဘယ်သူများလဲ"
အန်ရာက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
"မကြာခင် သိရမှာပါ ..."
ဗိုက်ကောင့်ရော့ခ်က လျှို့ဝှက်စွာ ပြုံးလိုက်၏။
သိပ်မကြာခင် အချိန်အတွင်းမှာပင် ဗိုက်ကောင့်ရော့ခ် ပြောသည့် အထူးဧည့်သည် ရောက်ရှိလာခဲ့၏။ သူကား ရုပ်ရှင် စတား တစ်ယောက်ကဲ့သို့ ဖက်ရှင်ကျကျ ဝတ်ဆင်ထားသည့် လူငယ် တစ်ယောက် ဖြစ်သည်။
လူငယ် ရောက်လာသည်နှင့် အခန်း အတွင်းရှိ ဂုဏ်သရေရှိသည် ဆိုသော လူကြီး လူကောင်းများက အလုအယက် သွားရောက်ကာ နှုတ်ဆက်ကြ၏။
"ကြိုဆိုပါတယ် မစ္စတာလန့် ..."
"အက်ဒီ ... ခင်ဗျား ထောက်ခံထားတဲ့ အမတ်လောင်းက ရွေးကောက်ပွဲမှာ အနိုင်ရတယ် ကြားတယ် ... ဂုဏ်ယူပါတယ်"
" ... "
မစ္စတာ ဒိုနေ၊ မစ္စတာ ကာကယ်နှင့် မစ္စတာ ဘရက်တို့ပင်လျှင် လူငယ်အား အလွန်အမင်း လေးစားဟန်ဖြင့် ကြိုဆိုနေကြ၏။
"သူက ... ဘယ်သူလဲ"
အန်ရာက မေးလိုက်သည်။
"အက်ဒီလန့်လေ ... အမေရိကန် ဂေါ့အသင်းရဲ့ လက်ရှိ ဥက္ကဋ္ဌပေါ့ ... နောက်ပြီး သူ့ရဲ့ ကောင်မလေးက ခရစ်စတင်းတဲ့ ... ရုပ်ရှင်စတား တစ်ယောက်ပေါ့ ... ကြားဖူးတယ် မလား"
ဗိုက်ကောင့်ရော့ခ်က အဖြေပေးလိုက်သည်။
"ဒါဆို ... သူက လန့်မိသားစုကလား"
အန်ရာက အနည်းငယ် အံ့ဩသွားပုံ ရ၏။
"လန့်မိသားစုက ဘယ်ကလဲ ..."
ချန်းဖန်က ကြားဝင်ကာ မေးလိုက်သည်။
ထိုအမေးကြောင့် အခြားလူများက ချန်းဖန်အား တောသား တစ်ယောက်ကဲ့သို့ လည်ပြန်ကာ ကြည့်လိုက်ကြသည်။
ဗိုက်ကောင့်ရော့ခ် ပင်လျှင် ချန်းဖန်အား အနည်းငယ် အံ့အားသင့်မိသွား၏။ ထိုအရာက ဘုရင်မ အဲလိဇဘက်ကို မသိဟု ဆိုနေသော ဗြိတိသျှ လူမျိုး တစ်ယောက်နှင့် မခြားနားပေ။
"လန့်မိသားစုက အမေရိကန်ရဲ့ သက်တမ်း အရှည်ဆုံး မိသားစုကြီး တစ်ခုလေ ... သူတို့က ကိုလိုနီခေတ် ကတည်းက အမေရိကန် လွတ်လပ်ရေး ရဖို့ ဦးဆောင်ခဲ့ကြတာပေါ့ ... နောက်ပြီး အမေရိကန် တိုးတက်လာတဲ့ လမ်းကြောင်းမှာလည်း လန့်မိသားစုက အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်တဲ့ ... အခုထိ လန့်မိသားစုက အမေရိကန်ရဲ့ နိုင်ငံရေးကို လွှမ်းမိုးနေနိုင်တုန်းပဲ ... နောက် အမေရိကန် အိမ်ဖြူတော်ရဲ့ လက်ရှိ လက်ထောက် ပြောရေးဆိုခွင့် ရှိသူကလည်း သူတို့ အထဲကပဲ"
ဗိုက်ကောင့်ရော့ခ်က ရှည်လျားစွာ ရှင်းပြလိုက်သည်။
"ဪ ... အင်း"
ချန်းဖန်က အေးဆေးစွာပင် ခေါင်းညိတ်လိုက်၏။ သူ့အနေဖြင့် ထိုလူငယ်အား အထူးတလှယ် စိတ်ဝင်စားမှုမျိုး မရှိချေ။
သူကား ကမ္ဘာ၌ မဟာ အင်အားကြီး နိုင်ငံများနှင့်ပင် နှိုင်းယှဉ်နိုင်သော ပုံရိပ်တစ်ခု ဖြစ်နေပြီ ဖြစ်သည်။ လူငယ်မျိုးဆက် တစ်ယောက် မဆိုထားနှင့် လန့်မိသားစု၏ ခေါင်းဆောင် ကိုယ်တိုင် လာလျှင်ပင် ချန်းဖန် အတွက် ဂရုစိုက်စရာ မလိုချေ။
"ဒီမိန်းမချောလေးက မြောက်ပိုင်းချုံး လုပ်ငန်းစုရဲ့ စီအီးအိုလား ..."
အန်ရာအား မြင်သည်နှင့် အက်ဒီလန့်၏ မျက်လုံးများ တောက်ပလာသည်။
ထို့နောက် သူက မူလနေရာမှ ခွာကာ ဝိုင်ခွက်ကို လှုပ်ယမ်းလျက် အန်ရာဆီသို့ ချဉ်းကပ်လာ၏။
အန်ရာသည် မူလကတည်းက လှပသူလေး ဖြစ်သည့်အပြင် ယွင်ဝူရေကိုလည်း အစဉ်အမြဲ သောက်သုံးနေသူ ဖြစ်သည်။ ထို့ကြောင့် သူမ၏ ရုပ်ရည်က အခြားလူများ အကြား၌ ထင်းထင်း ပေါ်လွင်နေသည်။
အက်ဒီလန့်ကား အန်ရာ၏ အလှအပများ ဖမ်းစားမှုကို ခံလိုက်ရဟန် တူ၏။
"ဟုတ်ပါတယ် မစ္စတာလန့် ..."
အန်ရာက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"မြောက်ပိုင်းချုံးက တရုတ်ရဲ့ အကြီးဆုံး ကုမ္ပဏီကြီးလို့ ကျွန်တော် ကြားဖူးပါတယ် ... ဒါပေမဲ့ ကမ္ဘာမှာတော့ အမေရိကန်ရဲ့ Apple နဲ့ Google တို့လောက် မအောင်မြင်သေးဘူး ဟုတ်တယ် မလား ..."
အက်ဒီက ဝိုင်ခွက်ကို ကြည့်ရင်း မေးလိုက်၏။
"ဟုတ်ပါတယ် ရှင်သန်ခြင်း ရေစင်က ကျွန်မတို့ မြောက်ပိုင်းချုံးရဲ့ ပြီးပြည့်စုံတဲ့ ထုတ်ကုန် တစ်ခုပါ ... ဒါပေမဲ့ ဒေသခံ အင်အားစုတွေရဲ့ အကူအညီ မရသေးတော့ ဥရောပနဲ့ အမေရိကန် ဈေးကွက်ကို ထိုးဖောက်ဖို့ ခက်ခဲနေတုန်းပါပဲ"
"မစ္စတာလန့် အနေနဲ့ ဘယ်လိုများ အကြံပေးချင် သလဲရှင့် ..."
အန်ရာက မေးလိုက်သည်။
"အရင် သောက်ကြတာပေါ့ဗျာ ... ပါတီမှာ အလုပ်ကိစ္စ မပြောတာ ကောင်းပါတယ်"
အက်ဒီလန့်က ပြောရင်း အန်ရာအား ဝိုင်ခွက် တစ်ခု ကမ်းပေးလိုက်သည်။
သို့သော်လည်း အန်ရာက ငြင်းပယ်လိုက်သည်။
သူမသည် နိုင်ငံရပ်ခြား မဆိုထားနှင့် တရုတ်တွင်ပင် တစ်ခါမျှ အရက်ကို မသောက်ခဲ့ချေ။
"ဘာလို့လဲ မိန်းကလေး အန်ရာ ... ကျွန်တော်နဲ့ သိပ်မရင်းနှီးလို့ မသောက်တာလား"
အက်ဒီလန့်၏ မျက်နှာက ချက်ချင်းပင် မည်းမှောင်သွား၏။
***